Switch Mode

အခန်း (၁၈၃)

ငါးစာ

မိုးပြာရောင်မြို့တော်ထဲတွင် အနက်ရောင်အခိုးအငွေ့များက လေထုထဲပြည့်နှက်နေပြီး စစ်ပွဲ၏အငွေ့အသက်များက နေရာတိုင်းတွင်ပျံ့လွင့်နေချေသည်။ အော်ဟစ်သံများနှင့် ငိုကြွေသံများကလည်း မြို့တော်ထဲမှအဆင်မပြတ်ထွက်ပေါ်နေသည်။

နေမဝင်အင်ပါယာတပ်သားတချို့က သွေးများဖုံးနေသောခေါင်းပြတ်များကိုဖြတ်ကျော်၍ ပြိုပျက်နေပြီဖြစ်သောမြို့နံရံပေါ်တွင် မတ်တတ်ရပ်နေကြသည်။ အကြောက်တရား၊ မလိုလားမှုနှင့် စိတ်ပျက်မှုများက သူတို့မျက်နှာထက်တွင် အထင်းသားပေါ်လွင်နေသည်။

ထိုခေါင်းပြတ်များကို မြို့နံရံပေါ်တွင်ချိတ်ဆွဲထားသည်။ ထိုအခြင်းအရာကို မြင်လိုက်ရသောမိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်ခမျာ လက်သီးတင်းတင်းဆုပ်လိုက်လေရာ အရိုးတဆစ်ဆစ်မြည်သံပင်ထွက်ပေါ်လာချေသည်။

သူ့မျက်နှာတစ်ခုလုံး ဒေါသကြောင့်နီမြန်းနေလေသည်။ မျက်မှောင်ကြုတ်ထားသဖြင့် နဖူးထက်တွင် တွန့်ရာလေးများပင်ပေါ်နေပြီး မျက်ဝန်းထဲရှိဒေါသမီးတောက်တို့ကလည်း သူငယ်အိမ်ထဲမှတစ်ဆင့် အရှိန်ပြင်းပြင်းထိုးခွင်းလာတော့မတတ်ပင်။

မိုးပြာရောင်ကောင်းကင်ဂိုဏ်း၏အာဏာစက်အောက်တွင် တည်ရှိပါသော မိုးပြာရောင်မြို့တော်ဟာ သူ့အတွက်တော့ ခံစားချက်တစ်စိတ်တစ်ပိုင်းကိန်းအောင်းရာနေရာဖြစ်၏။

ဤမြို့တော်ကို သူကိုယ်တိုင်မကြပ်မတ်ဘဲ အကြီးအကဲများနှင့်လွှဲအပ်ထားခဲ့သည့်တိုင် ယခုလိုမြင်ကွင်းမျိုးကိုမြင်လိုက်ရချိန်မှာတော့ ဒေါသမထွက်ဘဲမနေနိုင်ပေ။

ခေါင်းပြတ်များကို မြို့နံရံထက်၌ တစ်ခုပြီးတစ်ခုချိတ်ဆွဲထားသည်။ မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်လည်း ထပ်သည်းခံနိုင်စွမ်းမရှိတော့ပေ။ ထို့ကြောင့် ရှေ့ကိုခြေလှမ်းလိုက်လေသည်။

လျန်ဖန်းကလည်း မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်ကို ကမန်းကတန်းတားလိုက်ရသည်။

“စီနီယာ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့”

မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်ကလည်း မြို့နံရံထက်တွင်ချိတ်ဆွဲခံထားရသောခေါင်းပြတ်များကို လက်ညှိုးထိုးပြပြီး ဒေါသတကြီးမာန်ဖီလိုက်သည်။

“ငါ ဒါကိုဘယ်လိုသည်းခံပေးရမှာလဲ”

ကျန်းချောင်မြန်နှင့်လျန်ဖန်းတို့ကလည်း ဓားသိုင်းကျင့်ကြံသူများဖြစ်ကြသည်။ သူတို့၏စိတ်အခြေအနေကား အခြားသူများထက် ပိုတည်ငြိမ်နေ၏။

ကျန်းချောင်မြန်က တည်ငြိမ်အေးဆေးစွာစကားဆိုလာသည်။

“စီနီယာ… အခုနေသာ အလျင်စလိုတိုက်ခိုက်လိုက်မယ်ဆိုရင် ဘာမှမလုပ်လိုက်နိုင်ဘဲ တပ်ပြန်ဆုတ်ရလိမ့်မယ်”

“အဲ့လိုဖြစ်သွားရင် ဒီမြို့တော်လည်း လုံးဝသုတ်သင်ခံလိုက်ရလိမ့်မယ်။ အခု ကျွန်တော်တို့ တန်ပြန်တိုက်ခိုက်မှုမစခင်မှာ မြို့ထဲကိုဝင်ရောက်ထောက်လှမ်းပြီး တစ်ဖက်ရန်သူရဲ့အင်အား ဘယ်လောက်ရှိလဲဆိုတာကြည့်ရမယ်လေ”

ထိုစကားကိုကြားချိန်မှသာ မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်ခမျာ အနည်းငယ်စိတ်လျှော့သွားသည်။ သူတို့ပြောတာ မှန်ပေသည်။

စစ်ပွဲအတွင်း၌ သူ့ခွန်အားများကိုမဖြုန်းတီးသင့်ပေ။ သို့မဟုတ်ပါက စစ်ရှုံးရသည့်အဖြစ်ကို ဦးတည်သွားပေလိမ့်မည်။

မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်က သူ့စိတ်ကိုမထိန်းနိုင်ရုံမျှဖြင့် အစီအစဉ်ကိုပျက်စီးအောင်လုပ်တတ်သောလူစားမျိုးမဟုတ်ချေ။

သူ အသက်ပြင်းပြင်းရှိုက်ရှူလိုက်ပြီးပြောလိုက်သည်။

“ငါတအားစိတ်လိုက်မာန်ပါဖြစ်သွားတယ်။ မင်းပြောတာအမှန်ပဲ”

နင်းချန်ရှင်းကလည်း သဘောတူလက်ခံသည်။

“ကောင်းပြီလေ။ ထပ်ပြီးအချိန်မဆွဲကြနဲ့တော့။ မြို့ထဲကိုဝင်ရမဲ့နည်းလမ်းကိုပဲစဉ်းစားရအောင်”

မိုးပြာရောင်မြို့တော်၏ပတ်ပတ်လည်တွင် နေမဝင်အင်ပါယာဘက်ကကင်းလှည့်နေသော ကင်းထောက်များမရှိပေ။

မြို့နံရံ၏ဘယ်ဘက်အခြမ်းတွင် နေရာလွတ်အကြီးကြီးတစ်ခုရှိသည်။ ထိုနေရာလွတ်မှတစ်ဆင့် သူတို့လေးယောက်ခိုးဝင်လာခဲ့လိုက်ကြသည်။

သို့ဖြစ်လေရာ မြို့နံရံထက်ရှိစစ်တပ်ကြီး၏အာရုံစိုက်မှုကို မဆွဲဆောင်မိလိုက်ချေ။

မြို့ထဲကိုဝင်လာပြီးနောက် မြင်လိုက်ရသည့်မြင်ကွင်းမှာ သူတို့ထင်ထားသည်ထက် ပို၍ဆိုးဝါးနေ၏။

လမ်းမတစ်ခုလုံးအနှံ့ သွေးစက်များစွန်းထင်းနေသည်။ အိမ်များလည်း ပြိုကျနေပြီး ခြေပြတ်လက်ပြတ်များကလည်း လမ်းမအနှံ့ပြန့်ကျဲနေချေသည်။ အတွင်းကလီစာများနှင့် အသွေးအသားများကလည်း မွစာကြဲနေသေးသည်။

သူတို့လေးယောက်ကို ပိုထိတ်လန့်သွားစေသောအရာမှာ အလောင်းကောင်များကို ပုပ်သိုးမသွားအောင်ဆေးစိမ်ထားခြင်းပင်။ ခန္ဓာကိုယ်ထဲရှိအသွေးအသားများကတော့ ခန်းခြောက်သွာအောင်စုပ်ယူခံထားရပြီး အလွန်အမင်းရှုံ့တွနေချေသည်။

မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်နှင့် နင်းချန်ရှင်းတို့မှာ ဒေါသကိုမနည်းမျိုသိပ်ထားရလေသည်။ ထို့နောက် သူတို့၏အရှိန်အဝါကိုဖုံးဖိထားရင်း အပျက်အစီးမျာကြားက ရှေ့တက်သွားကြသည်။

လမ်းတစ်လျှောက်၌ ခံစားမိသည့်အရာမှာ နေမဝင်အင်ပါယာမှလူများ၏ကျင့်ကြံရေးအဆင့်မှာ သိပ်မမြင့်လှပေ။ အမြင့်ဆုံးရှိလှ ချန်းယွမ်ကနဦးအဆင့်မျှသာဖြစ်၏။

သူတို့လေးယောက်သား မြို့အရှင်၏ပိုင်နက်ထဲကိုရောက်သွားသည့်အခါ အလောင်းကောင်ချီစွမ်းအင်များကို ထုလိုက်ထည်လိုက်ခံစားလိုက်ရသည်။

မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်က ပြောလာ၏။

“ချန်းယွမ်အထွတ်အထိပ်အဆင့်ပညာရှင်တစ်ယောက်နဲ့ ချန်းယွမ်အလယ်အလတ်အဆင့်ပညာရှင်တစ်ယောက်ပဲ”

“အဲ့ဒါ သူတို့ခွန်အားအကုန်ပဲ”

လျန်ဖန်းကလည်း ခေါင်းညိတ်ပြသည်။ သူတို့ မိုးပြာရောင်မြို့တော်ကို လှည့်ပတ်ကြည့်ခဲ့ပြီးလေပြီ။

ဤနေရာတွင်ရှိနေသော တစ်ဖက်ရန်သူ၏အမြင့်ဆုံးခွန်အားအဆင့်မှာ မြို့အရှင်ပိုင်နက်ထဲရှိလူနှစ်ယောက်မှာသာရှိ၏။

ကျန်းချောင်မြန်စကားစလာသည်။

“အဲ့လိုဆိုရင် ကျွန်တော်တို့ သူတို့နှစ်ယောက်ကိုတိုက်ခိုက်ရင်ရပြီပေါ့”

ရုတ်ခြည်းပင် သူတို့၏ဘယ်ဘက်နားတွင် နေမဝင်အင်ပါယာမှလူလေးယောက်ပေါ်လာလေသည်။ ထို့နောက် သူတို့က လူနှစ်ယောက်ပုန်းအောင်းနေသောမြေအောက်ခန်းတစ်ခုကို ရှာတွေ့သွားသည်။

ထိုမြေအောက်ခန်းထဲတွင် အမျိုးသမီးတစ်ယောက်နှင့်ကလေးမလေးတစ်ယောက်ရှိပြီး ကလေးမလေးက အမျိုးသမီး၏ရင်ခွင်ထဲ၌ ကျယ်လောင်စွာငိုကြွေးနေရှာသည်။ သူတို့နှစ်ယောက်စလုံးတွင် မည်သည့်ကျင့်ကြံရေးအဆင့်မှမရှိသဖြင့် သေမျိုးများဖြစ်သည်မှာသေချာပေါက်ပင်။

နေမဝင်အင်ပါယာမှထိုလူလေးယောက်ကလည်း ထိုမြင်ကွင်းကိုမြင်သောအခါ နှာမှုတ်လျက် အနားကိုလျှောက်လာသည်။

အမျိုးသမီးက ငိုကြွေးလေတော့သည်။

“တောင်းပန်ပါတယ် အသက်ချမ်းသာပေးပါ”

“ကျွန်မ ဘာပဲဖြစ်ဖြစ်အကုန်ပေးပါ့မယ်။ ဒါမှမဟုတ် ကျွန်မသမီးလေးကိုတော့လွှတ်ပေးပါရှင်”

ကလေးမလေးက စကားပြောတတ်သည့်အရွယ်လေးပင်။ သူ(မ)လေးက ငိုကြွေးနေရင်း ဗလုံးဗထွေးပြောလာသည်။

“မရဘူး မရဘူး… သမီး မေမေနဲ့ပဲနေချင်တယ်”

ခေါင်းဆောင်ဖြစ်သူက နှာမှုတ်၍ပြောလာလေသည်။

“စကားတွေအများကြီးပြောနေစရာမလိုဘူး။ တစ်ယောက်မှလွှတ်ပေးမှာမဟုတ်လို့ပဲ”

ဤသို့ဖြင့် ထိုလူက သူ့လက်ထဲရှိသားသတ်ဓားကိုမြှောက်လိုက်ပြီး ထိုနှစ်ယောက်ဆီသို့လွှဲချလိုက်သည်။

သားသတ်သမား၏ဓားက သူတို့နှစ်ယောက်ကိုခုတ်ချလိုက်ပါက သူတို့ ခေါင်းပြတ်သွားမည်မှာ ကျိန်းသေပင်။

ထိုအချိန်တွင် ဓားသွားချီစွမ်းအင်နှစ်ခု ထွက်ပေါ်လာသည်။ ထိုလူလေးယောက်ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ဓားသွားချီစွမ်းအင်က သူတို့ကိုသုတ်သင်ပစ်လိုက်တော့သည်။

လျန်ဖန်းနှင့်ကျန်းချောင်မြန်တို့လည်း အမျိုးသမီးကြီးဆီသို့ပြေးသွားလိုက်ကြသည်။ နင်းချန်ရှင်းကလည်း အနောက်ကလိုက်ပါလာ၏။

အမျိုးသမီးကြီးခမျာ အံ့သြမှင်တက်နေပြီး မြေပြင်ပေါ်ကို ချက်ချင်းဒူးထောက်ချလိုက်လေသည်။

“ကျေးဇူးတင်ပါတယ် စီနီယာ… ကျေးဇူးတင်ပါတယ်”

ကလေးမလေးကတော့ ငိုနေရှာ၏။

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”

နင်းချန်ရှင်းကပြုံးလျက် ကလေးမလေး၏မျက်နှာပေါ်ကမျက်ရည်များကို သုတ်ပေးလိုက်သည်။

“ဒီနေရာကနေအရင်ထွက်သွားရအောင်။ အန္တရာယ်များတယ်”

သူ့စကားဆုံးသည်နှင့် အလောင်းကောင်ချီစွမ်းအင်တန်းနှစ်ခုက မြို့အရှင်ပိုင်နက်ထဲက ဖြာထွက်လာသည်။

“နေမဝင်အင်ပါယာကို ဘယ်သူကလာတားရဲတာလဲကွ”

ချန်းယွမ်အဆင့်ပညာရှင်နှစ်ဦးက ကောင်းကင်ထက်၌ ပျံဝဲနေပေသည်။ မိုးပေါ်မှတစ်ဆင့် နင်းချန်ရှင်းတို့လေးယောက်ကို ငုံ့ကြည့်နေ၏။

လျန်ဖန်းက အပြုံးလေးဖြင့်ပြောလာသည်။

“အစ်ကိုနင်း ကျွန်တော် အစ်ကိုတို့နှစ်ယောက်ကိုပဲလွှဲခဲ့လိုက်တော့မယ်နော်”

နင်းချန်ရှင်းကလည်း ခေါင်းညိတ်သဘောတူလိုက်သည်။ ထို့နောက် လက်ထဲတွင်တာအိုသိုင်းကျမ်းကိုကိုင်ထားရင်း ကောင်းကင်ထက်သို့ပျံတက်သွားလိုက်သည်။

ရှေ့ကို သူတစ်လှမ်းတိုးသွားတိုင်းမှာ ရွှေရောင်အလင်းတန်းတစ်ခုက သူ့ခြေဖဝါးအောက်၌ပေါ်ပေါက်လာပြီး သူ့ကိုကောင်းကင်ထက်သို့သယ်ဆောင်သွားပေသည်။

“ငါတို့နေမဝင်အင်ပါယာရဲ့အလုပ်ကိုလာနှောင့်ယှက်တာမင်းလား”

နင်းချန်ရှင်း စိတ်ထဲကတွေးလိုက်မိသည်။

“အဲ့ဒီလူတွေကိုသတ်ခဲ့တဲ့အတွက် မင်းတို့တန်ရာတန်ကြေးပြန်ပေးဆပ်ရမှာသဘာဝပဲလေ”

ထိုမျှရက်စက်ယုတ်မာလှသောလူများကိုတော့ နင်းချန်ရှင်း တရားပြဆုံးမနေဖို့စိတ်ကူးမရှိ။

လူသတ်သမားများက အမြဲလူသတ်နေလိမ့်မည်သာ။

သွေးကြွေးကို သွေးနှင့်သာပြန်ဆပ်ရမည်။ အသက်တစ်ခုအတွက် အသက်တစ်ခုဖြင့် ပြန်ပေးဆပ်ရမည်။

သူတို့ထဲက ချန်းယွမ်အထွတ်အထိပ်အဆင့်ရှိသည့်လူတစ်ယောက်က ပြုံးလိုက်လေသည်။

“သူတို့ကသေမျိုးတွေလေ။ ငါသတ်တော့ရောဘာဖြစ်လဲ”

နင်းချန်ရှင်း၏မျက်ဝန်းထဲ၌ ပူဆွေးသောကများဖြင့်ပြည့်နှက်သွားသည်။

သေမျိုးတွေကရော လူသားတွေမဟုတ်လို့လား။

ကျင့်ကြံရေးလောကကြီးမှာ အလွန်စက်ဆုပ်စရာကောင်းလှသည်။

နင်းချန်ရှင်း၏အမြင်တွင် ဤလောကကြီးမှာ ဆိုးဆိုးဝါးဝါးကူးစက်မှုတစ်ခုကို ခံစားနေရပေသည်။ ဤကူးစက်မှုကိုတားဆီးလိုပါက သာမန်ကုသမှုများကအလုပ်မဖြစ်ချေ။ ထိုကင်ဆာမြစ်ပွါးနာများကိုဖယ်ထုတ်ပစ်မှသာ ပျောက်ကင်းနိုင်မည်ဖြစ်၏။

ထိုသို့တွေးရင်း နင်းချန်ရှင်းလည်း ဘာမှထပ်မပြောတော့ပေ။ တာအိုသိုင်းကျမ်းကိုသာကိုင်၍ ဆက်တိုက်ရွတ်ဆိုလိုက်သည်။

“တိုက်ခိုက်ရေးစစ်သည် အစီအရင်အပြည့်နဲ့ဆင်းသက်စေ”

ထိုစကားခြောက်ခွန်းမှာ မိုးကြိုးခြိမ်းသံအလားပင်။

ဂမ္ဘီရသံချပ်ကာဝတ်ဆင်ထားသော ကောင်းကင်ဘုံစစ်သည်တစ်ပါးက ရွှေရောင်ကြေးခွံဂမ္ဘီရလှံတံကိုကိုင်စွဲလျက် သူတို့နှစ်ယောက်ဆီသို့ အပြင်းနှင်လေတော့သည်။

ထိုအရှိန်အဝါကိုခံစားမိလိုက်သောအခါ ထိုလူနှစ်ယောက်၏အမူအရာလည်း ပြောင်းလဲသွားသည်။ သို့သော် ထိုထိတ်လန့်မှုမှာ ခဏသာခံလိုက်သည်။ ရုတ်ခြည်းဆိုသလို လှည့်ဖြားတတ်သောအပြုံးတစ်ပွင့်က သူတို့မျက်နှာထက်ပေါ်ပေါက်လာချေသည်။

“ကြည့်ရတာတော့ မင်းပဲထင်တယ်”

ဤသို့ဖြင့် သူတို့နှစ်ယောက်က ကျောက်စိမ်းဆွဲပြားလေးတစ်ခုကိုထုတ်ပြီး ကောင်းကင်ပေါ်သို့ပစ်တင်လိုက်သည်။ ထိုကျောက်စိမ်းဆွဲပြားလေးက ပေါက်ကွဲသွားလေသည်။

အနက်ရောင်မြူခိုးတန်းများ ပေါက်ကွဲထွက်လာလေတော့သည်။ ၎င်းမှာ အချက်ပြတစ်ခုအလားပင်။

အနက်ရောင်မြူခိုးကြီးက အချက်ပြတစ်ခုသက်သက်သာမဟုတ်ဘဲ သူတို့နှစ်ယောက်ကိိုကာကွယ်ပေးထားသော ခုခံရေးတံတိုင်းတစ်ခုလည်းဖြစ်လေသည်။

နင်းချန်ရှင်းကနှာမှူတ်၍ တစ်ဖန်အော်ဟစ်လိုက်ပြန်သည်။

“ရှင်းထုတ်စေ”

ရွှေရောင်အလင်းတန်းတစ်ခုက အနက်ရောင်မြူခိုးကြီးပေါ်သို့ သက်ဆင်းသွားချေသည်။

အနက်ရောင်မြူခိုးများ ရှင်းထုတ်ခံလိုက်ရဟန်တူပြီး စတင်အရည်ပျော်ကျသွားလေတော့သည်။ ထိုအချိန်တွင် ကောင်းကင်ဘုံစစ်သည်ကြီးက ဂမ္ဘီရလှံတံကိုကိုင်စွဲထားပြီး ထိုးစိုက်ပစ်လိုက်သည်။

ထိုတိုက်ကွက်ကြောင့် အနက်ရောင်မြူခိုးများ လွင့်စဉ်သွားပြီး ဘန်းခနဲမြည်သံနှင့်အတူ ထိုလူနှစ်ယောက်လည်းကွပ်မျက်ခံလိုက်ရလေသည်။

တစ်ပြိုင်တည်းမှာပင် မနီးမဝေးရှိကောင်းကင်ထက်၌ အစွမ်းထက်လှသောအရှိန်အဝါအမြောက်အများက သူတို့ဆီသို့ အလျင်အမြန်ချဉ်းကပ်လာနေပေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset