Switch Mode

အခန်း (၁၈၂)

အဆုံးမရှိသောရက်စက်မှုများ

နေမဝင်အင်ပါယာ၏လုပ်ရပ်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ထဲရှိလူတိုင်းကို အမျက်ဒေါသထွက်စေခဲ့သည်။ ထိုကဲ့သို့သောအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုက မြောက်ပိုင်းနယ်မြေတစ်ခုလုံးကို အထိတ်တလန့်ဖြစ်စေခဲ့သည်။

စစ်ပွဲကြီးပြီးဆုံးသွားလျှင်ပင် မြောက်ပိုင်းနယ်မြေရှိလူများလွတ်မြောက်သွားသည့်တိုင် မြောက်ပိုင်းနယ်မြေ၏အမြုတေစွမ်းအင်ကတော့ အပြင်းအထန်ထိခိုက်သွားရပြီဖြစ်၏။

ထိုသို့ဆိုပါက စစ်ပွဲကြီးအနိုင်ရတော့ရော ဘာထူးမှာတဲ့လဲ။

ဝူဒီရှီကမျက်မှောင်ကြုတ်၍ပြောလာလေသည်။

“နေမဝင်အင်ပါယာက ဒါကိုရောထည့်မတွက်ထားဘူးလား”

“လူဦးရေကျိုးတိုးကျဲတဲဖြစ်သွားတဲ့နေရာတစ်ခုကို သူတို့သိမ်းပိုက်လိုက်နိုင်တော့ရော ဘာရမှာလဲ”

“ပြီးတော့ ဒီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြီးပြီးသွားရင် ဘယ်သူကမှ သူ့ကိုခစားချင်ကြမှာမဟုတ်တော့ဘူး”

ထိုစကားကိုကြားသော် အားလုံး ခေါင်းတခါခါလုပ်လိုက်မိကြသည်။ သူတို့အနေနှင့် နေမဝင်အင်ပါယာ၏လုပ်ရပ်ကို နားမလည်နိုင်ဖြစ်နေကြသည်မှာ သိသာလှသည်။

ဟုန်ရင်ကလည်း မသိမသာမျက်မှောင်ကြုတ်ထားသည်။ သူ(မ)စိတ်ထဲ တစ်ခုခုမှားယွင်းနေသလိုခံစားရသည်။

နင်းချန်ရှင်းလည်း မျက်နှာမသာမယာဖြစ်နေပြီး သူ့မျက်ဝန်းထဲမှာ ဒေါသရိပ်တို့ပြည့်နှက်နေချေသည်။

ဟုန်ရင်နှင့်ယဲ့ချိုးပိုင်တို့ပင် နင်းချန်ရှင်း ယခုလိုဖြစ်နေသည့်ပုံစံကို တစ်ခါမှမမြင်ဖူးခဲ့ပေ။ ပုံမှန်အချိန်ဆိုလျှင် နင်းချန်ရှင်းက အပြုံးဖျော့ဖျော့လေးပြုံး၍ ညင်သာနူးညံ့စွာနေထိုင်တတ်သူဖြစ်၏။

သူသည် ဒေါသမထွက်တတ်သည့် စာသင်သားလူငယ်လေးတစ်ယောက်နှင့်တူလှပေသည်။ ကိစ္စကြီးငယ်ဟူသမျှတွင် သူဟာ အလျဉ်းတည်ငြိမ်နေသည်သာ။

သို့သော် ယခုအချိန်မှာတော့ နင်းချန်ရှင်းဒေါသတကြီးဖြစ်နေသည်ကို သူတို့ခံစားနေရပြီး ကွန်ဖြူးရှပ်တာအိုအရှိန်အဝါများပင် သူ့ပတ်ပတ်လည်မှာ လှည့်လည်စီးဆင်းနေချေသည်။

နင်းချန်ရှင်းက ဒေါသသံဖြင့်စကားဆိုလာလေသည်။

“နေမဝင်အင်ပါယာကို ဒီလိုမျိုးလုပ်ခွင့်မပေးနိုင်တော့ဘူး။ ကျွန်တော်တို့ တားမှဖြစ်မယ်”

