မျက်လုံးတစ်မှိတ် အတွင်း၌ပင် လများစွာ ကြာမြင့်သွားခဲ့သည်။ ရီဖူရှင်းနှင့် စီမင်ဟန်ကျင့်တို့ တိုက်ပွဲပြီးနောက်တွင် နန်းတော်က တစ်ဖန် ပြန်လည် ငြိမ်သက် သွားခဲ့သည်။ ပါရမီရှင်ဇယားကို ပြန်လည် အဆင့်စီခဲ့သော်လည်း ပထမနေရာနှင့် ဒုတိယနေရာကို မည်သူကမှ မေးခွန်း မထုတ်ကြတော့ပေ။
တဖြည်းဖြည်းဖြင့် ထိုအခြင်းအရာကိုပင် အားလုံးက ပုံမှန်ကဲ့သို့ သဘောထား လာခဲ့ကြသည်။ ရီဖူရှင်းက လက်ရှိမျိုးဆက်၏ သင်္ကေတတစ်ခု ဖြစ်လာခဲ့ကာ လူအများအပြား၏ အတုယူလေးစားရသော သူတစ်ယောက် ဖြစ်လာခဲ့သည်။ ရီဖူရှင်းနှင့် နန်းတော်ကို တစ်နှစ်တည်း ဝင်လာသူများ အားလုံးလိုလိုက သူ့အား လေးစားကြသည်။ အသစ်ရောက်လာသော တပည့်များက ရီဖူရှင်း၏ပုံပြင်များကို တခမ်းတနား နားထောင်ကြသည်။ သူတို့၏စီနီယာကား ကိုယ်ပိုင်ပုံပြင် တစ်ပုဒ်ကို ထုဆစ်ခဲ့သော နာမည်ကျော် ရီဖူရှင်း ဖြစ်သည်။
နန်းတော်တွင် အများစု၏ရည်ညွှန်းဖွဲ့ဆိုရသူက ရီဖူရှင်း၏နာမည် ဖြစ်သည်။
သို့သော်လည်း ရီဖူရှင်းက ဂရုစိုက်သည် မဟုတ်ပေ။ သူက တိတ်ဆိတ်စွာပင် လေ့ကျင့်နေခဲ့၏။ သူက ပါရမီရှင် အဆင့်၁ဖြစ်သော်ငြား သူကား တတိယတန်းစား နိုဘယ်သာဖြစ်သည်။ သူက ရှီနန်းတော်ကို ဝင်ရောက်ရန် အချိန်များစွာ လိုသေးရာ လက်ရှိ သူ၏အရေးကြီးဆုံး လုပ်ငန်းစဉ်က တန်ခိုးကျင့်ရန်သာ ဖြစ်သည်။
တန်ခိုးကျင့်ခြင်းအပြင် သူနှင့် တစ်နှစ်တည်း ဝင်ရောက်လာသော တပည့်များကလည်း ရီဖူရှင်းထံတွင် အကြံဉာဏ်များ လာတောင်းကြသည်။ ရီဖူရှင်းကလည်း သူ၏ အားလပ်ချိန်များတွင် တခြားလူများအား နည်းပေးလမ်းပြကာ သူသိသည်များကို မျှဝေလေ့ရှိသည်။ ထို့ကြောင့်ပင် နန်းတော်မှ တပည့်များအကြား ရီဖူရှင်းထံတွင် လာရောက် နည်းနာခံယူသူများ များပြားခဲ့သည်။
ရီဖူရှင်းထံတွင် လာရောက် လေ့လာ သင်ယူသူများကလည်း အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြရာ သူတို့က ရီဖူရှင်းကို ပိုမိုလေးစား လာခဲ့ကြသည်။ ထို့ကြောင့်ပင် သူ့မျိုးဆက်တွင် ရီဖူရှင်းက ပိုမို၍ နာမည်ကျော်ကြား လာခဲ့ပြီး ယခင် ပါရမီရှင်အဆင့်၁ စီမင်ဟန်ကျင့်ထက် များစွာ မြင့်တက်သော အဆင့်တစ်ခုသို့ ရောက်ရှိနေခဲ့သည်ဟု ပြော၍ ရသည်။
ယခု တိုက်ခိုက်ရေး ရှီနန်းဆောင်ရှိ ရီဖူရှင်းလေ့ကျင့်သော နေရာတွင် မိန်းမရွယ်လေး နှစ်ယောက်က ရီဖူရှင်းအား နှုတ်ဆက်စကား ပြောနေကြသည်… “ကျေးဇူးတင်ပါတယ်… အစ်ကိုရီ… တကယ်လို့ နောက်ထပ် အခွင့်အရေး ရှိရင်လည်း အစ်ကိုရီဆီမှာ ထပ်ပြီး လာသင်ယူပါ့မယ်…”
“သေချာတာပေါ့…” ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည်။
“အစ်ကို… နောက်တစ်ခါ ညီမတို့လာရင် စကားများတယ်ဆိုပြီး မပြောရဘူးနော်…” နောက်မိန်းမရွယ်လေး တစ်ယောက်က ပြုံးလျက်ပြောသည်။ ရီဖူရှင်းကလည်း ခေါင်းညိတ်သည်တွင် သူတို့နှစ်ယောက်က ထွက်သွားကြသည်။
သူတို့က တိုက်ခိုက်ရေး ရှီနန်းဆောင်မှ ထွက်ခွာ သွားကြပြီးသည်တွင် မိန်းကလေး တစ်ယောက်က ပြောသည်… “အစ်ကိုရီက ပါရမီကောင်းရုံတင် မကဘူး… ချောမောပြီးတော့ အရမ်း ဖော်ရွေတာပဲ…”
“ဟုတ်တယ်… သူက ကောလာဟလတွေနဲ့လည်း မတူဘူး… တိုက်ခိုက်ရေး ရှီနန်းဆောင်မှာ အစ်ကိုရီက အဲဒီလိုမောက်မာတဲ့စကားကို ပြောတယ်ဆိုတာ ယုံဖို့တောင် ခက်တယ်…” နောက်မိန်းကလေး တစ်ယောက်က နန်းတော်တွင် လှည့်ပတ်နေသော ကောလာဟလများကို တွေးလျက် ပြောသည်။
“သူက မောက်မာ ဝင့်ကြွားတဲ့အခါ သူက တကယ် ပြိုင်ဘက်ကင်းလို့ပဲလေ… ဒါပေမဲ့ ပုံမှန်ကတော့ သူက ငြိမ်သက် အေးဆေးတဲ့ပုံစံပါပဲ…” ဘေးမှ မိန်းကလေးက လေးစားချစ်ခင်သော မျက်လုံးများဖြင့် ပြောသည်… “ရန်ကလေး.. ငါတော့ ချစ်မိသွားပြီ… ဟီဟီ…”
ဘေးမှ မိန်းကလေးက စိတ်ပျက်ဟန်ဖြင့် ပြောသည်… “နင်က ထိပ်တန်းကလန်ရဲ့ သမီးပဲ… နင်က ဘယ်လိုလုပ် ဒီလို အရှက်မရှိရတာလဲ… အစ်ကိုရီက ငါ့သတို့သားလောင်းပဲ…”
“သွားသေလိုက်ပါလား…” သူတို့၏စနောက် ရယ်မောသံများက အဝေးကို တဖြည်းဖြည်း ပျောက်ကွယ် သွားသည်။ အမှန်တကယ်အားဖြင့် ရီဖူရှင်းနှင့် ဟွာဂျီယူတို့က အလွန် လိုက်ဖက်သော စုံတွဲများ ဖြစ်ကြသည်ကို သူတို့သိကြသည်။ ထို့အပြင် ရီဖူရှင်း၏ဘေးတွင် တခြား နာမည်ကျော် မိန်းမလှများဖြစ်ကြသော ဖီးနစ်၊ ယွန်စွေ့ရှင်းနှင့် တခြား မိန်းကလေးများ ရှိကြသေးသည် မဟုတ်ပါလား…။
တခြားတစ်ဖက်တွင် ရီဖူရှင်းက သက်ပြင်းရှည် တစ်ချက်ပင် ချမိသည်။ သူက အနည်းငယ် ဒုက္ခရောက်နေသည် ပြောရမည်။ နန်းတော်မှ တပည့်များကို နည်းပေးလမ်းပြသော အလေ့အထကြောင့်ပင် ယခု သူ့ထံကို ပုံမှန် နေ့စဉ် လာရောက်လည်ပတ်၍ အကူအညီ တောင်းမှုများ ကြုံလာနေရသည်။ ယခု နန်းတော်တွင် သူကား အလွန် နာမည်ကျော်နေပြီ ဖြစ်သည်။
“မင်းက ဘာကို သက်ပြင်းချနေတာလဲ…” ယိရှောင်ရှီက မေးသည်။
ရီဖူရှင်းက ယိရှောင်ရှီကို ပြောသည်… “ရုပ်ချောတာ ပြဿနာပဲ… ဒါက အစ်ကို၇ ဘယ်တော့မှ နားလည်မှာ မဟုတ်တဲ့အချက်ပဲ…”
“…” ဖက်တီး၏မျက်နှာက မည်းမှောင်သွားကာ ရီဖူရှင်းကို ဒေါသတကြီး ပြောသည်… “မင်းနဲ့ငါ ဘာမှ မတော်စပ်တော့ဘူး…”
ရီဖူရှင်းက ပခုံးတွန့်လိုက်သည်။
“နောက်တစ်ခါ ဂျီယူလာရင် သူမကို စကားနည်းနည်း ပြောရတော့မယ်… မင်းက အခုတလော မိန်းကလေးတွေနဲ့ပဲ အတွေ့များလာတယ်…” ယိရှောင်ရှီက ရီဖူရှင်းကို ပြောသည်။
“အာ…” ရီဖူရှင်းက ယိရှောင်ရှီကို ဆွံ့အစွာ ကြည့်သည်… “ဖက်တီး… အသိစိတ်ရှိစမ်းပါ…”
“ငါ ပြောတာ မှားလို့လား… မင်းကို ကလေးမတွေ ခဏခဏ လာနေတယ်… ဟုတ်တယ်မလား…” ယိရှောင်ရှီက မဲ့ပြုံးပြုံးကာ ရီဖူရှင်းကို ကြည့်သည်။
“အစ်ကို… ငါတို့က ညီအစ်ကိုတွေပဲ… ကျုပ်တို့ အေးအေးဆေးဆေး ပြောလို့ ရပါတယ်… ညီမလေးတွေလာရင် အစ်ကိုနဲ့ မိတ်ဆက်ပေးမယ်လေ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
ယိရှောင်ရှီ၏ မျက်လုံးက ပိုမို လင်းလက်လာကာ ပြန်ပြောသည်… “မင်းက ငါ့ကို တစ်ယောက်ပြီး တစ်ယောက်က မိတ်ဆက်ပေးရမယ်… ပြီးတော့ သူတို့နဲ့ မကြာမကြာ စကားပြောရရင် ပိုကောင်းတယ်…”
“…” ရီဖူရှင်းက ယိရှောင်ရှီကို စိတ်ပျက်စွာ ကြည့်သည်။ ဖက်တီးကား အရှက်မဲ့သည်မှာ လွန်ကဲလွန်းသည်… “အစ်ကိုက ဒီလိုလူမျိုးလို့ မထင်ထားဘူး…”
“ငါက တစ်စုံတစ်ယောက်ဆီက သင်ယူခဲ့တာ…” ယိရှောင်ရှီက ရီဖူရှင်းကို ငေါ့တော့တော့ ကြည့်သည်။ သည်ခွေးကောင်ကား သူ့ရှေ့တွင် အမြဲတမ်း ဟန်ရေးပြသည်။
“ကြည့်ရတာ ကျွန်တော်တို့ရဲ့ ပတ်သက်မှုကို ပြန်စဉ်းစား ရတော့မှာပဲ…” ရီဖူရှင်းက သက်ပြင်းချကာ ပြောသည်။
ယိရှောင်ရှီက သူ့အား စိတ်ပျက်စွာ ကြည့်သည်။
“ဖူရှင်း…” ထိုအခိုက်တွင်ပင် ခေါ်သံတစ်ခုနှင့်အတူ ဟွာဂျီယူက သူတို့ထံကို ပြေးလာသည်။ ယိရှောင်ရှီ၏မျက်နှာက ချက်ချင်း ပြုံးရောင်သန်း သွား၏။ သို့သော် မကြာမီ ဟွာဂျီယူ၏ အမူအရာက တစ်ခုခု ထူးဆန်းနေသည်ကို ခံစားမိကာ သူ၏မျက်နှာကလည်း တည်သွားသည်။
“ဘာဖြစ်တာလဲ…” ဟွာဂျီယူ၏အမူအရာကို ရီဖူရှင်းကလည်း သတိထားမိကာ မေးသည်။
“ပြဿနာဖြစ်နေပြီ…” ဟွာဂျီယူက လွန်စွာ စိုးရိမ်ပူပန်သော အမူအရာဖြင့် ပြောသည်။ ရီဖူရှင်း၏ ရင်ဘတ်က လေးလံသွားသည်။ ဟွာဂျီယူက မည်သည့်အခါကမှ ဤသို့ ပျာယာမခတ်ဘူးပေ။ အရှေ့မြေရိုင်း ဒေသတွင်များ တစ်ခုခု ဖြစ်နေသည်လား…။
“အစ်မ၂မှာ ပြဿနာရှိနေပြီ…” ဟွာဂျီယူက ပြောသည်။
ရီဖူရှင်းနှင့် ဟွာဂျီယူတို့ နှစ်ယောက်လုံး အံ့အားသင့် မှင်တက် သွားကြသည်။
“ဂျီယူ… ဘာဖြစ်တာလဲ…” ရီဖူရှင်းကလည်း စိတ်ပူစွာ မေးသည်။
“ရှီနန်းဆောင်က လာတဲ့သတင်း အချို့ကို ငါကြားခဲ့တယ်… ပြီးခဲ့တဲ့ ရက်ပိုင်းက နန်းတော် အကြီးအကဲတွေ ကျူးကော့ မိသားစုဆီကို သွားခဲ့ကြတယ်… ပိုင်လွေလီက ကျူးကော့မိသားစုကို လက်ထပ်ခွင့် တောင်းတယ်… နှစ်ဖက်လုံးက ဆွေးနွေးတာ အဆင်ပြေတယ် ပြောတယ်… လက်ထပ်ပွဲက ဖြစ်လာဖို့ များတယ်… ပိုင်စီနဲ့ ကျူးကော့ရှင်းကလည်း ကျူးကော့မိသားစုဆီကို သွားဖို့ လုပ်နေကြတယ်… သူတို့က ဒီသတင်းကို တမင် ဖြန့်နေပုံရတယ်…” ဟွာဂျီယူက ပြောသည်။
သူမက ကော့တေးကို တရားဝင် ဝင်ရောက်ခဲ့ခြင်း မရှိသော်လည်း သူမက ဆရာဒူထံတွင် လေ့လာသင်ယူခဲ့ကာ ကော့တေးမှ မောင်နှမများ အားလုံးနှင့် ရင်းနှီး ကျွမ်းဝင်ခဲ့သည်။ အထူးသဖြင့် သူမက ကျူးကော့အိမ်တော်တွင် ကျူးကော့မင်းယွီ၏ စောင့်ရှောက်မှု အောက်တွင် နေထိုင်ခဲ့ရရာ ပုံမှန်အားဖြင့် သူမက ကျူးကော့မင်းယွီ၏ ညီမတစ်ယောက်နှင့် သိပ်မခြားနားပေ။ သူမက ကျူးကော့မင်းယွီနှင့် ဂူတုံးလျိုတို့အကြား ပတ်သက်မှုကိုလည်း သိပေသည်။ ယခု ဤသို့သော သတင်းများ ထွက်လာရာ သူမက မည်သို့ စိတ်မပူဘဲ နေမည်နည်း။
“သူတို့က အရင်တုန်းက ကိစ္စကို အခုထိ လက်မလျှော့သေး ကြဘူးလား…” ရီဖူရှင်း၏ အမူအရာက အလွန်အမင်း နက်မှောင်သွားသည်။ ထိုလက်ထပ်မှုကြောင့်ပင် အစ်မ၂က ကျူးကော့မိသားစုမှ ထွက်ပြေးဖူးကာ ကော့တေးသို့ ခေါ်ဆောင်လာခြင်း ခံခဲ့ရသည်။ ယခု ပိုင်လွေလီက ထပ်မံ၍ လက်ထပ်ခွင့် တောင်းသလို နန်းတော်မှ အကြီးအကဲများ ကလည်း ဝင်ရောက် ပတ်သက်နေကြသည်။
“နန်းတော်က ဘာလို့ ဒီကိစ္စကို ဝင်ပါနေရတာလဲ…” ရီဖူရှင်းကား ဒေါသထွက်သလို နားလည်ခြင်းလည်း မရှိပေ။ တော်ဝင်ကျဲနန်းတော်ကား မြေရိုင်းပြည်နယ်၏ အမြင့်မြတ်ဆုံး နေရာဖြစ်ကာ ပြင်ပလောကနှင့် အဆက်အဆံလုပ်လေ့ မရှိပေ။ ယခု အဘယ်ကြောင့် နန်းတော်က ပိုင်လွေလီ၏ လက်ထပ်ခြင်းကို ပါဝင်နေရသနည်း။
“ငါမသိဘူး…” ဟွာဂျီယူကလည်း နားမလည်စွာဖြင့် ခေါင်းယမ်းသည်။
“ဒါက မြန်လွန်းတယ်…” ရီဖူရှင်းက ရုတ်တရက် ပြောသည်။ ယိရှောင်ရှီက သူ့အား နားမလည်စွာ ကြည့်သည်။
“နှစ်အစပိုင်းတုန်းက ဝင်ခွင့်စာမေးပွဲမှာ အစ်မ၂က ငါ့ကို အရိပ်အမြွက် ပြောခဲ့တာတွေ ရှိတယ်… အဲဒီတုန်းက ငါနားမလည်ခဲ့ဘူး… အစ်မ၂မှာ ပြဿနာအချို့ ရှိနေတာကိုတော့ သိတယ်… ဒါပေမဲ့ ပြဿနာက ဒီလောက် မြန်မြန် ရောက်လာခဲ့တယ်…” ရီဖူရှင်းက ပြောသည်။ ယခု သူက ပါရမီရှင်အဆင့်၁အဖြစ် မိမိကိုယ်ကို သက်သေပြခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း သူက နန်းတော်တွင် ပိုင်လွေလီ၏နေရာကို ထိပါးနိုင်သော အဆင့်မဟုတ်ပေ။ အကယ်၍ သူ့အား နောက်တစ်နှစ်ခန့်သာ အချိန်ပေးခဲ့ပါက သူက သေချာပေါက် လုပ်နိုင်ပေလိမ့်မည်။ သို့သော်လည်း အခြေအနေက သူ တွက်ချက်ထားသလို ရောက်မလာခဲ့ပေ။ အစ်မ၂ကလည်း ဤသို့သော အခြေအနေကို နှစ်စကတည်းက ခန့်မှန်းခဲ့ပြီး ဖြစ်ဟန်ရသောကြောင့် ထိုစကားများကို ပြောခဲ့ခြင်း ဖြစ်ရပေမည်။
“အစ်ကို၃ သတင်းတွေလည်း မကြားရဘူး… သူက ဘယ်ကို ရောက်နေတာလဲ…” ယိရှောင်ရှီကလည်း စိုးရိမ်စွာ ပြောသည်။ အစ်ကို၃နှင့် အစ်၂တို့က သူတို့၏ အုပ်ထိန်းသူများနှင့် မခြားခဲ့ပေ။ ယခု သူတို့က တစ်ခုခု ဖြစ်ပျက်နေသော အချိန်တွင် သူတို့က မည်သို့ မစိုးရိမ်ဘဲ နေမည်နည်း။
“အရင်တုန်းက ပိုင်လွေလီကို အစ်ကို၃က စိန်ခေါ်ခဲ့ပြီးတော့ ရှုံးနိမ့်ခဲ့တယ်… သူက သူ့ရဲ့အစွမ်းကို သက်သေပြဖို့ ကြိုးစားခဲ့ဖူးတယ်… ဒါပေမဲ့ ပိုင်လွေလီက တော်ဝင်ကျဲနန်းတော်မှာ လေ့ကျင့်နေတာ ဖြစ်လို့ သူ့ကို ကျော်ဖြတ်ဖို့ အစ်ကို၃က ပုံမှန်မဟုတ်တဲ့ လေ့ကျင့်မှုတွေ လုပ်ဖို့လုပ်တယ်… သူက အရမ်း အန္တရာယ်များတဲ့နေရာကို သွားနေပုံရတယ်…” ဟွာဂျီယူက ခန့်မှန်းသည်။ ပိုင်လွေလီကား မြေရိုင်းပြည်နယ် တစ်ခုလုံးတွင် နာမည်ကျော်ကာ ထိကန်းနှင့် ဟွာဖန်းတို့လို လူများကပင် ပိုင်လွေလီကို သူတို့၏ရည်မှန်းချက် ပန်းတိုင်အဖြစ် သတ်မှတ်ရသည်။
“ကျူးကော့မိသားစုဆီကို သွားဖို့ ပြင်ကြမယ်…” ရီဖူရှင်းက ပြောကာ ထိုနေရာမှ ထွက်သွားသည်။
“မင်းက ဘယ်ကို သွားနေတာလဲ…” ယိရှောင်ရှီက မေးသည်။
“ငါက ဆရာကို မေးပြီးတော့ ဘာလို့ နန်းတော်က ဒီကိစ္စကို ဝင်စွက်ဖက်နေလဲ မေးရမယ်…” ရီဖူရှင်းက ပြောကာ တိုက်ခိုက်ရေး ရှီနန်းဆောင်ထဲကို ဝင်လာခဲ့သည်။
“ဖူရှင်း…” နန်းတော် အပြင်တွင်ပင် ရီဖူရှင်းက ရှီတန်ခိုးရှင်ကျင့်ကန်း (ခွန်ဘုရင်) နှင့် သူ၏စီနီယာအစ်ကို ထို့ခွန်တို့ကို မြင်သည်။
“ဆရာဦးလေး… အစ်ကို…” ရီဖူရှင်းက ပြောသည်… “ကျွန်တော်က ဆရာ့ကို မေးစရာတစ်ခုရှိတယ်…”
“မင်းရဲ့ အစ်မနဲ့ ပတ်သက်တာလား…” ရှီတန်ခိုးရှင် ကျင့်ကန်းက မေးသည်။
ရီဖူရှင်းက အံ့အားသင့်သွားသည်။ ရှီတန်ခိုးရှင် ကျင့်ကန်းက ဤကိစ္စကို သိမည်ဟု သူမထင်ထားပေ။
“ဟုတ်ကဲ့…” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ပြောသည်။
“ဖူရှင်း… ဒီကိစ္စမှာ ဝင်မပါနဲ့…” ရှီတန်ခိုးရှင် ကျင့်ကန်းက ပြောသည်။ သိသာစွာပင် သူ၏ဆရာဦးလေးက လက်ရှိ အခြေအနေများကို သိနားလည်ထားဟန် ရနေသည်။
***