Switch Mode

အခန်း (၁၈၉)

သတ်ဖြတ်ရေးဆန္ဒ

တိမ်လွှာဖီးနစ်ဧကရီတဲ့လား။

ဟွမ်းထျန်းမင်၏စကားကိုကြားသောအခါ အားလုံးထိတ်လန့်သွားကြလေသည်။

သူ(မ)၏ဖြစ်တည်မှုက ရှေးပဝေသဏီခေတ်တုန်းကဆိုသော်ငြား တိမ်လွှာဖီးနစ်ဧကရီ၏ဂုဏ်ပုဒ်အကြောင်း သူတို့အားလုံးကြားသိထားပြီးဖြစ်၏။ သူ(မ)သည် နောက်ဆုံးသောဧကရီတစ်ပါးပင်တည်း။

ယနေ့ခေတ်၌ သိုင်းပညာမထွန်းကားတော့ဘဲ အမွေအနှစ်များလည်းပျောက်ကွယ်သွားခဲ့ရသည်မှာ တိမ်လွှာဖီးနစ်ဧကရီကြောင့်ဟု ဆိုနိုင်ပေသည်။

တိမ်လွှာဖီးနစ်ဧကရီကသာ ကောင်းကင်ဘုံလမ်းမကိုတိုက်ခိုက်ရန်အတွက် စစ်ဆင်ရေးတပ်တစ်ခုဖွဲ့စည်းပြီး တိုက်နယ်ကြီးပေါ်ရှိ ဂိုဏ်းဂဏများနှင့်တော်ဝင်မိသားစုများကိုပေါင်းစည်းခြင်းမပြုခဲ့ပါက စစ်ရှုံးသွားရသဖြင့် ယခုလိုဂိုဏ်းဂဏပေါင်းများစွာသေကြေပျက်စီးပြီး အမွေအနှစ်များပျက်သုဉ်းသွားသည့်အဖြစ်မျိုး ပေါ်ပေါက်လာမည်မဟုတ်ပေ။

ယခုလို သိုင်းပညာမထွန်းကားရခြင်းမှာ ထိုအဖြစ်ကြောင့်ပင်။

သို့သော် အများစုကတော့ တိမ်လွှာဖီးနစ်ဧကရီကိုအပြစ်မတင်ကြချေ။ ဖီလာအားဖြင့် သူတို့က သူ(မ)ကိုလေးစားကြည်ညိုကြသည်။

ပထမဆုံးအချက်အနေနှင့် ကောင်းကင်ဘုံလမ်းမကိုအနိုင်ယူရန်အတွက် တိုက်နယ်ကြီးပေါ်ရှိအင်အားစုအားလုံးနီးပါးကို စုဆောင်းပြီး သူ(မ)အမိန့်ကိုနာခံအောင်စွမ်းဆောင်ခဲ့ခြင်းမှာ သြဇာညောင်းခြင်းတစ်မျိုးပင်။

ဒုတိယအနေနှင့် ထိုအချိန်တုန်းက ကျင့်ကြံရေးလမ်းကြောင်းတွင် ပါရမီရှင်များပြည့်နှက်နေခဲ့သည်။ သို့သော် အထွတ်အထိပ်သို့ရောက်ပြီးနေပြီဖြစ်သောလူများအနေနှင့် အထက်သို့တက်လှမ်း၍မရနိုင်တော့ပေ။

အကြောင်းမှာ ဤဘုံလောကသည် သတ်မှတ်ထားသောအဆင့်ထက်ကျော်လွန်၍မသွားနိုင်တော့သောကြောင့်ပင်။

တိမ်လွှာဖီးနစ်ဧကရီမှာ ထိုအဖြစ်ကိုမလိုလားခဲ့သဖြင့် စစ်ခင်းခဲ့ခြင်းဖြစ်၏။

ဧကရီဟူသောဂုဏ်ပုဒ်နှင့် ဤကမ္ဘာပေါ်တွင် အထွတ်အထိပ်ရောက်နေသူတစ်ယောက်၏ဂုဏ်အင်ကိုပဓာနမထားဘဲ သူ(မ)အသက်ကိုစွန့်စား၍ အနာဂတ်အတွက်တိုက်ပွဲဝင်ခဲ့ခြင်းပင်။

