Switch Mode

အခန်း (၁၉၁)

လုချန်ရှန်းရောက်ရှိလာခြင်း

ပြိုကျသွားပြီဖြစ်သောအင်ပါယာနန်းတော်၏ ပင်မခန်းမထဲရှိ တိုက်ခိုက်မှုကို နေမဝင်အင်ပါယာမှလူများ မြင်သွားကြပြီဖြစ်၏။

အင်ပါယာအစောင်များကလည်း ကူညီချင်ကြသော်ငြား သူတို့က အလွန်အားနည်းလွန်းလှသည်။ တိုက်ပွဲဲ၏နောက်ဆက်တွဲရိုက်ခတ်မှုကတင် သူတို့ကိုသတ်နိုင်လေသည်။

ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသား၏မျက်ဝန်းထဲတွင် လူသတ်ချင်နေသောအရိပ်အယောင်များ ယှက်သန်းနေလေသည်။

သူ့အကြည့်က ဟုန်ရင်ဆီသို့ပြောင်းလဲသွားသည်။

ထိုအချိန်မှာပင် ဟုန်ရင်က ဒေါသူပုန်ထနေသောအဘိုးကြီးကို လူဝင်စားရေးလှံတံဖြင့်တိုက်ခိုက်နေသည်။ လူဝင်စားရေးစွမ်းအားများနှင့်ဗုဒ္ဓရွှေရောင်အလင်းတန်းတို့က စစ်ပွဲတစ်ခုကိုဖြစ်ပေါ်လာစေသည်။

ထိုတစ်ခဏတွင် ဒေါသထွက်နေရှာသောအဘိုးကြီးက ဟုန်ရင့်ကို ဘာမှမလုပ်နိုင်ဖြစ်နေ၏။

ထိုအခြင်းအရာကိုမြင်သော် ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက သူ့လက်ထဲရှိယပ်တောင်ကို ဖြန့်ချလိုက်သည်။ ထို့နောက် ဟုန်ရင့်ဆီသို့ခြေတစ်လှမ်းတိုးကာ သူ့လက်ထဲရှိယပ်တောင်ဖြင့် သူ့ကိုယ်သူယပ်ခတ်လိုက်သည်။

လေပြည်လေးတစ်ပွေက ဟုန်ရင့်ဆီသို့တိုက်ခတ်သွားလေသည်။ တိုက်ပွဲဖြစ်နေသည့်အတောအတွင်း၌ပင် ဟုမ်ရင်သည် ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသား၏လှုပ်ရှားမှုများကိုပါ အာရုံစိုက်နေခဲ့သည်။

နေမဝင်အင်ပါယာနှင့် ဗုဒ္ဓဂိုဏ်းတော်တို့က ဤလူကို သံတမန်တော်ကြီးဟုခေါ်ပြီး သူ့အား လေးစားသမှုကိုပြသခဲ့ကြသည်။ သို့ဖြစ်လေရာ ထိုလူသည် အထက်ဘုံမှလာခြင်းဖြစ်ကြောင်း သိသာလှ၏။

ယခု ဟုန်ရင်၏သရုပ်မှန်လည်း ဖော်ထုတ်ခံလိုက်ရပြီဖြစ်ရာ အထက်ဘုံ၏အဖွဲ့ဝင်တစ်ယောက်ဖြစ်သည့် ထိုလူ့ဘက်က ဟုန်ရင့်ကိုတိုက်ခိုက်လာသည်မှာ သဘာဝကျပေသည်။

ဤလေပြည်ကား ခြိမ်းခြောက်နိုင်စွမ်းမရှိသလိုထင်ရသည်။ သို့သော် ဟုန်ရင်ကတော့ အန္တရာယ်အငွေ့အသက်ကိုခံစားမိသည်။ ထို့ကြောင့် သူ(မ)၏လှံတံဖြင့် ချက်ချင်းထိုးဖောက်ပစ်လိုက်သည်။ လှံတံက သူ(မ)၏အရှေ့ရှိ ဗုဒ္ဓလက်ဝါးရာကြီးကို ထိုးခွင်းပစ်လိုက်ချေသည်။

ထို့နောက် သူ(မ)လည်း အနောက်ကိုခြေလှမ်းနည်းနည်းပြန်ဆုတ်ပြီး ထိုလေပြည်ကို ထိုးစိုက်ပစ်လိုက်သည်။ လှံတံရှည်မှာ ပင်လယ်ထဲကိုထိုးဆင်းသွားသည့် ရေနဂါးတစ်ကောင်အလားပင်။

လူဝင်စားရေးစွမ်းအားများက လှံတံထိပ်ဖျားမှ တစ်ဟုန်ထိုးထွက်ပေါ်လာသည်။ ထို့နောက် ဧရာမနဂါးကြီးတစ်ကောင်အဖြစ် ပေါင်းစည်းသွားပြီး ထိုလူ၏တိုက်ခိုက်မှုရှိရာဆီကို သူ၏ဧရာမခန္ဓာကိုယ်ကြီးဖြင့်ပြေးဝင်သွားလေသည်။

ထိုလေပြည်ခမျာ နဂါး၏တိုက်ခိုက်မှုကို မည်သို့များခံနိုင်ရည်ရှိမှာတဲ့လဲ။ အထိအတွေ့တစ်ချက်မျှဖြင့် ပျောက်ကွယ်သွားနိုင်လောက်သည်။

သို့သော် ထင်ထားသလိုဖြစ်မလာပေ။

ဧရာမနဂါးကြီးက လေပြည်ကိုဝင်တိုးမိသည့်အချိန်မှာ ထိုလေပြည်က ထက်ရှရှဓားများအဖြစ်ပြောင်းလဲသွားပြီး နဂါးကြီး၏ခန္ဓာကိုယ်ကို ထိုးဖောက်လေတော့သည်။

လေပြည်ကြောင့်ဖြစ်ပေါ်လာသောဓားသွားက နဂါးကြီးကို ဓားဖြင့်ခုတ်လိုက်လေတိုင်း လူဝင်စားရေးစွမ်းအားများ လွင့်ထွက်လာလေသည်။

တစ်ဖက်ကိုတစ်ဖက်အသေအကြေတိုက်ခိုက်မှုများကြောင့် လူဝင်စားရေးနဂါးကြီးခမျာ လူဝင်စားရေးစွမ်းအားများအဖြစ် ပြန်လည်ပြောင်းလဲသွားပြီး လေထုထဲမှာပင်ပျောက်ကွယ်သွားလေသည်။

တစ်ချိန်တည်းမှာပင် လေပြည်ဓားသွားက ပျောက်ကွယ်မသွားဘဲ ဟုန်ရင့်ကိုဆက်လက်တိုက်ခိုက်နေပြန်လေသည်။ ဟုန်ရင်ကတော့ အံ့သြမသွားချေ။ အထက်ဘုံမှလူတစ်ယောက်အနေနှင့် သူ့တွင် ယခုလိုခွန်အားမျိုးပိုင်ဆိုင်ထားသည်မှာ အဆန်းမဟုတ်လှ။ ထို့ပြင် အာကာသနတ်ဘုရားအဆင့်လည်း ဖြစ်နေသေးသည်။

သို့သော် ဟုန်ရင်ကလည်း ရှေးခေတ်ကဧကရီတစ်ပါးဖြစ်သည်။ ကိုးဘဝဝင်စားခဲ့ပြီးနောက် သူ(မ)မှာလည်း စုဆောင်းထားသောစွမ်းရည်များစွာရှိသည်။ သူ့ကိုတိုက်ခိုက်ဖို့ သူ(မ)မှာခွန်အားအပြည့်ရှိသည်။

ဟုန်ရင်က သူ(မ)လက်ထဲရှိလူဝင်စားရေးလှံတံကိုကိုင်မြှောက်လိုက်လေရာ သူ(မ)၏အရှိန်အဝါများ ပေါက်ကွဲထွက်လာလေသည်။ လူဝင်စားရေးစွမ်းအားများကလည်း လှံတံပေါ်၌စုစည်းသွားကြသည်။ ထို့နောက် ထိုစွမ်းအားများကိုပစ်လွှတ်လိုက်၏။

ထိုစွမ်းအားမျးက လေပြည်ဓားသွားများကိုတစ်စစီပြိုကွဲသွားစေခဲ့သည်။

ထိုအချိန်မှာ ဒေါသူပုန်ထနေသောအဘိုးကြီးက သည်အတိုင်းထိုင်ကြည့်မနေချေ။ သံတမန်တော်ကြီးက သူ(မ)ကို ဤနေရာမှာတင်သတ်ချင်နေမှတော့ သူ့၇်ကလည်းလှုပ်ရှားရမည်သာ။

ထိုအဘိုးကြီးက မိုးကြိုးသွားလက်နက်ကိုကိုင်ပြီး ဟုန်ရင့်ဆီသို့ချီတက်သွားလေတော့သည်။

တစ်ဖက်မှာလည်း ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက သူ့ယပ်တောင်ကိုကိုင်မြှောက်လျက် ရှေ့ကိုအပြင်းနှင်လာလေသည်။

လေပြည်ဆန္ဒတန်းများက ဓားသွားများအဖြစ်ပြောင်းလဲကာ သူ့ပတ်ပတ်လည်တွင်ဝဲနေပြီးနောက် ဟုန်ရင့်ကိုတိုက်ခိုက်လေသည်။ လူဝင်စားရေးလှံတံကိုကိုင်စွဲထားသောဟုန်ရင်၏တိုက်ခိုက်ရေးဆန္ဒများကလည်း ဆန်တက်လာချေသည်။

ကောင်းကင်ဘုံလမ်းမထက်၌ သူတို့တိုက်ခိုက်ကြစဉ်က ခွန်အားကွာခြားချက်မှာ ကြီးမားလွန်းလှသည်။ ထိုအချိန်တုန်းကလည်း ဟုန်ရင်သည် ကြောက်ရွံ့ခြင်းအလျဉ်းမရှိခဲ့ပေ။ သူ(မ)က ဤတိုက်နယ်ပေါ်ရှိပညာရှင်များကို အခက်အခဲများကိုရင်ဆိုင်နိုင်ရန် ဦးဆောင်ခဲ့သည်။

ယခုလည်း ထိုနည်းလည်းကောင်းပင်။

မျိုးဆက်တစ်ဆက်၏ဧကရီတစ်ပါးဖြစ်သောသူ(မ)၏တိုက်ခိုက်ရေးဝိညာဉ်ကား အသက်ဝင်လာလေပြီ။

သူ(မ)မျက်နှာထက်ရှိမထီမဲ့မြင်အကြည့်ကြောင့် ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသား ထိတ်လန့်သွားရသည်။

ထို့နောက် ဟုန်ရင်ကလည်း လူဝင်စားရေးလှံတံကို ရုတ်ခြည်းပစ်လွှတ်လိုက်သည်။သူ(မ)၏လှံတံမှာ နဂါးတစ်ကောင်အလားပင်။

လူဝင်စားရေးလှံတံကျင့်စဉ် ပထမသိုင်းကွက်…

ဤလှံတံတိုက်ကွက်ဟာ ဟုန်ရင်၏လက်ရှိခွန်အားအားလုံးကို စုစည်းထားခြင်းဖြစ်၏။ ဤသည်မှာ ဟုန်ရင်၏အသန်မာဆုံးတိုက်ခိုက်မှုပင်။

အာကာသနတ်ဘုရားအဆင့်ကိုပင်အမီလိုက်နိုင်သည့် ထိုအရှိန်အဝါကြီးကိုအာရုံခံလိုက်မိသောအခါ ဒေါသူပုန်ထနေသောအဘိုးကြီး၏အမူအရာမှာ ပျက်ယွင်းသွားလေသည်။

တိမ်လွှာဖီးနစ်ဧကရီတစ်ဖြစ်လဲ ရှေးခေတ်၏နောက်ဆုံးသောဧကရီတစ်ပါးဖြစ်ဖို့ ထိုက်တန်ပေသည်။ သို့တိုင် သူ(မ)၏ခွန်အားကို အလုံးစုံပြန်မရသေးပေ။

ထိုသို့တွေးမိပြီးနောက် ဒေါသူပုန်ထနေသောအဘိုးကြီးက အော်ဟစ်လျက် သူ့လက်ထဲရှိမိုးကြိုးသွားလက်နက်ကို ဟုန်ရင့်ဆီသို့ ပစ်လွှတ်လိုက်သည်။

မိုးကြိုးသွားလက်နက်ဖြတ်သွားရာနေရာတိုင်းတွင် လေထုမှာလှုပ်ခါသွားရချေသည်။ ဤသည်မှာ မည်သည့်အဆင့်မျိုးမှမရှိဘဲ ကာယခွန်အားသက်သက်သာဖြစ်၏။

ဗုဒ္ဓဂိုဏ်းတော်က ဗုဒ္ဓကျမ်းစာများကိုသာကျင့်ကြံကြခြင်းမဟုတ်ပေ။ သူ၏ခန္ဓာသန့်စင်ရေးကျင့်စဉ်ကလည်း ဤတိုက်နယ်ပေါ်တွင် ထိပ်တန်းပင်တည်း။

ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားကလည်း သူ့လက်ထဲရှိခေါက်ယပ်တောင်ကို လွှဲယမ်းလိုက်သည်။ ထို့နောက် သူ့ရှေ့တွင် လေပွေများပေါ်ပေါက်လာသည်။

ထို့နောက် ထိုအရာများက ထက်ရှရှဓားသွားသုံးလက်အဖြစ်ပြောင်းလဲပြီး ဟုန်ရင့်ဆီကို တိုးဝင်သွားလေတော့သည်။ ထိုမုန်တိုင်းဓားသုံးလက်ကို သာမန်အာကာသနတ်ဘုရားအဆင့်ပညာရှင်များပင် ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ပေ။

အထက်ဘုံ၏ပါရမီရှင်တစ်ယောက်အနေနှင့် ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားမှာ အဆင့်ပိုမြင့်သောသိုင်းကွက်များနှင့် တိုက်ခိုက်နိုင်စွမ်းရှိသည်။

ဒေါသူပုန်ထနေသောအမျိုးသားနှင့် ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားတို့က တစ်ပြိုင်တည်းတိုက်ခိုက်လာကြသည်။ ထို့နောက် ဟုန်ရင်၏လူဝင်စားရေးလှံတံနှင့် တွေ့ဆုံကြလေသည်။

တိုက်ခိုက်မှုသုံးခု ဝင်တိုက်မိကြပြီးနောက် ဟုန်ရင်လည်း နောက်ကိုခြေနှစ်လှမ်းဆုတ်လိုက်ရသည်။

ထို့နောက် သူ(မ)၏အမူအရာပျက်ယွင်းသွားရသည်။။ နန်းတော်၏အုတ်မြစ်ကြီး ရုတ်ခြည်းပြိုလဲသွားလေတော့သည်။ တစ်ပြိုင်တည်းမှာပင် သူ(မ) လေထဲ၌ မြဲမြဲရပ်နေလိုက်သည်။

အာကာသနတ်ဘုရားအဆင့်ပညာရှင်နှစ်ယောက်၏တိုက်ခိုက်မှုကို သူ(မ)အမှန်တကယ်ခုခံနိုင်ခဲ့သည်။

တစ်ဖက်တွင်မူ နင်းချန်ရှင်းက တာအိုသိုင်းကျမ်းကိုကိုင်၍ ကောင်းကင်ဘုံစစ်သည်ကိုဆင့်ခေါ်လိုက်သည်။ ကောင်းကင်ဘုံစစ်သည်ကြီးက အရိုးစုယင်ဓာတ်အလောင်းကောင်ကြီးနှင့် တိုက်ခိုက်နေသည်။

ထိုတဒင်္ဂလေးမှာ အောင်နိုင်သူကိုဆုံးဖြတ်ဖို့ခက်နေမှန်းသိလိုက်ရသောအခါ ဟွမ်းထျန်းမင်က အေးတိအေးစက်နှာမှုတ်လိုက်ပြီး ခေါင်းတလားနှစ်ခုကိုထုတ်ယူလိုက်သည်။

ချက်ချင်းပင် အာကာသနတ်ဘုရားအဆင့်ဖုတ်ကောင်နှစ်ကောင်က နင်းချန်ရှင်းဆီသို့ အပြင်းနှင်လာလေသည်။

ထိုမြင်ကွင်းကိုမြင်သည့်တိုင် နင်းချန်ရှင်းက ထိတ်လန့်မသွားပေ။ သူက အော်ဟစ်လိုက်လေသည်။

“တော်ဝင်အကာအကွယ်”

ရွှေရောင်တံတိုင်းတစ်ခုက အာကာသနတ်ဘုရားအဆင့်ဖုတ်ကောင်နှစ်ကောင်ရှေ့တွင်ပေါ်ပေါက်လာသည်။

ဖုတ်ကောင်များကလည်း တံတိုင်းကြီးကိုချိုးဖျက်ကြသည်။ ထိုတံတိုင်းမှာ အချိန်တိုအတွင်းတော့ မကျိုးပျက်နိုင်ချေ။

ယဲ့ချိုးပိုင်ကတော့ ဓားဆန္ဒမြစ်ပြင်ကြီး၏အထက်၌ရှိနေပေသည်။

သူဟာ ဓားဆန္ဒများကို ဧရာမဓားများအဖြစ်ပြောင်းလဲပြီး မုတ်ဆိတ်ရှည်အဘိုးကြီး၏တိုက်ခိုက်မှုများကို ခုခံနေရှာသည်။ သူဖိနှိပ်ခံနေရသော်ငြား မုတ်ဆိတ်ရှည်အဘိုးကြီးကလည်း လျှပ်တပြက်အတွင်း တိုက်ပွဲကိုအဆုံးမသတ်နိုင်ဖြစ်နေလေသည်။

ယဲ့ချိုးပိုင်၏အဆင့်မှာ ရေအလျဉ်ပြည့်လျှံရေးအဆင့်မျှသာ ရှိသေးသည်။ သူနှင့် ထိုမုတ်ဆိတ်ရှည်အဘိုးကြီးတို့ကြားတွင် အဆင့်နှစ်ဆင့်ကွာဟချက်ရှိနေသည်။

စံအိမ်တော်မှတပည့်သုံးဦး၏အရည်အချင်းကို သူတို့ မအံ့သြဘဲမနေနိုင်ပေ။ ယခုလိုအရည်အချင်းမျိုးနှင့်ဆိုပါက သူတို့သာအဆင့်တက်လှမ်းသွားနိုင်ပါလျှင် သူတို့လည်းယှဉ်နိုင်တော့မည်မဟုတ်။

ထိုသို့တွေးလိုက်မိသောအခါ နေမဝင်အင်ပါယာမှလူများမှာ ပို၍ပင်လူသတ်ချင်သွားကြသည်။

အဆုံးမှာတော့ ယဲ့ချိုးပိုင်၏မျက်နှာဖြူဖျော့လာချေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ရေးရာချီစွမ်းအင်မှာ ပြင်းထန်သောတိုက်ခိုက်မှုများကို ခံနိုင်ရည်မရှိပေ။

နင်းချန်ရှင်း၏ရွှေရောင်တံတိုင်းကြီးကလည်း ဖုတ်ကောင်နှစ်ကောင်ကြောင့် ကျိုးပျက်သွားလေပြီ။ သူ့ခမျာ အရိုးစုယင်ဓာတ်အလောင်းကောင်ကြီးကိုတားဆီးနေရင်းဖြင့် ထိုဖုတ်ကောင်တို့ကိုပါတားဆီးဖို့ ကောင်းကင်ဘုံစစ်သည်ကိုသာအားကိုးနေရသည်။

ဟုန်ရင်၏အခြေအနေကလည်း သိပ်မကောင်းလှပေ။ သူ(မ)သည် အာကာသနတ်ဘုရားအဆင့်ပညာရှင်နှစ်ယောက်ထံမှ ဖိနှိပ်ခံနေရလေသည်။

သူတို့နှစ်ယောက်ထဲမှာမှခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက သာမန်အာကာသနတ်ဘုရားအဆင့်ပညာရှင်များထက်ပင် ပိုအစွမ်းထက်သေးသည်။

အပြင်လူများအဖို့တော့ ယဲ့ချိုးပိုင်တို့သုံးယောက် ဤတိုက်ပွဲတွင်အကြာကြီးတောင့်ခံထားနိုင်သည်ကပင် တော်လှပြီဟုဆိုနိုင်လေသည်။

ယခုလိုသာဆက်ဖြစ်နေပါက သူတို့ရှုံးတော့မည်ဖြစ်ကြောင်း ဟုန်ရင်သဘောပေါက်သည်။

“ငါ့ခွန်အားနည်းနည်းလောက်ပဲထုတ်လို့ရတော့မယ်ထင်တယ်”

ဤသို့ဖြင့် ဟုန်ရင်သည် လက်ဆန့်ထုတ်၍ လက်ဟန်တစ်ခုကိုပုံဖော်လိုက်သည်။ သူ(မ)မျက်ခုံးနှစ်ဖက်ကြားတွင် အနီရောင်အမှတ်အသားတစ်ခုပေါ်ပေါက်လာလေသည်။

ထို့နောက် ထိုအနီရောင်အမှတ်အသားပေါ်လာသည့်အချိန်မှာပင် ခပ်ဖျော့ဖျော့အရှိန်အဝါတစ်ခုက ဟုန်ရင်၏ခန္ဓာကိုယ်ထဲမှစီးဆင်းလာချေသည်။

ထိုအရှိန်အဝါပေါက်ကွဲထွက်လာတော့မည့်ဆဲဆဲမှာပင် အဖြူရောင်ဝတ်ရုံဝတ်ထားသောအမျိုးသားတစ်ယောက်၏ပုံရိပ်ယောင်တစ်ခုက ခန်းမအလယ်၌ မျက်စိတစ်မှိတ်အတွင်းပေါ်ပေါက်လာသည်။

Comment

Leave a Reply

Options

not work with dark mode
Reset