ပေ့ထင်ရှင်းအာ၏ စကားကို ကြားသည်တွင် ရီဖူရှင်းက ဆွံ့အရသည်။ အစ်မ၂ကား သူမ၏ကံကြမ္မာကို ဆော့ကစား နေသည်နှင့် တူလှသည်။
“အစ်မရှင်းအာ… တကယ်လို့ အစ်ကို၃က ရောက်မလာခဲ့ရင် အစ်မ၂က ပိုင်လွေလီနဲ့တကယ် လက်ထပ်တော့မှာလား…” ရီဖူရှင်းက မေးသည်။
“တကယ်လို့ အစ်ကို၃က ရောက်မလာခဲ့ရင် အစ်မ၂က ဘယ်လို အကြောင်းပြချက်နဲ့ ငြင်းမလဲ…” ပေ့ထင်ရှင်းအာက သက်ပြင်းချသည်။
လခြမ်းအဆောင်၏ သစ်တောထဲတွင် နှစ်တစ်ထောင် သစ်ပင်ကြီးတစ်ပင် ရှိသည်။ ကျူးကော့မင်းယွီက သစ်ပင်ခြေရင်းတွင် ထိုင်ကာ ကောင်းကင်ထက်မှ လမင်းကို လှပသော မျက်လုံးများဖြင့် ကြည့်နေသည်။ ကော့တေးတွင် ထိုနေ့က သူပြောသော စကားတွင် ကျူးကော့မိသားစုကို လာမည့် အကြောင်းများ ပါသည်။ ယခု သူက ဘယ်ကို ရောက်နေသနည်း။
လခြမ်းက ကောင်းကင်တွင် ထွန်းလင်းနေသည်။ အချိန်များ ကြာမြင့် လာသည်နှင့်အမျှ ကောင်းကင်က ပိုမို မှောင်မည်း လာနေ၏။ ယခု လခြမ်းအိမ်တွင်လည်း သူတို့အချင်းချင်း တွေ့ဆုံခြင်းအပေါ် ပျော်ရွှင်သော ခံစားချက်များ မရှိကြပေ။ ညစာ စားပြီးနောက် ရီဖူရှင်းနှင့် ဟွာဂျီယူတို့အား အစေခံများက နေထိုင်မည့် အဆောင်များကို လိုက်ပို့ ပေးကြသည်။ မည်သို့ဆိုစေ ဟွာဂျီယူက ရီဖူရှင်းနှင့်အတူ လိုက်ပါလာခဲ့သည်။
“ဘာဖြစ်တာလဲ…” ရီဖူရှင်းက သူမ၏နဖူးမှ ဆံနွယ်များကို အသာအယာ သပ်တင်ကာ ဟွာဂျီယူ၏ ဝမ်းနည်းနေပုံရသော မျက်လုံးများကို ကြည့်သည်။ ထို့နောက် သူက ပြောသည်… “မကြာခင် အားလုံး အဆင်ပြေ သွားလိမ့်မယ်…”
“ဒီည ငါနင်နဲ့ အတူ ရှိနေချင်တယ်…” ဟွာဂျီယူက ညင်သာစွာ ပြောသည်။
“ဟင်…” ရီဖူရှင်းက နားမလည်စွာ ကြည့်သည်။
“နင် မလိုလားဘူး ဆိုရင်လည်း ငါသွားတော့မယ်…” ဟွာဂျီယူက ပြောသည်။
“ငါက မလိုလားဘဲ ဘယ်နေပါ့မလဲ…” ရီဖူရှင်းက မြန်ဆန်စွာပင် ဟွာဂျီယူ၏လက်ကို ဆွဲသည်။
“မဟုတ်တဲ့ ကိစ္စတွေ မလုပ်ရဘူး…” ဟွာဂျီယူက ထပ်ပြောသည်။
“ကောင်းပြီ… ငါက ရိုးသား ဖြောင့်မတ်တဲ့သူပဲ…” ရီဖူရှင်းက ထပ်မေးသည်… “မဟုတ်တဲ့ကိစ္စ ဆိုတာ ဘာလဲ….”
ဟွာဂျီယူက ရီဖူရှင်းကို ပြုံးပြကာ အိမ်ရာဘေးကို လျှောက်သွားသည်။ ထို့နောက် သူမက ပြင်ပ ဝတ်ရုံရှည်ကြီးကို ချွတ်လိုက်ကာ စောင်အောက်ကို ဝင်လိုက်သည်။ ရီဖူရှင်း၏ မျက်လုံးများက အရောင်လက် သွားသည်။ ပျော်ရွှင်ခြင်းကား မဖိတ်ခေါ်ဘဲ ရောက်လာလေပြီ။ ကြည့်ရသည်မှာ သူက စိတ်ညစ်နေသည်ကို ဂျီယူက သိသောကြောင့် သူ့အား လာရောက် နှစ်သိမ့်လိုဟန် ရသည်။
ရီဖူရှင်းကလည်း တွေးရင်းနှင့်ပင် မြန်ဆန်စွာ စောင်အောက်ကို ဝင်လိုက်သည်။ ဟွာဂျီယူက သူ့အား ကျောပေး၍ လဲလျောင်းနေရာ ရီဖူရှင်းက သူမအား နောက်မှ သိုင်းဖက် လိုက်သည်။ သူမ၏နူးအိသော ခန္ဓာကိုယ် အထိအတွေ့တွင် ရီဖူရှင်း၏ရင်ဘတ်က နွေးထွေးသွားပြီး နှလုံးခုန် မြန်လာသည်။
ဟွာဂျီယူက ရီဖူရှင်းဘက်ကို လှည့်လာကာ ရီဖူရှင်း၏ လက်များထဲ၌ ခေါင်းတိုးဝင်သည်။ ဟွာဂျီယူက စိတ်မကောင်း ဖြစ်နေသည်ကို ရီဖူရှင်းက ခံစားမိရာ သူမအား တင်းတင်း ပွေ့ဖက်ထားမိသည်။
“ဂျီယူ… ဘာဖြစ်တာလဲ…” ရီဖူရှင်းက ညင်သာစွာ မေးသည်။
“ငါ ဝမ်းနည်းနေတယ်…” ဟွာဂျီယူက တီးတိုးပြောသည်။ အစ်ကို၄ ပြဿနာနှင့် အစ်မ၂တို့၏ပြဿနာတို့ကို ဆက်တိုက် ကြုံတွေ့ခဲ့ရခြင်းက သူမအား စိတ်ပျက် အားလျော့စေခဲ့သည်။ အစ်မ၂ကား သူမတွက် အစ်မအရင်းနှင့် မခြားသောသူ ဖြစ်သည်။ ယခု အစ်မ၂က သည်မျှ ကြီးမားသော ပြဿနာကြီးနှင့် ကြုံတွေ့နေရရာ သူမက မည်သို့ စိတ်မညစ်ဘဲ နေမည်နည်း။
“မကြာခင် အဆင်ပြေ သွားမှာပါ…” ရီဖူရှင်းကလည်း တီးတိုးပြောသည်။
“ငါတို့ကလည်း တစ်ခုခုကြောင့် ခွဲခွာရမှာလား မသိဘူး….”ဟွာဂျီယူက ညင်သာစွာ ပြောသည်။
“ဒါက ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူး…မင်းက ငါ့ဆီက ထွက်ပြေးချင်လို့လား…” ရီဖူရှင်းက သူမကို နှစ်သိမ့်သည်။
“ဒါပေမဲ့ ငါက မကောင်းတဲ့ ခံစားချက်တွေ ရနေတယ်…” ဟွာဂျီယူက ပြောသည်။
“သိပ်အများကြီး မတွေးနဲ့…. မင်းက ခဏတာ စိတ်ညစ်နေတာပဲ ဖြစ်မှာ… ဝန်ကြီးချုပ်ကျိုရဲ့ ဟောကိန်းကို မမေ့နဲ့… မင်းက ငါ့ရဲ့ ဧကရီပဲ…” ရီဖူရှင်းက ခေါင်းငုံ့ကာ ဟွာဂျီယူ၏နဖူးကို ဖွဖွနမ်းသည်။ ဟွာဂျီယူက နက်မှောင်သော မျက်လုံးများဖြင့် ရီဖူရှင်းကို ကြည့်သည်… “နင်က တစ်ခုခု ဆန္ဒရှိနေရင် ငါ့ကို ပြောလေ…” သူမက ထိုသို့ ပြောရင်းက မျက်နှာတွင် ရှက်သွေးများ ဖြန်းလာကာ ခေါင်းငုံ့လိုက်သည်။
“အရူးမလေး…” ရီဖူရှင်းက သူမ၏ဆံပင်များကို ဖွာကာ ပြောသည်… “အိပ်တော့…”
“အင်း…” ဟွာဂျီယူက ညင်သာစွာ ခေါင်းညိတ်သည်။ မကြာမီပင် သူမက ရီဖူရှင်း၏ရင်ခွင်ထဲတွင် အိပ်ပျော်သွားသည်။
***
ပိုင်လွေလီနှင့် ကျူးကော့မင်းယွီတို့ လက်ထပ်မည့် သတင်းက မကြာမီပင် မြေရိုင်းပြည်နယ် တစ်ခုလုံးကို အုတ်အော်သောင်းတင်း ဖြစ်စေအောင် ပျံ့နှံ့သွားခဲ့သည်။
သတင်း ထွက်ပြီး မကြာခင် အင်အားစုများက ရွှမ်းဝူမြို့ နဂါးပတ်တောင်မှ ကျူးကော့အိမ်တော်ကို လာရောက် လည်ပတ်ကာ ဂုဏ်ပြုစကားများ ပြောကြားကြသည်။ မိသားစု တစ်ခုလုံးကလည်း ဧည့်သည်များကို ဧည့်ခံခြင်း၊ နေရာထိုင်ခင်း ပေးခြင်းများဖြင့် အလုပ်များ နေကြသည်။
ရီဖူရှင်းကလည်း မနက်ခင်း အိပ်ရာမှ နိုးသည်နှင့် သူ၏လုပ်နေကျ လေ့ကျင့်ခန်းများ ပညာရပ်များကို ပုံမှန်လေ့ကျင့်သည်။ ဟွာဂျီယူကလည်း အိပ်ရာမှ ထပြီးနောက် ရီဖူရှင်း၏ လှုပ်ရှားမှုများကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူမ၏မျက်နှာတွင် အေးချမ်းသော အပြုံးတစ်ခုကို တွေ့ကြရသည်။ အကယ်၍ သူမတို့နှစ်ယောက်က တစ်နေရာတွင် တိတ်ဆိတ်စွာ နှစ်ယောက်တည်း နေရလျှင် မည်မျှ ကောင်းမည်နည်းဟု သူမက တွေးမိသည်။
ရီဖူရှင်းက သူ၏ လေ့ကျင့်ခန်းများကို အဆုံးသတ် လိုက်သည်။ သူက နောက်လှည့်ကာ ကြည့်လျှင် ဟွာဂျီယူက သူ့အား တိတ်ဆိတ်စွာ ကြည့်နေသည်ကို မြင်သည်… “မင်း နိုးပြီလား…”
“အင်း…” ဟွာဂျီယူက ပြုံးလျက် ခေါင်းညိတ်သည်။
“မင်း မနက်ဖြန်အထိ အိပ်ပျော်နေရင် ဘယ်လောက် ကောင်းလိုက်မလဲ…” ရီဖူရှင်း ပြောသည်။
ဟွာဂျီယူက မျက်လုံးပြူးသွားကာ ရီဖူရှင်းကို ဒေါသတကြီး ကြည့်သည်… “အဲဒါကို သိပ်အများကြီး မတွေးနဲ့…”
ရီဖူရှင်း၏မျက်နှာက ပြိုကျတော့မည့် မိုးသားများနှယ် ဖြစ်သွားသည်။ ပျော်ရွှင်ခြင်းကား အချိန်မတိုင်ခင် ပြန်သွားလေပြီ။
“သွားပါပြီကွာ…” ရီဖူရှင်းက တီးတိုးရေရွတ် လိုက်သည်။
“အခုမှ နောင်တမရနဲ့တော့…” ဟွာဂျီယူက ပြုံးသည်။ အမှန်တကယ်အားဖြင့် သူတို့ နှစ်ယောက်လုံးက အစ်မ၂၏ပြဿနာတွင်သာ အာရုံများနေကြခြင်းသာ ဖြစ်သည်။
“မင်းတို့ နှစ်ယောက် မနေ့က အိပ်ပျော်ကြရဲ့လား…” ကျူးကော့မင်းယွီက ရီဖူရှင်းနှင့် ဟွာဂျီယူထံကို လျှောက်လာသည်ကို မြင်ကြရသည်။
“အစ်မ၂…” ရီဖူရှင်းနှင့် ဟွာဂျီယူတို့က နှုတ်ဆက်ကြသည်။ ရီဖူရှင်းက ပြောသည်… “ကျွန်တော်နဲ့ ဂျီယူက ကျူးကော့မိသားစု အကြောင်းကို ပြောနေကြတာ…. ဒါနဲ့ ကျွန်တော်တို့က အခုထိ ဦးလေးကို သွားမတွေ့ရသေးဘူး… ကျွန်တော်တို့က ဘယ်အချိန် သွားတွေ့သင့်လဲ…”
အစ်မ၂အပေါ် ဖိအားများက တော်ဝင်ကျဲနန်းတော်၊ တိမ်ဖြူမြို့နှင့် ကျူးကော့ မိသားစုထံမှ လာခြင်းဖြစ်သည်။ အမှန်တရားကား သူ၏ကိုယ်ပိုင် သဘောထားထက် ကျူးကော့ မိသားစုကသာ အခရာ ကျပေသည်။ ထို့ကြောင့် ရီဖူရှင်းက ကောင်းကင်မြေရိုင်း အဆင့်မှ နာမည်ကျော် ပုဂ္ဂိုလ်ကြီးကို သွားတွေ့ရန် လိုပေသည်။ ရီဖူရှင်းက ဖြစ်စဉ်တစ်ခုလုံးကို နားလည် သဘောပေါက်ရန် လိုအပ်၏။
သူ၏အစ်ကို၃ကလည်း တစ်လအတွင်း ကျူးကော့ မိသားစုထံကို ရောက်လာရန် ရီဖူရှင်း လိုလားသည်။ အကယ်၍ သူကသာ ရောက်မလာပါက ရီဖူရှင်းက အဆိုးဆုံး အခြေအနေအတွက် ကြိုတင်ပြင်ဆင်ရန် လိုအပ်ပေသည်။
“ဒီနေ့ ရွှမ်းဝူမြို့က အိမ်တော်ကို လာပြီးတော့ လည်ပတ်မည့်လူတွေ အများကြီး ရှိတယ်… မိသားစုက သူတို့ကို ဧည့်ခံဖို့ ဧည့်ခံပွဲ ကျင်းပလိမ့်မယ်… လူတွေ အများကြီးကလည်း အဖေ့ကို သွားပြီးတော့ ဂါရဝပြုကြမယ် ဆိုတော့ မင်းကလည်း သွားသင့်တယ်…” ကျူးကော့မင်းယွီက ပြောသည်။
“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ကြည့်ရသည်မှာ အစ်မ၂က သူ့အား သည်ကိစ္စတွင် ပါဝင်ပတ်သက် စေလိုပုံမရပေ။ မဟုတ်လျှင် ရီဖူရှင်းအား သူမ၏အဖေနှင့် သီးသန့်တွေ့ပေးရန် ခက်ခဲမည် မဟုတ်ပေ။
“သခင်မလေး…” အစေခံမိန်းကလေး တစ်ယောက် လျှောက်လာသည်။ ကျူးကော့မင်းယွီက သူမကို ကြည့်ကာ မေးသည်… “ဘာကိစ္စလဲ…”
“အာခီမီမြို့က မြို့တော်ဝန်သမက်နဲ့ သမီးတို့ ရောက်လာကြပါတယ်…” အစေခံမိန်းကလေးက သတင်းပို့သည်။
“စီနီယာတွေ ရောက်လာ ကြတာလား…” ရီဖူရှင်း၏ မျက်လုံးများ အရောင်လက် သွားသည်။ ကျူးကော့မင်းယွီက ပြောသည်… “သူတို့ကို လွှတ်လိုက်…”
“နားလည်ပါပြီ…” အစေခံမိန်းကလေး ထွက်သွားသည်။ ကျူးကော့မင်းယွီက ပြုံးလျက်ပြောသည်…”မင်းတို့က ဒီကိစ္စကို တော်တော် စိတ်ဝင်စား နေကြတာပဲ…”
“အစ်မ၂… အာခီမီမြို့မှာ အစ်မ၂လည်း မြင်ခဲ့တာပဲ… အစ်ကို၄က သူ့အသက်ကိုတောင် စွန့်ပြီး အာခီမီပြိုင်ပွဲကို ဝင်ပြိုင်ခဲ့တာပဲ… အခု အစ်မ၂နဲ့ အစ်ကို၃က ဒီပြဿနာ ကြုံလာရတယ်… အစ်ကို၄နဲ့ အစ်ကို၅က ဘယ်လိုတွေးမလဲ…” ရီဖူရှင်းက မသက်မသာ ပြုံးသည်။
မကြာမီ လူတစ်စု ရောက်လာသည်။ ရွှီယီနှင့် လျိုဖန်းတို့အပြင် ရွှီယီ၏ဇနီးယူချီလည်း ပါလာကာ သူမတွင်ကား ယခု ကိုယ်ဝန်အရင့်အမာ ဖြစ်နေပြီ ဖြစ်သည်။ သူမက မြို့တော်ဝန်၏သမီး ကိုယ်တိုင်ဖြစ်ကာ ယခု သူမက ကိုယ်လေး လက်ဝန်ဖြင့် ခရီးထွက်လာခြင်းကြောင့် သူမအား စွမ်းအားမြင့် တန်ခိုးရှင်များစွာက ကာကွယ်ရန်လည်း လိုက်ပါ လာကြပေသည်။
“အစ်မ၂…” ရွှီယီ၊ လျိုဖန်းနှင့် တခြားလူများ လျှောက်လာကြသည်။ သူတို့က သတင်းကြားသည်နှင့် အာခီမီမြို့မှ ထွက်ခွာ လာကြခြင်း ဖြစ်သည်။
ကျူးကော့မင်းယွီက သူတို့နှစ်ယောက်အား လျစ်လျူရှုထားသည်။ သူမက ယူချီကို ဆွဲကာ သူမ၏ဘေးတွင် ထိုင်စေလျက်မေးသည်… “ယူချီ… မင်းက သူတို့နှစ်ယောက်နဲ့ ဘာတွေ လိုက်ရှုပ်နေတာလဲ… လာထိုင်…”
“အစ်မ၂… အစ်မက ကျွန်မတို့အတွက် အာခီမီမြို့ကို လာခဲ့တာပဲ… အခု ကျွန်မတို့ကလည်း ဒီအတိုင်း ထိုင်ကြည့်နေလို့ မဖြစ်ဘူးလေ… သတင်းကြားတာနဲ့ ကျွန်မတို့ ချက်ချင်း လာခဲ့ကြတာ…” ယူချီက ညင်သာစွာ ပြောသည်။
ကျူးကော့မင်းယွီက ရွှီယီကို ဒေါသတကြီး ကြည့်သည်… “မင်းက ပြဿနာ လိုက်ရှာနေတာက ရသေးတယ်… အခု ကိုယ်ဝန်ကြီးနဲ့ ယူချီကို ဘာလို့ ဆွဲခေါ်လာရတာလဲ… မင်းက အရိုက်ခံချင် နေတာလား…”
“…” ရွှီယီကား ဆွံ့အရသည်။ သူကား သည်ကိစ္စကို မေးရန်ဟန်ပြင်ပြီးမှ ယခုကဲ့သို့ အဆူအငေါက် ခံနေရသည်။
“အစ်မ၂… ကျွန်တော်တို့က စိတ်ပူပြီး ရောက်လာကြတာ…” လျိုဖန်းက ရှင်းပြသည်။
“မင်းကိုငါ ပြောခိုင်းလို့လား..” ကျူးကော့မင်းယွီက လျိုဖန်းကို ကြည့်သည်။
“ကျွန်တော်…” လျိုဖန်း ဆွံ့အသွားသည်။
ရီဖူရှင်းက ထိုမြင်ကွင်းကို ကြည့်ကာ ပြုံးသည်။
***