သူ(မ)တစ်ကိုယ်တည်းအတွက်တင်မဟုတ်ဘဲ ဤဘုံလောကကြီးတစ်ခုလုံးအတွက်ပင်။

ထိုကိစ္စမျိုးကို တော်ရုံလူမလုပ်နိုင်ချေ။

ထို့ကြောင့်လည်း ယနေ့ခေတ်တွင် တိမ်လွှာဖီးနစ်ဧကရီအကြောင်း ပြောကြသည့်အခါတိုင်း အပြစ်ပြောကြခြင်းမျိုးမရှိ။ ၎င်းမှာ ကြည်ညိုစိတ်ကြောင့်ဖြစ်၏။

ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားအနေနှင့် ထိုအချိန်တုန်းက သူမမွေးသေးသော်ငြား ကောင်းကင်ဘုံလမ်းမထက်ကစစ်ပွဲအကြောင်းကို သူ့ဆရာထံမှတစ်ဆင့် ကြားသိထားပြီးဖြစ်၏။

ရှေးဟောင်းစာအုပ်များကိုလည်း ရှာဖွေဖတ်ရှုခဲ့ပြီး ဤဘုံလောကရှိတိမ်လွှာဖီးနစ်ဧကရီအကြောင်းကိုလည်း လေ့လာခဲ့သည်။

ထိုစဉ်တုန်းက ဤဘုံလောက၏စုစုပေါင်းခွန်အားမှာ သူတို့ကိုမမီသော်ငြား သူ့ဆရာနှင့်အခြားလူများကိုလည်း ထိခိုက်စေခဲ့သည်။

ခွန်အားကွာခြားမှုကြောင့်သာမဟုတ်ပါက ဘုံလောကနှစ်ခုကြားရှိတိုက်ပွဲရလဒ်ကား ဆုံးဖြတ်ရခက်လိမ့်မည်ဖြစ်၏။

ထိုစဉ်တုန်းက တိမ်လွှာဖီးနစ်ဧကရီ၏တိုက်ပွဲကြောင့် သူတို့အစီအစဉ်နှောင့်နှေးခဲ့ရသည်။ သူတို့အဖို့တော့ ဤသည်ကပင် ထိခိုက်နစ်နာမှုကြီးတစ်ခုဖြစ်၏။

ယခုလည်း သူ ဤဘုံလောကသို့ရောက်လာရသည့်အကြောင်းပြချက်ကား စစ်ဆင်ရေးနှစ်ခုရှိသောကြောင့်ဖြစ်သည်။

ပထမတစ်ခုက နင်းချန်ရှင်းတို့သုံးယောက်၏နောက်ကွယ်ရှိဆရာသခင်ဖြစ်သည့် ဆန်းကြယ်သောပညာရှင်၏ရည်ရွယ်ချက်က သူတို့အစီအစဉ်ကိုထိခိုက်မှုရှိမရှိစုံစမ်းရန်ဖြစ်ပြီး ဒုတိယတစ်ခုမှာ လူပြန်ဝင်စားလာပြီဖြစ်သော တိမ်လွှာဖီးနစ်ဧကရီ၏တည်နေရာနှင့်ခွန်အားအကြောင်း စနည်းနာရန်ဖြစ်၏။

ထို့နောက် အမှိုက်ကစ ပြသာဒ်မီးမလောင်ရလေအောင် သူတားဆီးရမည်ပင်။ တစ်ဖက်လူက ခွန်အားပြန်ပြည့်သွားပြီး စစ်ပွဲပြန်စလာမည့်အရေးကိုကာကွယ်ရမည်သာ။

တိမ်လွှာဖီးနစ်ဧကရီကိုမုန်းတီးနေသူများကလည်း သေချာပေါက်ရှိသည်။ ဥပမာအားဖြင့် ဟွမ်းထျန်းမင်ကဲ့သို့ ဤနေရာတွင်ရှိနေသူများလည်းအပါအဝင်ပင်။ ဟွမ်းထျန်းမင်ဆိုသည်မှာ မူလပိုင်ရှင်ဟွမ်းထျန်းမင်မဟုတ်ဘဲ ယင်ဓာတ်အလောင်းကောင်အဘိုးကြီးသာဖြစ်သည်။

ရှေးခတ်တုန်းက ယင်ဓာတ်အလောင်းကောင်အဘိုးကြီးဦးဆောင်သော မိစ္ဆာကျင့်ကြံသူအုပ်စုကို တိမ်လွှာဖီးနစ်ဧကရီက သုတ်သင်ပစ်ခဲ့သည်။ သူ့ဝိညာဉ်လည်း နှိမ်နင်းခံခဲ့ရသည်။

အကယ်၍ သူသာ ဟွမ်းထျန်းမင်ကို ချိတ်ပိတ်နယ်မြေထဲသို့မျှားခေါ်ပြီး အစီအရင်ကိုဖယ်ရှားဖို့သွေးဆောင်နိုင်ခဲ့ခြင်းမရှိပါက အင်ပါယာဂုရုကြီးဖန်တီးခဲ့သော စိတ်တန်ခိုးရှင်ဘုံထဲမှာသာ ယခုအချိန်အထိ ပိတ်မိနေလိမ့်ဦးမည်သာ။

ယခုတော့ တိမ်လွှာဖီးနစ်ဧကရီက လူပြန်ဝင်စားလာပြီး သူ့ရှေ့တည့်တည့်ကိုပင် ရောက်နေလေကြောင်းသိလိုက်ရလေရာ သူ့နှလုံးသားထဲရှိအမုန်းတရားများကို မချိုးနှိမ်ထားနိုင်တော့ချေ။

ချက်ချင်းဆိုသလို သူ့ပတ်ပတ်လည်ရှိအလောင်းကောင်ချီစွမ်းအင်များပေါက်ကွဲထွက်သွားလေသည်။ ထို့နောက် ရှေ့ကိုခြေတစ်လှမ်းတိုးလိုက်လေရာ နန်းတော်ကြမ်းပြင်ပေါ်၌ အက်ကွဲကြောင်းများပေါ်လာလေသည်။

ဟွမ်းထျန်းမင်ကား ဟုန်ရင့်ဆီသို့ချီတက်သွားလေပြီ။

ဟုန်ရင်က စောင်းငဲ့ကြည့်လိုက်ပြီး ကျန်လက်တစ်ဖက်ကိုဆန့်ထုတ်လိုက်သည်။ လူဝင်စားရေးစွမ်းအားများက သူ(မ)လက်ဖဝါးထဲမှအရှိန်ပြင်းပြင်းထွက်လာလေသည်။

ထို့နောက် လူဝင်စားရေးစွမ်းအားများကိန်းအောင်းနေသော လက်ဝါးရာတစ်ခုက သူ(မ)ကိိုတိုက်ခိုက်နေသည့်ဟွမ်းထျန်းမင်ကို အုပ်မိုးထားလိုက်သည်။

ဟွမ်းထျန်းမင်ကတော့ နှာမှုတ်နေချေသည်။

“ဧကရီ… နင့်ရဲ့ကျင့်စဉ်တွေက ပြန်မကောင်းသေးဘူးပဲ။ အာကာသနတ်ဘုရားအဆင့်ပညာရှင်တစ်ယောက်ကိုတိုက်နေရင်းနဲ့ ငါ့ကိုပါရင်ဆိုင်ဖို့ ဘယ်လောက်ကြာကြာတောင့်ခံထားနိုင်မှာလဲ”

ဤသို့ဖြင့် ဟွမ်းထျန်းမင်သည် လေထဲ၌ အလွန်ထူးဆန်းသောလှုပ်ရှားမှုတစ်ခုကိုလုပ်လိုက်၏။ သူ့လက်မောင်းနှစ်ဖက်ကို ကြက်ခြေခတ်သဏ္ဍာန်လုပ်လိုက်ခြင်းဖြင့် စည်းဝိုင်းတစ်ခုပေါ်ပေါက်လာစေသည်။

ထိုစည်းဝိုင်းထဲတွင် အလောင်းကောင်ချီစွမ်းအင်များ စတင်စုဝေးနေ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဟွမ်းထျန်းမင်၏လက်မောင်းကြား၌ အလောင်းကောင်ချီစွမ်းအင်လုံးကြီးတစ်ခု ပေါ်ပေါက်လာသည်။

ဟွမ်းထျန်းမင်က နှာမှုတ်လိုက်လေသည်။ သူ့လက်ထဲရှိ အလောင်းကောင်ချီစွမ်းအင်လုံးကြီးကို လူဝင်စားရေးအတွင်းအားရှိရာဆီသို့ ပစ်လွှတ်လိုက်သည်။

အလောင်းကောင်ချီစွမ်းအင်လုံးကြီး၏အရှိန်ကား မမြန်လှပေ။

သို့သော် ထိုအထဲတွင်ပါဝင်သော ယင်ဝိညာဉ်နှင့်အလောင်းကောင်ချီစွမ်းအင်တို့ကတင် လူတစ်ယောက်ကို စိတ်နှလုံးတုန်လှုပ်သွားအောင် လုပိဆောင်နိုင်စွမ်းရှိသည်။

လက်ဝါးအတွင်းအားများက အလောင်းကောင်ချီစွမ်းအင်လုံးကြီးနှင့် ဝင်တိုက်မိကြသောအခါ လျှပ်တပြက်အတွင်းမှာပင် အလောင်းကောင်ချီစွမ်းအင်များ ပေါက်ကွဲသွားသည်။

ထိုအရာမှာ အင်ပါယာနန်းတော်အနှံ့ ပြန့်ကျဲသွားပေသည်။ ၎င်းမှာ အပ်လေးဖြင့်ထိုးဖောက်ခံလိုက်ရသည့် ကြေကွဲလွယ်သောဘောလုံးလေးတစ်လုံးအလားပင်။

အလောင်းကောင်ချီစွမ်းအင်များက လူဝင်စားရေးအတွင်းအားများကိုဖြတ်ကျော်၍ ဟုန်ရင့်ဆီသို့နှင်လာချေသည်။

ပေါက်ကွဲထွက်လာသောအလောင်းကောင်ချီစွမ်းအင်များမှာ ထိတ်လန့်ချင်စရာကောင်းလောက်အောင်များပြားလှသည်။

ထိုကြောက်မက်ဖွယ်ရာအရှိန်အဝါကို အာရုံခံမိလိုက်ချိန်မှာ ဗုဒ္ဓဂိုဏ်းတော်မှအဘိုးကြီးပင် မထိတ်လန့်ဘဲမနေနိုင်ခဲ့ပေ။ ထိုမျှများပြားသောအလောင်းကောင်ချီစွမ်းအင်များရဖို့ဆိုလျှင် လူဘယ်နှယောက်လောက်ကိုများ သုတ်သင်ခဲ့ရလေမလဲ။

ကြောက်စရာကောင်းလှသောအလောင်းကောင်အရှိန်အဝါများ လိပ်တက်လာသည်ကို ခံစားလိုက်ရသောအခါ ဟုန်ရင်၏အမူအရာမှာ အနည်းငယ်လေးနက်သွားသည်။ဗ

ယခုတော့ မုတ်ဆိတ်ရှည်အဘိုးကြီး၏တိုက်ခိုက်မှုများကို ခုခံရုံသာမက ထိုအလောင်းကောင်အရှိန်အဝါများကိုခုခံရန်အတွက်ပါ အာရုံနှစ်ခုထားရတော့မည်ဖြစ်၏။

ဟုန်ရင်က လူဝင်စားရေးလှံတံကျင့်စဉ်ကို ထုတ်သုံးတော့မည့်ဆဲဆဲမှာပင် ကောင်းကင်ဘုံစစ်သည်က သူ(မ)ရှေ့ကိုပျံသန်းလာပေသည်။ ထိုစစ်သည်ကြီးက ရွှေရောင်ကြေးခွံဂမ္ဘီရလှံတံကိုကိုင်စွဲ၍ အလောင်းကောင်အရှိန်အဝါများနှင့် ထိပ်တိုက်ရင်ဆိုင်ပစ်လိုက်သည်။ ထို့နောက် သူ့လက်ထဲရှိလှံတံကို အလျားလိုက်လွှဲယမ်းပစ်လိုက်သည်။

နင်းချန်ရှင်းက စာအုပ်ခြင်းတောင်းကိုလွယ်လျက် မတ်တတ်ထရပ်ကာ လက်ထဲမှာလည်း တာအိုသိုင်းကျမ်းကိုကိုင်ထားရင်း ဟုန်ရင့်ဘေးကိုလျှောက်လာလေသည်။

“ဆရာတူအစ်မနဲ့ဆရာတူအစ်ကိုတို့က ရန်သူကိုပဲအာရုံစိုက်ပါ။ သူ့ကိုတော့ ကျွန်တော့်တာဝန်ထား”

ထိုစကားကိုကြားသောအခါ ဟုန်ရင်ကပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ ယင်ဓာတ်အလောင်းကောင်အဘိုးကြီးကို သူ ထပ်ပြီးအာရုံစိုက်မနေတော့ပေ။

နင်းချန်ရှင်းပင်ဖြစ်စေ စံအိမ်တော်မှတစ်စုံတစ်ယောက်ပင်ဖြစ်စေ သူ(မ) ရာနှုန်းပြည့်ယုံကြည်သည်။ သို့ဖြစ်လေရာ ဤကိစ္စကိုလည်း သူ့ကိုအပ်ထား၍ရနိုင်ပေသည်။

ဟွမ်းထျန်းမင်လည်း သူ့ရှေ့ရှိစာပေပညာရှင်လေးကို မကြည်မသာအမူအရာဖြင့် ကြည့်လိုက်လေသည်။

“ဒါက မင်းနဲ့ဘာမှမဆိုင်ဘူး”

နင်းချန်ရှင်း ပြုံးလိုက်မိသည်။

“သူက ကျုပ်ရဲ့ဆရာတူအစ်မပဲ။ ဘာလို့ဘာမှမဆိုင်ရမှာလဲ”

ဤသို့ဖြင့် သူက ကောင်းကင်ဘုံစစ်သည်ကိုထိန်းချုပ်လိုက်ပြီး ဟွမ်းထျန်းမင်ထံသို့ချီတက်စေသည်။

ဟွမ်းထျန်းမင်က မြောက်များလှစွာသောကျင့်ကြံသူများ၏ဝိညာဉ်နှင့် ကျင့်ကြံရေးအခြေခံများကို စုပ်ယူစားသုံးခဲ့သူဖြစ်၏။ သူ့အဆင့်ဆိုလျှင် အာကာသနတ်ဘုရားအဆင့်ရောက်လုရောက်ခင်အထိ တက်လှမ်းနိုင်ခဲ့သည်။

နင်းချန်ရှင်းနှင့်တိုက်ခိုက်ရသည့်အရေးကတော့ သူ့အဖို့ မပြောပလောက်ပေ။

သူ့လက်နှစ်ဖက်ဖြင့် လက်ဟန်အမူအရာတစ်မျိုးကိုပုံဖော်လိုက်လေရာ ခန်းမတစ်ခုလုံးအနှံ့ပြန့်ကျဲနေသော အလောင်းကောင်ချီစွမ်းအင်များက ဘောလုံးကြီးတစ်လုံးအဖြစ် သိပ်သည်းသွားချေတော့သည်။

ထို့နောက် အရိုးစုတစ္ဆေစစ်သည်တစ်ပါးအဖြစ် ပြောင်းလဲလိုက်ပြီး မတ်တတ်ထရပ်ခိုင်းလိုက်လေရာ ခန်းမ၏မျက်နှာကြက်ကိုပင် ထိကပ်သွားရသည်။ ထိုစစ်သည်က လက်တစ်ဖက်ဖြင့် အရိုးစုဒိုင်းကာတစ်ခုကိုကိုင်ထားပြီး ကျန်တစ်ဖက်ဖြင့် အရိုးစုဓားတစ်လက်ကို ကိုင်စွဲထားပေသည်။

ကောင်းကင်ဘုံစစ်သည်က သူ့ဆီသို့ လှံတံလွှဲယမ်းလိုက်သည့်မြင်ကွင်းကို မြင်လိုက်ရသည့်အခါ အရိုးစုတစ္ဆေစစ်သည်ကလည်း ထိုတိုက်ခိုက်မှုကိုပိတ်ပင်တားဆီးရန်အတွက် အရိုးစုဒိုင်းကာကိုမြှောက်လိုက်လေသည်။

အုန်း!

အရှိန်အဝါ၏နောက်ဆက်တွဲရိုက်ခတ်မှုကား အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားချေသည်။ ထို့နောက် အရိုးစုတစ္ဆေစစ်သည်ကြီးက သူ၏အရိုးစုဓားကိုဝှေ့ယမ်း၍ ကောင်းကင်ဘုံစစ်သည်၏ခန္ဓာကိုယ်ပေါ်သို့ ထိုးစိုက်ပစ်လိုက်သည်။

ထိုတိုက်ကွက်ကား အလွန်အမင်းအစွမ်းထက်လှသလို အလောင်းကောင်ချီစွမ်းအင်များက ဆက်တိုက်လိပ်တက်နေသည်။

နင်းချန်ရှင်းအနေနှင့်လည်း အသာလေးငြိမ်နေပြီးသေဖို့ထိုင်စောင့်မနေနိုင်ပေ။ သူက တာအိုသိုင်းကျမ်းကိုကိုင်၍ ရွတ်လိုက်သည်။

“ရှင်းလင်းစေ”

သန့်စင်ရေးအလင်းတန်းတစ်ခုက အရိုးစုတစ္ဆေစစ်သည်ကြီး၏ခန္ဓာကိုယ်ပေါ်သို့ ဖြာကျသွားသည်။ ထိုအခိုက်အတန့်လေးမှာ သူ့ခန္ဓာကိုယ်ပေါ်ရှိအလောင်းကောင်အရှိန်အဝါများလည်း ပျောက်ကွယ်စပြုလာသည်။

အပေါက်ရာများစွာလည်း ပေါ်လာလေသည်။

နင်းချန်ရှင်း၏ကျင့်စဉ်ကား မိစ္ဆာကျင့်ကြံသူများအပေါ် အလွန်သက်ရောက်မှုကောင်းသည်ဟု ဆိုနိုင်သည်။ နင်းချန်ရှင်း၏တိုက်ခိုက်မှုအောက်မှ ဟွမ်းထျန်းမင်တစ်ယောက် အလွတ်ရုန်းဖို့မဖြစ်နိုင်ချေ။

တစ်ဖက်တွင်မူ ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက ကျန်ဗုဒ္ဓအကြီးအကဲတစ်ယောက်ကိုကြည့်၍ အမိန့်ပေးလိုက်သည်။

“အဲ့ဒီမိန်းမကိုသတ်ပစ်”

တိမ်လွှာဖီးနစ်ဧကရီကို သူ(မ)၏ခွန်အားများပြန်မရလာခင်မှာပင် ရှင်းထုတ်ပစ်ရမည်ဖြစ်၏။

Comment

Leave a Reply

Options

not work with dark mode
Reset