Switch Mode

အခန်း (၁၈၅)

အင်ပါယာနန်းတော်ထဲသို့ ဧည့်သည်တော်အဖြစ်ဝင်ရောက်ခြင်း

သွားချွန်ချွန်နှင့်ကြွက်ဖြူကြီးဟာ မြောက်ပိုင်းရေခဲပြင်၏အနက်ရှိုင်းဆုံးနေရာမှလာသောမှော်ဝင်သားရဲကြီးပင်။

၎င်းမှာ အာကာသနတ်ဘုရားအဆင့်ဖြစ်တည်မှုတစ်ခုဖြစ်၏။

ချွန်မြမြသွားများမှာ ထိုကြွက်ကြီး၏အသန်မာဆုံးလက်နက်ဖြစ်ပြီး အလွန်အမင်းထက်ရှကာ မာကြောလှသည်။

အာကာသနတ်ဘုရားအဆင့်ပညာရှင်တစ်ယောက်ပင် ထိုကြွက်ကြီးနှင့်ထိပ်တိုက်ရင်မဆိုင်ရဲပေ။

လက်ရှိတွင် မဟူရာ၏အရှိန်အဝါမှာ အလွန်အားနည်းဖျော့တော့နေချေသည်။ မြောက်ပိုင်းရေခဲပြင်ထဲတွင် အအေးဒဏ်ကိုအချိန်အတော်ကြာအောင်တောင့်ခံထားရပြီး မှော်ဝင်သားရဲများနှင့်လည်း တရစပ်တိုက်ခိုက်ထားရသောကြောင့် သူ့သက်လုံကားကုန်ခမ်းနေလေပြီ။

ယခု သွားချွန်ချွန်ကြွက်ဖြူကြီး၏တိုက်ခိုက်မှုကို မြင်နေရသည့်တိုင် လေထဲလွင့်နေသောသူကတော့ အချိန်မီတန်ပြန်မတိုက်ခိုက်နိုင်ပေ။

သွားချွန်ချွန်ကြွက်ဖြူကြီး၏သွေးစွန်းနေသောပါးစပ်ကြီးက နီးကပ်စပြုလာပြီး မဟူရာ့ကိုအပိုင်းပိုင်းကိုက်ဖြတ်ပစ်တော့မည့်ဆဲဆဲ…

ဝတ်ရုံဖြူဝတ်ဆင်ထားသောပုံရိပ်ယောင်တစ်ခုက ကြွက်ဖြူကြီးရှေ့တွင် ရုတ်ခြည်းပေါ်ပေါက်လာသည်။

သူက သွားချွန်ချွန်ကြွက်ကြီး၏မျက်လုံးနှစ်ဖက်ကြားကို လက်ညှိုးညွှန်လိုက်သည်။ လျှပ်တပြက်ပင် ဝတ်ရုံဖြူဝတ်ဆင်ထားသူ၏လက်ချောင်းထိပ်မှ ဓားသွားချီစွမ်းအင်တစ်ခု ဖြာထွက်လာသည်။

ထိုဓားသွားချီစွမ်းအင်က ကြွက်ကြီး၏နဖူးကိုထိုးဖောက်ပစ်လိုက်ချေသည်။ သွေးစွန်းနေသောအပေါက်ကြီးတစ်ခုပေါ်လာပြီး ထိုနေရာမှတစ်ဆင့် ကြွက်ကြီး၏ခန္ဓာကိုယ်တစ်ခုလုံးကိုပါထိုးခွင်းသွားလေတော့သည်။

ထိုကြွက်ကြီးခမျာ သူ့ပါးစပ်ကိုပင်မပိတ်လိုက်နိုင်ပေ။ ခန္ဓာကိုယ်မှာတောင့်ခဲသွားပြီး မျက်လုံးများကလည်း အသက်မဲ့သွား လေထဲကပြုတ်ကျသွားချေသည်။ အသက်ဓာတ်ကား လုံးဝမရှိတော့ချေ။

အာကာသနတ်ဘုရားအဆင့်မှော်ဝင်သားရဲတစ်ကောင်မှာ လက်ညှိုးတစ်ညွှန်စာမျှဖြင့် တစ်ချက်တည်းပွဲသိမ်းခံလိုက်ရသည်။

ထိုအချိန်မှာပင် မဟူရာလည်းအိပ်မောကျသွားပေသည်။ သူ့ခန္ဓာကိုယ်က ရေခဲပြင်ပေါ်ကို ပြုတ်ကျတော့မည့်အချိန်၌ အဆုံးမဲ့အသက်ဓာတ်စိတ်စွမ်းအင်ကို သယ်ဆောင်ထားသော အစိမ်းရောင်အလင်းတန်းတစ်ခုက မဟူရာကိုထွေးပွေ့ထားလိုက်သည်။

၎င်းမှာ မဟူရာ၏ခန္ဓာကိုယ်ကိုအားဖြည့်ပေးနေခြင်းပင်။

ကိစ္စအလုံးစုံဆောင်ရွက်ပေးပြီးနောက် ဝတ်ရုံဖြူဝတ်ဆင်ထားသောပုံရိပ်ယောင်က ဒေါသတကြီးရေရွတ်လိုက်လေသည်။

“ငါ့ကိုစိတ်ပူအောင်လုပ်နိုင်တာတခြားဘယ်သူမှမရှိဘူး”

မိုးပြာရောင်မြို့တော်တွင်မူ…

နင်းချန်ရှင်းနှင့်ကျန်သုံးယောက်မှာ လေထဲတွင်ဝဲနေသည့် အစွမ်းထက်အရှိန်အဝါများသယ်ဆောင်ထားပါသော ပုံရိပ်အနည်းငယ်ကိုကြည့်လိုက်ကြသည်။

သူတို့ထောင်ချောက်မိလိုက်ပြီဆိုတာကို သိလိုက်ရသည်နှင့် မျက်နှာမသာမယာဖြစ်သွားကြလေတော့သည်။

တစ်ဖက်လူဟာ သူတို့ကိုမျှားခေါ်ရန်အတွက် ဤကိစ္စများလုပ်ခဲ့ခြင်းဖြစ်၏။

မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်လည်း မျက်မှောင်ကြုတ်လျက်ပြောလိုက်လေသည်။

“ဒါပေမဲ့ သူတို့ရဲ့ပစ်မှတ်ကဘယ်သူလဲ။ သူတို့က ငါတို့ကိုမျှားခေါ်ပြီး တစ်ယောက်ပြီးတစ်ယောက်သတ်ချင်လို့များလား”

လျန်ဖန်းက ခေါင်းခါပြလိုက်သည်။

“မဟုတ်ဘူး။ ငါတို့ကိုအင်အားလျော့အောင်လုပ်ချင်တာဆိုရင် ဒီလိုလုပ်ဖို့မှမလုပ်တာ”

“ဗုဒ္ဓဂိုဏ်းတော်ဆီကအကူအညီနဲ့ဆိုရင် တစ်ဖက်ရန်သူရဲ့အင်အားက ကျွန်တော်တို့ထက်အများကြီးသာသွားပြီလေ”

“ဒီလောက်ဒုက္ခရှာနေစရာမလိုပါဘူး”

ကျန်းချောင်မြန် မျက်မှောင်ကြုတ်လိုက်မိသည်။

“ဒါပေမဲ့ ဒီလိုလုပ်ရပ်မျိုးလုပ်ပြီးမျှားခေါ်တာဘယ်သူ့ကိုများလဲ”

နေမဝင်အင်ပါယာ၏ပစ်မှတ်က သူကိုယ်တိုင်ဖြစ်နေကြောင်း နင်းချန်ရှင်းသိလိုက်ရသည်။ အကြောင်းမှာ အထွတ်အထိပ်ဆန်သောအရှိန်အဝါများအကြားတွင် ဗုဒ္ဓဂိုဏ်းတော်မှာ အဘိုးကြီးနှစ်ယောက်ကို မြင်လိုက်ရသောကြောင့်ပင်။

သူတို့နှစ်ယောက်လုံးက အာကာသနတ်ဘုရားအဆင့်ပင်။

နင်းချန်ရှင်းအနေနှင့် ဗုဒ္ဓဂိုဏ်းတော်နှင့်ရန်ငြိုးရန်စရှိထားဖူးသည်။ ယခင်က သူဟာ ဗုဒ္ဓဂိုဏ်းတော်ကိုတိုက်ခိုက်ပြီး သူတို့ကိုထိခိုက်မှုကြီးကြီးမားမားဖြစ်ပေါ်စေခဲ့ဖူးသည်။ တစ်ဖက်လူက သူ့အသက်ကိုနှုတ်ပစ်ချင်နေတာ သဘာဝကျလှပေသည်။

မုတ်ဆိတ်ရှည်နှင့်အဘိုးကြီးက လိုက်လျောညီထွေရှိသောအပြုံးတစ်ခုကိုဆင်မြန်း၍ လက်အုပ်ချီလိုက်လေသည်။

“အောမီတောဖော… အကျိုးတော်ဆောင်နင်း ထပ်တွေ့ကြပြန်ပြီနော်”

ထိုစကားများကိုကြားလိုက်ရချိန်မှာ မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းတို့လည်း နားလည်သွားလေတော့သည်။ တစ်ဖက်လူ၏ပစ်မှတ်ကား နင်းချန်ရှင်းပေတည်း။

နင်းချန်ရှင်းလည်း ကျန်သုံးယောက်ကိုပြောလိုက်သည်။

“ခင်ဗျားတို့သွားနှင့်ကြတော့။သူတို့ရဲ့ပစ်မှတ်က ကျွန်တော်ပဲ”

ကျန်းချောင်မြန်က မျက်မှောင်ကြုတ်လိုက်ပြန်၏။

“မင်းကရော”

လျန်ဖန်းက ကျန်းချောင်မြန်ကိုဆွဲထားလိုက်သည်။ ကျန်းချောင်မြန်က တစ်ဖက်ကိုလှည့်လိုက်၏။ လျန်ဖန်းကတော့ ခေါင်းတခါခါဖြင့်ပြောလာလေသည်။

“ငါတို့ဘာသာသူတို့ကိုမတိုက်နိုင်ဘူး။ ဒီမှာနေလည်းအလကားပဲ”

မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်ကတော့ ခေါင်းညိတ်ပြပြီးပြောလာလေသည်။

“အခုလောလောဆယ်တော့ ငါတို့တွေပြန်သတင်းပို့ပြီးစစ်ကူသွားခေါ်ရမယ်။ အဲ့လိုမှ နင်းချန်ရှင်းကိုကယ်နိုင်မှာ”

ထိုစကားအဆုံးမှာ သူတို့သုံးယောက်လည်း ဤနေရာကမြန်မြန်ထွက်ခွါသွားကုလေတော့သည်။

အကြီးအကဲနှစ်ယောက်ကလည်း လျန်ဖန်းတို့သုံးယောက်ကိုမတားပေ။ နင်းချန်ရှင်း၏နောက်ကွယ်ရှိပုဂ္ဂိုလ်၏အာရုံကိုဆွဲဆောင်နိုင်ဖို့အတွက် သတင်းပေးတစ်ယောက်ယောက်တော့ရှိမှဖြစ်ပေလိမ့်မည်။

နင်းချန်ရှင်းလည်း လေထဲရှိလူခြောက်ယောက်ကို သာမန်ကာလျှံကာကြည့်လိုက်မိသည်။

ဗုဒ္ဓဂိုဏ်းတော်မှ အာကာသနတ်ဘုရားအဆင့်ပညာရှင်နှစ်ဦးက ရှေ့မှာဦးဆောင်၍ ကျန်လေးယောက်ကား အာကာသနတ်ဘုရားအဆင့်ရောက်လုဆဲဆဲနှင့် ချန်းယွမ်အထွတ်အထိပ်အဆင့်တို့ဖြစ်ကြ၏။

သူ မရယ်ဘဲမနေနိုင်ပေ။

“သူတို့က လူတွေအများကြီးလွှတ်လိုက်တာပဲ။ ငါ့ကိုသိပ်အထင်ကြီးနေကြတာကိုး”

ထိုထေ့လုံးငေါ့လုံးများကိုကြားသောအခါ မုတ်ဆိတ်ရှည်နှင့်အဘိုးကြီးကစိတ်မဆိုးပါဘဲ အပြုံးလေးဖြင့်ပြောလာလေသည်။

“အကျိုးတော်ဆောင်နင်းရဲ့ခွန်အားက သိပ်နာမည်ကြီးတာလေ။ သေချာပေါက်လိုတာပေါ့”

နင်းချန်ရှင်က တာအိုသိုင်းကျမ်းကိုလက်ထဲကကိုင်ထားပြီး ပြောလိုက်လေသည်။

“သူတော်ကောင်းယောင်ဆောင်တဲ့စကားတွေကို ထပ်ပြောနေစရာမလိုတော့ဘူး။ စကြရအောင်”

နင်းချန်ရှင်းကား တိုက်ခိုက်ရန်အသင့်ဖြစ်နေလေပြီ။

မုတ်ဆိတ်ရှည်နှင့်အဘိုးကြီးကပြုံးလျက်ပြောလိုက်သည်။

“အောမီတောဖော… အကျိုးတော်ဆောင်နင်းက တစ်ခုခုအထင်လွဲနေပုံပဲ။ ကျုပ် ဒီကိုလာတာ မင်းကိုသတ်ဖို့မဟုတ်ပါဘူး”

“အိုး”

နင်းချန်ရှင်း အနည်းငယ်မှင်တက်သွားရလေသည်။

“ကျုပ်က အကျိုးတော်ဆောင်နင်းကို ဧည့်သည်တော်အဖြစ်ဖိတ်ကြားချင်လို့ပါ”

ဧည့်သည်တော်တဲ့လား။ ဒီလောက်မရိုးရှင်းဘူးမလား…

သို့သော် နင်းချန်ရှင်းအနေနှင့် တစ်ဖက်လူ၏ပေါ်ထွက်လာမှုကို အများကြီးတွေးနေဖို့အချ်ိန်မရပေ။

သူတို့နှစ်ယောက်ပေါ်လာရုံနှင့်တင် နင်းချန်ရှင်းကူကယ်ရာမဲ့နေလေပြီ။ သူ့လက်ရှိခွန်အားကလည်း အာကာသနတ်ဘုရားအဆင့်ပညာရှင်တစ်ယောက်ကို ခုခံနိုင်စွမ်းမရှိသေးပေ။ ထို့ကြောင့် နင်းချန်ရှင်းလည်း တာအိုသိုင်းကျမ်းကိုသိမ်းလိုက်ပြီး ရှေ့ဆက်လျှောက်သွားလိုက်သည်။

“ဒါဆိုလည်း သွားကြတာပေါ့”

မုတ်ဆိတ်ရှည်နှင့်အဘိုးအိုက အပြုံးလေးဖြင့်ပြောလာလေသည်။

“အကျိုးတော်ဆောင်နင်းက သိပ်သတ္တိရှိတာပဲ။ ဒီဘုန်းကြီးအိုကြီးက မင်းကိုလေးစားမိပါတယ်”

နင်းချန်ရှင်း ဘာမှပြန်မပြောမိပေ။ ထိုကဲ့သို့သူတော်ကောင်းယောင်ဆောင်တတ်သောလူမျိုးကို ဘာမှလည်းပြောစရာမရှိချေ။

သူတို့ တိတ်တဆိတ်သာလျှောက်လာလိုက်ကြသည်။

နင်းချန်ရှင်း၊ မုတ်ဆိတ်ရှည်အဘိုးကြီးနှင့် ကျန်လူများမှာ နေမဝင်အင်ပါယာ၏နန်းတော်ဆီသို့ရောက်လာပေသည်။

နန်းတော်ထဲတွင် နေမဝင်အင်ပါယာ၏အရှင်သခင်ယွမ်းယီထုံသာမက အိမ်ရှေ့စံမင်းသားဟွမ်းထျန်းမင်လည်းရှိနေချေသည်။

ဟွမ်းထျန်းမင်က ဤစစ်ပွဲကိုအစပြုသူဖြစ်၏။ နင်းချန်ရှင်းလည်း ဟွမ်းထျန်းမင်ကိုတစ်ချက်လှမ်းကြည့်လိုက်လေရာ သူ သိသိသာသာခံစားမိလိုက်သည်။

ဟွမ်းထျန်းမင်ကို အလောင်းကောင်အရှိန်အဝါဂဲဂယက်ကြီးက လွှမ်းခြုံထားပေသည်။

နင်းချန်ရှင်းက သူ့ကိုကြည့်နေကြောင်းမြင်လိုက်ရသောအခါ ဟွမ်းထျန်းမင်ကလည်း ပြုံးလျက်စကားဆိုလာချေသည်။

“အိုး.. ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူပါလား။ ဒီနေ့ခေတ်မှာ ကွန်ဖြူးရှပ်တာအိုကို ဒီလောက်အတိုင်းအတာအထိရောက်အောင်ကျင့်ကြံဖို့လွယ်တာမဟုတ်ဘူး”

နင်းချန်ရှင်းကလည်း ခွန်းတုံ့ပြန်လိုက်သည်။

“မင်း ကျူးလွန်ခဲ့တဲ့အရာတွေအတွက် ဝဋ်ပြန်လည်လိမ့်မယ်”

ဤလောကကြီးထဲတွင် ကံကံ၏အကျိုးဟူ၍ရှိသည်။

ထိုစကားကိုကြားသော် ဟွမ်းထျန်းမင်က များများစားစားမတွေးမိပေ။

“ဝဋ်လည်မှာတဲ့လား။ အင်အားတောင့်တင်းနေသရွေ့ ဝဋ်လည်မယ်ဆိုတော့ရော ဘာအရေးလဲ”

နင်းချန်ရှင်းက အပြုံးလေးဖြင့် ခေါင်းခါယမ်းလိုက်မိသည်။

ထိုအခြင်းအရာကိုမြင်သော် ဟွမ်းထျန်းမင်ခမျာ အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။

“ဘာလို့လဲ။ မင်းက ဒါကိုသဘောမတူဘူးလား”

“သဘောမတူဘူး”

နင်းချန်ရှင်းက တည်တည်ငြိမ်ငြိမ်ပြုံးပြလိုက်ပြီး ပေါ့ပေါ့ပါးပါးစကားဆိုလိုက်၏။

“မင်းက သိပ်ပြီးခွန်အားမပြည့်ဝသေးတာကြောင့်ဖြစ်ပါလိမ့်မယ်”

“အိုး”

ဟွမ်းထျန်းမင်၏မျက်ဝန်းများ မှောင်မိုက်သွားရသော်လည်း မျက်နှာထက်မှာတော့ အပြုံးတစ်ပွင့်ဆင်မြန်းထားရင်း မတ်တတ်ထရပ်လိုက်သည်။ အလောင်းကောင်ချီစွမ်းအင်လှိုင်းတစ်ခုက နင်းချန်ရှင်းကိုလွှမ်းခြုံပစ်လိုက်လေသည်။

ဤအလောင်းကောင်ချီစွမ်းအင်မှာ နေမဝင်အင်ပါယာစစ်တပ်ကြီးဆီမှမြင်ခဲ့ရသည့်အရာများထက် ပိုမိုသိပ်သည်းလေ၏။

နင်းချန်ရှင်းကလည်း တာအိုသိုင်းကျမ်းကိုထုတ်ယူလိုက်သည်။ ကွန်ဖြူးရှပ်တာအိုချီစွမ်းအင်တန်းများက သူ့ပတ်ပတ်လည်တွင် လှည့်ပတ်နေလေတော့သည်။ သူသည် ထိုအလောင်းကောင်ချီစွမ်းအင်ကိုခုခံလိုက်ခြင်းပင်တည်း။

နင်းချန်ရှင်းက အပြုံးလေးဖြင့်ပြောလာသည်။

“ငါကအမှန်အတိုင်းပြောနေရုံပါ”

သူ့နှလုံးသားထဲမှာတော့ သူမြင်ဖူးသမျှလူများထဲတွင် သူ့ဆရာကအသန်မာဆုံးဖြစ်၏။

သူ့ဆရာ၏အဆင့်ကို ထိုးဖောက်မမြင်နိုင်သလို သူ့ဆရာကိုယ်တိုင်ကလည်း တိုက်ခိုက်မှုပြုတာရှားလွန်းလှသည်။ သို့သော် သူတိုက်ခိုက်လိုက်သည့်အချိန်တိုင်းမှာတော့ ရန်သူကိုအမြဲအနိုင်ရသည်သာ။

ဥပမာအားဖြင့် ဗုဒ္ဓတောင်တန်းပေါ်တုန်းကမြင်ကွင်းကသက်သေပင်။ ထိုမြင်ကွင်းကို သူ နက်နက်နဲနဲမှတ်မိနေတုန်းသာဖြစ်၏။

ဟွမ်းထျန်းမင်ကတော့ မျက်နှာပျက်သွားလေသည်။

သူ ဘယ်တုန်းကများ ယခုလိုအထင်သေးခံခဲ့ရဖူးလို့လဲ။ ရှေးခေတ်မှာတုန်းကတောင် သူ့နာမည်ကြားသည်နှင့် ကြောက်ဒူးမတုန်သောသူ ဘယ်သူရှိလေသလဲ။

သို့သော် ယခုတော့ဖြင့် ဂျူနီယာတစ်ယောက်က သူ့ကိုအထင်သေးကဲ့ရဲ့လာသတဲ့လား။

သူတိုက်ခိုက်တော့မည့်ဆဲဆဲမှာပင် ယပ်တောင်ကိုင်ထားသောလူက သူ့ကိုတားလိုက်၏။

“မင်း ဧည့်သည်ကိုဘယ်လိုဆက်ဆံလိုက်တာလဲ”

“သူကအသုံးဝင်နေတုန်းပဲ”

Comment

Leave a Reply

Options

not work with dark mode
Reset