ထိုအချိန်တွင် ပုံရိပ်ယောင်တစ်ခုက မြောက်ပိုင်းအစွန်အဖျားသို့ ရောက်ချလာသည်။
ဤနေရာတွင် အပူချိန်နိမ့်လွန်းပြီး အလွန်အမင်းအေးစက်လှသည်။ အာကာသနတ်ဘုရားအဆင့်ပညာရှင်များပင် ဤနေရာတွင် အကြာကြီးလှုပ်ရှားသွားလာရန်ခက်ခဲလှသည်။
သို့သော် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသောပုံရိပ်ယောင်ကတော့ သာမန်မြေပြန့်ပေါ်တွင်လမ်းလျှောက်နေသလို သွားလာနေသည်။
ဤနေရာရှိအပူချိန်မှာ မြောက်ပိုင်းအစွန်ပိုင်းရှိရေခဲပြင်ထက် ပိုနိမ့်သော်လည်း ဝိညာဉ်ရေးရာချီစွမ်းအင်ကတော့ အင်မတန်ပေါများလှသည်။ ဤနေရာရှိဝိညာဉ်ရေးရာချီစွမ်းအင်မှာ ရုပ်လုံးပင်ပေါ်နေပြီး အလွန်စေးပျစ်၏။
၎င်းမှာ သာမန်မျက်စိဖြင့်ပင်အတိုင်းသားမြင်နေရသော ဝိညာဉ်ရေးရာချီစွမ်းအင်အပျစ်အခဲကြီးအဖြစ် ပုံပေါ်နေပေသည်။ ထို့ပြင် ဤနေရာက မြောက်ပိုင်းနယ်မြေ၏အနက်ရှိုင်းဆုံးနေရာဖြစ်၏။ မည်သူမှ ဤနေရာကိုလာကြမည်မဟုတ်။
အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားသော အမျိုးသားကတော့ အရှိန်အဝါတစ်ခု၏ဆွဲဆောင်ညှို့ငင်မှုကြောင့် ရောက်ချလာပေသည်။ ထိုအရှိန်အဝါက သူ့ကိုဆွဲခေါ်နေဟန်တူပြီး ဤနေရာကိုခေါ်ဆောင်လာချေသည်။ ထိုလူမှာ လုချန်ရှန်းပင်တည်း။
“သောက်ကျိုးနည်း…ငါ့ကိုဒီနေရာရောက်လာအောင် ဘယ်ဟာကများဆွဲခေါ်လိုက်တာလဲ”
လုချန်ရှန်းတစ်ယောက် ရှေ့ကိုဆက်လျှောက်သွားရင် ဆဲရေးနေပေသည်။
အစကမူ ထိုအရှိန်အဝါ၏ဆွဲဆောင်မှုကိုခံလိုက်ရပြီး ဤနေရာသို့လိုက်လာရန်ငြင်းဆန်ခဲ့သေးသည်။ လုချန်ရှန်းအနေနှင့် လောကီကိစ္စများတွင် အများကြီးဝင်မပါလိုပေ။ ယဲ့ချိုးပိုင်၏ကိစ္စနှင့်တင် သူ့အဖို့လုံလောက်နေပြီဖြစ်၏။
သို့သော် စနစ်က ဤနေရာတွင် သူ့အတွက်အလွန်အသုံးဝင်သောအရာတစ်ခုရှိသည်ဟု ဆိုလာ၏။
ကောင်းပြီလေ…
စနစ်က ဒီလိုပြောနေမှတော့ လုချန်ရှန်းကဘာလုပ်နိုင်မှာတဲ့လဲ…
သူ့အနေနှင့် ငြိမ်းချမ်းသောဘဝမျိုးမှာ နေထိုင်လိုသည့်အတွက် မတတ်သာဘဲ ဤနေရာကိုလိုက်လာခဲ့လိုက်ရသည်။ သူ စနစ်ကိုလိုအပ်သည်မဟုတ်ပါလား။
