မြောက်ပိုင်းရေခဲပြင်ပေါ်၌…
လုချန်ရှန်း သူ့တပည့်ဆီက သတင်းပို့ချက်တစ်ခုကိုလက်ခံရရှိလိုက်သည်။ နားထောင်ကြည့်ပြီးနောက် သူ့အမူအရာမှာ အနည်းငယ်ပျက်ယွင်းသွားရလေသည်။
“ဒီကောင်စုတ်လေးတွေ အေးအေးဆေးဆေးမနေနိုင်ကြဘူးလား။ ဘာလို့ နေ့တိုင်းပြဿနာရှာနေကြတာလဲ။ မဖြစ်ဘူး။ ပြန်ရောက်ရင် သူတို့ကိုအလုပ်တစ်ခုခုပေးထားမှဖြစ်မယ်”
ထိုသို့ပြောပြီးနောက် လုချန်ရှန်းက သူ့လက်မောင်းကြားရှိစာအုပ်တစ်အုပ်ကိုထိလိုက်သည်။ အစီအရင်၏အစွန်နားတွင် စာလုံးနှစ်လုံးကို ထင်ထင်ရှားရှားမြင်နေရသည်။
ဟူနန်အစားအသောက်များ…
သို့သော် ဤသည်ကား ပြဿနာမဟုတ်ပေ။
လုချန်ရှန်းလည်း မဟူရာ့ကိုသယ်၍ နေမဝင်အင်ပါယာဆီသို့အပြင်းနှင်လေတော့သည်။
ခွန်အားကို ဆေးဝါးအကူအညီယူ၍ ပြန်ဖြည့်ထားလျှင် သူ့အခြေခံအုတ်မြစ်ကား မတည်မငြိမ်ဖြစ်နိုင်သည်။ သို့သော် အဆင့်နိမ့်ဆေးဝါးများကသာ ထိုသို့ဖြစ်တတ်သည်။ လုချန်ရှန်း၏ဆေးဝါးများက ထိုကဲ့သို့သောပြဿနာမျိုးမပေါ်တတ်ချေ။
သို့သော် လူတစ်ယောက်ဟာ ကျင့်ကြံရေးလမ်းကြောင်းကို ဆက်လျှောက်လှမ်းဖို့အတွက် မိမိကိုယ်ကိုသာအားကိုးရမည်ဖြစ်၏။ ထို့ကြောင့် လုချန်ရှန်းက သူ့တပည့်များ၏ခွန်အားကိုတိုးတက်အောင်လုပ်ဖို့အတွက် ဆေးဝါးအကူအညီမယူရခြင်းဖြစ်၏။
အလားတူပင် သူ့တပည့်များ၏ပြဿနာမှန်သမျှကို ကူညီရှင်းလင်းပေးလိုက်ပါက ယဲ့ချိုးပိုင်တို့၏ကျင့်ကြံရေးလမ်းကြောင်းအတွက် အကျိုးယုတ်စေနိုင်သည်။
မိုးဒဏ်လေဒဏ်များကိုသာ သူတို့ခံနိုင်ရည်မရှိပါလျှင် လှပလွန်းသောသက်တံ့ကိုအဘယ်မှာမြင်နိုင်မည်တဲ့လဲ။ အထွတ်အထိပ်၌ရပ်တည်နေသူများထဲတွင် သေရေးရှင်ရေးအခြေအနေကို မကြုံတွေ့ဖူးသူဟူ၍မရှိချေ။
အရည်အချင်းက အရေးပါတာကတော့ သေချာပေါက်ပင်။
ထိုအချိန်တွင် ဟွမ်းထျန်းမင်က သူ့အကြည့်ကို ဟုန်ရင့်ဆီသို့ပို့လိုက်၏။ ထို့နောက် အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ သူ့အရှိန်အဝါကို အလွန်ရင်းနှီးနေ၏။
သူ့အား စိတ်မသက်မသာဖြစ်အောင်လုပ်နေသောခံစားချက်နောက်တစ်မျိုးလည်း ရှိသေးသည်။
ထိုအခိုက်အတန့်၌ ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက မတ်တတ်ထရပ်ပြီး အပြုံးလေးဖြင့်ပြောလာသည်။
