အပိုင်း(၆၅၅)

အစ်မ၂၏ဆုံးဖြတ်ချက်

လခြမ်းအိမ်တော် အနီးမှ ပတ်ဝန်းကျင်ကား အလွန် သာယာလှပပေသည်။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့က ထိုနေရာတွင် စောင့်စားနေကြကာ သူတို့အား များစွာသော အစေခံများက ဧည့်ခံပေးကြသည်။ သို့သော်လည်း ရီဖူရှင်းကား သိပ်ပျော်ရွှင်သော အမူအရာ မရှိပေ။ သူက အစ်ကို၄နှင့် ယူချီတို့ကိစ္စကိုပင် ဤမျှ စိတ်ပူခြင်း မရှိခဲ့ပေ။ သည်ကိစ္စက အလွန် အန္တရာယ်များသည်ကို သူသိသည်။

“သခင်မလေး မင်းယွီ ပြန်လာပြီ…” အပြင်မှ အစေခံ တစ်ယောက်၏အသံကို ကြားကြရသည်။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့ကလည်း အပြင်ဘက်ကို လှမ်းကြည့်သည်တွင် မိန်းကလေး နှစ်ယောက် လျှောက်လာသည်ကို မြင်ကြရသည်။ ကျူးကော့မင်းယွီကား အမြဲတမ်း လှပတည်ငြိမ် နေသည်သာ…။ သူမ၏မျက်နှာ အပေါ်မှ​ အပြုံးက တစ်ဖက်လူအား ငြိမ်းချမ်းမှုကို ပေးစွမ်းစေကာ သူမထံတွင် မည်သည့် ထူးခြားမှုမှ မရှိဟု ခံစားရစေသည်။ ဘေးမှ လိုက်ပါလာသူကား ပေ့ထင်ရှင်းအာ ဖြစ်သည်။ သူမကား ပျော်ရွှင်ဟန် မရှိသလို စိတ်ညစ်နေသည့် လက္ခဏာများကိုပင် မြင်ကြရသည်။

“မင်းတို့ ရောက်လာကြပြီ…” ကျူးကော့မင်းယွီက ပြုံးလျက်ပြောသည်။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့ ရောက်လာသည်ကို သူမက အံ့အားသင့်ဟန် မရှိပေ။

“အစ်မ၂…” ရီဖူရှင်း၊ ဟွာဂျီယူနှင့် ယိရှောင်ရှီတို့ သွားရောက် နှုတ်ဆက်ကြသည်။

“ဘာလဲ…” သူတို့၏မူမမှန်သော အမူအရာများကို မြင်သည်တွင် ကျူးကော့မင်းယွီက သူတို့အား ကြည့်ကာ မေးသည်… “မင်းတို့နဲ့ မတွေ့တာ တစ်နှစ်တောင် မပြည့်သေးဘူး… မင်းတို့က ငါ့ကို ဒီလောက် သတိရနေကြတာလား…”

“အစ်မ၂… ကျွန်တော်တို့ ဘာလို့ဒီကို ရောက်လာကြတာလဲ သိတယ် မဟုတ်လား…” ရီဖူရှင်းက သူမ၏ထူးမခြားနားသော အမူအရာကို ကြည့်ကာ မည်သို့ ပြောရမည်မသိပေ။

ကျူးကော့မင်းယွီက ရှေ့ကို လျှောက်လာသည်။ ရီဖူရှင်းနှင့် ကျန်လူများက သူမအတွက် လမ်းဖယ်ပေးကြ၏။ ကျူးကော့မင်းယွီက ထိုင်ခံတွင် ထိုင်ကာ ပြုံးလျက်မေးသည်… “ဒါဆို မင်းသိလား…”

“ဟုတ်ကဲ့…” ရီဖူရှင်းတို့က ခေါင်းညိတ်သည်… “အစ်မ၂က ဘယ်လို ဆုံးဖြတ်ထားလဲ…”

ကျူးကော့မင်းယွီက ရီဖူရှင်းကို ပြုံးလျက်ပြောသည်… “ငါ သဘောတူခဲ့တယ်…”

သူမ၏လေသံကား လေပြည်လေညင်းကဲ့သို့ တည်ငြိမ်ကာ ငြိမ်းချမ်းလွန်းလှသည်။ နှိုင်းယှဉ်ရလျှင် ရီဖူရှင်းနှင့် ကျန်လူများအားလုံး၏ အမူအရာများက ပျက်ယွင်းသွားကြသည်။ ပေ့ထင်ရှင်းအာက အလွန်ဝမ်းနည်းဟန်ဖြင့် ခေါင်းငုံ့သည်။ သူမက အစ်မ၂နှင့်အတူ မိသားစု ခေါင်းဆောင်ထံကို သွားရောက်ခဲ့ရာ ဖြစ်ပျက်ခဲ့သည်များကို သိမြင်ခဲ့ရပေသည်။

“အစ်မ၂… တော်ဝင်ကျဲနန်းတော်က လက်ထပ်ပွဲကို ပြင်ဆင်တယ် ဆိုပေမဲ့ ကျူးကော့မိသားစုက ငြင်းပယ်ရင် တော်ဝင်ကျဲနန်းတော်က ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး… မိသားစုက အစ်မ၂ကို ဖိအားတွေ ပေးနေတာလား…” ရီဖူရှင်းက ထပ်ပြောသည်… “အစ်မ၂က ဒီကိစ္စကို အတင်းငြင်းရင် မိသားစုက ဘာတတ်နိုင်မှာ မို့လို့လဲ…”

“ဒါပေမဲ့ ငါက ဘာလို့ ငြင်းရမှာလဲ…” ကျူးကော့မင်းယွီက ပြုံးလျက်မေးသည်… “ပိုင်လွေလီက ကောင်းကင်မြေရိုင်း အဆင့်၁၀ပဲ… သူက မြေရိုင်းဒေသရဲ့ လူငယ်မျိုးဆက်ထဲမှာ အထွန်းတောက်ဆုံးလည်း ဖြစ်တယ်…ရှန့်ထိုဖြစ်ဖို့ ကံလည်း ပါလာတယ်… ငါက သူ့လိုလူကို ဘာလို့ ငြင်းပယ်ရမှာလဲ…”

“ဒါပေမဲ့ အစ်ကို၃က…” ရီဖူရှင်းက မည်သို့ ပြောရမည် မသိပေ။

“သူတောင်မှ စိတ်မပူတာ မင်းက ဘာလို့ စိတ်ပူနေရတာလဲ…” ကျူးကော့မင်းယွီက မေးသည်။

“သူက ဘယ်လိုလုပ် စိတ်မပူဘဲ နေပါ့မလဲ…”

“သူက တကယ်ပဲ စိတ်ပူတယ်ဆိုရင် ဒီ၅နှစ် ၆ နှစ်တာ ကာလမှ ဘာလို့ တစ်ခါမှ မပေါ်လာတာလဲ… အခု သူဘယ်မှာလဲ…” ကျူးကော့မင်းယွီက မေးသည်။

ရီဖူရှင်း မှင်တက်သွားသည်။

“အစ်မ၂… အစ်ကို၃ က ကိစ္စတစ်ခုခု ရှိလို့နေမှာပေါ့…” ဟွာဂျီယူက ကျူးကော့မင်းယွီ၏ ဘေးတွင် ထိုင်ကာ သူမ၏လက်ကို ဆုပ်ကိုင်၍ ပြောသည်။

“သေချာတာပေါ့…” ရီဖူရှင်းက ခေါင်းညိတ်သည်… “အစ်ကို၃က အရင်တုန်းက ပိုင်လွေလီကို တိုက်ခိုက်ခဲ့ပြီး ရှုံးခဲ့တယ်… သူက စွမ်းရည်တွေ တိုးတက်အောင် ကြိုးစား လေ့ကျင့်နေတာ ဖြစ်ရမယ်… ပိုင်လွေလီကို အနိုင်ယူဖို့ မလွယ်တာ သူသိတယ်… ဒါကြောင့် သူက တစ်နေရာရာမှာ တစ်ခုခု ကြိုးစားနေတာ ဖြစ်ရမယ်…”

“သူ့ကို ပိုင်လွေလီနဲ့ တိုက်ခိုက်ပါလို့ ငါပြောဖူးလို့လား…” ကျူးကော့မင်းယွီက ပြုံးလျက်ပြောသည်။

ရီဖူရှင်းကမည်သို့ ပြောရမည် မသိတော့ပေ…။ ကျူးကော့မင်းယွီ၏ တောက်ပသော မျက်လုံးများကို မြင်သည်တွင် အစ်ကို၃က မူလကတည်းက မှားယွင်းနေကြောင်း သူရိပ်မိလိုက်သည်။

“ဒီ၅နှစ် ၆နှစ် ကာလမှာ သူက တစ်ခါမှ ရောက်မလာခဲ့ဘူး… သူက တိုက်ပွဲတစ်ပွဲပြီးတာနဲ့ ပျောက်သွားခဲ့တယ်… သူက ဘာမှ မသိဘူး…” ကျူးကော့မင်းယွီက ဆက်ပြောသည်… “ငါက အဖေ့ကို ခေါင်းညိတ်ခဲ့ပြီးပြီ… ကျူးကော့မိသားစုက လက်ထပ်ပွဲကို မကြာခင် ကြေညာလိမ့်မယ်… မင်းတို့ရဲ့ အစ်ကိုက ရောက်လာမလား ငါကြည့်မယ်…”

ရီဖူရှင်းက သူ၏အစ်၂ကို ကြည့်ကာ ဟွာဂျီယူကို ကြည့်သည်။ သူက တစ်စုံတစ်ခုကို ရိပ်မိလိုက်ကာ စိတ်ဓာတ် ကျသွားသည်။ သူကလည်း တစ်ချိန်လုံး မှားယွင်းနေခဲ့သည်။ သူ၏အစ်မ၂က မည်သို့သော စိတ်ဓာတ်မျိုး ရှိသည်ကို သူသိသည်။ သူမက ထူးခြားသော စိတ်နေသဘောထား ရှိကာ အချစ်နှင့်အမုန်းကို သေသေချာချာ ခွဲခြားတတ်သည်။ ငယ်ရွယ်စဉ် ကတည်းက အိမ်မှ ထွက်ပြေးခြင်းကို ကြည့်လျှင် သူမ၏ခေါင်းမာသော စိတ်ဓာတ်ကို မြင်တွေ့နိုင်သည်။ အစ်ကို၃က ပိုင်လွေလီကို အနိုင်ရခြင်း မရခြင်းအား သူမက စိတ်ဝင်စားမည် မဟုတ်သည်မှာ သေချာသည်။ အစ်ကို၃က ကျူးကော့မိသားစုကို ရောက်လာသရွေ့ သူမက တခြားကိစ္စများကို လုံးဝ ခေါင်းထဲထည့်မည် မဟုတ်ပေ။

သို့သော်လည်း အစ်ကို၃ကလည်း မာနကြီးကာ ခေါင်းမာတတ်သည်။ ထို့ကြောင့်ပင် ကျူးကော့မင်းယွီ အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ရန် သူ ကြိုးစားလိုသည်။ သူက ပိုင်လွေလီကို စိန်ခေါ်ခြင်းက သူ၏စွမ်းရည်ကို ထုတ်ဖော်ပြသလိုခြင်း မဟုတ်ဘဲ ကျူးကော့မိသားစုအား သူက ကျူးကော့မင်းယွီကို ကာကွယ်နိုင်စွမ်း ရှိကြောင်း ပြသလိုရင်း ပြောဆိုလိုရင်းသာ ဖြစ်သည်။ အစ်မ၂က မိသားစုထံတွင် မျက်နှာပျက်ရမည့် အဖြစ်မျိုး သူမလိုလားခဲ့ပေ။ ထို့ကြောင့်ပင် အစ်ကို၃က မည်သည့်အခါကမှ ကျူးကော့ မိသားစုထံကို ရောက်မလာခဲ့ဘဲ သူ၏စွမ်းရည်များ တိုးတက်ရန်သာ ကြိုးစားနေခဲ့သည်။

“ဒါပေမဲ့…” ရီဖူရှင်းက တစ်စုံတစ်ခု ပြောလိုသည်။ သို့သော် သူက စကားလုံး ရှာမရပေ။

“ဒါပေမဲ့… ဘာလဲ…” ကျူးကော့မင်းယွီက ပြုံးလျက် ထပ်ပြောသည်… “အဲဒီ အရူးက ဘာမှ​မသိဘူး… သူက ဘာမှ မသိမှတော့ငါက လမ်းပြရတာပေါ့… ငါက လက်ထပ်ပွဲကို လက်ထပ်ပွဲကို သဘောတူလိုက်တယ်… နောက်တစ်လမှာ ကျူးကော့မိသားစုက မြေရိုင်းပြည်နယ် တစ်ခုလုံးကို ဖိတ်ခေါ်ပြီးတော့ ဧည့်ခံပွဲ ကျင်းပလိမ့်မယ်…”

“အစ်မ၂… အစ်ကို၃က တကယ်ပဲ ပြဿနာ တစ်ခုခုနဲ့ ကြုံနေတာ ဖြစ်ရမယ်…” ရီဖူရှင်းက စိတ်ပျက်စွာ ပြောသည်။

“သူ့အတွက် ၅နှစ် ၆နှစ်လောက် အချိန်ယူရတဲ့ကိစ္စလား… သူက ပိုင်လွေလီကို အနိုင်မယူနိုင်မချင်း လူလုံးပြမှာ မဟုတ်ဘူး…” ကျူးကော့မင်းယွီက ပြောသည်။ သူမကား သူ့ထံမှ သိပ်များများစားစား တောင်းဆိုသည် မဟုတ်ပေ။ သူက သူမထံကို ရောက်လာရန်သာ လိုအပ်သည်။ သို့သော် ထိုအရူးက ထိုရိုးရှင်းသော အချက်ကို နားမလည်ပေ။

ရီဖူရှင်းကား ဆွံ့အရသည်။ ၅နှစ် ၆နှစ်ကာလကား အမှန်ပင် ကြာမြင့်နေလေပြီ။ အစ်ကို၃က အမှန်ပင် ဘယ်ကို သွားနေရသနည်း။

“အစ်မ၂… အစ်ကို၃က နောက်ဆုံးအထိ ရောက်မလာရင်ရော…” ရီဖူရှင်းက စိတ်လှုပ်ရှားမှုကို ထိန်းကာ မေးလိုက်သည်။ အကယ်၍ အစ်ကို၃သာ ရောက်မလာခဲ့ပါက အစ်မ၂က ပိုင်လွေလီနှင့် အမှန် လက်ထပ် ရပေတော့မည်။

“အခြေအနေက အဲဒီလိုဖြစ်သွားရင်လည်း မင်းတို့ရဲ့ အစ်မ၂က ရက်ရောပြီးတော့ မြေရိုင်းပြည်နယ်မှာ ရှန့်ထိုတစ်ပါး မွေးဖွားလာဖို့ စတေးပေးရတာပေါ့…”

“ကျွန်တော် သဘောမတူဘူး…” ရီဖူရှင်းက အစ်မ၂ကို ကြည့်ကာ ပြောသည်။

ကျူးကော့မင်းယွီက ရီဖူရှင်းနှင့် ဟွာဂျီယူကို ကြည့်ကာ ပြုံးသည်… “တစ်ခါတလေ ငါက မင်းတို့နှစ်ယောက်ကို တကယ်ပဲ အားကျတယ်… အနည်းဆုံး ငါတို့ရဲ့ မောင်ငယ်လေးက အဲဒီအရူးလို မတုံးအဘူး…”

“…” ရီဖူရှင်းက ဟွာဂျီယူ၏လက်ကို ဆွဲကိုင်ကာ ပြောသည်… “ကြည့်ရတာ ကျွန်တော်တို့ ဒီမှာ လောလောဆယ် နေရတော့မယ် ထင်တယ်…”

“ကောင်းပြီ… မင်းတို့ ဒီမှာ ကြိုက်သလောက် နေကြ… မင်းတို့နဲ့လည်း ငါက စကားကြာကြာ မပြောရတာ ကြာပြီ… အသက်ကြီး လာတော့လည်း နောင်တရစရာတွေ များလာတာပေါ့… ငါတကယ် ကော့တေးက အချိန်တွေကို သတိရတယ်…” ကျူးကော့မင်းယွီက ပြုံးလျက် ပြောသည်။

“အစ်၂က နတ်သမီးနဲ့တူတယ်… ဘယ်လိုလုပ် အသက်ကြီးရမှာလဲ…” ရီဖူရှင်းက ကျူးကော့မင်းယွီကို ကြည့်ကာ ပြောသည်။ သူက အပိုပြောခြင်း မဟုတ်ပေ။ တန်ခိုးရှင်များက အလွန်ရှည်လျားသော သက်တန်းကို ပိုင်ဆိုင်ကြသည်။ အထူးသဖြင့် ရှီတန်ခိုးရှင်များက သက်တန်းရှည်ကာ ငယ်ရွယ်နုပျိုကြသည်။ ကျူးကော့မင်းယွီကား ယခင် ကော့တေးမှ အသက်အရွယ်ထက်ပင် ပိုမိုနုပျိုဟန် ရနေသည်။

“အဲဒီအရူးက မောင်ငယ်လေး တစ်ဝက်လောက်ပဲ စကားအပြောအဆို ကောင်းခဲ့ရင်…” ကျူးကော့မင်းယွီက ပြုံးလျက်ပြောသည်…”ရှင်းအာ… အစားအသောက်တွေနဲ့ သေရည်​တွေ ပြင်ဆင်လိုက်… ငါတို့ ထိုင်ပြီး စကားမပြောရတာ ကြာပြီ…”

“ဟုတ်ကဲ့…” ပေ့ထင်ရှင်းအာက ခေါင်းညိတ်ကာ ထွက်သွားသည်။

“အင်း… လျိုဖန်းမရှိတာ ဆိုးတယ်…” ကျူးကော့မင်းယွီက လျိုဖန်း ပြင်ဆင်ပေးသော အစားအသောက်များကို သတိရမိကာ ပြောသည်။

လခြမ်းအိမ်ကား လရောက်အောက်တွင် ငြိမ်သက် တိတ်ဆိတ်နေသည်။ သူတို့က ဝိုင်းဝန်းထိုင်ကာ စကားပြော၍ စားသောက်ကြသည်။ သို့သော်လည်း သူတို့အကြား စကားပြောဆိုနေခြင်း ရှိသည့်တိုင် အားလုံး၏စိတ်များက အပြည့်အဝ ပျော်ရွှင်နေဟန် မရကြပေ။

“အစ်မ၂…နည်းနည်းစားပါဦး…” ရီဖူရှင်းက ကျူးကော့မင်းယွီ၏ ပန်းကန်လုံးထဲကို ဟင်းများ ထည့်ပေးသည်။

ကျူးကော့မင်းယွီက ပြန်ပြောသည်… “ဂျီယူကိုလည်း ထည့်ပေးဦး…”

“ကော့တေးမှာ အစ်ကို၃က အမြဲတမ်း အစ်မ၂ ပန်းကန်ထဲကို ဟင်းတွေ ထည့်ပေးတဲ့ အကြောင်းကို ရီဖူရှင်းက ပြောပြဖူးတယ်… ဒါပေမဲ့ အစ်မ၂က အဲ့ဒီဟင်းတွေကို ဘယ်တုန်းကမှ မကြည့်ဘူးတဲ့… ဒါတွေကို ပြန်စဉ်းစားကြည့်ရင် တကယ် ရယ်မော ပျော်ရွှင်စရာ ကောင်းတယ်…” ဟွာဂျီယူက ပြောသည်။

ကျူးကော့မင်းယွီက ရီဖူရှင်းနှင့် ဟွာဂျီယူကို ပြုံးလျက် ကြည့်သည်။ ထို့နောက် သူမက တူကို ချကာ ပြောသည်… “ငါက အပြင်ကို ခဏလမ်းထွက် လျှောက်ဦးမယ်… မင်းတို့ ဆက်စားကြ…” သူမက ထရပ်ကာ ထွက်သွားသည်။

ဟွာဂျီယူက ကျူးကော့မင်းယွီ ထွက်သွားသည်ကို ကြည့်ကာ စိတ်မကောင်းဟန်ဖြင့် ပြောသည်… “ငါပြောတာ တစ်ခုခု မှားသွားလား…”

“မဟုတ်လောက်ပါဘူး…” ရီဖူရှင်းက ခေါင်းယမ်း၍ ပြောသည်… “ကြည့်ရတာ အစ်မ၂က အစ်ကို၃ကို တကယ် သတိရနေပုံပဲ… သူမကို တစ်ယောက်တည်း ပေးနေလိုက်ပါ…”

“အင်း…” ဟွာဂျီယူက ခေါင်းညိတ်သည်။

“ရှင်းအာ… ဘာတွေ ဖြစ်နေတာလဲ…” ရီဖူရှင်းက ပေ့ထင်ရှင်းအာကို မေးသည်။

“အစ်မ၂က ဘာမှ မပြောပေမဲ့ သူမက တကယ်ပဲ အစ်ကို၃ကို သတိရနေတာ… ပြီးတော့ အစ်ကိုသုံးက ဘယ်လိုလူလဲ နင်လည်း သိတာပဲ… သူက ပိုင်လွေလီကို အနိုင်ယူဖို့ ဘယ်လောက် အချိန်ယူဦးမှာလဲ… ပိုင်လွေလီက တော်ဝင်ကျဲ နန်းတော်ရဲ့ ဆက်ခံသူပဲ… သူက ဘယ်လောက် ထက်မြက်လည်း နင် ပိုသိလိမ့်မယ်… အစ်ကို၃က ပိုင်လွေလီကို မနိုင်မချင်း ရောက်လာမှာ မဟုတ်ဘူး…”

“အစ်မ၂ကလည်း ဒီကိစ္စမှာ ဖိအားတွေ အရမ်းများတယ်… ကျူးကော့မိသားစု၊ တိမ်ဖြူမြို့နဲ့ တော်ဝင်ကျဲ နန်းတော်တို့ အားလုံးက ဒီလက်ထပ်ပွဲကို လိုလားကြတယ်… တော်ဝင်ကျဲ နန်းတော်က အဓိကပဲ… သူတို့က ဒီလက်ထပ်ပွဲကို အခြေပြုပြီးတော့ ရှန့်ထိုတစ်ပါး ပေါ်လာဖို့ ကြိုးစားကြတယ်… ဒါပေမဲ့ ဒါကအစ်မ၂နဲ့ ဘာဆိုင်လို့လဲ… ငါလည်း တကယ် နားမလည်ဘူး…”

***


Comment

Leave a Reply

Options

not work with dark mode
Reset