အပိုင်း(၆၅၃)

ရီဖူရှင်း ရောက်ရှိလာခြင်း

ရီဖူရှင်းက ရှီတန်ခိုး ရှင်ကျန့်ကန်းကို ကြည့်ကာ မေးသည် “ဆရာဦးလေး… နန်းတော်က ဘာလို့ ဒီကိစ္စမှာ ဝင်ပါနေရတာလဲ…”

ရှီတန်ခိုးရှင် ကျန့်ကန်းက ကျူးကော့မင်းယွီနှင့် ပတ်သက်၍​ အနည်းငယ် သိသည်။ မည်သို့ဆိုစေ မြေရိုင်းပြည်နယ် တစ်ခုလုံးက ချောမောသော စာပေသမား လူငယ်တစ်ဦးနှင့် ပိုင်လွေလီတို့က မိန်းကလေးတစ်ဦး အတွက် တိုက်ခိုက်ခဲ့ကြသည်ကို အားလုံးက သိထားကြသည်။ ရီဖူရှင်းကား ကျူးကော့မင်းယွီနှင့် ဂူတုံးလျိုတို့၏ ဂျူနီယာလေး ဖြစ်သည်။ သူက ပိုင်လွေလီ၏ ဂျူနီယာ ဖြစ်သော်လည်း ရီဖူရှင်းက သေချာပေါက် ကျူးကော့မင်းယွီဘက်မှ ရပ်တည်မည် ဖြစ်သည်။

“နှစ်တွေ အများကြီး ကြာခဲ့ပြီ… မြေရိုင်းပြည်နယ်က ရှန့်ထိုတန်ခိုးရှင်တစ်ပါး လိုအပ်တယ်…” ရှီတန်ခိုးရှင် ကျင့်ကန်းက ရှင်းပြသည်… “ပိုင်လွေလီက တော်ဝင်ကျဲ နန်းတော်ရဲ့ ဆက်ခံသူဆိုတာ မင်းသိတယ်… ရှီတန်ခိုးရှင် ဝမ်ရှင်းကလည်း ပိုင်လွေလီဟာ ရှန့်ထိုဖြစ်ဖို့ ကံပါလာတယ် ပြောတယ်… ပြီးတော့ ဝမ်ရှင်းကလည်း ဒီတစ်ခုပဲ ခန့်မှန်းနိုင်ခဲ့တယ်… ဒါကြောင့်ပဲ တော်ဝင်ကျဲနန်းတော်က သူ့အပေါ် မျှော်လင့်ချက် ထားနေရတာ…”

“ဒါက ကျွန်တော့်အစ်မနဲ့ ဘာဆိုင်လို့လဲ…” ရီဖူရှင်းက မေးသည်… “ဆရာဦးလေး… ကျူးကော့မိသားစုမှာ သူ့ရဲ့တန်ခိုးကျင့်စဉ်ကို အထောက်အကူပြုတဲ့ တစ်စုံတစ်ခုရှိတယ် ဆိုရင်တောင်မှ နန်းတော်ရဲ့ တပည့်တွေက ဖြောင့်မတ်သင့်တယ်… သူတို့က ဒါကို လိုချင်ရင် မှန်ကန်တဲ့ နည်းလမ်းကို သုံးသင့်တယ်… ဘာလို့ လက်ထပ်ပွဲတစ်ခုကို ခုတုံးလုပ်ချင်ရတာလဲ… ကျွန်တော့်အစ်မကို ဘာလို့ စတေးရမှလဲ…”

“တော်ဝင်ကျဲနန်းတော်က မြေရိုင်းပြည်နယ်မှာ အဆင့်အမြင့်ဆုံး နေရာမှာ ရှိတယ်… သူတို့က ဘာလို့ ဝင်ပါရတာလဲ… ပြီးတော့ ပိုင်လွေလီက ရှန့်ထိုဖြစ်ဖို့ ကံပါလာတယ် ဆိုမှတော့ ဘာလို့ ဒီလိုလုပ်ဖို့လိုတာလဲ…”

ရှီတန်ခိုးရှင် ကျန့်ကန်းက ရီဖူရှင်းကို ကြည့်သည်။ ကြည့်ရသည်မှာ ရီဖူရှင်းက သည်ကိစ္စကို အမှန် စိုးရိမ်နေပုံရ၏။

“ဖူရှင်း… ရှန့်ထိုဖြစ်ဖို့ လမ်းစဉ်ဟာ မင်းထင်သလို မရိုးရှင်းဘူး… တော်ဝင်ကျဲ နန်းတော်က မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေကို မွေးထုတ်ခဲ့တယ်… ဒါပေမဲ့ ဘယ်မျိုးဆက်ကမှ ရှန့်ထိုတစ်ပါး မဖြစ်လာခဲ့ဘူး…” ရှီတန်ခိုးရှင် ကျန့်ကန်းက သူ့အား နားချသည်… “ပြီးတော့ တော်ဝင်လမ်းစဉ်ဟာ မင်းထင်တာထက် အန္တရာယ်များတယ်… မင်းက ရှန့်ထိုဖြစ်ဖို့ အလားအလာ ရှိရင်တောင်မှ ဒါက အတူတူပဲ… မင်းက အရှေ့မြေရိုင်းဒေသက လာတော့ လောင်လင်းအာနဲ့ မိတ်ဆွေဖြစ်ခဲ့တယ်မလား… သူမရဲ့ ဦးလေး အကြောင်းကို မင်းကြားဖူးလား…”

“လောင်ရီထျန်း… ကောလာဟလတွေအရ သူငယ်တုန်းက အပြင်မှာပဲ သေသွားတယ်…” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ပြောသည်။

“လောင်ရီထျန်းက မြေရိုင်းပြည်နယ်မှာ နှစ်တစ်ရာမှာမှ တစ်ခါပေါ်ထွန်းတဲ့ ရှားပါးတဲ့ ပါရမီရှင်ပဲ… သူက ကောင်းကင်မြေရိုင်း အဆင့်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ တက်လှမ်းခဲ့တယ်… သူ့အသက်အရွယ်နဲ့ဆို နောင်အနာဂတ်မှာ သူ့အောင်မြင်မှုက မခန့်မှန်းနိုင်အောင်ပဲ… ဒါပေမဲ့သူလည်း တော်ဝင်လမ်းစဉ်မှာ သေဆုံးခဲ့ရတယ်…” ရှီတန်ခိုးရှင် ကျန့်ကန်းက ပြောသည်… “သူ တစ်ယောက်တည်း မဟုတ်ဘူး… မြေရိုင်းပြည်နယ်မှာ တော်ဝင်လမ်းစဉ်ကို လျှောက်ပြီး သေသွားတဲ့လူတွေ အများကြီးပဲ…”

“ကျွန်တော် လက်မခံနိုင်ဘူး…” ရီဖူရှင်းက ပြန်ပြောသည်… “တော်ဝင်လမ်းစဉ်က ဘယ်လောက်ပဲ ခက်ခဲပါစေ… ဒါက ကိုယ်ပိုင်စွမ်းရည်နဲ့ပဲ သွားသင့်တယ်…”

“ဖူရှင်း…” ထိုအခိုက်တွင် လူတစ်ယောက်က နန်းတော်ထဲမှ ထွက်လာသည်။

“ဆရာ…” ရီဖူရှင်းက ရှီတန်ခိုးရှင် ထောင်ကျန်းကို ပြန်နှုတ်ဆက်သည်။

“မင်း မှန်တယ်… နန်းတော်က ဒီကိစ္စမှာ တကယ်ပဲ မှားတယ်…” ရှီတန်ခိုးရှင် ထောင်ကျန်းက ပြောသည်… “တော်ဝင်လမ်းစဉ်က ခက်ခဲတယ်… တစ်ယောက်က တော်ဝင်လမ်းစဉ်ကို တက်လှမ်းဖို့ဆိုရင် သူတို့က စိတ်နှလုံးကို ပြင်ဆင်ပြီး ဖြစ်ရမယ်…”