“မင်းတို့နှစ်ယောက်ပဲရောက်လာတာလား။ မင်းတို့ဆရာကဘယ်မှာလဲ”
ဆရာတဲ့လား။
ယဲ့ချိုးပိုင်နှင့်ဟုန်ရင်တို့ အံ့သြမှင်တက်သွားလေသည်။
ဒီလူတွေရဲ့ပစ်မှတ်က သူတို့ဆရာတဲ့လား…။
အိမ်း…
ယဲ့ချိုးပိုင်က အထူးအဆန်းဖြစ်နေသောအမူအရာဖြင့် နင်းချန်ရှင်းကိုကြည့်လိုက်လေသည်။ နင်းချန်ရှင်းကလည်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်ပြ၏။
အတည်ပြုချက်ရလိုက်ပြီးနောက် သူတို့နှစ်ယောက်သား ပဟေဠိဖြစ်သွားရသည်။
ဒီလူတွေ အသက်ရှင်ရတာများပင်ပန်းနေကြပြီလား။
ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားင ပြုံးပြုံးလေးစကားဆိုလာသည်။
“အထင်မလွဲပါနဲ့။ ငါ မင်းတို့ဆရာကိုဖိတ်တာ မေးစရာလေးတချို့ရှိလို့ပါ”
“မေးစရာရှိလို့တဲ့လား”
ဟုန်ရင်ခမျာ အထူးတဆန်းဖြစ်နေရချေသည်။
ဘာမေးစရာရှိလို့လဲ။
လုချန်ရှန်းကဖြင့် စံအိမ်တော်ထဲမှာ အိပ်လိုက်၊စားလိုက်၊ပန်းတွေရေလောင်းပေါင်းသင်လိုက်လုပ်နေတာကို ဘာကိုသွားမေးမှာလဲ။ ချက်ပြုတ်နည်းနာတွေ မေးမလို့များလား။
“ဒါပေမဲ့ ကြည့်ရတာ မင်းတို့ဆရာက ဒီကိုရောက်ဖို့ကြာဦးမယ်ထင်တယ်”
“မင်းတို့တွေရန်သူ့စစ်စခန်းထဲကိုရောက်နေတယ်လို့မခံစားမိလို့လည်းဖြစ်နိုင်ပါတယ်”
“မင်းတို့က ကိုယ့်ကိုယ်ကိုယ်သတိထားတာမျိုးမရှိတော့လည်း ငါကပဲ မင်းတို့ကိုအခြေအနေနားလည်အောင်လုပ်ပေးရမှာပေါ့။ အဲ့လိုမှ မင်းတို့ဆရာလည်း လောရကောင်းမှန်းသိမှာ”
ဤသို့ဖြင့် ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက သူ့ဘေးရှိမုတ်ဆိတ်ရှည်အဘိုးကြီးကိုကြည့်လိုက်သည်။
မုတ်ဆိတ်ရှည်အဘိုးကြီးလည်း ချက်ချင်းနားလည်လိုက်သည်။ ထို့ကြောင့် ရှေ့ကိုခြေတစ်လှမ်းတိုး၍ လက်အုပ်ချီလိုက်၏။ ထို့နောက်အပြုံးလေးဖြင့်ပြောလိုက်လေသည်။
“အကျိုးတော်ဆောင်ကြီး… တစ်ဆိတ်လောက်ခွင့်ပြုပေးပါ”
ဤသို့ဖြင့် သူက ယဲ့ချိုးပိုင်တို့ရှိရာဆီကို လက်ဝါးညွှန်လိုက်လေရာ အာကာသနတ်ဘုရားအဆင့်အရှိန်အဝါများ ထွက်ပေါ်လာလေသည်။
ရွှေရောင်လက်ဝါးရာတစ်ခုက ယဲ့ချိုးပိုင်နှင့်ဟုန်ရင်တို့ကို တိုက်ခိုက်လေတော့သည်။ ဗုဒ္ဓအရှိန်အဝါတစ်ခုက ခန်းမထဲ၌ပြည့်နှက်သွားပြီး သူတို့နှစ်ယောက်ကို ဖိနှိပ်ထားချင်နေပေသည်။