လုချန်ရှန်း ရှေ့ကိုဆက်လျှောက်လာလိုက်သည်။ ပတ်ပတ်လည်၌ ရေခဲစိုင်များဖြင့် ပြည့်နှက်နေချေသည်။
ဤနေရာကိုမတော်တဆရောက်လာမိကြသော မှော်ဝင်သားရဲများ အေးခဲသွားကြသည်ကို သူမြင်လိုက်ရသည်။
ဤသည်မှာ အလွန်သဘာဝကျပေသည်။
အာကာသနတ်ဘုရားအဆင့်ပညာရှင်များပင် ဤနေရာ၌ ခပ်ကြာကြာမနေနိုင်ပေ။ အထဲကိုပိုဝင်သွားလေလေ သူပိုစိတ်လှုပ်ရှားလာရလေလေပင်။
အပူချိန်ကလည်း ကျဆင်းသည်ထက်ကျဆင်းလာပြီး ဝိညာဉ်ရေးရာချီစွမ်းအင်ကလည်း ပိုမိုထူထပ်လာသည်။
အဆုံးမှာတော့ လမ်းဆုံးကိုရောက်လာခဲ့သည်။
ရောင်ခြည်စက်ဝန်းတစ်ခု လုချန်ရှန်းပေါ်သို့ဖြာကျလာသည်။ သူလည်း တုံ့ခနဲရပ်တန့်လိုက်သည်။ သူ့ကိုလမ်းပြခေါ်ဆောင်လာသောအလင်းတန်းဟာ ဤအလင်းစက်လုံးထဲက ဖြာထွက်လာခြင်းပင်။ ရောင်ခြည်စက်ဝန်းထဲ၌ နှလုံးသားတစ်ခုရှိနေကြောင်း ရှင်းရှင်းလင်းလင်းမြင်နေရသည်။
သွေးနီရောင်နှလုံးသားတစ်ခုပင်။ ထိုနှလုံးကခုန်လှုပ်နေဆဲပင်။
ဘန်း.. ဘန်း…
အသံကား တိုးတိမ်လှသော်ငြား နားစည်ကိုပင်ထိုးဖောက်ဝင်ရောက်လာဟန်တူပြီး သူ့ခန္ဓာကိုယ်ထဲရှိနှလုံးခုန်သံကိုပါ သက်ရောက်မှုဖြစ်ပေါ်စေသည်။
“သောက်ကျိုးနည်း”
လုချန်ရှန်း စိတ်ရှုပ်သွားရချေသည်။
ထိုအချိန်မှာ ရောင်ခြည်စက်ဝန်းထဲမှ အသံတစ်သံထွက်ပေါ်လာသည်။
“နောက်ဆုံးတော့ မင်းရောက်လာပြီကိုး”
လုချန်ရှန်း ဆွံ့အသွားရသည်။ ထိုအသံကိုကြားသော် သူလှည့်ပြန်ချင်စိတ်ပေါက်သွားရတော့သည်။
ဒီအသံကိုကြားရတာ ဘာလို့ရင်းနှီးနေသလိုခံစားနေရတာလဲ။ ပုံမှန်ဆိုရင် ဒီလိုစကားမျိုးထွက်လာတဲ့အခါ ကောင်းတာတစ်ခုမှဖြစ်မလာတတ်ဘူး။ ပြဿနာတွေတစ်သီကြီးတက်တော့မှာ…
ထိုအသံက ထပ်ပြောလာပြန်၏။
“ငါကဘယ်သူလဲဆိုတာရယ် ငါမင်းကိုဘာလို့ခေါ်တာလဲဆိုတာရယ်ကို မင်းသိချင်နေမှာသေချာတယ်”
“ဒါဆိုလည်း ဘာလို့မပြောတာတုန်း”
လုချန်ရှန်း ဒေါသတကြီးပြောလိုက်လေသည်။
ရောင်ခြည်စက်ဝန်းထဲရှိနှလုံးသားက တွေးနေလေသည်။
