Switch Mode

အခန်း (၁၈၇)

နန်းတော်သို့သွားရောက်ခြင်း

မြောက်ပိုင်းမဟာမိတ်အဖွဲ့၌..

မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်၊ လျန်ဖန်းနှင့်ကျန်းချောင်မြန်တို့က စစ်စခန်းဆီသို့ပြန်ရောက်သွားပြီဖြစ်၏။

တစ်ချိန်တည်းမှာပင် သူတို့က အားလုံးကို ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်၏။ ထိုသတင်းကိုကြားပြီးနောက် မဟာမိတ်အဖွဲ့တစ်ခုလုံး ဒေါသအမျက်ခြောင်းခြောင်းထွက်ကုန်ကြသည်။

ဝူဒီရှီက စားပွဲပေါ်ဘန်းခနဲရိုက်ချလိုက်ပြီး ဒေါသတကြီးပြောလေသည်။

“သိပ်လွန်နေပြီ”

လျှို့ဝှက်ဓားဂိုဏ်း၏လက်ထောက်ခေါင်းဆောင်စွန်းလျှို့ကလည်း လျန်ဖန်းကိုကြည့်၍မေးလိုက်သည်။

“ဧည့်သည်တော်တဲ့လား။ တစ်ဖက်လူရဲ့သဘောတူညီချက်ကဘာတဲ့လဲ”

နင်းချန်ရှင်းကို အသက်အန္တရာယ်မပေးဘဲဖမ်းသွားသည်ဆိုသည်မှာ တစ်ဖက်လူတွင် တောင်းဆိုချက်တစ်ခုရှိနေသည်ဟူသောသဘောပင်။

ထိုစကားကိုကြားသော် လျန်ဖန်း၏မျက်နှာ မည်းခနဲဖြစ်သွားရချေသည်။ သူက ခေါင်းခါယမ်း၍ပြော၏။

“သူမပြောလိုက်ဘူး”

မပြောလိုက်ဘူးတဲ့လား။

အားလုံး မှင်တက်သွားကြလေသည်။

ယွင်ကျင်းကတော့ မျက်နှာပျက်နေလေပြီ။

“တကယ်ပဲသူတို့ဘာလိုချင်နေတာလဲ”

ထို့နောက် သူကတစ်ဖက်ကိုလှည့်ပြီး ယဲ့ချိုးပိုင်နှင့်ဟုန်ရင်တို့ကိုကြည့်လိုက်သည်။ နင်းချန်ရှင်းကလည်း ထိုပုဂ္ဂိုလ်၏တပည့်ပင်တည်း။ တစ်ဖက်လူက ထိုလူ၏တပည့်ကို အမှန်တကယ်ရန်စရဲသည်တဲ့လား။

အမှန်အတိုင်းပြောရလျှင် ယွင်ကျင်းတစ်ယောက် ဒေါသလည်းထွက်ရသလို တစ်ဖက်လူအတွက်စိတ်မကောင်းလည်းဖြစ်ရသည်။

ယဲ့ချိုးပိုင်က ဟုန်ရင့်ကိုကြည့်၍ အသံခပ်နိမ့်နိမ့်ဖြင့်ပြောလာချေသည်။

“ဆရာတူညီမလေး မင်းဘယ်လိုထင်လဲ”

ဟုန်ရင်က ခေါင်းခါလိုက်၏။

“သူတို့ရည်ရွယ်ချက်ကို ကျွန်မလည်းမသိဘူး။ တတိယဆရာတူမောင်လေးက နေမဝင်အင်ပါယာနဲ့ ဘာရန်ငြိုးမှရှိတာမဟုတ်ဘူးလေ”

“ပြီးတော့လည်း ရန်ငြိုးရှိတယ်ဆိုရင်တောင် ဒီလိုတွေလုပ်နေမဲ့အစား နေရာမှာတင်ချက်ချင်းသတ်လိုက်သင့်တာပေါ့”

“သူတို့တစ်ခုခုကြံစည်နေတာသေချာတယ်”

သို့သော် သူတို့ကဘာမှမပြောလာချေ။

ယဲ့ချိုးပိုင်က ပခုံးတွန့်လျက်ပြုံးပြလိုက်သည်။

“ရန်ငြိုးရှိတာပဲဖြစ်ဖြစ် အကြံအစည်တစ်ခုခုရှိတာပဲဖြစ်ဖြစ် ငါတို့ရှေ့မှာနည်းလမ်းတစ်ခုပဲရှိတယ်”

ထိုစကားကိုကြားသော် ဟုန်ရင်ကပြုံးလိုက်မိသည်။

“သူတို့က စံအိမ်တော်ကိုအနိုင်ကျင့်ရဲမှတော့ တန်ရာတန်ကြေးလည်းပြန်ပေးဆပ်ရမှာသဘာဝပဲ”

သူတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ပြုံးလိုက်ကြသည်။ သူတို့၏စကားများကိုကြားလိုက်ရသောလူအပေါင်းမှာ အံ့သြမှင်တက်ကုန်ကြလေသည်။

“မင်းတို့ဘာလုပ်မလို့လဲ”

သူဘယ်လိုလုပ်ရမှာလဲ..။

ယဲ့ချိုးပိုင်က ရယ်မောလိုက်ပြီး မှော်နက်မိစ္ဆာဓားကိုဆွဲထုတ်လိုက်လေရာ ဓားဆန္ဒတန်းကြီးများက ကောင်းကင်ထက်သို့ ဆန်တက်သွားလေသည်။ ထိုဓားဆန္ဒများက ယဲ့ချိုးပိုင်၏ပတ်ပတ်လည်၌ ဝန်းပတ်ထားလေရာ ထိုအခိုက်အတန့်လေးတွင် သူဟာ ဓားသိုင်းဘုရင်ကြီးတစ်ပါးအလားပင်။

ဓားသိုင်းဘိုးဘေးအဆင့်ကိုဝင်ရောက်ရန်လက်တစ်ကမ်းသာလိုတော့သည့်သူ့ကြောင့် ဤနေရာရှိဓားသိုင်းကျင့်ကြံသူအားလုံး ထိတ်လန့်သွားကြကုန်သည်။ ယဲ့ချိုးပိုင်တစ်ယောက် ဓားသိုင်းဘိုးဘေးအဆင့်ကိုရောက်ရန် သိပ်မလိုတော့ပေ။ ဤမျှငယ်ငယ်ရွယ်ရွယ်လေးဖြင့် ဓားသိုင်းဘိုးဘေးအဆင့်ကို တက်လှမ်းနိုင်ခဲ့လေရဲ့။

ထိုအဖြစ်က အားလုံးကိုထိတ်လန့်သွားစေခဲ့သည်။

ဤသည်မှာ မကြုံစဖူးအကြုံထူးသောအရာဖြစ်၏။ အနာဂတ်မှာ ယခုလိုမျိုးမြင်နိုင်ဖို့ရာပင် မလွယ်တော့ချေ။

ယဲ့ချိုးပိုင်က အကျယ်ကြီးအော်ရယ်၍ပြောလာ၏။

“ငါ နေမဝင်အင်ပါယာကိုသွားမှဖြစ်မယ်”

ဟုန်ရင်ကလည်း တခစ်ခစ်ရယ်၍ လူဝင်စားရေးလှံတံကိုထုတ်ယူလိုက်သည်။ သူ့တို့နှစ်ယောက် အမြင်ချင်းတိုက်ဆိုင်နေသည်မှာသိသာလှသည်။

တင်းယွင်ဟယ်ကမျက်မှောင်ကြုတ်၍ ပြောလာချေသည်။

“ဒါပေမဲ့ တစ်ဖက်မှာ အာကာသနတ်ဘုရားအဆင့်ပညာရှင်သုံးယောက်ရှိတယ်နော်။ ငါတို့ဘက်မှာ ခေါင်းဆောင်ယန်နဲ့ဂိုဏ်းခေါင်းဆောင်လင်းတို့ပဲရှိတာ”

ဟုန်ရင်က ခေါင်းကိုခါယမ်း၍ပြုံးလိုက်လေသည်။

“စိတ်မပူနဲ့”

တတိယဆရာတူမောင်လေး အဖမ်းခံလိုက်ရပြီဆိုကတည်းက ဆရာ့ကိုဆက်သွယ်ရန်အတွက် ကျောက်စိမ်းဆွဲပြားလေးကိုသေချာပေါက်သုံးလိုက်လိမ့်မည်။ သူ့ဆရာရှိသရွေ့တော့ အာကာသနတ်ဘုရားအဆင့်ပညာရှင်များပင် သူ့ကိုတားနိုင်တော့မည်မဟုတ်။

ယဲ့ချိုးပိုင်လည်း မရယ်ဘဲမနေနိုင်တော့ပေ။

“ကျွန်တော်တို့က အဲ့ဒီကိုပွဲသွားကြည့်ရုံတင်ပါ”

သူ့ဆရာဘက်က လှုပ်ရှားမှုပြုလာဖို့ဆိုသည်မှာ ရှားလှ၏။ သူ့ဆရာတိုက်ခိုက်နေသည်ကို အနီးကပ်မြင်နိုင်တော့မှာဖြစ်သည့်အတွက် သူ အလွန်ဝမ်းသာနေချေသည်။

ဤသို့ဖြင့် သူတို့နှစ်ယောက်သားလည်း နေမဝင်အင်ပါယာသို့ ထွက်ခွါလာခဲ့လိုက်သည်။

လင်းရူဖုန်းက အနည်းငယ်မျက်မှောင်ကြုတ်လျက် ပြောလာလေသည်။

“လူအိုကြီးယန်.. သူတို့နောက်ကလိုက်သွားရအောင်”

ခေါင်းဆောင်ယန်က အပြုံးလေးဖြင့်စကားဆိုလာ၏။

“မလိုပါဘူး”

“မလိုဘူးတဲ့လား။ သူတို့မှာ ဝှက်ဖဲတစ်ခုခုရှိနေလို့လား”

ယွင်ကင်းက ရှေ့ကိုလျှောက်လာပြီး အပြုံးလေးဖြင့်ပြောလိုက်သည်။

“သူတို့နောက်ကပုဂ္ဂိုလ်ပေါ်လာရင် ငါတို့ နင်းချန်ရှင်းအတွက်စိတ်ပူစရာမလိုတော့ဘူး။ အဲ့ဒီအစား နေမဝင်အင်ပါယာဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကိုပဲ စိတ်ပူသင့်တာ”

ထိုစကားကိုကြားသော် လင်းရူဖုန်းလည်းစိတ်သက်သာရာရသွားသည်။

မြေလွှာကျွံချိုင့်ဝှမ်းကိုဖြတ်ကျော်ပြီးလျှင် နေမဝင်အင်ပါယာ၏အင်ပါယာနန်းတော်ဆီသို့ရောက်ရန် သိပ်မဝေးလှပေ။

နှစ်နာရီမျှဖြင့် ယဲ့ချိုးပိုင်နှင့်ဟုန်ရင်တို့ရောက်ချလာကြသည်။

လမ်းတစ်လျှောက်တွင်လည်း သူတို့နှစ်ယောက်က ရန်သူများကို မြန်နိုင်သမျှမြန်မြန်သတ်ဖြတ်သုတ်သင်ခဲ့ကြသည်။ အင်ပါယာနန်းတော်ကိုမူ တင်းတင်းကျပ်ကျပ်စောင့်ကြပ်နေကြလေသည်။

ဟုန်ရင်ကပြုံးလိုက်၏။

“ကျွန်မတို့ဘယ်လိုဝင်ကြမလဲ”

ယဲ့ချိုးပိုင်က ပခုံးတွန့်ပြလိုက်သည်။

“ငါတို့ လမ်းတစ်လျှောက်လုံးသိသိသာသာလှုပ်ရှားခဲ့ကြတာဆိုတော့ သူတို့လည်း သိပြီးလောက်ရောပေါ့။ ဒီတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲဝင်ရမှာပေါ့”

ဟုန်ရင်က ခေါင်းညိတ်ပြလေသည်။

သူ(မ)လိုချင်တာလည်း ဒါပဲလေ…

သူတို့နှစ်ယောက်သား အင်ပါယာနန်းတော်၏ဝင်ပေါက်ဆီကို လျှောက်လာခဲ့လိုက်ကြသည်။ အင်ပါယာအစောင့်များကလည်း သူတို့နှစ်ယောက်ကို သတိပြုမိပြီးဖြစ်၏။ သို့သော် သူတို့ကိုမတားချေ။

ထိုအစား သူကမေးလိုက်၏။

“မင်းတို့က နင်းချန်ရှင်းနဲ့တစ်ဂိုဏ်းတည်းပဲလား”

ယဲ့ချိုးပိုင်နှင့်ဟုန်ရင်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြသည်။ ထို့နောက် ခေါင်းညိတ်ပြလျက်ပြောလိုက်သည်။

“ဟုတ်တယ်ဆိုရင်ရော”

အင်ပါယာအစောင့်များက ထိုစကားကိုကြားသောအခါ သူတို့အတွက်လမ်းဖယ်ပေးပြီး မြို့တော်ဂိတ်တံခါးကိုဖွင့်ပေးလိုက်သည်။

“ဧကရာဇ်က မင်းတို့ကိုစောင့်နေတာတော်တော်ကြာပြီ။ ကျေးဇူးပြုပြီးဝင်သွားလိုက်ပါ”

ထိုစကားကိုကြားသော် သူတို့နှစ်ယောက်စလုံး မျက်မှောင်ကြုတ်လိုက်မိကြသည်။ တစ်ဖက်လူ၏တုံ့ပြန်မှုမှာ အနည်းငယ်မူမမှန်ဖြစ်နေလေသည်။

သို့သော် သူတို့ ဤနေရာအထိရောက်လာခဲ့ပြီးဖြစ်၏။ များများစားစားတွေးနေဖို့မလိုချေ။ သူတို့လည်း အစောင့်တစ်ယောက်နောက်ကလိုက်၍ နန်းတော်ထဲသို့ဝင်သွားလိုက်သည်။

လမ်းတစ်လျှောက်တွင် သူတို့ ပတ်ပတ်လည်ရှိအလောင်းကောင်အရှိန်အဝါအပြည့်ကို ခံစားမိသည်။ အလောင်းကောင်ချီစွမ်းအင်မှာ လူတိုင်း၏ခန္ဓာကိုယ်ထက်၌ စီးဆင်းနေပေသည်။

ထိုမြင်ကွင်းကြောင့် ဟုန်ရင်၏အမူအရာမှာ ပျက်ယွင်းသွားရလေသည်။

ယင်ဓာတ်အလောင်းကောင်အဘိုးကြီးက နေမဝင်အင်ပါယာကို အလွတ်ပေးဖို့စိတ်ကူးမရှိတဲ့ပုံပဲ…

သူက အင်ပါယာမြို့တော်ရှိလူတိုင်းကို ဖုတ်ကောင်အဖြစ် အသွင်ပြောင်းပစ်ချင်နေပေသည်။ ထိုအချိန်ကျလျှင် ပြည်မကြီးတစ်ခုလုံး ကစဉ့်ကလျားဖြစ်ရပေလိမ့်မည်။

ထိုအဖြစ်က နောင်မှာ ကောင်းကင်ဘုံလမ်းမကိုတိုက်ခိုက်ရန်ပြင်ဆင်နေသောသူ့အစီအစဉ်များကိုလည်း ထိခိုက်စေနိုင်သည်။

ယင်ဓာတ်အလောင်းကောင်အဘိုးကြီးကို တတ်နိုင်သမျှမြန်မြန်သတ်ပစ်ရမည်ဖြစ်၏။ ထိုသို့တွေးရင်း သူ ဆက်လျှောက်လာလိုက်သည်။

မကြာမီ သူတို့ ချန်းယွမ်အဆင့်ပညာရှင်များရပ်နေကြသော နန်းတော်ရှေ့သို့ရောက်လာခဲ့သည်။ အထဲမှ အားမာန်အပြည့်နှင့်အသံတစ်သံ ထွက်ပေါ်လာလေသည်။

“ဝင်လာခဲ့”

အင်ပါယာအစောင့်င ဘေးဘက်တွင်ရပ်နေပေသည်။

ယဲ့ချိုးပိုင်နှင့်ဟုန်ရင်တို့လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြသည်။ သူတို့၏မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုအလျဉ်းမရှိ။ နန်းတော်ထဲသို့တည်ငြိမ်စွာဝင်သွားလိုက်သည်။

သို့သော် အခြေအနေကား သူတို့ထင်ထားတာနှင့် တက်တက်စင်အောင်လွဲလေသည်။

နင်းချန်ရှင်းက စားပွဲရှည်တစ်ခုမှာထိုင်နေ၏။ စားပွဲပေါ်တွင် စားကောင်းသောက်ဖွယ်မျိုးစုံနှင့် လက်ဖက်ရည်အိုးတစ်လုံးလည်း ရှိနေလေ၏။

သို့သော်ငြား မည်သူမှမလှုပ်ရှားကြပေ။

နင်းချန်ရှင်းကမူ ခေါင်းကိုငုံ့၍စာဖတ်နေသည်။ သူက တစ်ချိန်လုံး တစ်ခုခုကိုလည်းရွတ်နေသေးသည်။

ဟုန်ရင်နှင့်ယဲ့ချိုးပိုင်တို့ရောက်လာသည်ကိုမြင်သောအခါ သူကခေါင်းမော့၍ပြုံးလိုက်လေသည်။

“ဆရာတူအစ်ကိုနဲ့ဆရာတူအစ်မတို့ကိုပြဿနာပေးမိပြီ”

ယဲ့ချိုးပိုင်ကပြုံးလိုက်သည်။

“ငါတို့ကမိသားစုတွေပဲလေ။ ဘာလို့အဲ့လိုစကားမျိုးပြောရတာလဲ”

ထို့နောက် ယဲ့ချိုးပိုင်က ပတ်ပတ်လည်ကိုကြည့်လိုက်လေသည်။

ဗုဒ္ဓအကြီးအကဲနှစ်ယောက်က ဘေးဘက်တွင် မျက်လုံးမှိတ်လျက်မတ်တတ်ရပ်နေချေသည်။ ဟွမ်းယီထုံက ဘုရင့်ပလ္လင်ထက်တွင်ထိုင်နေပေသည်။

ယဲ့ချိုးပိုင်အနည်းငယ်မှင်တက်သွားရ၏။ ထို့နောက် ဧကရာဇ်အဆင့်ပလ္လင်ပေါ်သို့ လှမ်းကြည့်လိုက်သည်။

ထိုပလ္လင်ပေါ်တွင်ကား ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားတစ်ယောက်ထိုင်နေပေသည်။ ထိုလူ၏မျက်နှာထက်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ပွင့်ဆင်မြန်းထားပြီး ယဲ့ချိုးပိုင်ကို အသေးစိတ်အကဲခတ်နေချေသည်။

ဘာတွေဖြစ်နေတာလဲ။ ဟွမ်းယီထုံက ဧကရာဇ်မဟုတ်ဘူးလား။ အဲ့ဒီလူက ဘာလို့ပလ္လင်ပေါ်ထိုင်နေတာလဲ။ ခေါက်ယပ်တောင်နဲ့ဒီလူက ဘယ်သူလဲ။

ထို့နောက် သူ့အကြည့်ကို ညာဘက်သို့ပို့လိုက်လေရာ အဝါရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့်အမျိုးသားတစ်ယောက်က တင်ပျဉ်ခွေထိုင်နေကြောင်း မြင်လိုက်ရသည်။ သူ့ကို အနက်ရောင်အခိုးအငွေ့များက ဝန်းရံထားသည်။

ထိုအရှိန်အဝါကို ယဲ့ချိုးပိုင်မရင်းနှီးသလိုခံစားရသည်။ သို့သော် သူ့ပုံစံအရဆိုလျှင်…

ယဲ့ချိုးပိုင် သူ့ကိုလုံးဝမေ့မည်မဟုတ်။ ထိုလူမှာ ဟွမ်းထျန်းမင်ဖြစ်၏။ သွေးကြွေးဆပ်ရန်ရှိသောလူပင်။

ဟွမ်းထျန်းမင်က ယဲ့ချိုးပိုင်ကိုလှမ်းမြင်လိုက်ရသည့်အခါ ရက်စက်ယုတ်မာသည့်အပြုံးမျိုးပြုံးလိုက်လေသည်။

ဟုန်ရင်ကလည်း ဟွမ်းထျန်းမင်ကိုကြည့်လိုက်သည်။ သူ့အရှိန်အဝါကို သူ(မ)ရင်းနှီးနေ၏။

ဤအလောင်းကောင်ချီစွမ်းအင်….

ထိုလူမှာ ယင်ဓာတ်အလောင်းကောင်အဘိုးကြီးပင်တည်း။

ဟုန်ရင်က အသံပို့လွှတ်မှုတစ်ခုလုပ်လိုက်လေသည်။

“ဒီမင်းသားရဲ့ခန္ဓာကိုယ်က အပိုင်စီးခံလိုက်ရပြီ”

ယဲ့ချိုးပိုင်ကလည်း ခေါင်းညိတ်ပြသည်။

သူ့အရှိန်အဝါအလွန်အမင်းအားကောင်းလာသည်မှာ မထူးဆန်းတော့ပေ။ ဟွမ်းထျန်းမင်၏ခွန်အားမှာ ဆေးဝါးအကူအညီယူထားရခြင်းဖြစ်၏။ ယခုမူ ၎င်းမှာ ခိုင်မာတောင့်တင်းလာပြီး သူ့အဆင့်ကလည်း မိုးထိတိုင်မြင့်တက်သွားချေသည်။ ဤသည်မှာ မူမမှန်လှချေ။

Comment

Leave a Reply

Options

not work with dark mode
Reset