ယဲ့ချိုးပိုင်လည်း မှော်နက်မိစ္ဆာဓားကိုဆွဲထုတ်လိုက်လေရာ ဓားဆန္ဒများလိပ်တက်လာ၏။
သူ့ခန္ဓာကိုယ်ထဲရှိဝိညာဉ်ရေးရာစွမ်းအင်များက အရှိန်အဟုန်အပြည့်ဖြင့် စီးဆင်းနေတော့သည်။
ယဲ့ချိုးပိုင်ကလည်း အာကာသနတ်ဘုရားအဆင့်ပညာရှင်တစ်ယောက်ကိုရင်ဆိုင်ရာ၌ ဟန်ဆောင်မနေရဲပေ။ အဆင့်ကွာခြားချက်မှာ အလွန်ကြီးမားလှသည်သာ။
တစ်ဖက်တွင်မူ ဟုန်ရင်က လူဝင်စားရေးလှံတံကိုထုတ်ယူလိုက်သည်။ လူဝင်စားရေးစွမ်းအားများက ထိုလှံတံတစ်ဝိုက်မှာ ရစ်ပတ်ထားသည်။ ထို့နောက် ရွှေရောင်လက်ဝါးရာဆီသို့ ထိုးခွင်းပစ်လိုက်သည်။
ဟုန်ရင်၏အရှိန်အဝါကိုခံစားမိလိုက်သော ဟွမ်းထျန်းမင်က ဘေးဘက်မှစောင့်ကြည့်နေရင်း ပို၍ပင်မျက်မှောင်ကြုတ်လိုက်မိသည်။
ဤအရှိန်အဝါကို အလွန်ရင်းနှီးနေသည်။ တစ်နေရာရာမှာ တွေ့ဖူး၊တိုက်ခိုက်ခဲ့ဖူးသလိုပင်။
ဟွမ်းထျန်းမင်၏စိတ်ထဲမှာတော့ ပြိုင်ဘက်ကင်းအလှပဂေးလေး၏ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်းစွန်းထင်းလာသည်။
ထို့နောက် အခြားတစ်ဖက်တွင် ယဲ့ချိုးပိုင်က ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓား၏အဋ္ဌမမြောက်သိုင်းကွက်ကို ထုတ်သုံးလိုက်သည်။ ဧရာမဓားချက်ကြီးတစ်ချက်က ရွှေရောင်လက်ဝါးရာကြီးကို ခုတ်ချလိုက်လေသည်။
တစ်ပြိုင်တည်းပင် ဟုန်ရင်၏လူဝင်စားရေးလှံတံကလည်း ထိုလက်ဝါးရာကိုထိုးခွင်းလိုက်လေရာ သူတို့၏တိုက်ခိုက်မှုနှစ်ရပ်က ဗုဒ္ဓဂိုဏ်းတော်အဘိုးကြီး၏ လက်ဝါးရာ၌ပေါင်းဆုံသွားလေသည်။
သူတို့တိုက်ကွက်များ ပျက်စီးသွားသင့်သော်လည်း ဟုန်ရင်နှင့်ယဲ့ချိုးပိုင်တို့၏တိုက်ခိုက်မှုက တိုက်ရိုက်ကျိုးပျက်သွားခြင်းမရှိသည့်အတွက် အားလုံးထိတ်လန့်သွားကြကုန်သည်။
ထိုအစား ထိုတိုက်ကွက်များက ရွှေရောင်လက်ဝါးရာကို တန်ပြန်တိုက်ခိုက်နိုင်ခဲ့သည်။
ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက တအံ့တသြပြောလာလေသည်။
“အိုး.. ဒီနှစ်ယောက်ရဲ့အရည်အချင်းကလည်း ဟိုပညာသင်လေးထက် မနိမ့်ဘူးပဲ”
“ဒီလိုကျင့်ကြံရေးမထွန်းကားတဲ့လောကကြီးမှာ ဒီလိုပါရမီရှင်တွေကိုပျိုးထောင်နိုင်တယ်ဆိုတာ သိပ်အံ့သြဖို့ကောင်းတယ်”
ဟွမ်းယီထုံလည်း မျက်နှာပျက်သွားလေသည်။
ယဲ့ချိုးပိုင်၏တိုက်ခိုက်မှုကိုကြည့်ပြီး လက်ရှိယဲ့ချိုးပိုင်မှာ သူ့ကိုပင်တိုက်ခိုက်နိုင်သောခွန်အားမျိုးရှိနေလေပြီဟု တွေးနေမိသည်။ ထိုဓားချက်၏ခွန်အားကြောင့် ဟွန်းယီထုံထိတ်လန့်သွားခဲ့ရသည်။
သူ အရွယ်ရောက်လာလေပြီ။
အကယ်၍ သူသာ ယဲ့ချိုးပိုင် ဤမျှအထိအစွမ်းထက်ကြောင်းသိခဲ့ပါက ထိုစဉ်တုန်းက သူနှင့်မိတ်ဆွေဖွဲ့ခဲ့မည်ဖြစ်၏။ ယခုလိုထိတ်လန့်ဖွယ်အရည်အချင်းနှင့် ထူးချွန်သောအင်အားမျိုးပိုင်ဆိုင်ထားသည့်မဟာမိတ်တစ်ယောက်ကို နေမဝင်အင်ပါယာဘက်က ပိုင်ဆိုင်ထားခဲ့နိုင်လောက်သည်။
သို့သော် ဤကမ္ဘာကြီးတွင် နောင်တတရားကိုကုသရန်ဆေးမရှိပေ။
ယခုတော့ သူလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ ယဲ့ချိုးပိုင်ကိုအပြတ်ရှင်းထုတ်ပစ်နိုင်မည့်နည်းလမ်းကို ရှာဖွေရန်ဖြစ်၏။
တစ်ဖက်တွင်လည်း မုတ်ဆိတ်ရှည်အဘိုးကြီးခမျာ အနည်းငယ်ထိတ်လန့်သွားလေသည်။ ဤလက်ဝါးချက်တွင် သူ ခွန်အားအကုန်ထုတ်မသုံးခဲ့သော်ငြား ဤသည်မှာ လူငယ်မျိုးဆက်ကျင့်ကြံသူနှစ်ယောက် တားဆီးနိုင်သောအရာမျိုးမဟုတ်ပေ။
ထိုသို့တွေးရင်း မုတ်ဆိတ်ရှည်အဘိုးကြီးက နောက်လက်တစ်ဖက်ဖြင့် လက်ဟန်တစ်ခုလုပ်လိုက်ပြန်သည်။ ထို့နောက် ဗုဒ္ဓကျမ်းစာများကိုတရစပ်ရွတ်နေချေသည်။
ဖိနှိပ်ရေးအရှိန်အဝါတစ်မျိုးကိုသယ်ဆောင်ထားသည့် ရွှေရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာချေသည်။ ထိုအလင်းတန်းက ယဲ့ချိုးပိုင်နှင့်ဟုန်ရင်တို့ဆီသို့ ဦးတည်လာသည်။
ထိုအခြင်းအရာကိုမြင်သော် ယဲ့ချိုးပိုင်က သူ၏ဓားသွားပိုင်နက်နယ်မြေကို လွှတ်ထုတ်လိုက်လေရာ ဓားဆန္ဒများက နန်းတော်တစ်ခုလုံးကိုလွှမ်းခြုံသွားလေတော့သည်။
တစ်ချိန်တည်းမှာပင် ဟုန်ရင်ကလည်း လူဝင်စားရေးစွမ်းအင်များကို ထုတ်လွှတ်ပြီး ရွှေရောင်အလင်းတန်းကိုခုခံလိုက်ပေသည်။ မည်သို့ပင်ဖြစ်စေ ဟုန်ရင်က ခုခံရုံခုခံခြင်းမဟုတ်။
လူဝင်စားရေးစွမ်းအားများက ကောင်းကင်ထက်သို့ဆန်တက်သွားပြီး ဧရာမလှံတံပုံရိပ်ယောင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက်မှာတော့ မီးတောက်မီးလျှံကြီးများက ထိုအရာကိုဖုံးလွှမ်းပစ်လိုက်သည်။
ဧရာမမီးတောက်လှံတံကြီး၏ပုံရိပ်ယောင်က ဟုန်ရင်၏အမိန့်ကိုနာခံ၍ ဗုဒ္ဓဂိုဏ်းတော်၏အကြီးအကဲကို တိုက်ခိုက်လေတော့သည်