သူ့စကားကား ဒေါသကိုဖိနှိပ်ထားရသည့်အလား တိမ်ဝင်နေလေသည်။ သို့သော် ထိုကဲ့သို့သောလူစားမျိုးက ကြောက်ဖို့အကောင်းဆုံးပင်။ သူ့ဒေါသပေါက်ကွဲထွက်လာသည်နှင့် လုံးဝမရပ်တန့်နိုင်တော့ပေ။

နင်းချန်ရှင်း၏စကားကိုကြားသောအခါ လူတိုင်းခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ သူသည် မြေလွှာကျွံချိုင့်ဝှမ်း၏ပင်မတိုက်ပွဲတွင် ဝင်ရောက်ဆင်နွှဲခဲ့ပြီး သူ့ခွန်အားကိုသက်သေပြခဲ့သည်။

သူသည် ချန်းယွမ်အထွတ်အထိပ်အဆင့်ပညာရှင်ကိုပင် တိုက်ခိုက်နိုင်သူတစ်ယောက်ဖြစ်၏။ တကယ်တမ်းတွင် ထိုထက်သာလွန်သေးသည်။ သဘာဝကျကျပင် နင်းချန်ရှင်းမှာ ထိုသို့ပြောပိုင်ခွင့်ရှိသည်။

ဤသည်မှာ ပုံမှန်ပင်ဖြစ်၏။ ခွန်အားနှင့်စွမ်းဆောင်ရည်မရှိပါက ထိုစကားများကိုပြောပိုင်ခွင့်ဘယ်ရှိလေမလဲ။

ဝူဒီရှီကခေါင်းညိတ်ပြပြီး ပြောလာသည်။

“ငါတို့တွေဒါကိုသေချာပေါက်တားရမယ်။ အခု ငါတို့ဆွေးနွေးမဲ့အကြောင်းအရာက ဘယ်လိုတားကြမလဲဆိုတာပဲ”

တင်းယွင်ဟယ်က ခဏမျှတွေးတောကြည့်ပြီးနောက် စကားစလာလေသည်။

“ဒီကိစ္စကိုဖြေရှင်းဖို့ ငါတို့လူအင်အားကို အကုန်သုံးလို့မဖြစ်ဘူး။ နေမဝင်အင်ပါယာကိုတိုက်ခိုက်ဖို့ အသင်းတစ်သင်းဖွဲ့လို့ပဲရမှာ”

“အဲ့ဒါမှန်တယ်”

လျှို့ဝှက်ဓားဂိုဏ်း၏လက်ထောက်ခေါင်းဆောင်ကလည်း သဘောတူဟန်ဖြင့်ခေါင်းညိတ်ပြသည်။

“အခု ဗုဒ္ဓဂိုဏ်းတော်က ကြားဝင်လာပြီး နေမဝင်အင်ပါယာနဲ့ပူးပေါင်းလိုက်ပြီလေ။ခွန်အားကွာခြားမှုကကြီးသွားပြီ”

ထိုအဘိုးကြီးနှစ်ယောက်ကတင် အာကာသနတ်ဘုရားအဆင့်ကို ရောက်နေလေပြီ။

ထို့ပြင် တစ်ဖက်ရန်သူတွင် အာကာသနတ်ဘုရားအဆင့်ကိုရောက်ထားသော နေမဝင်အင်ပါယာ၏ဘုရင်ဟောင်းကြီးကလည်း ရှိနေသေးသည်။

ထိုအဓိပ္ပါယ်မှာ နေမဝင်အင်ပါယာဘက်၌ အာကာသနတ်ဘုရားအဆင့်ပညာရှင်အမြောက်အများရှိနေသည်ဟူသောသဘောပင်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဘက်တွင်မူ လင်းရူဖုန်းနှင့်ခေါင်းဆောင်ယန်တို့သာရှိသည်။

“ဒါဆို ဘယ်သူကအဖွဲ့ကိုဦးဆောင်မှာလဲ”

နေမဝင်အင်ပါယာကိုတားဆီးဖို့အရေးကို အကြံပြုလာသူမှာ နင်းချန်ရှင်းဖြစ်သည့်အတွက် နင်းချန်ရှင်းကိုယ်တိုင်က ထိုကိစ္စကိုမကန့်ကွက်ချေ။

ထို့ကြောင့် သူမတ်တတ်ထရပ်လိုက်ပြီးပြောလိုက်သည်။

“ကျွန်တော်လုပ်မယ်”

ဝူဒီရှီက နင်းချန်ရှင်းကိုကြည့်၍ မငြင်းဆန်ပါဘဲခေါင်းညိတ်ပြလိုက်သည်။

နင်းချန်ရှင်း အဖွဲ့ကိုဦးဆောင်မည်ဆိုပါက သူ့ခွန်အားကိုမေးခွန်းထုတ်နေဖို့မလိုအပ်ပေ။

တစ်ဖက်လူက အာကာသနတ်ဘုရားအဆင့်ပညာရှင်များကို မလွှတ်သေးသရွေ့ နင်းချန်ရှင်းအဖို့ အန္တရာယ်မရှိပေ။

ထိုအခိုက်အတန့်တွင် ယဲ့ချိုးပိုင်ကလည်း မတ်တတ်ထရပ်လာပြီးပြောလိုက်သည်။

“ကျွန်တော်လည်းလိုက်မယ်”

ယဲ့ချိုးပိုင် မတ်တတ်ထရပ်ရုံရှိသေး။ ဟုန်ရင်ကခေါင်းခါယမ်း၍ သူ့ကိုတားလိုက်လေသည်။

“မရဘူး ဆရာတူအစ်ကိုသွားလို့မရဘူး”

ယဲ့ချိုးပိုင်နှင့်မြောက်ပိုင်းမဟာမိတ်အဖွဲ့မှလူများက ဟုန်ရင့်ကိုကြည့်လိုက်ကြသည်။

ဟုန်ရင်ကလည်း မျက်မှောင်တကြုတ်ကြုတ်နှင့်ပြောလာလေသည်။

“နေမဝင်အင်ပါယာရဲ့လုပ်ရပ်က တအားရုတ်တရက်ဆန်လွန်းတယ်”

“သူတို့သာ သီးခြားကျင့်ကြံသူတွေနဲ့အရပ်သားတွေကိုသတ်ချင်တာဆိုရင် အရင်ကတည်းကသတ်ခဲ့ရောပေါ့။ ဘာလို့အခုမှထလုပ်နေတာလဲ”

ဟုန်ရင်၏စကားများကိုကြားသောအခါ အားလုံးမှင်တက်သွားကြပြီး ထိုအကြောင်းကို စတင်ချိန်ဆတွေးတောကြည့်လေတော့သည်။

အမှန်ပင်တည်း။ ယခင်က သူတို့ဟာ သူတို့ဖြတ်သွားရာနေရာတိုင်းရှိ သေမျိုးကျင့်ကြံသူများကိုသတ်ဖြတ်ပစ်ခဲ့ပြီး လေလွင့်ကျင့်ကြံသူများနှင့်သေမျိုးများစုစည်းနေသောနေရာများကို တမင်တကာရှာဖွေပြီး သတ်ဖြတ်ပစ်ခဲ့ကြသည်။

ဤသည်မှာ ကြိုတင်ကြံစည်ထားသလိုမျိုး အလွန်ရုတ်တရက်ဆန်ပြီး တမင်လုပ်နေခြင်းမျိုးဖြစ်၏။

ဟုန်ရင်ကဆက်ပြောသည်။

“ကျွန်မအမြင်တော့ သူတို့ဒီလိုလုပ်တာအကြောင်းပြချက်နှစ်ခုရှိတယ်”

“ပထမတစ်ခုက သူတို့ခွန်အားတိုးတက်လာဖို့အတွက် သီးခြားကျင့်ကြံသူတွေကိုသတ်နေတာ”

ဟင်ဓာတ်အလောင်းကောင်အဘိုးကြီး၏ကျင့်စဉ်နှင့် ဖုတ်ကောင်ကြီးတို့အတွက် စိတ်ဝိညာဉ်နှင့်ခန္ဓာကိုယ်များစုဆောင်းရန်လိုအပ်ပေသည်။

သို့သော် ယင်ဓာတ်အလောင်းကောင်အဘိုးကြီးက သူ့သရုပ်မှန်ကိုမဖော်ထုတ်သေးပေ။ သို့မဟုတ်လျှင် သတင်းပြန့်တာကြာလောက်ပြီဖြစ်၏။

“ဒုတိယတစ်ခုက ဖြစ်နိုင်ခြေအရှိဆုံးပဲ။ ငါးစာချတာ”

ငါးစာချတာတဲ့လား…။

အားလုံးမှင်တက်သွားကြပြီးနောက် ဟုန်ရင်ကိုကြည့်ကာ ဘာပြောလာမလဲဆိုသည်ကို စောင့်စားနေကြလေ၏။

“အမှန်ပဲ ငါးစာချတာ”

ဟုန်ရင်က ယဲ့ချိုးပိုင်ကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။

“ကျွန်မတို့သေချာပေါက်တိုက်ခိုက်လိမ့်မယ်ဆိုတာ သူတို့သိတယ်”

“နေမဝင်အင်ပါယာအနေနဲ့ မြောက်ပိုင်းနယ်မြေရဲ့ဂိုဏ်းဂဏတွေကိုသိမ်းပိုင်ချင်ရုံတင်မကဘဲ ချေဖျက်လို့မရနိုင်တဲ့ရန်ငြိုးရန်စရှိထားဖူးတဲ့လူတစ်ယောက်လည်းရှိတယ်လေ”

ထိုစကားကိုကြားသော် ယဲ့ချိုးပိုင်လည်းသူ့ကိုယ်ဴသူလက်ညှိုးထိုးပြလိုက်သည်။

“သူတို့က ငါ့ကိုမျှားခေါ်နေတာလို့ပြောချင်တာလား”

အားလုံးက ယဲ့ချိုးပိုင်ကိုကြည့်လိုက်ကြသည်။ သူတို့လည်း ယဲ့ချိုးပိုင်အကြောင်းကို ကြားသိထားပြီးဖြစ်၏။

ဟုန်ရင်ကခေါင်းညိတ်ပြရင်း တစ်ဖန်ခေါင်းခါလိုက်ပြန်လေသည်။

“ဖြစ်နိုင်ပါတယ် ဒါပေမဲ့ ကျွန်မနားမလည်တာက သူတို့ဘက်က ဆရာတူအစ်ကိုတိုက်ခိုက်လာလိမ့်မယ်လို့ဘာလို့ထင်ရတာလဲ။ ဆရာတူအစ်ကိုသာမသွားဘူးဆိုရင် သူတို့အစီအစဉ်လည်းကျရှုံးမှာပဲကို။ ကျွန်မ အဲ့ဒါကိုတွေးမရတာ”

ဟုန်ရင်က တစ်ဖက်လူ၏ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်ခဲ့သည်။ သို့သော် နေမဝင်အင်ပါယာ၏ပစ်မှတ်ကိုတော့မသိရှာပေ။

နေမဝင်အင်ပါယာ၏ပစ်မှတ်က လုချန်ရှန်းကိုမျှားခေါ်ရန်အတွက်ဖြစ်ပြီး လုချန်ရှန်း၏ရည်ရွယ်ချက်ကိုသိရဖို့အတွက် ယဲ့ချိုးပိုင်မဟုတ်ဘဲ နင်းချန်ရှင်းကိုပစ်မှတ်ထားကြလိမ့်မည်ဟုတော့ မည်သူမှထင်မထားကြပေ။

သူတို့၏အဓိကပစ်မှတ်မှာ လုချန်ရှန်းဖြစ်၏။

သူတို့၏ဆရာက ပျင်းလွန်းအားကြီးသဖြင့် ပြဿနာရှာရသည်ကိုမကြိုက်ကြမှန်းမသိကြရှာပေ။

နင်းချန်ရှင်းကပြောလိုက်၏။

“ကျွန်တော်တို့အချိန်ဆွဲနေလို့မဖြစ်ဘူး။ ဆရာတူအစ်ကိုမသွားနဲ့။ ကျွန်တော်ပဲသွားလိုက်မယ်”

ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်လေသည်။

“သတိထားဦး”

ဝူဒီရှီကလည်းပြောလာလေသည်။

“မင်းနဲ့အတူလိုက်မဲ့လူတွေကိုငါစီစဉ်လိုက်ဦးမယ်”

ဤသို့ဖြင့် သူတို့လည်း ထောက်ပံ့ရေးအသင်းတစ်ခုကို အတည်ပြုဖွဲ့စည်းလိုက်ပြန်သည်။ ထိုအဖွဲ့၏ခေါင်းဆောင်မှာ နင်းချန်ရှင်းဖြစ်၏။

ကျန်လူများမှာ မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်ဆောင်၊ ကျန်းချောင်မြန်၊ လျန််ဖန်းနှင့်အခြားလူများဖြစ်၏။

သူတို့အဖွဲ့ဟာ ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းမှ မှောင်ရိပ်ခို၍ထွက်လာခဲ့ပြီး အခင်းဖြစ်ရာနေရာကို ဦးတည်လိုက်လေသည်။

အခင်းဖြစ်ပွါးရာနေရာမှာ မိုးပြာရောင်ကောင်းကင်တောင်တန်းနယ်မြေနှင့် မလှမ်းမကမ်းတွင်ရှိနေသော မိုးပြာရောင်ကောင်းကင်မြို့တော်ဖြစ်၏။

မိုးပြာရောင်မြို့တော်မှာ မိုးပြာရောင်ကောင်းကင်ဂိုဏ်း၏အာဏာအောက်တွင် ရှိခဲ့သော်ငြား ယခုတော့ နေမဝင်အင်ပါယာ၏အခြေစိုက်စခန်းများထဲက တစ်ခုဖြစ်သွားလေပြီ။

ထျန်ချင်းမြို့တော်၏အပြင်ဘက်ကိုရောက်လာချိန်မှာ သူတို့အားလုံးဒေါသူပုန်ထသွားရလေသည်။

မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်၏မျက်နှာဆိုလျှင် ဒေါသကြောင့်နီမြန်းနေချေသည်။ မြို့နံရံကြီးမှာ စုတ်ပြတ်သတ်နေပြီး မြို့တော်ထဲတွင် မြောက်များလှစွာသာမှော်နက်အရှိန်အဝါများက ကောင်းကင်ထိတိုင် တလူလူမြင့်တက်နေသည်။

မှော်နက်ဝိညာဉ်များက ထိုမှော်နက်အရှိန်အဝါများကြားက ဟိန်းဟောက်လိုက်ပေသည်။

သို့သော် မြို့တော်ထဲတွင် သရဲတစ္ဆေများ၏အော်သံတင်ရှိနေခြင်းမဟုတ်။ စူးစူးရဲရဲအော်ဟစ်သံများကိုလည်း သုံးကြိမ်ဆက်တိုက်ကြားလိုက်ရသည်။

ဒေါသထွက်ဖို့အကောင်းဆုံးကတော့ မြို့နံရံကြီးနားတွင် လူသားများ၏ဦးခေါင်းများဖြင့်ပြည့်နှက်နေခြင်းပင်။

လူသားဦးခေါင်းများဟာ ပြိုကျသွားပြီဖြစ်သောမြို့နံရံတစ်ဝိုက်မှာ သွေးများယိုစီးလျက်သား ရှိနေချေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset