အာကာသနတ်ဘုရားအဆင့်ဝံပုလွေဖြူသုံးကောင်မှာ မဟူရာ့လက်ချက်ဖြင့် အသာလေးအသက်ပျောက်သွားရရှာသည်။
ယခုအချိန်တွင် မဟူရာ့၏ခန္ဓာကိုယ် မည်မျှသန်မာနေပြီဖြစ်ကြောင်းသိနိုင်လေသည်။ သူဟာ အာကာသနတ်ဘုရားအဆင့်ပညာရှင်တစ်ယောက်ကိုပင် သုတ်သင်နိုင်လေသည်။
သို့သော် ယခုမူကား မဟူရာသည် အသိစိတ်လွတ်နေချေပြီ။ သူ့စိတ်ဝိညာဉ်အတွင်းနက်နက်ထဲအထိဝင်ရောက်နေသောနာကျင်မှုမှာ သူ့စိတ်အစဉ်ကလာနေခြင်းဖြစ်၏။ ထိုနာကျင်မှုကြောင့် သူ၏ဆင်ခြင်တုံတရားများ လုံးဝကင်းမဲ့သွားရသည်။
လက်ရှိအချိန်တွင် မဟူရာမှာ တိုက်ခိုက်လိုသောစိတ်တစ်ခုသာရှိတော့သည်။
သတ်ပစ်…
သူ ရှေ့ကိုဆက်ချီတက်ပြီး သားကောင်ကိုရှာဖွေချင်နေပေသည်။
“သတ်ပစ် သတ်ပစ်”
မဟူရာ၏မျက်ဝန်းထဲတွင် မှော်နက်မိစ္ဆာချီစွမ်းအင်များဖြင့် ပြည့်နှက်နေပေသည်။ ထို့နောက် ရေခဲလွင်ပြင်ကြီး၏အတွင်းပိုင်းဆီသို့ ဖြည်းဖြည်းချင်းလျှောက်လှမ်းသွားလေတော့သည်။
တစ်ချိန်တည်းမှာပင် နေမဝင်အင်ပါယာ၌ အဘိုးကြီးနှစ်ယောက်ပြန်ရောက်လာပြီဖြစ်၏။
နေမဝင်အင်ပါယာ၏နန်းတော်ထဲတွင် ခေါက်ယပ်တောင်လေးကိုကိုင်ဆောင်ထားသော အမျိုးသားတစ်ယောက်က မူလကဟွမ်းယီထုံ၏အပိုင်ဖြစ်သောနေရာတွင် ထိုင်နေပေသည်။
ဟွမ်းယီထုံ၏အမူအရာကား တည်ငြိမ်နေချေသည်။ ထိုကိစ္စနှင့်ပတ်သက်၍ သူ စိတ်ထဲထည့်မထားဟန်ပင်။
အကြောင်းအရင်းမှာ ထိုလူ၏သရုပ်မှန်ကို သူသိထားပြီးသောကြောင့်ဖြစ်သည်။ ထိုလူဟာ အထက်ဘုံကဖြစ်သည်။
တိုင်းပြည်၏အုပ်ချုပ်သူတစ်ယောက်အနေနှင့် ဟွမ်းယီထုံကလည်း ထိုဘုံများနှင့်ပတ်သက်ပြီးကြားသိထားသည်မှာ သဘာဝကျသည်။
ရှေးယခင်ခေတ်များတုန်းက ကန္တာရနယ်မြေရှိလူများကို လတ္တီတွဒ်မြင့်သောဘုံဆီသို့ခေါ်ဆောင်သွားရန်အလို့ငှာ တိမ်လွှာဖီးနစ်အင်ပါယာက ကျင့်ကြံရေးနယ်ပယ်ကိုတိုးချဲ့ရန်အတွက် ကြံဆောင်ခဲ့ကြသည်။ သို့မှသာ သူတို့၏သက်တမ်းများလည်း ပိုရှည်နိုင်မည်ဖြစ်၏။
သို့ဖြစ်လေရာ သူတို့က ကောင်းကင်ဘုံလမ်းမကိုတိုက်ခိုက်ရန်အတွက် လက်မတွန့်ခဲ့ကြပေ။
ကောင်းကင်ဘုံလမ်းမကိုတိုက်ခိုက်ခဲ့သည့် ထိုစစ်ပွဲတွင် တိုက်နယ်တစ်ခုလုံးပေါ်ရှိဂိုဏ်းဂဏကြီးများနှင့် တော်ဝင်မိသားစုပေါင်းများစွာ ပါဝင်ခဲ့ကြသည်။ သို့သော် အဆုံးမှာတော့ ကျရှုံးခဲ့ရသည်သာ။
ထိုတိုက်ပွဲကြီးပြီးဆုံးသွားပြီးနောက် ကန္တာရနယ်မြေကြီးလည်း အရေးနိမ့်ခဲ့ရပြီး မြောက်များလှစွာသောဂိုဏ်းများနှင့် တော်ဝင်မိသားစုများလည်း သေကြေပျက်စီးခဲ့ကြရသည်။ အမွေအနှစ်ပေါင်းများစွာလည်း ဖျက်ဆီးခံခဲ့ရသည်။
ရလဒ်အနေနှင့် ဤတိုက်နယ်ကြီး၏သိုင်းပညာအဆင့်လည်း နိမ့်ပါးသွားရသည်။
သို့သော် ယခုမူ… အထက်ဘုံမှလူက ရောက်ချလာလေပြီ။
ဟွမ်းယီထုံအနေနှင့် ဤအခွင့်အရေးကိုအမိအရဆုပ်ကိုင်၍ နေမဝင်အင်ပါယာကို အထက်ဘုံဆီသို့ပို့ဆောင်ပြီး တိုးတက်ကြီးပွားလာစေချင်သည်။
ဟွမ်းယီထုံလည်း ခေါက်ယပ်တောင်ကိုင်ဆောင်ထားသောလူကို ဆန်းကြယ်သောအမူအရာဖြင့်ကြည့်လိုက်မိသည်။ အထက်ဘုံနှင့်ပတ်သက်ပြီး သူကောင်းကောင်းသိထားသည်။
ထိုကမ္ဘာတွင် လူတစ်ယောက်၏အဆင့်က အတိုင်းအတာတစ်ခုအထိရောက်သွားပါက ထပ်မံတိုးတက်အောင်လုပ်ဖို့မလိုတော့ဘဲ အထက်ဘုံသို့တက်လှမ်းနိုင်လေသည်။
ဗုဒ္ဓအကြီးအကဲနှစ်ယောက် ပြန်ရောက်လာလေသည်။
ခေါက်ယပ်တောင်ကိုင်ထားသောလူက အပြုံးလေးဖြင့်မေးလိုက်သည်။
“အခြေအနေဘယ်လိုရှိလဲ”
မုတ်ဆိတ်ရှည်နှင့်အဘိုးကြီးက လက်အုပ်ချီလျက် တလေးတစားလျှောက်တင်လေသည်။
“သူ့တပည့်သုံးယောက်စလုံး မြောက်ပိုင်းမဟာမိတ်အဖွဲ့ထဲမှာရှိနေတယ်ဆိုတာကို ကျွန်တော်တို့အတည်ပြုပြီးပါပြီ”
ဟွမ်းယီထုံကလည်း သိချင်စိတ်ဖြင့်ဝင်မေးလာလေသည်။
“”ဒါဆို သူတို့သုံးယောက်ကို ဘာလို့တန်းမဖမ်းလိုက်တာလဲ”
“စီနီယာနှစ်ယောက်က အာကာသနတ်ဘုရားအဆင့်ပညာရှင်တွေပဲလေ။ သူတို့သုံးယောက်ကိုဖမ်းဖို့ဆိုတာအလွယ်လေးပါ”
ထိုသုံးယောက်ထဲတွင် ယဲ့ချိုးပိုင်လည်းပါဝင်နေကြောင်း သူသိထားပြီးသားပင်။
ယဲ့ချိုးပိုင်နှင့်နေမဝငိအင်ပါယာကြားရှိရန်ငြိုးမှာ ဖြေဖျောက်၍မရတော့ပေ။ တစ်ဖက်ဖက်ကသေမှသာ အဆုံးသတ်နိုင်တော့မည်သာ။
ထို့ကြောင့် ဟွမ်းယီထုံ ထိုမေးခွန်းကိုကြောင့်ကြတကြီးမေးလိုက်ခြင်းပင်။ ခေါက်ယပ်တောင်ကိုင်ထားသောလူက ပြုံးသာပြုံးနေပြီး ဘာမှပြန်မပြောပေ။
မုတ်ဆိတ်ရှည်နှင့်အဘိုးကြီးက ဟွမ်းယီထုံကိုကြည့်၍ ရှင်းပြလိုက်သည်။
“ခေါင်းဆောင်ယန်နဲ့လင်းရူဖန်တို့ကိုယ်တိုင်ရောက်ချလာတာကိုအသာထားဦး”
“ငါတို့တကယ်စိုးရိမ်နေတာက သူတို့နောက်မှာရှိတဲ့လူက သူတို့သုံးယောက်ရဲ့ဆရာပဲ”
“အဲ့ဒီလူကအမှောင်ထဲမှာရှိနေတာသာဆိုရင် ငါတို့တိုက်ခိုက်လိုက်တာနဲ့ ရည်မှန်းချက်မအောင်မြင်ရုံတင်မကဘူး။ ထိခိုက်နစ်နာမှုတွေလည်း ကြီးမားသွားလိမ့်မယ်”
ဟွမ်းယီထုံ မျက်မှောင်ကြုတ်လိုက်မိသည်။
“ဖြေရှင်းဖို့နည်းလမ်းမရှိဘူးဆိုတဲ့သဘောလား”
ထိုစကားကိုကြားသော် ခေါက်ယပ်တောင်ကိုင်ထားသောလူက ခိုးခိုးခစ်ခစ်ရယ်၍ ခေါင်းခါပြလာသည်။
“မဟုတ်ဘူး”
“သူတို့သုံးယောက်ကို ငါတို့ပေါ်တင်မဖမ်းနိုင်ဘူးဆိုရင်တောင် နောက်ကွယ်ကနေ တိတ်တိတ်လေးအစီအစဉ်ဆွဲလို့ရတယ်လေ”
“အဲ့လိုခွန်အားမျိုးရှိတဲ့လူအနေနဲ့ ငါ့ကိုတစ်ချိန်လုံးလိုက်ကြည့်နေဖို့ဆိုတာဖြစ်နိုင်ဘူးလေ”
မုတ်ဆိတ်ရှည်နှင့်အဘိုးကြီးက ဆက်ပြောလာသည်။
“အော်မီတောဖော… ကျွန်တော့်မှာအစီအစဉ်တစ်ခုရှိတယ်”
“အိုး ပြောပြပါဦး”
“နင်းချန်ရှင်းကိုအသုံးချလိုက်”
နင်းချန်ရှင်းကိုအသုံးချရမယ်တဲ့လား။
အားလုံးလည်း မုတ်ဆိတ်ရှည်နှင့်အဘိုးကြီးကို လှည့်ကြည့်လိုက်မိကြသည်။
ထိုအဘိုးကြီးက စကားစလာသည်။
“နင်းချန်ရှင်းရဲ့တာအိုနှလုံးသားက သေမျိုးတွေငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့ ကမ္ဘာကြီးကိုငြိမ်းချမ်းစေချင်နေတာ”
“ကျုပ်တို့တွေ သေမျိုးကျင့်ကြံသူတွေကို သုတ်သင်ပစ်မယ်ဆိုရင် သူလည်းအေးဆေးတည်ငြိမ်မှုတွေပျောက်ဆုံးသွားပြီး ကူညီပေးဖို့ စစ်ကူတွေခေါ်လာမှာပဲ”
“အဲ့ဒီအချိန်ကျရင် ကျုပ်တို့တွေ အလင်းရဲ့အလျင်နဲ့ နင်းချန်ရှင်းကိုဖမ်းလိုက်ရုံပဲ”
မုတ်ဆိတ်ရှည်နှင့်အဘိုးကြီး၏စကားများကိုကြားသောအခါ သူတို့၏စိတ်ထဲ ကတုန်ကယင်ဖြစ်သွားကြလေသည်။
ထင်ထားသည့်အတိုင်း ဗုဒ္ဓဂိုဏ်းတော်မှလူများက ရင်ဆိုင်ဖို့မလွယ်ကူလှပေ။
လူတိုင်း၏စိတ်နှလုံးထဲတွင် ဗုဒ္ဓကျင့်ကြံသူများက သနားကြင်နာတတ်ပြီး ကမ္ဘာကြီးကိုကယ်တင်ဖို့နည်းလမ်းရှာဖွေကြသူများဟု သိထားကြသည်။ ယခုမူ ထိုလူက သေမျိုးကျင့်ကြံသူများကိုသတ်ဖြတ်ပစ်မည်ဖြစ်ကြောင်း ပြောလာလေသည်။
ဟွမ်းထျန်းမင်က တခစ်ခစ်ရယ်မောလိုက်သည်။
“ထင်ထားတဲ့အတိုင်း ဗုဒ္ဓဂိုဏ်းတော်က မကောင်းဆိုးဝါးကျင့်ကြံသူတွေနဲ့တောင်ပိုတူသေးတယ်”
မုတ်ဆိတ်ရှည်နှင့်အမျိုးသား၏အနောက်ရှိ အဘိုးကြီးကမူ မျက်မှောင်ကြုတ်လျက် ဒေါသတကြီးအော်ဟစ်လိုက်ပေသည်။
“လက်ရှိအခြေအနေအတွက် ဒီနည်းကအသင့်တော်ဆုံးပဲကွ။ မင်းကများဗုဒ္ဓဂိုဏ်းတော်ကို အသရေဖျက်ရဲတယ်ပေါ့”
ထိုစကားကိုကြားသော် ဟွမ်းထျန်းမင်ကနှာမှုတ်လိုက်သည်။
“အသေရေဖျက်တာတဲ့လား။ အသရေဖျက်တာဟုတ်မဟုတ် ခင်ဗျားတို့ထိပ်ပြောင်မြည်းတွေကပိုသိမှာပေါ့ မဟုတ်ဘူးလား”
ဟွမ်းယီထုံ၏အမူအရာကား ပြောင်းလဲသွားလေသည်။ သူဟာ ဟွမ်းထျန်းမင်ကို ဆက်မပြောပါရန်အချက်ပြလိုက်သည်။ သို့သော် ဟွမ်းထျန်းမင်ကတော့နားမထောင်ချေ။
အခြားလူများက ဗုဒ္ဓဂိုဏ်းတော်၏ခွန်အားကိုကြောက်ရွံ့ကြသည်။ သူကတော့ မကြောက်ပေ။
ရှေးယခင်ခေတ်များတုန်းက ကြောက်မက်ဖွယ်အကောင်းဆုံးအရာမှာ ဗုဒ္ဓဂိုဏ်းတော်လည်းမဟုတ်သလို တိမ်လွှာဖီးနစ်အင်ပါဟာလည်းမဟုတ်။ မကောင်းဆိုးဝါးကျင့်ကြံသူများပင်။
ဟွမ်းထျန်းမင်ကလည်း သဘာဝကျကျပင် ဗုဒ္ဓဂိုဏ်းတော်ကိုမကြောက်ချေ။
မုတ်ဆိတ်ရှည်နှင့်အဘိုးကြီးက ဒေါသထွက်နေသောအဘိုးကြီးကိုထိန်းထားလိုက်ပြီး သက်ပြင်းခပ်ဖွဖွချလိုက်သည်။
“အော်မီတောဖော… ကျုပ်အပြစ်ကိုကျုပ်သိပါတယ်။ ဒါပေမဲ့မတတ်နိုင်ဘူးလေ။ မင်း နားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်”
ဟွမ်းထျန်းမင်ကနှာမှုတ်၍ ခေါင်းကိုခါရမ်းလိုက်လေသည်။
“ဟမ့်… လေလုံးထွားနေလိုက်ပုံများ… ဗုဒ္ဓကျင့်ကြံသူတွေက မကောင်းဆိုးဝါးကျင့်ကြံသူတွေထက်တောင်ပိုဆိုးဝါးသေးတယ်”
သဘောထားကွဲလွဲမှု အရှိန်မြင့်တက်စပြုလာသည်ကိုမြင်သောအခါ ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက ပလ္လင်ပေါ်တွင်ထိုင်ချလိုက်ပြီး အသာအယာချောင်းဟန့်လိုက်သည်။
အရှိန်အဝါတစ်ခုက ချက်ချင်းပင် ခန်းမထဲပြည့်နှက်သွား၏။
ထိုအရှိန်အဝါကိုခံစားမိလိုက်သောအခါ လူတိုင်းတုံ့ခနဲရပ်တန့်သွားကြပြီး ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားကို မယုံကြည်နိုင်သောအကြည့်မျိုးဖြင့် ကြည့်လိုက်ကြသည်။
ဤအရှိန်အဝါမှာ…
ထင်ထားသည့်အတိုင်း အထက်ဘုံမှပါရမီရှင်တစ်ဦးဖြစ်ထိုက်ပါပေသည်။
“ကောင်းပြီ။ အစီအစဉ်ကိုအတည်ပြုပြီးပြီဆိုတော့ အကျိုးသက်ရောက်မှုရှိနေသရွေ့ လုပ်သာလုပ်ကြည့်လိုက်”
“ဒီနေရာမှာ အချင်းများနေလည်းအလကားပဲ။ မင်းတို့ရဲ့ဆန္ဒကဘာလဲဆိုတာမမေ့ကြနဲ့”
“ဒီစစ်ဆင်ရေးကိုသာ ငါအောင်မြင်ခဲ့တယ်ဆိုရင် ငါ့ဆရာနဲ့တခြားလူတွေကို ကူပြောပေးမယ်”
ထိုစကားများကိုကြားသော် လူတိိုင်းစိတ်လှုပ်ရှားသွားကြလေသည်။
ဆယ်ရက်ကြာသော်…
မိုးပြာရောင်ကောင်းကင်တောင်တန်းနယ်မြေအတွင်းရှိ ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းတွင် ဘာစစ်ပွဲမှဖြစ်ပွားနေခြင်းမရှိ။
သို့သော် မိုးပြာရောင်ကောင်းကင်တောင်တန်းနယ်မြေ၏အပြင်ဘက်နှင့် အခြားနေရာများမှာတော့ မြောက်ပိုင်းဒေသမှလာသော အလွန်အမင်းဒေါသထွက်ချင်စရာသတင်းတစ်ခု ပျံ့နှံ့သွားလေသည်။
နေမဝင်အင်ပါယာသည် အားနည်းသောကျင့်ကြံသူများကို အမဲလိုက်သတ်ဖြတ်နေသည်ဟူသောသတင်းပင်။ ဘာကျင့်ကြံစဉ်မှမရှိသည့် သေမျိုးများလည်းပါဝင်လေသည်။
အကြောင်းပြချက်ကတော့ သူတို့ဟာ နေမဝင်အင်ပါယာကိုအညံ့မခံလိုကြသဖြင့် ရက်ရက်စက်စက်သတ်ဖြတ်ခံလိုက်ရသည်တဲ့။ ထိုသတင်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့ဆီကိုပြန့်သွားချေသည်။
အစည်းအဝေးခန်းမထဲရှိလေထုကား အလွန်အမင်းတင်းမာနေလေသည်။ လူတိုင်းက မျက်မှောင်ကြုတ်ထားကြ၏။
ယွင်ကျင်းက အစီအရင်မျက်နှာပြင်ကို ရုတ်တရက်ရိုက်ချလိုက်၏။ ထိုအခိုက်အတန့်တွင် အစီအရင်မျက်နှာပြင်လည်း ကွဲအက်သွားရှာလေသည်။
“လွန်လွန်းနေပြီ။ နေမဝင်အင်ပါယာက ရာရာစစဒါမျိုးလုပ်ရဲသလား”
“ဒီလိုတွေလုပ်လို့ ဒဏ်ခတ်ခံရမှာမကြောက်ကြဘူးလား”
အရာရာတိုင်းတွင် အကြောင်းနှင့်အကျိုးဒွန်တွဲနေချေသည်။
ကျင့်ကြံရေးလောကတွင် ကံကံ၏အကျိုးကို အလွန်အလေးထားကြသည်။
ကျင့်ကြံစဉ်များကြောင့်ဖြစ်စေ ဖုတ်ကောင်များကိုသန့်စင်ရန်အတွက်ဖြစ်စေ ထိုကဲ့သို့သောလုပ်ရပ်များကို မကောင်းဆိုးဝါးကျင့်ကြံသူများပင် လွယ်လင့်တကူကျူးလွန်၍မဖြစ်။
နေမဝင်အင်ပါယာကတော့ တွေ့သမျှနေရာတိုင်းမှာ အကြောင်းပြချက်မရှိလိုက်လံသတ်ဖြတ်နေပေသည်။
နင်းချန်ရှင်းကား မျက်နှာမသာမယာဖြစ်နေလေတော့သည်။
ဗုဒ္ဓဂိုဏ်းတော်၏ ယခင်ကလုပ်ရပ်များကို သူပြန်အမှတ်ရလိုက်သည်။ သူ၏တာအိုနှလုံးသားမှ ရည်မှန်းချက်ဟာ သေမျိုးများကောင်းမွန်စွာနေထိုင်နိုင်ရေးပင်ဖြစ်၏။
သိို့မှသာ ဂိုဏ်းတော်များနှင့်မိသားစုများအကြား ပဋိပက္ခများမရှိတော့ဘဲ ကမ္ဘာကြီးတွင်လည်း သတ်ဖြတ်မှုများမရှိတော့မှာဖြစ်၏။
သို့တိုင် နေမဝင်အင်ပါယာကတော့ ယခုလိုလုပ်ရပ်များကိုကျူးလွန်နေဆဲသာ။ သူ သည်းမခံနိုင်တော့ပေ။
ထို့ကြောင့် နင်းချန်ရှင်းက မတ်တတ်ထရပ်လိုက်ပြီး သြရှရှအသံဖြင့်ပြောလာလေသည်။
“ကျွန်တော်တို့ ဒါကိုတားမှဖြစ်မယ်။ အဲ့လိုမှမဟုတ်ရင် မြောက်ပိုင်းနယ်မြေကလူတွေ တိုင်းတာလို့တောင်မရတဲ့ဒုက္ခတွေကိုခံစားကြရလိမ့်မယ်”