ဧရာမမီးတောက်လှံတံကြီးနှင့်ရင်ဆိုင်ရသောအခါ မုတ်ဆိတ်ရှည်အဘိုးကြီး၏အမူအရာလည်း ပြောင်းလဲသွားသည်။
ထိုလှံတံတွင် အဖျက်ဓာတ်အရှိန်အဝါတစ်မျိုးကိန်းအောင်နေ၏။ ထိုအရာက သူ့အား ခြိမ်းခြောက်ခံနေရသလို ခံစားမိစေသည်။
ထို့ပြင် တစ်ဖက်လူမှာ ချန်းယွမ်အလယ်အလတ်အဆင့်၌သာ ရှိသေးသည်။ ချန်းယွမ်အဆင့်နှင့် အာကာသနတ်ဘုရားအဆင့်တို့ကြားရှိကွာဟချက်က ကြီးမားလွန်းလှသည်။ ဤကွာဟချက်မှာ အလွယ်တကူချုံ့ပစ်လိုက်နိုင်သောအရာမဟုတ်ပေ။
ထို့ပြင် ဗုဒ္ဓကျင့်စဉ်များက ဤတိုက်နယ်တွင် အထွတ်အထိပ်အဆင့်ပင်ဖြစ်၏။ ဗုဒ္ဓဂိုဏ်းတော်ကလည်း ရှေးပဝေသဏီကတည်းက တည်ရှိလာခဲ့ခြင်းပင်။ အခြေခံအုတ်မြစ်ကောင်းကောင်းမရှိပါဘဲ ယခုအထိ ဘယ်လိုများရပ်တည်ရှင်သန်နိုင်လေမလဲ။
မီးတောက်လှံတံပုံရိပ်ယောင်ကို ဆင့်ခေါ်လိုက်သည်နှင့်တစ်ပြိုင်နက် ဟွမ်းထျန်းမင်က ရုတ်ခြည်းမတ်တတ်ထရပ်လာလေသည်။ သူ့ပုံစံမှာ ထိတ်လန့်နေလေဟန်အထင်းသားပင်။ သူ့မျက်နှာထက်မှာလည်း အကြောက်တရားများထင်ဟပ်နေချေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ဟုန်ရင်၏အရှိန်အဝါကို သူဘာကြောင့်ရင်းနှီးနေလေသလဲဆိုသည်ကို သဘောပေါက်လိုက်လေသည်။
သူ့အာရုံထဲတွင် ဟုန်ရင်၏ကျောပြင်ကိုမြင်ယောင်လိုက်မိသည်။ ထိုပုံရိပ်က တဖြည်းဖြည်းနှင့် ပြိုင်ဘက်ကင်းအလှပဂေးလေးနှင့် ထပ်တူကျသွားလေတော့သည်။
အမှန်ပင်တည်း။ ဤပုဂ္ဂိုလ်မှာ သူ့ကိုနှိမ်နင်းခဲ့ပြီး သူ့နှလုံးသားထဲတွင် အမုန်းတရားနှင့်အကြောက်တရားတို့ကို ရိုက်သွင်းပေးခဲ့သူပင်။ ရှေးခေတ်အခါတုန်းက တိမ်လွှာဖီးနစ်အင်ပါယာ၏အုပ်စိုးသူ နောက်ဆုံးသောဧကရီဟုန်ရင်ပေတည်း။
သို့သော် ဟုန်ရင်၏လက်ရှိခွန်အားကိုမြင်သောအခါ ဟွမ်းထျန်းမင်လည်း မရယ်ဘဲမနေနိုင်တော့ချေ။
“တိမ်လွှာဖီးနစ်အင်ပါယာရဲ့ဧကရီက လူပြန်ဝင်စားလာလိမ့်မယ်လို့ ငါမထင်ထားဘူး။ လက်စားချေဖို့အခွင့်အရေးတစ်ခုရလိုက်တာပါလား”
စကားဆုံးသည်နှင့် ဟွမ်းထျန်းမင်၏အလောင်းကောင်ချီစွမ်းအင်များ ပေါက်ကွဲထွက်လာလေတော့သည်။ မရေမတွက်နိုင်သောတစ္ဆေများကလည်း ဟိန်းဟောက်လာသည်။
တစ္ဆေများ၏ဟိန်းဟောက်သံနှင့်အတူ ဟွမ်းထျန်းမင်က ဟုန်ရင်၏ညာဘက်နားသို့ချီတက်လေတော့သည်။