“ဒါဆိုလည်း သူတို့က ဘာလို့ ဒီလိုလုပ်ရတာလဲ…” ရီဖူရှင်းက နားမလည်စွာ မေးသည်။

“နန်းတော်က ဘယ်တုန်းကမှ ထုတ်မပြောတဲ့ လျှို့ဝှက်ချက် တစ်ခုရှိတယ်… အခုမင်းကို ငါပြောမယ်… မင်းက နန်းတော်ကို ရောက်တာ သုံးနှစ်ရှိပြီ… နန်းတော်သခင်နဲ့ ပတ်သက်ပြီး ဘာသိလဲ…” ရှီတန်ခိုးရှင် ထောင်ကျန်းက မေးသည်။

“နန်းတော်သခင်က တံခါးပိတ် လေ့ကျင့်နေတယ်လို့ ပြောကြတယ်…” ရီဖူရှင်းက ပြန်ပြောသည်။

“မှားတယ်…” ရှီတန်ခိုးရှင် ထောင်ကျန်းက ခေါင်းယမ်းကာ ပြောသည်… “နန်းတော်သခင်က အသက် အန္တရာယ် စိုးရိမ်ရလောက်အောင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတယ်… ဒါပေမဲ့ လူနည်းနည်းကပဲ ဒီကိစ္စကို သိကြတယ်… အခု မင်းက ပါရမီရှင် အဆင့်၁ဖြစ်ပြီးတော့ မကြာခင် ရှီနန်းတော်ကို ဝင်ရတော့မယ်… ဒါကြောင့် ငါမင်းကို ပြောပြတာ… နန်းတော်သခင်က ကောင်းကင်မြေရိုင်း အဆင့်၁ဖြစ်ပြီးတော့ တော်ဝင်လမ်းမှာပဲ အတားအဆီးတွေ့ပြီး သေဆုံးလုနီးပါး ဖြစ်ခဲ့တယ်… အခု နန်းတော်ကို ဒုတိယနန်းတော် သခင်ကပဲ စီမံခန့်ခွဲနေရတယ်…”

ရီဖူရှင်း၏အမူအရာ ပျက်ယွင်းသွားသည်။ ကောင်းကင်မြေရိုင်း အဆင့်၁တွင်ရှိသော နန်းတော်သခင်ပင် အသက်သေဆုံးလုနီးပါး အခြေအနေ ရောက်ခဲ့ရသော တော်ဝင်လမ်းကား သူထင်သည်ထက် ထိတ်လန့်ဖွယ် ကောင်းနေသည်။

“မင်းရဲ့ ဆရာဦးလေး ပြောသလိုပဲ… မြေရိုင်းပြည်နယ်မှာ မရေမတွက်နိုင်တဲ့ လူတွေက တော်ဝင်လမ်းစဉ်ကို လျှောက်လှမ်းရာမှာ နန်းတော်သခင်လိုပဲ ကြုံတွေ့ကြရလိမ့်မယ်… ဒါပေမဲ့ နန်းတော်မှာ မျှော်လင့်ချက် ရှိတယ်… ဒီမျှော်လင့်ချက်က ပိုင်လွေလီပဲ… ဒါကြောင့်ငါတို့က မှားတယ်ဆိုတာ သိရင်တောင်မှ ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပဲ…” ရှီတန်ခိုးရှင် ထောင်ကျန်းက ပြောသည်.. “နန်းတော်ကပဲ ဒါကိုသိတာ မဟုတ်ဘူး… တိမ်ဖြူမြို့လည်း သိတယ်… ကျူးကော့မိသားစု ခေါင်းဆောင်ကလည်း ဒီအချက်ကို သိတယ်… ”

“ဒီလောကကြီးက ကျယ်ပြောလွန်းပြီးတော့ မြေရိုင်းပြည်နယ် ဆိုတာက သေးသေးလေးပဲ ရှိတယ်… မင်းက ဒါကို မကြာခင် သိလိမ့်မယ်… တကယ်လို့ မြေရိုင်းပြည်နယ်က ရှန့်ထိုတစ်ပါးကို မမွေးထုတ်နိုင်ခဲ့ရင် ဒီအခြေအနေကို ဆက်ထိန်းထားနိုင်ဖို့ မလွယ်ဘူး…” ရှီတန်ခိုးရှင် ထောင်ကျန်း၏လေသံက အလွန် လေးနက်သွားသည်။

ဝမ်ရှင်းနန်းဆောင်က သူ၏ကံကြမ္မာကို ဟောကိန်းထုတ်ထားပြီး ဖြစ်သည်။ သူက ကံဆိုးမိုးမှောင်ကြီး တစ်ခုကို ရင်ဆိုင်ရမည် ဖြစ်၏။ သို့သော်လည်း သူက ထိုကိစ္စကို စိတ်မပူပေ။ သူ၏လက်ရှိ တန်ခိုးအဆင့်ဖြင့် သူ့စိတ်နေ သဘောထားက လောက၏အပေါ်စီးကို ရှုမြင်သုံးသပ်နိုင်သော အခြေအနေသို့ ရောက်ရှိနေပြီး ဖြစ်သည်။ ယခုသူ့တွင် အလိုဆန္ဒသုံးခုသာ ကျန်ရှိတော့သည်။ ပထမဆန္ဒကား ရှန့်ထိုအဆင့်ကို တက်လှမ်းရန် ဖြစ်ကာ ထိုကိစ္စက အလွန်ဖြစ်နိုင်ချေ နည်းပေသည်။ ဒုတိယကား မြေရိုင်းပြည်နယ်တွင် ရှန့်ထိုတစ်ပါး မွေးထုတ်ပေးနိုင်ရန် ဖြစ်ကာ တတိယဆန္ဒက ယခင်မရှိခဲ့ဖူးသော အကြောင်းအရာ တစ်ခုဖြစ်သည်။ ထိုမျှော်လင့်ချက်ကား သူ၏တပည့်များ ဖြစ်ကြသော ရီဖူရှင်းနှင့် ယူချင်းကို တစ်နေ့ ထိုအဆင့်သို့ ရောက်ရှိနိုင်ရန် ဖြစ်ပေသည်။

မြေရိုင်းပြည်နယ်တွင် အန္တရာယ်ကြီး ကျရောက်ရန် ရှိပေသည်။ ရီဖူရှင်းက ရှီတန်ခိုးရှင် ထောင်ကျန်း၏စကားကို ကြားကာ တွေးလိုက်သည်။ ထို့နောက် သူက သူ၏ဆရာကို ကြည့်ကာ မေးသည်… “ပိုင်လွေလီက မလုပ်နိုင်ရင် ကျွန်တော်လုပ်မယ်…”

ရှီတန်ခိုးရှင် ကျန့်ကန်းနှင့် ရှီတန်ခိုးရှင် ထောင်ကျန်းတို့က ရီဖူရှင်းကို ကြည့်သည်။ ရီဖူရှင်း၏ မျက်လုံးများက ခိုင်မာပြတ်သားသော အငွေ့အသက်များ ပြည့်နှက်နေသည်။ ပါရမီရှင် အဆင့်၁ဖြစ်သော သူကား သူ၏ပါရမီကို သက်သေပြခဲ့ပြီးဖြစ်သည်။ နောင်အနာဂတ်တွင် ရီဖူရှင်းက ပိုင်လွေလီနှင့် အမှန် ယှဉ်ပြိုင်နိုင်ရန်လည်း ရှီတန်ခိုးရှင် ထောင်ကျန်းက မျှော်လင့်သည်။

“မင်းက ဆယ်နှစ်လောက် နောက်ကျပြီး  မွေးလာခဲ့တယ်…” ရှီတန်ခိုးရှင် ထောင်ကျန်းက ပြောသည်… “တကယ်လို့ မင်းကသာ ပိုင်လွေလီနဲ့ မျိုးဆက်တစ်ခုတည်း မွေးလာခဲ့ရင် ငါတို့က ဘယ်သူပိုထူးချွန်လဲ ဆိုတာ ကြည့်လို့ရတယ်… မင်းကသာ ပိုင်လွေလီရဲ့ နေရာမှာဆိုရင်လည်း နန်းတော်က မင်းကို သေချာပေါက် အပြည့်အဝ ထောက်ပံ့မှာပဲ… မင်းက ရှီနန်းတော်ကို ဝင်ပြီး ရှီအဆင့်ကို တက်လှမ်းနိုင်တဲ့အခါ ဆိုရင်တော့ တော်ဝင်ကျဲနန်းတော်မှာ ပြောဆိုခွင့် ရှိလာမယ်လို့ ငါထင်တယ်…”

ရီဖူရှင်းက ပါရမီရှင် အဆင့်၁ဖြစ်သည့်တိုင် နန်းတော်၏ ဆုံးဖြတ်ချက်ကို လွှမ်းမိုးနိုင်စွမ်း မရှိသေးပေ။ ယခု သူက အဓိက ဦးတည်ချက်က ရှီအဆင့်ကို တက်လှမ်းရန် ဖြစ်ပေသည်။

“ကျွန်တော်က ကျူးကော့မိသားစုကို သွားချင်တယ်…” ရီဖူရှင်းက ရှီတန်ခိုးရှင် ထောင်ကျန်းကို ကြည့်ကာ ပြောသည်။ အကယ်၍ သူက ပုံမှန် အနေအထား ဆိုပါက နန်းတော်၏ ဆုံးဖြတ်ချက်ကို နားလည်ပေး နိုင်သော်လည်း ယခု သူ၏အစ်မ၂နှင့် အစ်ကို၃တို့ ကိစ္စဖြစ်နေသည်။ သူ၏အစ်မ၂က အစ်ကိုသုံးနှင့်သာ လက်တွဲလိုမည်မှာ သေချာသည်။ သူကလည်း သူတို့အား အပြည့်အဝ ထောက်ခံ ပေးရပေမည်။

သူ အသက်၁၈နှစ် အရွယ်တွင်ပင် ထိုစာပေသမား လူငယ်က သူ့အား ကန်ယီနိုင်ငံမှ ကော့တေးကို ဆောင်ယူခဲ့သည်။ ထိုအချိန်မှစ၍ သူတို့၏ကံကြမ္မာက ဆက်နွှယ်ခဲ့၏။

ရှီတန်ခိုးရှင် ထောင်ကျန်းက ရီဖူရှင်း၏စကားကို ကြားကာ သူ့အား စိုက်ကြည့်သည်။ ရီဖူရှင်း၏ အမူအရာမှ​ ရီဖူရှင်း၏ ဆုံးဖြတ်ချက် ခိုင်မာမှုကို သူမြင်သည်။ ထို့နောက် သူကပြောသည်… “မင်းက ဒီလောက် ဆန္ဒရှိနေမှတော့ သွားလိုက်…”

“ကျေးဇူးတင်ပါတယ် ဆရာ…” ရီဖူရှင်းက အနည်းငယ် ဦးညွှတ်ကာ ထွက်သွားသည်။

ရှီတန်ခိုးရှင်က ရီဖူရှင်း ထွက်သွားသည်ကို ကြည့်ကာ သက်ပြင်းချသည်… “ငယ်ရွယ်တာက တကယ်ပဲ ကောင်းတယ်…”

ရှီတန်ခိုးရှင် ကျန့်ကန်းကလည်း မသက်မသာ ပြုံးသည်… “အစ်ကိုက သူ့ကို ဒီလိုလွှတ်လိုက်ရင် ပြဿနာဖြစ်မှာ မစိုးရိမ်ဘူးလား…”

“တန်ခိုးကျင့်တာက စိတ်ကို လေ့ကျင့်တာလည်း ဖြစ်တယ်… သူ့ကို ဒီမှာပဲ နေခိုင်းခဲ့ရင် သူ့စိတ်မှာ အထုံးအဖွဲ့ ဖြစ်စေလိမ့်မယ်… သူက ကြိုးစား ကြည့်ချင်တယ် ဆိုမှတော့ သူ့ကို သွားခိုင်းလိုက်တာ ကောင်းတယ်…” ရှီတန်ခိုးရှင် ထောင်ကျန်းက ပြောသည်။ သူတို့က ငယ်ရွယ်စဉ်အခါ လုပ်လိုသည်များကို လုပ်ရပေမည်။ သူတို့ လုပ်နိုင်မလုပ်နိုင်က တခြားကိစ္စတစ်ခု ဖြစ်၏။

ရီဖူရှင်းကား ပါရမီရှင် အဆင့်၁ဖြစ်သည်။ လျူချန်းက နန်းဆောင် ခြောက်ခုကို ဖိတ်ခေါ်ကာ ရီဖူရှင်းအား ရှီနန်းတော်သို့ ဝင်ရန် ဆွေးနွေးခဲ့သည်။ ရီဖူရှင်း တစ်ခုခုဖြစ်မည်ကို သူမစိုးရိမ်ပေ။

တော်ဝင်ကျဲနန်းတော်တွင် ရှီနန်းတောင်ကို ဝင်ခွင့်ရသူ မည်သူမဆို မြေရိုင်းပြည်နယ်၏ အနာဂတ်ကို ထမ်းပိုးပေသည်။ သည်အချက်ကို တော်ဝင်ရှီနန်းဆောင်က သေချာပေါက် နားလည်ပေသည်။ ရီဖူရှင်းက သူ၏ဆောင်ကို ပြန်ရောက်သောအခါ ဟွာဂျီယူနှင့် ယိရှောင်ရှီတို့က စောင့်ကြိုနေကြပြီး ဖြစ်သည်။ ရီဖူရှင်း ပြန်လာသည်တွင် ယိရှောင်ရှီက မေးသည်… “ဘယ်လိုလဲ…”

“ကျူးကော့မိသားစုဆီကို သွားရအောင်… ငါတို့ လမ်းမှာ ပြောကြမယ်…” ရီဖူရှင်းက ပြန်ပြောကာ သူ၏ယာဉ်ပျံကို ထုတ်သည်။

ရီဖူရှင်း၊ ဟွာဂျီယူ၊ ယိရှောင်ရှီနှင့် ယူချင်းတို့က ယာဉ်ပျံထက်ကို တက်ကာ ကောင်းကင်သို့ ပျံသန်း သွားကြသည်။ သူက တခြားလူများကို ထပ်မခေါ်တော့ပေ။ သည်ကိစ္စက အစ်မ၂နှင့် ပတ်သက်ရာ တခြားလူများနှင့် သက်ဆိုင်ခြင်း မရှိပေ။

***

မြေရိုင်းပြည်နယ်၏ မြောက်ဘက်ဒေသ အချက်အချာ နေရာတွင် ရှေးဟောင်း မြို့တော်တစ်ခု ရှိသည်။ ထိုမြို့အား ရွှမ်းဝူမြို့အဖြစ် လူသိများ၏။

ကျူးကော့မိသားစုကား ရွှမ်းဝူမြို့တွင် တည်ရှိသည်။ ရွှမ်းဝူမြို့တွင် ကလန်များစွာ ရှိသော်လည်း ကျူးကော့မိသားစုက သေချာပေါက် နံပါတ်တစ်ကလန်ဖြစ်ကာ အလုံးစုံသော အခွင့်အာဏာများကို ပိုင်ဆိုင်ပေသည်။

ကျူးကော့မိသားစုကား နဂါးပတ်တောင်ပေါ်တွင် တည်ရှိကာ နဂါးပတ်တောင် တစ်ခုလုံး၌ ကျူးကော့မိသားစု တစ်ခုတည်း တည်ရှိသေည်။ တောင်တစ်ခုလုံးတွင် လှေကားထစ်လေးများ၊ ရှေးဟောင်း အဆောက်အဦများနှင့် လှပသော အဆောင်ငယ်လေးများစွာ တည်ဆောက် ထားသည်။ နဂါးပတ်တောင်ကား မြို့အလယ်တွင် တည်ရှိကာ သည်နေရာကပင် ကျူးကော့မိသားစု၏ ခမ်းနားထည်ဝါမှုကို ခင်းကျင်း ပြသနေဟန်နှင့် တူလှသည်။

ယခုကား ကျူးကော့မိသားစုတွင် ဧည့်သည်များစွာဖြင့် ပြည့်နှက်နေသည်။ သိပ်မကြာခင်က တော်ဝင်ကျဲနန်းတော်နှင့် တိမ်ဖြူမြို့မှ လူများက ကျူးကော့မိသားစုထံကို ရောက်လာရာ ရွှမ်းဝူမြို့ကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည်။ ကလန်များနှင့် ဂိုဏ်းများကလည်း လာရောက် လည်ပတ်ရာ ပွဲတော် အခမ်းအနားသဖွယ် ဖြစ်နေသည်။

တိမ်ဖြူမြို့နှင့် ကျူးကော့မိသားစုတို့၏ လက်ထပ်ပေါင်းစပ်ပွဲက သေချာပေါက် မြေရိုင်းပြည်နယ် တစ်ခုလုံးကို တုန်လှုပ်စေမည် ဖြစ်သည်။ သည်လက်ထပ်ပွဲက လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက ဖြစ်သင့်သော်လည်း ကျူးကော့မင်းယွီ၏ အိမ်မှ ထွက်ပြေးခြင်းကိစ္စက နှောင့်နှေးစေခဲ့သည်ဟု ပြောရပေမည်။ သို့သော်လည်း အချိန်များစွာ ကြာမြင့်ပြီးနောက် ယခု တိမ်ဖြူမြို့၏ သခင်လေး ပိုင်လွေလီကား မြေရိုင်းပြည်နယ်၏ အမြင့်ဆုံးတွင် ရပ်နေနိုင်သော ပါရမီရှင်တစ်ယောက် ဖြစ်နေပြီးဖြစ်ကာ ကျူးကော့မင်းယွီကလည်း အလွန်အမင်း လှပပြီး ကြွယ်ဝသော နောက်ခံ အသိုင်းအဝိုင်းကို ပိုင်ဆိုင်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်၏ လက်ထပ်ပွဲကို အားလုံးက နေနှင့်လ ရွှေနှင့်မြသဖွယ် ထင်မြင် ယူဆကြသည်။

ထိုအခိုက်တွင် ကျူးကော့မိသားစု အိမ်တော်အဝင်ဝသို့ ယာဉ်ပျံတစ်စင်း ကျဆင်းလာသည်။ အိမ်တော်အဝင်ဝမှ အစောင့်များက ယာဉ်ပျံကို မြင်သည်တွင် ရှေ့ကို တိုးလာကြသည်… “ဧည့်သည်တော်တွေက ဘယ်သူတွေပါလဲ…”

ထိုစဉ်မှာပင် ယာဉ်ပျံပေါ်မှ မိန်းကလေး တစ်ယောက် ဆင်းသက် လာသည်တွင် အစောင့်က ချက်ချင်း အရိုအသေပေးသည်… “မိန်းကလေး ဂျီယူပြန်လာပြီ… ကျွန်​တော်က သခင်မလေးကို အကြောင်း ကြားပေးပါ့မယ်.. ”

ဟွာဂျီယူက ကျူးကော့မိသားစုတွင် နှစ်အနည်းငယ် နေထိုင်ခဲ့ရာ အစောင့်များက သေချာပေါက် သိပေသည်။

“မလိုဘူး… ငါက ကိုယ့်ဘာသာပဲ သွားလိုက်မယ်…” ဟွာဂျီယူက တည်ငြိမ်စွာ ပြောသည်။ အစောင့်များကလည်းခေါင်းညိတ်ကာ ဘာမှ မပြောတော့ပေ။

ဟွာဂျီယူနှင့် ရီဖူရှင်းတို့အုပ်စုက အထဲကို ဝင်သွားသည်တွင် အစောင့်တစ်ယောက်က မေးသည်… “ယိရှောင်ရှီက အစ်မ၂ရဲ့ဂျူနီယာ တစ်ယောက်ပဲ… နောက်နှစ်ယောက်က ဘယ်သူတွေလဲ…”

သူ့ဘေးမှ အစောင့်က ထူးမခြားနားစွာ ပြောသည်.. “မိန်းကလေးဂျီယူ ဘေးက သွားနေတယ် ဆိုမှတော့ မင်းက ဘယ်သူလို့ထင်လဲ…”

ပထမမေးခွန်း ထုတ်သည့် အစောင့်၏မျက်လုံးက အရောင်လက်သွားကာ သူ၏ခေါင်းထဲကို နာမည်တစ်လုံး ဝင်လာသည်။ သူကား တော်ဝင်ကျဲ နန်းတော်၏လက်ရှိ နံပါတ်တစ် နိုဘယ် ရီဖူရှင်းဖြစ်သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset