သူ့ဆရာ၏အစီအစဉ်မှာ လွန်ခဲ့သည့်နှစ်တစ်သောင်းလောက်ကတည်းက အကောင်အထည်ဖော်ပြီးမြောက်ခဲ့သင့်သည်။
သို့သော် ထိုအချိန်မှာပင် တိမ်လွှာဖီးနစ်ဧကရီက တိုက်နယ်ကြီးတစ်ခုလုံးရှိစွမ်းအားများကိုစုစည်း၍ စစ်ခင်းလာခဲ့သည်။
ခွန်အားကွာခြားမှုက အလွန်သိသာနေသည့်အပြင် စစ်လည်းရှုံးခဲ့ရသည့်တိုင် သူ(မ)ဟာ ထိုအစီအစဉ်ကိုပျက်စီးစေခဲ့ပြီး နှစ်တစ်သောင်းကြာသည်အထိ နှောင့်နှေးစေခဲ့လေသည်။
ယခုတော့ တိမ်လွှာဖီးနစ်ဧကရီက ပြန်လည်မွေးဖွားလာလေပြီဖြစ်ရာ သူ့လက်အောက်ငယ်သားများကို ပြန်လည်စုစည်းပြီး သူတို့ခွန်အားကိုပြန်ဖြည့်တင်းပြီးသည်နှင့် ကောင်းကင်ဘုံလမ်းမကိုတိုက်ခိုက်လာမည်မှာ ကျိန်းသေပင်။
အထက်ဘုံအနေနှင့် ထိုကဲ့သို့သောကိစ္စများဖြစ်လာဖို့ခွင့်မပြုနိုင်ချေ။
ထို့ကြောင့် ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက ဟုန်ရင်၏သရုပ်မှန်ကိုသိလိုက်ရသည့်နောက်တွင် ဖြစ်လာမည့်အကျိုးဆက်များကိုမေ့ထားလိုက်ပြီး ဤနေရာမှာတင် သူ(မ)ကိုသတ်ဖြတ်ချင်ခဲ့သည်။
ဗုဒ္ဓအကြီးအကဲကလည်း သူ့စကားကိုကြားသည်နှင့် တွေဝေတုံ့ဆိုင်းမနေပေ။ မိုးကြိုးသွားလက်နက်ကိုထုတ်၍ ဟုန်ရင့်ဆီသို့ပြေးသွားလိုက်သည်။
ဤမြင်ကွင်းကိုမြင်သောအခါ ဟုန်ရင်၏အမူအရာကလည်း လေးနက်သွားပြီး ယဲ့ချိုးပိုင်ကိုမေးလိုက်သည်။
“ဆရာတူအစ်ကို တစ်ယောက်တည်းလုပ်နိုင်ရဲ့လား”
ယဲ့ချိုးပိုင်ကလည်း ပြုံးပြုံးလေးပြောလာချေသည်။
“ငါကမင်းရဲ့ဆရာတူအစ်ကိုပါ။ ဘယ်လိုလုပ်ငြင်းနိုင်မှာတဲ့လဲ”
“ဒါဆို ဆရာတူအစ်ကို့ကိုပဲအပ်ခဲ့ပြီနော်”
ဤသို့ဖြင့် ဟုန်ရင်က စစ်မြေပြင်မှထွက်ခွါပြီး အဘိုးကြီးကိုကြိုဆိုရန် လက်ဦူမှုရယူလိုက်သည်။
မုတ်ဆိတ်ရှည်အဘိုးကြီးက ထိုမြင်ကွင်းကိုကြည့်ပြီး တခစ်ခစ်ရယ်မောလေသည်။
“အကျိုးတော်ဆောင်ယဲ့… မင်းက အခုမှရေအလျဉ်ပြည့်လျှံရေးအထွတ်အထိပ်အဆင့်ပဲရှိသေးမလား။ တကယ်ပဲ ငါ့ကိုတစ်ယောက်တည်းတားနိုင်လို့လား”
ယဲ့ချိုးပိုင်ကလည်း မမှုဟန်ဖြင့်ပြောလိုက်သည်။
“စမ်းကြည့်ရင်သိမှာပေါ့”
“အမှန်ပဲ”
ထိုသို့ပြောပြီးနောက် မုတ်ဆိတ်ရှည်အဘိုးကြီးက ကြင်နာစွာပြုံးနေသော်ငြား သူထုတ်လွှတ်လိုက်သည့်တိုက်ခိုက်မှုကတော့ အလွန်ရက်စက်ကြမ်းတမ်းလှသည်။
ထို့နောက်မှာတော့ သူ့ခန္ဓာကိုယ်ထဲရှိဝိညာဉ်ရေးရာချီစွမ်းအင်များ ပေါက်ကွဲထွက်လာပေသည်။ အာကာသနတ်ဘုရားအဆင့်စွမ်းအားများလည်း ယဲ့ချိုးပိုင်ဆီသို့ တိုးဝင်လာသည်။
ချန်းယွမ်အဆင့်နှင့်အာကာသနတ်ဘုရားအဆင့်ကြားမှာပင် ကွာဟချက်ကြီးမားလှသည်ဖြစ်ရာ ရေအလျဉ်ပြည့်လျှံရေးအဆင့်နှင့် အာကာသနတ်ဘုရားအဆင့်ဆိုလျှင် ပြောနိုင်ဖွယ်ရာပင်မရှိ။
အဆင့်မြင့်လာလေလေ ကွာဟချက်ကိုလိုက်မီနိုင်ရန်ခက်ခဲလာလေလေပင်။
ထို့ပြင် ယဲ့ချိုးပိုင်နှင့် မုတ်ဆိတ်ရှည်အဘိုးကြီးတို့နှစ်ယောက်ကြားတွင်အဆင့်နှစ်ဆင့်တောင် ကွာနေလေသည်။ သူတို့ကြားရှိခွန်အားကွာခြားမှုမှာ ကြီးလွန်းလှသည်။
ထိုအချက်ကို ယဲ့ချိုးပိုင်ကိုယ်တိုင်လည်းနားလည်ထားသည့်အတွက် ခွန်အားကိုထိန်ချန်မထားရဲပေ။ အလားတူပင် ကြောက်ရွံ့နေသောအရိပ်အယောင်လည်း လုံးဝမပြ။
ယဲ့ချိုးပိုင်ဟာ အမြဲတမ်း သူ့ထက်အဆင့်မြင့်သူများနှင့်သာ တိုက်ခိုက်ခဲ့ရသည်။ ယခုလည်း တစ်ဖက်လူ၏အဆင့်က နည်းနည်းပိုမြင့်နေရုံသာရှိသည်။
ဓားသမားတစ်ယောက်က ရဲရဲဝံ့ဝံ့ရှေ့ဆက်နိုင်စွမ်းရှိရပေမည်။
ဖိအားနှင့်စိုးရိမ်ဖွယ်ရာအခြေအနေအောက်တွင် လူတစ်ယောက်၏စွမ်းပကားမှာ မုချထွက်ပေါ်လာလေသည်။
ယဲ့ချိုးပိုင်က မှော်နက်မိစ္ဆာဓားကိုထုတ်ယူလိုက်ပြီး သူ့ဓားဆန္ဒကို ဓားရောင်ခြည်အဖြစ်ပြောင်းလဲလိုက်သည်။ ထိုဓားရောင်ခြည်များက ယဲ့ချိုးပိုင်ကိုဗဟိုပြု၍ ကောင်းကင်ထက်သို့ဆန်တက်သွားပေသည်။
ထိုအခိုက်အတန့်မှာ ဓားသိုင်းဘိုးဘေးအဆင့်ကို ယုံမှားသံသယကင်းဖွယ်ထုတ်ဖော်ပြသလာလေသည်။
ဓားဆန္ဒများက ခန်းမကြီးတစ်ခုလုံးအပြည့်နေရာယူထား၏။ ဓားသွားပိုင်နက်နယ်မြေ အသက်ဝင်လာခြင်းပင်။
တစ်ပြိုင်တည်းပင် သူ့လက်ထဲရှိမှော်နကိမိစ္ဆာဓားက ခပ်ဖျော့ဖျော့မှော်နက်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လာ၏။ ဓားပေါ်ရှိရေခဲပြာရောင်ပုံစံများက ရွှန်းစိုတောက်ပစွာလင်းလက်လာသည်။
ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက ထိုဓားကိုမြင်သောအခါ အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
“ဝိညာဉ်ရေးရာဓားလား”
အထက်ဘုံတွင်လည်း ဝိညာဉ်ရေးရာဓားအများကြီးမရှိသော်ငြား ဤလောကထဲမှာ ဓားဝိညာဉ်က မည်သို့မွေးဖွားလာလေသလဲ။
မည်သို့ပင်ဖြစ်စေ ယခု သူပေါ့လျော့နေ၍မဖြစ်တော့ချေ။
ယဲ့ချိုးပိုင်က မှော်နက်မိစ္ဆာဓားကိုကိုင်စွဲလိုက်လေရာ သူ့ခန္ဓာကိုယ်ထက်ရှိဓားဆန္ဒများလည်း ဆက်တိုက်မြင့်တက်လာသည်။ ထိုဓားဆန္ဒကြောင့် လူအပေါင်း၏စိတ်နှလုံးလည်း တုန်လှုပ်နေကြရရှာသည်။
ယဲ့ချိုးပိုင်၏အဆင့်က သိပ်မမြင့်လှသော်ငြား သူ့ဓားသိုင်းတာအိုအဆင့်ကတော့ သူ့ကျင်ကြံရေးအဆင့်ကို ကျော်သွားလေပြီသာ။ သူသည် ဤမျှသးငယ်ငယ်ရွယ်ရွယ်လေးနှင့် ဓားဂိုဏ်းအဆင့်ကိုတက်လှမ်းနိုင်လေပြီဖြစ်၏။
သူ့မှာတက်လမ်းရှိနေသရွေ့ ဓားသိုင်းဘိုးဘေးအဆင့်ကိုလည်း ကျော်တက်သွားနိုင်မည်သာ။ ထိုကဲ့သို့သောဓားသိုင်းကျင့်ကြံသူတစ်ယောက်က အလွန်ကြောက်မက်ဖွယ်ကောင်းလှချေသည်။
ဓားသိုင်းတာအိုစွမ်းရည်လည်း ထူးချွန်ပြောင်မြောက်လှသောဓားသိုင်းကျင့်ကြံသူတစ်ယောက်ဟာ အထက်ဘုံကိုပင် ခေါင်းခဲစေနိုင်သည်။
သူ့အဆင့်က ဟုန်ရင်နှင့်နင်းချန်ရှင်းတို့ထက် အနည်းငယ်နိမ်သော်ငြား သူ့ဓားသိုင်းတာအိုစွမ်းရည်ကတော့ ထိုနှစ်ယောက်ထက်မနိမ့်ပေ။
အဆင့်တူကျင့်ကြံသူချင်းတိုက်ခိုက်ကြမှသာ နိုင်လိမ့်မည်ဟု ဓားသိုင်းကျင့်ကြံသူများက ထင်တတ်ကြသည်။ ထို့ကြောင့်လည်း ဓားသိုင်းတာအိုကျင့်ကြံမှုက ခက်ခဲနေခြင်းဖြစ်သည်။
မုတ်ဆိတ်ရှည်အဘိုးကြီးက ခေါင်းတညိတ်ညိတ်လုပ်လျက်ပြောလာလေသည်။
“အကျိုးတော်ဆောင်ယဲ့ ဒီလိုစွမ်းရည်မျိုးပိုင်ဆိုင်ဖို့ဆိုတာ တကယ်မလွယ်ဘူး။ ဒီဘုန်းကြီးအိုကြီးတောင်မှ အဲ့ဒီစွမ်းရည်ကိုလေးစားမိပါတယ်”
ယဲ့ချိုးပိုင်က သူ့ဓားကိုကိုင်စွဲ၍ မတ်မတ်ရပ်နေလေသည်။ လေဟာနယ်ထဲတွင် ဓားဆန္ဒမြစ်ပြင်ကြီးက ညာသံပေး၍လိပ်တက်လာလေသည်။ သူလည်း ထိုမြစ်ပေါ်သို့ခုန်တက်လိုက်ပြီး မတ်တတ်ရပ်နေချေသည်။
ထို့နောက် သူ ကျယ်လောင်စွာရယ်မောလိုက်သည်။
“ငါတို့လမ်းကြောင်းကမတူဘူး။ အတူပူးပေါင်းလက်တွဲထားတာလည်းမဟုတ်ဘူး။ ငါတို့က တစ်ဖွဲ့တည်းသားတွေလည်းမဟုတ်တဲ့အတွက် ဟိတ်ဟန်ထုတ်နေစရာမလိုဘူး”
ဤသို့ဖြင့် ယဲ့ချိုးပိုင်က သူ့လက်ထဲရှိမှော်နက်မိစ္ဆာဓားကို လွှဲယမ်းပစ်လိုက်သည်။ အဆုံးမဲ့စိတ်စွမ်းအားလှိုင်းဂယက်များက ဓားဆန္ဒမြစ်ပြင်ကြီးထဲမှာ စုဝေးသွားလေသည်။
ဓားဆန္ဒမြစ်ပြင်ကြီးကတော့ ဓားတစ်လက်အဖြစ်အသွင်ပြောင်းသွားပြီး မုတိဆိတ်ရှည်အဘိုးကြီးကို ခုတ်ချလိုက်လေတော့သည်။
အာဒိကပ္ပဓားသိုင်းကျမ်း…
ငြိမ်းချမ်းသောတောင်တန်းနှင့်မြစ်ပြင်များ…
ဓားဆန္ဒမြစ်ပြင်ကြီးမှဖြစ်ပေါ်လာသော ဧရာမဓားကြီးတစ်လက်က မုတ်ဆိတ်ရှည်အဘိုးကြီးကိုရုတ်ခြည်းတိုက်ခိုက်လေသည်။
ဧရာမဓားကြီးက လေထုကိုပင်ထိုးခွင်းနိုင်ပြီး ခန်းမကြီးတစ်ခုလုံးကို တုန်ယင်သွားစေသည်။
ခန်းမကိုကာကွယ်ထားသော ခုခံရေးအစီအရင်များမှာ အဆက်မပြတ်အော်မြည်နေပြီး ဤတိုက်ခိုက်မှုကိုတောင့်မခံထားနိုင်ပုံပေါ်သည်။
ဟွမ်းယီထုံ၏အမူအရာလည်း အနည်းငယ်ပြောင်းလဲသွားရသည်။
ဤခုခံရေးအစီအရင်က အဆင့်သိပ်မမြင့်ဘဲ ခန်းမမပြိုအောင်ကာကွယ်ထားရုံသက်သက်မျှသာဆိုသော်ငြား ချန်းယွမ်အထွတ်အထိပ်ပညာရှင်တစ်ဦးပင် ယခုလိုမလုပ်နိုင်ချေ။
မုတ်ဆိတ်ရှည်အဘိုးကြီးက ထိုအရာကိုမြင်သောအခါ မှင်တက်သွားပြီး မပြုံးနိုင်တော့ပေ။
သူ့ဆီကိုတိုးဝင်လာနေသောဓားချက်ကြီးက သူ့အား အမှန်တကယ်ဖိနှိပ်နေပေသည်။
သူဟာ အာကာသနတ်ဘုရားအဆင့်ပင်။ ဤတိုက်နယ်ပေါ်၌ သူဟာ အထွတ်အထိပ်အဆင့်ကိုတက်လှမ်းနိုင်လေပြီဟုဆိုနိုင်ပေသည်။
သို့သော် ယခုမူကား ရေအလျဉ်ပြည့်လျှံရေးအဆင့်မျှသာရှိသောလူငယ်တစ်ယောက်က သူ့အား ဦးဆောင်တိုက်ခိုက်နိုင်ခဲ့ပြီး ဖိနှိပ်ခံရသောခံစားချက်မျိုးကို ပေးစွမ်းနေပေသည်။
သူ့မှာ မယုံကြည်နိုင်ခြင်းများစွာဖြင့် အော်လိုက်မိသည်။
“ဟား”
မိုးကြိုးသံများ ထစ်ချုန်းညံသွားလေသည်။
အသံလှိုင်းက ရွှေရောင်တူကြီးအဖြစ်ပြောင်းလဲသွားပြီး ဧရာမဓားကြီးကိုထုရိုက်လေတော့သည်။
ဓားဆန္ဒမြစ်ပြင်ကြောင့်ဖြစ်ပေါ်လာသော ဧရာမဓားကြီးက ရွှေရောင်တူကြီးနှင့် ထိခတ်မိသွားကြသည်။ ထိုအချိန်မှာပင် ခန်းမထဲရှိခုခံရေးအစီအရင်လည်း ကျိုးပျက်သွား၏။
ခန်းမကြီးကတော့ တိုက်ခိုက်မှု၏နောက်ဆက်တွဲရိုက်ခတ်ဒဏ်ကို ခံနိုင်ရည်မရှိသဖြင့် ပြိုလဲစပြုလာပေသည်။
လူအပေါင်းလည်း နန်းတော်ဘက်သို့လှမ်းကြည့်လာကြသည်။ အင်ပါယာအစောင့်များ၊ အကြည်ညိုခံအကြီးအကဲများနှင့် နန်းတော်ထဲရှိမှူးကြီးမတ်ရာများကလည်း လှမ်းကြည့်လာကြလေသည်။ သူတို့၏မျက်ဝန်းထဲမှာ အံ့သြထိတ်လန့်မှူအရိပ်အယောင်များ ပြည့်နှက်နေသည်။
ထိုကဲ့သို့သောတိုက်ခိုက်မှုဖြင့်သာဆိုလျှင် သူတို့ပြာမကျခင်မှာတင် ခုခံဖို့အခွင့်အရေးရလိုက်မည်မဟုတ်။
ယဲ့ချိုးပိုင်လည်း လက်တစ်ဖက်ကိုမြှောက်၍ မှင်တက်နေမိသည်။ အာကာသနတ်ဘုရားအဆင့်ပညာရှင်တစ်ယောက်ကို လျှော့တွက်ထားလို့မဖြစ်ပေ။
ကျင့်ကြံရေးအဆင့်ကွာခြားချက်ကား အလွန်ကြီးမားလွန်းသည်။ အာဒိကပ္ပဓားသိုင်းကျမ်းကိုထုတ်လိုက်လျှင်ပင် တစ်ဖက်လူ၏တိုက်ခိုက်မှုကို ခုခံနိုင်ရုံမျှသာ တတ်နိုင်ပေလိမ့်မည်။ ထို့ပြင် သူ ဖိနှိပ်ခံနေရသည်။
အကယ်၍ တစ်စုံတစ်ယောက်ကသာ ယဲ့ချိုးပိုင်၏အတွေးကိုသိပါက သေချာပေါက်သွေးအန်သွားပေလိမ့်မည်။
အစ်ကိုကြီးရေ မင်းကအခုမှရေအလျဉ်ပြည့်လျှံရေးအဆင့်ပဲရှိသေးတာ။ ဟိုဘက်က အာကာသနတ်ဘုရားအဆင့်လေ။ မင်က တစ်ဖက်လူထက် အဆင့်နှစ်ဆင့်တောင်နိမ့်နေတာကို ဖိနှိပ်မခံချင်ဘူးပေါ့လေ။ ချက်ချင်းအသတ်မခံလိုက်ရတာတောင် တော်လှပြီ….
မုတ်ဆိတ်ရှည်အဘိုးကြီးက ပို၍ပင်ထိတ်လန့်နေသေးသည်။ ဤတိုက်ခိုက်မှုတွင် သူ့ခွန်အားကိုအကုန်ထုတ်သုံးလိုက်သည်ဟုဆိုနိုင်လေသည်။ သို့တိုင် တစ်ဖက်လူက သူ့ကိုတားဆီးနိုင်ဆဲသာ။
ယဲ့ချိုးပိုင်သာ အာကာသနတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါက သူကိုယ်တိုင်ပင်လျှင် ယှဉ်နိုင်တော့မည်မဟုတ်။
ဤလူငယ်လေး၏ဓားသိုင်းနိယာမမှာ အလွန်မြင့်လှသည်။ သူ့စွမ်းရည်မျိုးကိုလည်း သူ့တစ်သကိလုံးဝမတွေ့ဖူးခဲ့ချေ။
ထို့ပြင် နင်းချန်ရှင်းဟုန်ရင်တို့ကလည်း ထိုအဘိုးကြီးနှင့်တိုက်ခိုက်နေကြသည်။ ဤလူသုံးယောက်မှာ ထိုပုဂ္ဂိုလ်၏တပည့်များသာဖြစ်၏။
မည်သို့သောဆရာသခင်မျိုးက ယခုလိုတပည့်မျိုးကိုပျိုးထောင်နိုင်လေသလဲ။
ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက လေးနက်နေသောအမူအရာကို ထုတ်ဖော်ပြသလာသည်။ သူ့အနေနှင့် သူတို့သုံးယောက်ကို တိုက်ခိုက်နိုင်စွမ်းရှိသော်ငြား ဤကမ္ဘာလောကမှာ သိုင်းပညာမထွန်းကားသည့်နယ်မြေမျိုးဖြစ်လေရာ အထက်ဘုံနှင့်ယှဉ်လျှင် ဤဘုံလောက၌ ကျင့်ကြံရေးအရင်းအမြစ်နှင့်အမွေအနှစ်များရှားပါးလှသည်။
ထိုကဲ့သို့သောအခြအနေကြားမှာတောင် သူတို့က ယခုလိုအနေအထားအထိရောက်လာလေသည်။ ကြောက်မက်ဖွယ်ရာပင်တည်း။
ဤကိစ္စကိုသာ ကိုင်တွယ်ဖြေရှင်းခြင်းမပြုပါက နောင်အနာဂတ်တွင် တိမ်လွှာဖီးနစ်ဧကရီနှင့် စစ်ခင်းရပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ့ဆရာ၏အစီအစဉ်လည်း ချောချောမွေ့မွေ့ဖြစ်တော့မည်မဟုတ်။
ထိုသို့တွေးမိလိုက်သဖြင့် ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသား၏မျက်ဝန်းအစုံတွင် သတ်ဖြတ်လိုသောအရိပ်အယောင်များပေါ်ပေါက်လာလေတော့သည်။