အပိုင်း(၆၅၄)

လက်ထပ်ပွဲကို ကျွန်​တော် ကန့်ကွက်တယ်

မြေရိုင်းပြည်နယ်၏ အနောက်ဘက်ဒေသတွင် လူနေထူထပ်သော မြို့ငယ်လေးများစွာ ရှိကြပေသည်။ ယခုတွင်ကား လူငယ်တစ်စုက မြို့ငယ်လေးတစ်မြို့၏ လမ်းပေါ်တွင် သွားလာနေကြသည်။ လေပြင်းများက ပတ်ဝန်းကျင်ကို လာရောက် ရိုက်ခတ်သည်တွင် သူတို့က အပေါ်ကို မော့ကြည့်ကြသည်။ ကောင်းကင်ထက်တွင် လူရိပ်တစ်ခုက ကြောက်မက်ဖွယ် ကောင်းသော အမြန်နှုန်းဖြင့် တရိပ်ရိပ် ပြေးလွှားနေသည်ကို မြင်ကြရသည်။

“အဲဒါ ဘာလဲ…” လူငယ်တစ်ယောက်က ရပ်လိုက်ကာ မေးသည်။

“လူတစ်ယောက်နဲ့ တူတယ်…”

“ဒါက ပုံမှန်မဟုတ်တဲ့ အမြန်နှုန်းပဲ… ဒီလိုလုပ်နိုင်ဖို့ ဘယ်လို တန်ခိုးအဆင့်တောင် ရှိတာလဲ… သူက ဘယ်သူလဲ မင်းတို့ မြင်လိုက်လား…”

“ငါက လူရိပ်တစ်ခုကိုပဲ မြင်လိုက်တယ်… ကြည့်ရတာ အဖြူရောင် ဝတ်စုံဝတ်ထားတဲ့ စာပေသမား လူငယ်တစ်ယောက်ပဲ…” သူတို့အုပ်စုက စိတ်ဝင်စားစွာဖြင့် စကားပြော နေကြသည်။

နောက်ထပ် ကွမ်းတစ်ယာညက်ခန့် အချိန်တွင်ပင် မြို့အပြင်သို့ လူတစ်စု ဆင်းသက် လာကြသည်။ သူတို့က အလွန် တန်ဖိုးကြီးမားသော ဝတ်စုံများကို ဝတ်ဆင်ထားရာ အဆင့်အတန်း မြင့်မားသော အသိုင်းအဝိုင်းမှ ဖြစ်ကြောင်း သိနိုင်သည်။ သူတို့အားလုံးတွင် စူးရှသော မျက်လုံးများကို ပိုင်ဆိုင်ကြသည်။ သူတို့အားလုံးက တစ်စုံတစ်ခုကို ရှာဖွေနေသည့်အလား ပတ်ဝန်းကျင်ကို ကြည့်ရှုနေကြသည်။

အနီးအနားမှ ဖြတ်သန်း သွားမိသူတိုင်းက ကျောချမ်းရသည်။ သူတို့ထံမှ ထွက်ပေါ် လာနေသော ကိုယ်ရောင် ကိုယ်ဝါများက အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ဤကဲ့သို့သော ခေါင်သော ဒေသမျိုးတွင် စွမ်းအားလွန် တန်ခိုးရှင်များကို တွေ့မြင်ရန် ခက်ခဲလွန်းပေသည်။ ဤနေရာတွင် အဆင့်အမြင့်ဆုံးများမှာ နိုဘယ်များသာ ဖြစ်ကြသည်။ ယခု သည်အုပ်စု၏ အဆင့်အနိမ့်ဆုံးများမှာ သူတို့မြို့ငယ်လေး၏ အားအကောင်းဆုံးထက်ပင် ကြောက်မက်ဖွယ် ကောင်းနေသေးသည်။

“ဒါက ဘယ်နေရာလဲ…” ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါနှင့် လူငယ်တစ်ယောက်က လူကြီးတစ်ယောက်ကို မေးသည်။

“ကျုပ်တို့က အခု ယွီပြည်နယ် အပြင်ဘက်မှာပဲ… မြေရိုင်းပြည်နယ်ရဲ့ နယ်စပ်ထင်တယ်…” လူကြီး တစ်ယောက်က ပြန်ဖြေသည်။

“ဒီအကောင်က ဘယ်လို ပြေးရမယ်ဆိုတာ သိသားပဲ…” လူငယ်၏မျက်လုံးများက အရောင်လက်သွားကာ သူ့ထံမှ သွေးဆာသော အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူက အေးစက်စွာ ပြောသည်… “ဒါပေမဲ့ ကျုပ်ဆီက တစ်ခုခုကို ယူရဲတဲ့ ဘယ်သူမဆို ကျုပ်က ငရဲပြည်အထိ လိုက်ရှာရရင်တောင် လက်မလျှော့ဘူး… မြေရိုင်းပြည်နယ်မှာ ရှန့်ထိုမရှိတာ တော်တော် ကြာခဲ့ပြီ … ဟုတ်တယ်မလား…”

“အမှန်ပဲ…” သူ့ဘေးမှ တစ်ယောက်က ခေါင်းညိတ်သည်။

“ဆက်ရှာ…” လူငယ်က အေးစက်စွာ ပြောသည်။ တခြားလူများက ခေါင်းညိတ်ကာ ဆက်လက် ရှာဖွေကြသည်။ သူတို့က ယွီပြည်နယ်မှသည် ဤနေရာသို့အထိ တစ်စုံတစ်ယောက် နောက်သို့ လိုက်လာကြခြင်းလည်း ဖြစ်သည်။

***

နဂါးပတ်တောင် ကျူးကော့မိသားစု အိမ်တော်ကား အလွန်ကြီးကျယ် ခမ်းနားသည်။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့ ကျူးကော့မိသားစုခြံထဲ လမ်းလျှောက် လာသည်ကို အားလုံးက မြင်ကြသည်။ သူတို့အားလုံးက ဟွာဂျီယူကို သိကြသည်။ ဟွာဂျီယူကား ကျူးကော့မိသားစုတွင် ၂နှစ်တာမျှ နေထိုင်ခဲ့သော်လည်း ကျူးကော့မိသားစုဝင် ဖြစ်မလာသော အလွန် ချောမောလှပသော မိန်းကလေး ဖြစ်သည်။ သူမက လေ့မကျင့်သော အချိန်များတွင် ကျူးကော့မင်းယွီနှင့်သာ ပြောဆို ဆက်ဆံလေ့ရှိပြီး တခြားလူများနှင့် ကင်းကင်းရှင်းရှင်း နေထိုင်ခဲ့သည်။ ကျူးကော့မိသားစုမှ ပါရမီရှင်များစွာက သူမအား ရယူလိုကြသော်လည်း ကျူးကော့မင်းယွီက မည်သူ့ကိုမှ မျက်နှာသာ မပေးဘဲ တားမြစ်ခဲ့သည်။

ဟွာဂျီယူက ကျူးကော့မိသားစုကို ရောက်ရှိလာသည့် သတင်းက မိသားစုထဲကို မြန်ဆန်စွာ ပြန့်သွားသည်။ ဟွာဂျီယူက သူမတစ်ယောက်တည်း ပြန်လာသည် မဟုတ်ဘဲ​ တော်ဝင်ကျဲနန်းတော်မှ ပါရမီရှင် အဆင့်၁ ရီဖူရှင်းနှင့်အတူ ပြန်လာသည့် သတင်းကလည်း အတူယှဉ်တွဲ ပျံ့နှံ့နေခဲ့သည်။

ဟွာဂျီယူက ရီဖူရှင်းတို့အား ကျူးကော့မင်းယွီ နေထိုင်ရာ လခြမ်းအိမ်သို့ ခေါ်လာခဲ့သည်။ သို့သော်လည်း သူတို့က ကျူးကော့မင်းယွီကို တွေ့ခွင့်မရကြပေ။ ကျူးကော့မင်းယွီက အိမ်တော် ခေါင်းဆောင်နှင့် သွားတွေ့သည်ဟု အစေခံ မိန်းကလေးက ပြောသည်။ ထို့ကြောင့် သူတို့က မိသားစု ခေါင်းဆောင် နေထိုင်ရာ နေရာသို့ ဆက်လက် သွားကြသည်။

လမ်းတစ်လျှောက်တွင် ရီဖူရှင်းက ကျူးကော့မိသားစု၏ နက်ရှိုင်းသော နောက်ခံ အင်အားများကို ခံစားမိသည်။ သည်နေရာ ကိုယ်တိုင်က မြို့ငယ်လေးတစ်မြို့နှင့် တူကာ ကျူးကော့ကလန် အတွင်း၌ များစွာသော ထိပ်သီး စွမ်းအားရှင်များ ရှီကြသည်။ သို့သော်လည်း ရီဖူရှင်းက ထိုအရာများကို စိတ်ဝင်စားရန် အာရုံမရှိပေ။

သူတို့က အတွင်းဘက် အဆောက်အဦများရှိ ကျူးကော့ချန်းဖန် နေထိုင်ရာ နေရာသို့ သွားကြသည်။ ထိုအဆောင် အပြင်ဘက်တွင်ကား များစွာသော အစေခံ မိန်းကလေးများကို မြင်ကြရသည်။ ဟွာဂျီယူက မိန်းကလေးများကို မေးသည်… “အစ်မ မင်းယွီက လေပြင်းအဆောင်မှာ ရှိလား…”

“ဒီမှာပဲ စောင့်ပေးပါ… ကျွန်မက သွားပြီး အကြောင်း ကြားပေးပါ့မယ်…” အစေခံမိန်းကလေးက ဦးညွှတ်ကာ ပြောသည်။ လေပြင်းအဆောင်ကား ကျူးကော့ချန်းဖန်နေထိုင်ရာ နေရာဖြစ်ပြီး မည်သူမဆို ဝင်ရောက်ပိုင်ခွင့်ရှိသော နေရာမဟုတ်ပေ။ ကျုးကော့မိသားစု ခေါင်းဆောင်၏ မိသားစုဝင်များသာ ဝင်ရောက်ခွင့် ရှိသည်။

“ကောင်းပြီ…” ရီဖူရှင်းနှင့် ဟွာဂျီယူတို့က ထိုနေရာတွင် စောင့်ဆိုင်းကြသည်။ အစေခံက အထဲကို ဝင်သွားပြီး မကြာမီ ဟွာဂျီယူထံကို ပြန်လာပြောသည်… “သခင်မလေးက မိန်းကလေး ဂျီယူတို့ကို လခြမ်းအိမ်မှာပဲ စောင့်ဆိုင်းပေးဖို့ မှာကြားလိုက်ပါတယ်… သူမက မကြာခင် ရောက်လာမယ်တဲ့…”

ဟွာဂျီယူ၏ အမူအရာက အနည်းငယ် ထူးဆန်းသွားသည်။ သူမတို့က တော်ဝင်ကျဲ နန်းတော်မှ ကျူးကော့အိမ်တော်သို့ အဘယ်ကြောင့် လာသည်ကို အစ်မ၂က သိရပေမည်။ ပုံမှန်အားဖြင့်ဆိုလျှင် ကျူးကော့မင်းယွီက သူမတို့အား ကိုယ်တိုင် လာရောက် ကြိုဆိုမည်ဖြစ်သည်။ သို့သော်လည်း ကျူးကော့မင်းယွီက လေပြင်းအဆောင်တွင် သေချာပေါက် အရေးကြီးကိစ္စတစ်ခုကို ဆွေးနွေး ပြောဆိုနေဟန် ရသည်။ ရီဖူရှင်းကလည်း တစ်စုံတစ်ခု လွဲမှားနေသည်ကို ခံစားမိသည်။

“ဒါဆိုလည်း အစ်မ၂ရဲ့ အဆောင်ကပဲ စောင့်ကြရအောင်…” ဟွာဂျီယူက ရီဖူရှင်းကို ညင်သာစွာ ပြောသည်။

“အင်း…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူတို့တွင်လည်း တခြားလုပ်စရာ မရှိပေ။ သူတို့က အစ်မ၂ကို တွေ့ဆုံရန် လာကြခြင်းသာ ဖြစ်သည်။

သူတို့အုပ်စုက လခြမ်း အဆောင်ဘက်ကို ပြန်လျှောက် လာကြသည်။ လမ်းတစ်လျှောက်တွင် လူအများအပြားက ကျူးကော့မင်းယွီနှင့် ပိုင်လွေလီတို့ လက်ထပ်ပွဲကို ဆွေးနွေး ပြောဆို နေကြသည်ကို ကြားကြရသည်။ ကလန်တစ်ခုလုံးက တခြားကိစ္စမပြောဘဲ သည်ကိစ္စကိုသာ ပြောဆိုနေခြင်းနှင့်ပင် တူသည်။

ထိုအခိုက်တွင် ရီဖူရှင်းတို့ မျက်နှာချင်းဆိုင်မှ လူတစ်စု လျှောက်လာကြသည်။ သူတို့အုပ်စုကား သူတို့အချင်းချင်း စကားပြောဆိုရင်း​ လျှောက်လာနေကြကာ ရီဖူရှင်းတို့ကို မြင်သည်တွင် သူတို့က ရပ်လိုက်ကြသည်။ ရီဖူရှင်းတို့ကို မြင်သည်တွင် သူတို့ တစ်အုပ်စုလုံးက တိတ်ဆိတ် သွားကြသည်။

ရီဖူရှင်းက သူ့ရှေ့မှ အုပ်စုကို ကြည့်လိုက်သည်။ ထိုအထဲမှ လူအချို့ကို သူသိပေသည်။ ထိုအုပ်စုထဲတွင် တိမ်ဖြူမြို့မှ ပိုင်စီ၊ ကျူးကော့ရှင်းနှင့် ကျူးကော့ပိုင်တို့ ပါပေသည်။ တခြားလူများက ကျူးကော့ မိသားစုဝင်များနှင့် တိမ်ဖြူမြို့မှ လူငယ်များ ဖြစ်ကြဟန်ရသည်။

“ဂျီယူ… မင်းပြန်လာပြီပဲ…” ကျူးကော့ရှင်းက ဟွာဂျီယူကို ကြိုဆိုသည့် သဘောဖြင့် နှုတ်ဆက်သည်။

ကျူးကော့ရှင်းက ဟွာဂျီယူကို ပိုးပန်း လိုနေသည်ကို ကျုးကော့ မိသားစုဝင်တိုင်းက သိကြသည်။ ထို့ကြောင့် သူ၏အပြုအမူကို မည်သူကမှ ထူးဆန်းသည် မတွေးကြပေ။ သူတို့နှစ်ယောက်က အမှန်တကယ် စုံတွဲများ ဖြစ်သွားရန် သူတို့အားလုံး လိုလားကြသည်။ သို့သော်လည်း ဟွာဂျီယူက အမှန်ပင် နောက်တစ်ယောက်၏ ချစ်သူဖြစ်နေခဲ့၏။ ထိုကိစ္စက ကျူးကော့မိသားစု တစ်ခုလုံးအတွက် သဘောမကျစရာ ဖြစ်သွားခဲ့သည်။

ပိုင်စီက သူ့ရှေ့မှ​ ရီဖူရှင်းကို ဒေါသတကြီး ကြည့်နေသည်။ တော်ဝင်ကျဲ နန်းတော်တွင် ထိုသတင်းများကို တမင်ဖြန့်ခဲ့သည်က သူတို့အုပ်စုပင် ဖြစ်သည်။ ရီဖူရှင်းက အမှန်ပင် သည်သတင်းကို ကြားကာ အဆင်အခြင် ကင်းမဲ့စွာ ရောက်လာခဲ့သည်။

ယခု သူတို့ ရပ်နေရာ နေရာကား တော်ဝင်ကျဲ နန်းတော် မဟုတ်ဘဲ ကျူးကော့မိသားစု ဖြစ်သည်။

ယခု ရီဖူရှင်းက သူ၏အစ်ကို ပိုင်လွေလီနှင့် ကျူးကော့မင်းယွီတို့ အကြား မည်သို့ ဝင်ရောက် စွက်ဖက်မည်ကို ပိုင်စီက စိတ်ဝင်စားနေသည်။

ဟွာဂျီယူကား ကျူးကော့ရှင်းကို ဂရုပင် မစိုက်ပေ။ ကျူးကော့ရှင်းက ဝင်ခွင့်စာမေးပွဲ၌ ရီဖူရှင်းကို လှောင်ပြောင် စော်ကားခဲ့ပြီး ကတည်းက ဟွာဂျီယူက ကျူးကော့ရှင်းနှင့် ကင်းကင်း နေခဲ့သည်။

“ရီဖူရှင်း… မင်းက ကျူးကော့ အိမ်တော်မှာ ဘာလုပ်နေတာလဲ…” ကျူးကော့ရှင်းဘေးမှ​ကျူးကော့ပိုင်က ရီဖူရှင်းကို မေးသည်။ သူကား ဝင်ခွင့်စာမေးပွဲတွင် ရီဖူရှင်းနှင့် တွေ့ဆုံပြီး ထွက်ခဲ့ရသည်။

“မင်းက ဘယ်သူလဲ…” ရီဖူရှင်းက ကျူးကော့ပိုင်ကို ကြည့်ကာ မေးသည်။

“မင်း…” ကျူးကော့ပိုင်၏ မျက်နှာက ပျက်ယွင်းသွားသည်။ ရီဖူရှင်းကား သူ့ကို မှတ်သားထားပုံပင် မရပေ။

“အာ… ငါမှတ်မိပြီ… မင်းက ဝင်ခွင့်စာမေးပွဲတုန်းက ဘာအစွမ်းမှ မရှိဘဲ လေထွားခဲ့တဲ့ တစ်ယောက်ပဲ… အခု လေ့ကျင့်တာ ဘယ်လိုနေလဲ…” ရီဖူရှင်းက မဲ့ပြုံးပြုံးလျက်​ မေးသည်။ ကျူးကော့ပိုင်၏ မျက်နှာက ရှက်ရွံ့သော အမူအရာများ ဖြစ်ပေါ်လာသည်။ သူက ပြန်ပြောစရာ စကားမရှိပေ။ ရီဖူရှင်းကား မည်သို့ဆိုစေ လက်ရှိတွင် ပါရမီရှင် အဆင့်၁ဖြစ်သည်။

ကျူးကော့မိသားစုမှ လူတိုင်းက ရီဖူရှင်းကို ဒေါသတကြီး ကြည့်ကြသည်။ ပါရမီရှင် အဆင့်၁ကား အမှန်ပင် ကောလာဟလအတိုင်း ဖြစ်သည်။ ကျူးကော့ မိသာစုထဲတွင်ပင် သူကား အထိန်းအကွပ်မရှိ စကားဆိုသည်။

“နေပါဦး… မင်းတို့က ဒီမှာ ဘာလုပ်နေတာလဲ…” ပိုင်စီက ပြုံးလျက်ပြောသည်… “ငါ့အစ်ကိုနဲ့ ကျူးကော့မိသားစု သခင်မလေးတို့က မကြာခင် လက်ထပ်ကြတော့မယ်… မင်းက သူမကို လာပြီး ဂုဏ်ပြုတာလား… ဒီလောက် အရေးတကြီး လာစရာ လိုလို့လား…”

“အရူး…” ရီဖူရှင်းက ပိုင်စီကို ကြည့်ကာ ပြောသည်။ ပိုင်စီ၏မျက်နှာက အေးခဲသွားကာ ရီဖူရှင်းအား ဒေါသတကြီး ကြည့်သည်။

“အခု မပြုံးနိုင်တော့ဘူး… ဟုတ်တယ်မလား…” ရီဖူရှင်းက လှောင်ပြုံး ပြုံးသည်။ သူက ပိုင်စီနှင့် ဆော့ကစားနေရန် အာရုံမရှိပေ။ ယခုသူ၏ ရည်ရွယ်ချက်က သည်လက်ထပ်ပွဲ မဖြစ်မြောက်ရန် ဖြစ်သည်။

“မင်းရဲ့အစ်ကို ပိုင်လွေလီက အစ်မ၂နဲ့ မထိုက်တန်ဘူး… ငါက ဒီလက်ထပ်ပွဲကို ကန့်ကွက်တယ်…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။

လူအများအပြားက ရီဖူရှင်းကို ကြည့်ကာ အံ့အားသင့် သွားကြသည်။ မြေရိုင်းပြည်နယ် တစ်ခုလုံး၏ အတော်ဆုံးပါရမီရှင် ပိုင်လွေလီက မည်သို့ ကျူးကော့မင်းယွီနှင့် မထိုက်တန်ဘဲ နေမည်နည်း။ ရီဖူရှင်းက ပါရမီရှင် အဆင့်၁ဖြစ်သည့်တိုင် ထိုသို့ မှတ်ချက်ချရန် အဆင့်မရှိပေ။

ရီဖူရှင်းကား ပိုင်စီကို နည်းမျိုးစုံ နှိမ့်ချဆက်ဆံ နိုင်သည်။ သို့သော်လည်း မြေရိုင်းပြည်နယ်တွင် ပိုင်လွေလီနှင့် မသင့်တော်သော မိန်းမမရှိပေ။ ထို့ကြောင့် အားလုံးက သည်လက်ထပ်ပွဲကို သဘောတူကြသည်။

ပိုင်စီက ရီဖူရှင်းကို အေးစက်စွာ ကြည့်သည်။ အချို့သော အကြောင်းအရာများ ကြောင့်သာ မဟုတ်လျှင် ကျူးကော့မင်းယွီက သူ့အစ်ကိုအတွက် ဆိုးဝါးသော ရွေးချယ်မှုတစ်ခုဟု သူက ယုံကြည်သည်။

“လက်ထပ်ပွဲက မင်း ငြင်းပယ်ချင်တိုင်း ငြင်းလို့ရတဲ့ကိစ္စ မဟုတ်ဘူး…” ကျူးကော့ရှင်းက အေးစက်စွာ ပြောသည်… “ပြီးတော့ ပိုင်လွေလီက ကောင်းကင်မြေရိုင်း အဆင့်၁၀ပဲ… သူက အစ်မမင်းယွီနဲ့ လိုက်ဖက်တယ်… ဒါကို ကျူးကော့ တစ်မိသားစုလုံးက သိကြတယ်…”

“အမှန်ပဲ… ကျူးကော့မိသားစုရဲ့ သခင်မလေးက ပညာ အရည်အချင်းရော အဆင်းနဲ့ပါ ပြည့်စုံတယ်… ပိုင်လွေလီက တော်ဝင်ကျဲ နန်းတော်မှာ မင်းရဲ့ စီနီယာပဲ… မင်းက ဘယ်လိုလုပ် အပြောအဆို မတတ်ရတာလဲ…” ကျူးကော့မိသားစုဝင် အချို့က ပြောသည်။ ရီဖူရှင်းက ဟွာဂျီယူကို ရယူသွားရုံမက ယခု ပိုင်လွေလီနှင့် ကျူးကော့မင်းယွီ ကိစ္စတွင်ပင် ဝင်ရောက်စွက်ဖက် လိုနေသည်။ သူတို့က မည်သို့ သည်းခံနိုင်မည်နည်း။

သူ၏ စီနီယာအစ်ကိုက ကျူးကော့မင်းယွီနှင့် အနည်းငယ် ပတ်သက်ရုံမျှဖြင့် ရီဖူရှင်းက သည်ကိစ္စကို တားမြစ်လိုသည်လား။ ဤသို့ဆိုလျှင် အမှန်ပင် ရယ်ဖွယ် ကောင်းပေတော့သည်။

“မြေရိုင်းပြည်နယ်မှာ ဒီလိုပြောတာ မင်းတစ်ယောက်ပဲ ရှိလိမ့်မယ်… ငါ့အစ်ကိုက မိန်းကလေး မင်းယွီနဲ့ မထိုက်တန်ဘူး ဟုတ်လား…” ပိုင်စီက ငေါ့တော့တော့ ပြောသည်။

“ဒါက ပုံမှန်ပဲ…” ရီဖူရှင်းက လေးနက်စွာ ပြောသည်။ ပိုင်လွေလီက မည်မျှ ထူးချွန် ထက်မြက်နေပါစေ သူ၏အစ်မ၂က အစ်ကို၃နှင့်သာ ထိုက်တန်ပေသည်။ သည်ကိစ္စအတွက် အကြောင်းပြချက် မလိုပေ။ တစ်ခုတည်းသော အကြောင်းပြချက်ကား အစ်မ၂နှင့် အစ်ကို၃တို့က အချင်းချင်း ချစ်ခင်စုံမက်နေကြခြင်း ဖြစ်သည်။

“မင်းလည်း တကယ်ပဲ ရယ်စရာ ကောင်းတယ်…” ပိုင်စီက လှောင်ပြောင်သည်။

“ငါက ရယ်စရာ ပြောနေတာ မဟုတ်ဘူး…” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်… “မင်းလို အတ္တကြီးတဲ့လူကို ဒီလိုပြောနေတာ ဘာအကျိုးမှ မရှိဘူး… သွားမယ်…” ရီဖူရှင်းက ထိုသို့ပြောကာ ထွက်သွားသည်။

ပိုင်စီကား ဒေါသထွက်လွန်း ရကား လက်သီးများကိုပင် တင်းတင်း ဆုပ်ထားသည်။ ရီဖူရှင်းကား သူ့ကို အရှက်ခွဲရသည်ကို ပျော်မွေ့နေပုံရ၏။

ရီဖူရှင်းတို့အုပ်စု ထွက်သွားသည်ကို သူတို့အားလုံးက အေးစက်စွာ ကြည့်နေကြသည်။ သို့သော် သူတို့ မည်သို့မှ ပြန်မပြောနိုင်ပေ။ လက်ရှိတွင် ရီဖူရှင်းအား သူတို့က မည်သည့်နည်းနှင့်မှ မယှဉ်နိုင်ပေ။

***


Comment

Leave a Reply

Options

not work with dark mode
Reset