ဒီလူက ဘာလို့ရေလိုက်ငါးလိုက်မနေတတ်ရတာလဲဟ…
“ဘုံလောကတစ်ခုချင်းစီတိုင်းက နှလုံးသားဗဟိုချက်တစ်ခုရှိမှ ရပ်တည်ရှင်သန်နိုင်တယ်ဆိုတာ မင်းသိထားမှဖြစ်မယ်”
လုချန်ရှန်းလည်း ခေါင်းညိတ်ပြ၍ပြောလိုက်၏။
“ကျွန်တော်နားလည်ပါတယ်။ ခင်ဗျားက ဒီလောကဘုံရဲ့နှလုံးသားဗဟိုချက်ဟုတ်တယ်မလား။ ခင်ဗျားသာမရှိရင် ဒီလောကဘုံလည်း ဆိတ်သုဉ်းသွားရလိမ့်မယ်”
“အဲ့ဒါကြောင့်ပဲ လူတွေအများကြီးက ခင်ဗျားကိုလိုချင်နေကြတာ”
“အဲ့ဒါနဲ့ပဲ ခင်ဗျားလည် အစွမ်းထက်ပုဂ္ဂိုလ်တစ်ပါးကို ထပ်ရွေးချယ်ချင်နေတယ်”
“အဲ့ဒါကြောင့် ကျွန်တော့်ကိုခေါ်လိုက်တာ ဟုတ်တယ်ဟုတ်”
လောကဘုံ၏နှလုံးသား : “???”
“မင်းဘယ်လိုလုပ်သိတာလဲ”
လုချန်ရှန်းကတော့ ဆွံ့အနေရသည်။
ဘယ်လိုလုပ်မသိဘဲနေပါ့မလဲ။ အရင်ဘဝတုန်းက အဲ့ဒီခွေးလိုစာရေးဆရာတွေက ဒါမျိုးတွေပဲဝတ္ထုရေးခဲ့ကြတာလေ…
“ဒါပေမဲ့ မင်းသိပြီးသားဆိုတော့လည်း ပိုလွယ်သွားတာပေါ့”
“အမှန်ပဲ ငါကိုယ်တိုင်တောင်မှ မင်းရဲ့ခွန်အားကိုဖောက်မမြင်ရတာကြောင့် ရွေးချယ်ခဲ့တာပဲ”
“အလားတူပဲ… မင်းက ပြင်ပအရာဝတ္ထုတွေကိုစိတ်မဝင်စားဘူးဆိုတာလည်း ငါသိထားတယ်”
“တကယ်လို့ ပြင်ပဘုံကလူတစ်ယောက်ယောက်သာ ငါ့ကိုရသွားမယ်ဆိုရင် သူတို့တွေ ငါ့ကိုတန်းစုပ်ယူပစ်လိုက်မှာစိုးရိမ်မိတယ်။ အဲ့ဒီအချိန်ကျရင် ဒီလောကဘုံကြီးလည်း ပျက်ကိန်းဆိုက်ရလိမ့်မယ်”
လုချန်ရှန်း နှုတ်ခမ်းကိုတွန့်ချိုးလိုက်ပြီးပြောလိုက်သည်။
“ကျွန်တော်က တခြားအရာတွေကိုစိတ်မဝင်စားတာသိပြီးသားမဟုတ်လား။ အဲ့ဒါနဲ့များ ဘာလို့ကျွန်တော့်ကိုလာရှာနေသေးလဲ”
ဒီပစ္စည်းက ဦးနှောက်ချောင်နေပြီထင်တယ်…
တန်ဖိုးဖြတ်မှုကား ပြီးဆုံးလေပြီ။ ဤပစ္စည်းတွင် နှလုံးသားရှိသော်ငြား ဦးနှောက်တော့ပါမလာချေ။
လောကဘုံ၏နှလုံးသားဗဟိုချက်ခမျာ ရေလိုက်ငါးလိုက်မနေတတ်သောလူနှင့်တွေ့ကြုံနေရသည့်အတွက် ကူကယ်ရာမဲ့နေလေသည်။
“ဒါပေမဲ့ မင်းသာငါ့ကိုရရင် အကျိုအမြတ်တွေအများကြီးလည်းရလိမ့်မယ်”
“ဘယ်လိုမျိုးလဲ”
“ခွန်အားတိုးလာတာမျိုးပေါ့”
“နှုတ်ဆက်ပါတယ်”
သူ့မှာစနစ်ရှိပြီးသားဖြစ်လေရာ ဤကဲ့သို့သောအရာမျိုးကိုမလိုပေ။
လောကဘုံ၏နှလုံးသားဗဟိုချက်ကလည်း အလောတကြီးပြောလာ၏။
“မကောင်းတဲ့အကြံအစည်ရှိတဲ့လူတွေ ဒီနေရာကိုရှာတွေ့သွားပြီး ဒီလောကဘုံကို ဖျက်ဆီးသွားမှာမကြောက်ဘူးလား”
လုချန်ရှန်းကလည်း ဒေါသတကြီးပြန်ပြောလိုက်သည်။
“ခင်ဗျားပြောသလိုဆိုရင် ခင်ဗျားကိုလိုချင်နေတဲ့လူတွေအမျာကြီးရှိနေတယ်ပေါ့လေ”
“ဒါဆို ကျွန်တော်ခင်ဗျားကိုယူသွားမယ်ဆိုရင် အဲ့ဒီလူတွေက ကျွန်တော့်ကိုလိုက်ရှာကြတော့မှာပေါ့”
သူ ငြိမ်းငြိမ်ချမ်းချမ်းနေချင်ပါသေးတယ်နော်…
စနစ်က ထိုအရာကိုအရယူစေချင်ပြီး ထိုအရာကသူ့ခွန်အားကိုတိုးမြှင့်ပေးနိုင်သည်ဆိုသော်ငြား သူ ယခုလိုခွန်အားစုဆောင်းနေရသည့်အကြောင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်လိုသောကြောင့်ဖြစ်သည်။
အကယ်၍ ထိုအရာကသာ သူ့ငြိမ်းချမ်းမှုကိုဖျက်ဆီးမည့်အရာဆိုပါက သူ ထိုအရာကိုရွေးချယ်မည်မဟုတ်။
ထိုပစ္စည်းကိုလက်ခံမည့်အစား သေသာအသေခံလိုက်မည်။
ထိုသို့တွေးရင်း လုချန်ရှန်း နောက်ကိုပင်လှည့်မကြည့်ဘဲ ပြန်ပါလေတော့သည်။
လုချန်ရှန်းထွက်သွားပြီးနောက် လောကဘုံ၏နှလုံးသားခမျာ သက်ပြင်းချလိုက်မိသည်။
“အချိန်ကသိပ်မကျန်တော့ဘူး”
ထိုအခိုက်မှာ မြောက်ပိုင်းဒေသ၏အစွန်အကျဆုံးအရပ်၌ မဟူရာတစ်ယောက် အသိစိတ်ကင်းမဲ့နေပြီဖြစ်၏။ ရေခဲပြင်တစ်ဝိုက်မှာ သူ လှည့်လည်သွားလာနေ၏။
မှော်ဝင်သားရဲများနှင့်ကြုံကြိုက်သည့်အခါ သူ ဒေါသတကြီးဟိန်းဟောက်၍ သူတို့ကို မသေမချင်းတစ်စစီဆွဲဖြဲဖို့ချီတက်တိုက်ခိုက်လေသည်။
လက်ရှိအချိန်မှာတော့ မဟူရာ့တစ်ကိုယ်လုံး သွေးများဖုံးနေပေသည်။ ရေခဲပြာရောင်ပုံစံတို့မှာလည်း သွေးအလိမ်းလိမ်းပင်။ ပေတစ်ထောင်အကွာအဝေးကပင် သွေးနံ့များလှိုင်လှိုင်ထနေချေသည်။ မှော်ဝင်သားရဲများကလည်း သွေးနံ့ကို တုံ့ပြန်မှုအလွန်ပြင်းထန်ကြသည်။
ရလဒ်အနေနှင့် မဟူရာလိုက်ရှာနေစရာပင်မလိုပါဘဲ အဆင့်မြင့်မှော်ဝင်သားရဲများက သူ့ကိုလာရှာကြလေသည်။
မဟူရာတစ်ယောက် သူ့ရှေ့ရှိအာကာသနတ်ဘုရားအဆင့်မှော်ဝင်သားရဲတစ်ကောင်ကို အပိုင်းပိုင်းဆုတ်ဖြဲပြီးနောက် အလွန်လျင်လှသောအဖြူရောင်ပုံရိပ်တစ်ခုက အလင်း၏အလျင်ဖြင့် သူ့ဆီကိုအပြင်းနှင်လာလေ၏။
မဟူရာလည်း မသိစိတ်၏စေ့ဆော်မှုအရ လက်သီးဖြင့်ထိုးချလိုက်သည်။ သို့သော် ထိုအခိုက်အတန့်မှာပင် မဟူရာ အနောက်ဘက်ကိုလွင့်ထွက်သွားလေတော့သည်။ အဖြူရောင်ပုံရိပ်ကလည်း နောက်ကိုခြေနှစ်လှမ်းဆုတ်သွားသည်။ သူ့သရုပ်မှန်ကား ရုပ်လုံးပေါ်လာလေပြီ။
၎င်းမှာ ဧရာမကြွက်ဖြူကြီးတစ်ကောင်ပင်။ သို့သော် ထိုကြွက်ကြီး၏သွားများက ကြီးမားပြီးထက်ရှလှသည်။
သူ့အရှိန်အဝါကတော့ အာကာသနတ်ဘုရားအဆင့်ပင်။ ၎င်းမှာ အာကာသနတ်ဘုရားကနဦးအဆင့်မှော်ဝင်သားရဲတစ်ကောင်ပင်တည်း။
မဟူရာက လဲကျရာမှပြန်ထလာပြီး ဟောဟဲဆိုက်နေချေသည်။ သူ့အရှိန်အဝါလည်း မငြိမ်မသက်ဖြစ်နေလေတော့သည်။
သူ တိုက်ခိုက်နေခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်လေရာ သူ့ခန္ဓာကိုယ်က အလွန်တရာပင်ပန်းနွမ်းချည့်နေပြီဖြစ်၏။
ထိုအခိုက်အတန့်တွင် သွားချွန်ချွန်နှင့်ကြွက်ဖြူကြီးက ကျယ်လောင်လှစွာသောအသံကိုပေး၍ မဟူရာဆီကိုချီတက်လာပြန်လေသည်။ အရှိန်ကား အလွန်အလျင်မြန်လှသည်။
အဖြူရောင်ပုံရိပ်တစ်ခုက လေထဲ၌ပေါ်ပေါက်လာပြီး အသံလှိုင်းပေါက်ကွဲသံများကို ကြားလိုက်ရသည်။ မဟူရာလည်း ဒေါသတကြီးဟိန်းဟောက်အော်ဟစ်၍ ရှေ့ကိုလက်သီးဖြင့်ထိုးချလိုက်သည်။
သို့သော် သူ လွင့်ထွက်သွားပြန်လေ၏။
သွားချွန်ချွန်နှင့်ကြွက်ကြီးမှာ မရပ်သေးပေ။ သူက အခွင့်အရေးကိုချောင်းမြောင်းနေပြီး မဟူရာ့ဆီကိုအပြေးသွားပြန်လေသည်။
မဟူရာကတော့ လေထဲတွင်ဝဲနေဆဲသာ။ သွားချွန်ချွန်နှင့်ကြွက်ဖြူကြီးကတော့ မဟူရာ့ခန္ဓာကိုယ်ထက်ကို အပြင်းနှင်လာလေပြီဖြစ်၏။ ထို့နောက် ထိုကြွက်ကြီးက သွေးစွန်းနေသောသူ့ပါးစပ်ကြီးကိုဟပြီး မဟူရာ့ကိုကိုက်ချလိုက်လေတော့သည်။