အပိုင်း(၆၅၀)

ပါရမီရှင်အဆင့်၁ နှစ်ယောက်၏တိုက်ပွဲ

သံစဉ်က တဖြည်းဖြည်း ပျောက်ကွယ်သွားလျှင် လူအများက သတိပြန်ဝင် လာကြသည်။ သူတို့အားလုံး သက်ပြင်း ရှိုက်လိုက်ကြ၏။ ဖြစ်ပျက်ခဲ့သမျှက အိပ်မက်အလား…။

ရီဖူရှင်းအား ကြည့်သည်တွင် အဖြူရောင်ဝတ် လူငယ်ကား တောက်ပသော မျက်လုံးများဖြင့် ချန်ယွီချန်းကို ကြည့်နေသည်ကို မြင်ကြရသည်။ လျန်ယွီချန်းအား သူ့ရှေ့တွင် ကု့ချင်းတီးခတ်ရန် ထိုက်တန်ခြင်း မရှိတော့ဟု ရီဖူရှင်းက ပြောသည်။

သည်တစ်ခေါက် လျန်ယွီချန်း၏ သက်စောင့်ဝိညာဉ်က အနည်းငယ် ဒဏ်ရာရသည်။ သို့သော် စိတ်ဒဏ်ရာက ပိုပြင်း၏။ ရီဖူရှင်း၏ အူကီယိုကို ခုခံရန်အတွက် သူက အနက်ရောင်သံစဉ်ကို ဖန်တီးခဲ့သည်။ သို့သော်လည်း တိုက်ပွဲတွင် ရီဖူရှင်းက အူကီယိုကို လုံးဝ တီးခတ်ခဲ့ခြင်း မရှိပေ။ သူက ယခု အူကီယိုကို နားထောင်ရန် အရည်အချင်း မရှိတော့ပြီလား…။

ပိုဆိုးသည်ကား သူက အသိစိတ်ပျောက်ကာ သူ့အား ရီဖူရှင်းက ထိန်းချုပ်နိုင်လုနီးပါး ဖြစ်သွားခြင်းပင်။ ယခုဖြစ်သွားသည်ကို သူက မေ့နိုင်မည် မဟုတ်တော့။ သည်တိုက်ပွဲက သူ့အတွက် တစ်သက်စာ အမှတ်တရ ဖြစ်သွားသည်။ ထိုအချိန်က ရီဖူရှင်းကသာ သူ့အား ဒူးထောက်ခိုင်းပါက သူက ဒူးထောက်မိမည်။ သူ့စိတ်ကို ရီဖူရှင်းက ထိန်းချုပ်နိုင်ပြီ ဆိုပါက ရီဖူရှင်း ခိုင်းသမျှကို သူလုပ်ရမည်။

ရီဖူရှင်း၏ ဂီတစွမ်းအားကို လျန်ယွီချန်း သိသည်။ သို့ဆိုလျှင် ရီဖူရှင်းက အဘယ်ကြောင့် စွန့်စားခဲ့သနည်း။ သူ၏တန်ခိုးအဆင့်က ရီဖူရှင်းထက် မမြင့်ပေဘူးလား။ အဘယ်ကြောင့် သူရှုံးနိမ့်ခဲ့ရသနည်း။

“ဘာကြောင့်လဲ…” လျန်ယွီချန်းက တီးတိုးပြောသည်။ သူက ရီဖူရှင်းနှင့် မိမိကိုယ်ကို ပြိုင်တူ မေးခွန်းထုတ်မိသည်။ သူကား ပါရမီရှင် အဆင့်၅ဖြစ်သည်။ လွန်ခဲ့သော ၂နှစ်ခန့်က အူကီယိုသံစဉ်ကြောင့် သူက ရှုံးနိမ့်ခဲ့၏။ အူကီယို သံစဉ်ကြောင့်သာ  ရှုံးနိမ့်ခဲ့သည်ဟု မိမိကိုယ်ကို တွေးကာ သူက အူကီယိုသံစဉ်ကို တန်ပြန် တိုက်ခိုက်ရန် လမ်းလွဲပညာကို လေ့ကျင့်ခဲ့၏။ သို့သော် တတိယတန်းစား နိုဘယ်ဖြစ်သော ရီဖူရှင်းက ပထမတန်းစား နိုဘယ်ဖြစ်သော သူ့ကို အူကီယိုသံစဉ် တီးခတ်ခြင်း မရှိဘဲ အနိုင်ယူခဲ့ပြန်၏။ တခြားလူများက ဤကဲ့သို့ နာကျင်မှုကို မည်သို့ နားလည် နိုင်မည်နည်း။

“ခင်ဗျားက မှော်ဂီတပညာကို လေ့လာလိုက်စားသူ ဖြစ်တယ်… ဒါပေမဲ့ ကျုပ်ကို အနိုင်ယူဖို့အတွက် ခင်ဗျားက ဂီတရဲ့ အနှစ်သာရဖြစ်တဲ့ အနုပညာ ရသသိကို လျစ်လျူရှုပြီးတော့ လမ်းလွဲပညာကို လေ့ကျင့်ခဲ့တယ်… ခင်ဗျားက စဉ်းစားဆင်ခြင် မဲ့လွန်းတယ်…” ရီဖူရှင်းက လျန်ယွီချန်းကို ဖြည်းဖြည်းချင်း ပြောသည်… “ခင်ဗျားရဲ့ တန်ခိုးအဆင့်က ကျုပ်ထက် မြင့်တယ်… ခင်ဗျားကို အနိုင်ယူတာ ဒီထက် ပိုခက်ခဲသင့်တယ်… ခင်ဗျားရဲ့ တန်ခိုးအဆင့်နဲ့ ကျုပ်ဆီမှာ ထိန်းချုပ် ခံရတာကလည်း ဘယ်လိုမှ မဖြစ်သင့်ဘူး… ခင်ဗျားက အနည်းဆုံး ဒါကို ကာကွယ်နိုင်သင့်တယ်… ဒါပေမဲ့ ခင်ဗျား မလုပ်နိုင်ခဲ့ဘူး… ဘာလို့လဲဆိုတာ ခင်ဗျားသိမှာပါ…”

လျန်ယွီချန်းက အကြောင်းပြချက်ကို သိသည်။ ရီဖူရှင်းက အနုပညာရသသိကို အဆုံးစွန်အထိ ထုတ်ဖော်ခြင်းဖြင့် သူ၏သံစဉ်ကို လောကနှင့် တစ်သားတည်း ဖြစ်စေခဲ့သည်။ သူ့အနီးမှ စိတ်စွမ်းအားများပင် သူ့ဂီတ၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။ ထို့အတူ သူ့အနီးမှ လူများကလည်း ဂီတ၏ အစိတ်အပိုင်းများ ဖြစ်လာနိုင်သည်။ လျန်ယွီချန်း၏ သံစဉ်နှင့် စိတ်စွမ်းအားတို့က ရီဖူရှင်း၏ ဂီတအောက်ကို ကျဆင်း သွားသည်တွင် လျန်ယွီချင်းအား ရီဖူရှင်းက ထိန်းချုပ်နိုင်ခွင့် ရသွားသည်။ အကယ်၍ သူကသာ ရီဖူရှင်းကို အနိုင်ယူရန် အလွန်အမင်း ရူးသွပ်ခြင်း မရှိခဲ့ပါက ရီဖူရှင်းက ဤသို့ အခွင့်အရေး ရမည်မဟုတ်ပေ။ ထို့ကြောင့် သည်တိုက်ပွဲတွင် သူက ရီဖူရှင်းထံတွင် ဂီတပညာကိုသာ ရှုံးနိမ့်ခဲ့သည် မဟုတ်ဘဲ သူကိုယ်တိုင်က ဂီတကို ဆက်လက် တီးခတ်ရန် သင့်တော်ခြင်း မရှိတော့ဟု ပြော၍ ရသည်။

လျန်ယွီချန်း၏ မျက်နှာတွင် စိတ်ဓာတ်ကျဟန်များ အထင်းသား တွေ့ရသည်။ သူ၏မာနသိက္ခာများ အားလုံး ပျောက်ကွယ်သွားပြီး ဖြစ်သည်။ သူ့တိုက်ပွဲက သူ့ဘဝအတွက် ထာဝရ နာကျင်မှုတစ်ခုလည်း ဖြစ်သည်။

လျန်ယွီချန်းက ထိုမျှ အလွယ်တကူ မရှုံးနိမ့်သင့်သည်ကို ပရိသတ်များကလည်း သိနားလည်ကြသည်။ ရီဖူရှင်းက အားကောင်းသည်။ သို့သော် သူက အူကီယိုကိုပင် မတီးခတ်ခဲ့ပေ။ ဆိုလိုသည်က လျန်ယွီချန်းအား ရီဖူရှင်းက အစွမ်းကုန် အားထုတ် တိုက်ခိုက်ခြင်း မရှိသည့်တိုင် လျန်ယွီချန်းကား ဆိုးဝါးစွာ ရှုံးနိမ့်ခဲ့သည်။

“မင်းက တော်ဝင်ကျဲနန်းတော်မှာ လေ့ကျင့်တာ ၃နှစ်ပဲ ရှိသေးတယ်… မင်းက သိပ်ပြီး တိုက်ခိုက်လေ့ မရှိပေမဲ့ မင်း တိုက်ခိုက်တဲ့အခါတိုင်း တစ်ဖက်လူရဲ့ ယုံကြည်မှုကို ပျက်ပြားအောင် လုပ်လေ့ရှိတယ်… မင်းက မောက်မာတယ်… နောက်တစ်ခုက မင်းဟာ ရက်စက်တယ်…” အဝေးမှ​အသံတစ်သံကို ရုတ်တရက် ကြားလိုက်ကြရသည်။

ထိုစကားက မှန်ကန်ဟန် ရသည်။ ရီဖူရှင်းနှင့် ရင်ဆိုင် တိုက်ခိုက်ဖူးသူများ ဖြစ်ကြသော ပိုင်စီ၊ ယွန်ဖုန်း၊ စီမင်ကုတို့ အားလုံးက ဆိုးဝါးစွာ အရိုက်ခံရကာ သူတို့၏မာနများ၊ ယုံကြည်မှုများ ပြိုပျက်ခဲ့ကြရသည်။ ယခု လျန်ယွီချန်းကလည်း သည်နည်းလမ်း အတိုင်းပင်။

မရေမတွက်နိုင်သော လူများက နောက်ထပ် ရောက်လာသော လူတစ်ယောက်ကို ကြည့်မိကြသည်။ သူတို့အားလုံး စိတ်လှုပ်ရှား သွားကြသည်။ နောက်ဆုံးတွင် သူကား ရောက်လာလေပြီ။

သူကား စီမင်ဟန်ကျင့် ဖြစ်သည်။ သူကား ဤမတိုင်မီက ပါရမီရှင် အဆင့်တစ်ဖြစ်ခဲ့ကာ ယခု ရီဖူရှင်း၏ အစားထိုးခံရမှုကြောင့် ပါရမီရှင် အဆင့်၂ကို ရောက်သွားသူ ဖြစ်သည်။

အဝေးမှ လျှောက်လာသော လူကို ကြည့်ရင်း ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်… “ဒါဆို ကျုပ်က ဘာလို့ ဒီလို လုပ်ရလဲ…”

ပိုင်စီက လူပုံအလယ်တွင် ဟွာဂျီယူအား ရိုင်းစိုင်းစွာ ပြောဆို စော်ကားခဲ့သည်။ ထိုစကားများကို ပိုင်စီက ရီဖူရှင်း ရှေ့မှောက်တွင်ပင် ပြောခဲ့ခြင်း ဖြစ်သည်။ ယွန်ဖုန်းကလည်း ဟွာဂျီယူကို တမင် ဖိနှိပ်ခဲ့သည်။ ရီဖူရှင်းက ယွန်ဖုန်းကို အနိုင်ယူပြီးသည့်တိုင် လျန်ယွီချန်းက စီနီယာ တစ်ယောက်အနေဖြင့် ရီဖူရှင်းကို စိန်ခေါ်တိုက်ခိုက်ခဲ့သည်။ စီမင်ကုက လောင်လင်းအာကို စော်ကား ပြောဆိုသည်။

“ဘယ်လို အကြောင်းပြချက်နဲ့ပဲ ဖြစ်ဖြစ်… မင်းက သူတို့ရဲ့ ဘဝကို မဖျက်ဆီးသင့်ဘူး… မင်းက ဒါကိုပဲ ပျော်နေပုံရတယ်…” စီမင်ဟန်ကျင့်က ပြောသည်။

ရီဖူရှင်းက ရယ်မောလိုက်သည်။ ဤသို့သော အငြင်းအခုံက သူ့အတွက် အဓိပ္ပာယ်မဲ့သည်။ သူက တည်ငြိမ်စွာပင် ပြန်ပြောသည်… “ကျုပ်က ရှီအဆင့်ကို မရောက်သေးဘူး… ဒီတော့ ရှီမဟုတ်သေးတဲ့ အတွက် ကျုပ်ကလည်း ကျုပ်ကို ထိခိုက်အောင် လုပ်တဲ့လူတွေကို သည်းခံနိုင်မှာ မဟုတ်ဘူး… ကျုပ်ကို လာထိရန် တူညီတဲ့ တုံ့ပြန်မှုမျိုး ကျုပ်ပေးမှာပဲ… ကျုပ်နဲ့ တခြားလူတွေ အကြားက ကိစ္စတွေကို ခင်ဗျားက မသိဘူး… ဒီတော့ ခင်ဗျားက ဒါကို မှတ်ချက်ပေးဖို့ အခွင့်အရေး မရှိဘူး… ကျုပ်ဘာလုပ်သင့်တယ် ဆိုတာလည်း ဝင်ပြောနေစရာ မလိုဘူး…” ရီဖူရှင်းက ငေါ့တော့တော့ ပြောသည်… “ခင်ဗျားက ဒီလောက် လူကြီး လူကောင်းဆန်နေရင် ဒီကို ဘာလို့ လာခဲ့တာလဲ…”

မှန်သည်… စီမင်ဟန်ကျင့်သည်လည်း သူ၏ရင်ထဲမှ​ အဖုအထစ်ကို ဖြေဖျောက်ရန် အတွက် ရောက်လာခြင်း ဖြစ်သည်။

“ဒါဆို တခြားနန်းတော်က တပည့်တွေအပေါ် မောက်မောမာမာ ပြောခဲ့တဲ့ စကားအတွက်ကရော…” စီမင်ဟန်ကျင့်က ပြောသည်။

“တတိယတန်းစား နိုဘယ်အဖြစ်နဲ့ ရီဖူရှင်းက ပါရမီရှင် အဆင့်၁နေရာကို ရခဲ့တယ်… အာခီမီမြို့မှာ သူက အဲဒီက အတော်ဆုံးလူကို အနိုင်ယူခဲ့တယ်… နန်းတော်မှာ သူ့လိုလုပ်နိုင်တဲ့လူ ဘယ်သူရှိလဲ… သူက အဆင့်၁နေရာနဲ့ မထိုက်တန်ဘူးလား…” ထိုအခိုက်တွင် ပျင်းရိသော ရယ်သံတစ်ချက် ထွက်လာသည်။ ကြမ်းပြင်တွင်ပင် လဲလျောင်းရင်း စုချွဲက ပျင်းရိစွာ ပြောသည်… “တခြားလူတွေရဲ့ ထူးချွန်မှုကို အသိအမှတ်ပြုရတာ ဒီလောက် ခက်ခဲလား…”

“စုချွဲ… မင်းက ထင်းဆွေအိမ်တော်ရဲ့ ဆက်ခံသူပဲ… မင်းက ဒုတိယတန်းစား နိုဘယ်လည်း ဖြစ်တယ်… မင်းက မြေရိုင်းပြည်နယ်မှာ ထိပ်သီးပါရမီရှင် တစ်ယောက်ပဲ… မင်းရဲ့ မာနက ဘယ်မှာလဲ…” စုချွဲကို ကြည့်ကာ စီမင်ဟန်ကျင့်က နှာခေါင်းရှုံ့သည်။ စုချွဲက ရီဖူရှင်း၏ နောက်လိုက် ဖြစ်သည်ဟု သူက ဝေဖန်းခြင်း ဖြစ်သည်။

“မှန်တာပေါ့… ပါရမီရှင်တွေက မာနရှိသင့်တယ်… ဒါပေမဲ့ မင်းတို့က တကယ် ထူးချွန်တဲ့လူတွေကို တွေ့တဲ့အခါ သူတို့ဆီက သင်ယူပြီးတော့ သူတို့ရဲ့ အရည်အချင်းကို လက်ခံသင့်တယ်…”

လူအများအပြားက စုချွဲနှင့် ရီဖူရှင်း၏အနီးမှ လူများကို ကြည့်ကြသည်။ ယူချင်းနှင့် ဖီးနစ်တို့ကဲ့သို့သော သူများပင်လျှင် ရီဖူရှင်း၏ ဦးဆောင်မှုကို လိုက်ပါကြသည်။ ထို့အတူ နန်းတော်မှ ပါရမီရှင် များစွာကလည်း ရီဖူရှင်းထံတွင် သွားရောက် သင်ယူကြသည်ဟု ကြားကြရသည်။ ထိုအရာက အမှန်တကယ် ထူးချွန်သူအပေါ် သူတို့၏လေးစားမှု ဖြစ်ပေသည်။

“လူတွေက ထူးဆန်းတယ်… သူတို့ထက် သိပ်မသိမသာ အားကောင်းရင် မနာလိုဖြစ်တယ်… အရမ်းကြီးကို အားကောင်းတဲ့အခါမှ သူတို့က လေးစားကြတယ်… အဲဒီအချိန်ကျရင် အရမ်း နောက်ကျသွားတာ တစ်ခုပဲ…” ကျွေ့ချိန်ချူက စုချွဲဘေးတွင် လဲလျောင်းကာ သေရည်ကို မော့သောက်ရင်း ပြောသည်။ သူတို့၏ပုံစံက အလွန် သက်သောင့်သက်သာ ရှိလှသည်။

လူအုပ်ထဲတွင် ကျန်းကျိချင်နှင့် ယွန်ဖုန်းတို့ကလည်း ထိုခံစားချက်ကို ရနေကြသည်။ ယခု ရီဖူရှင်းကား အားကောင်းလွန်းရကား သူတို့၏ ရင်ဘတ်ထဲတွင် လေးစားမှုများ ဖြစ်ပေါ်လာရသည်။ ရီဖူရှင်း၏ပါရမီဖြင့် သူကား ကောင်ကင်မြေရိုင်း အဆင့်တွင် စွမ်းအားအကြီးဆုံးလူ ဖြစ်လာနိုင်သည်။ ထိုအချက်ကို မည်သူမှ သံသယ မဝင်ကြပေ။

“စီမင်ဟန်ကျင့်…” ရီဖူရှင်းက စီမင်ဟန်ကျင့်ကို ငုံ့ကြည့်ကာ ပြောသည်… “တကယ်လို့ ခင်ဗျားက ကျုပ်ရဲ့ စိတ်နေသဘောထားကို လာပြီး တိုက်ခိုက်တာဆိုရင် သွားတော့… ကျုပ်က ကျုပ်ပဲ… ခင်ဗျားက ကျုပ်ကို သင်ပေးစရာ မလိုဘူး… ခင်ဗျားက ဒီအတွက် အဆင့်လည်းမမီဘူး…” ရီဖူရှင်းက ပြောသည်။ သူတို့နှစ်ယောက် အချင်းချင်း စိုက်ကြည့်ကြသည်။

ရီဖူရှင်း ပြောသည်မှာ မှန်၏။ ယခု သူကား ပထမနေရာတွင် ရှိသည်။ စီမင်ဟန်ကျင့်ကား ဒုတိယဖြစ်သည်။ စီမင်ဟန်ကျင့်တွင် ရီဖူရှင်းကို ဝေဖန်ပိုင်ခွင့် မရှိပေ။

“စကြရအောင်…” စီမင်ဟန်ကျင့်က နောက်ထပ် မငြင်းခုံတော့ဘဲ တိုက်ပွဲစရန် တိုက်ရိုက် ပြောသည်။

အေးစက်သော အားလှိုင်းများ စတင် ဖြစ်ပေါ်လာသည်တွင် အားလုံးက ကျောချမ်း လာကြသည်။ ရီဖူရှင်းနှင့် စီမင်ဟန်ကျင့်တို့ တိုက်ခိုက်ကြတော့မည်။ မည်သူက အနိုင်ရမည်နည်း။

ရီဖူရှင်းက ရှေ့ကို တက်လာသည်။ သူက စီမင်ဟန်ကျင့်ကို ကြည့်ကာ ပြောသည်… “အာခီမီမြို့မှာ ကျုပ်က ထိပ်သီးနိုဘယ်ရဲ့ စွမ်းရည်တွေကို ရင်ဆိုင်ပြီးပြီ… ဒါကြောင့် ခင်ဗျားလည်း အတတ်နိုင်ဆုံး တိုက်ခိုက်ပါ…” စီမင်ဟန်ကျင့်နှင့် ထိကန်းတို့တွင် မည်သူက ပိုမို အားကောင်းသည်ကို သူမသိသော်လည်း ထိကန်းနှင့် တိုက်ခိုက်ပြီးမှတော့ သူက စီမင်ဟန်ကျင့်ကို ရင်ဆိုင်နိုင်မည်ဟု ယုံကြည်ချက် ရှိပေသည်။

“ကောင်းပြီ…” စီမင်ဟန်ကျင့်ကလည်း ပြောသည်။ ရုတ်တရက် အလွန်အမင်း အေးစက်သော လှိုင်းများ ဖြစ်ပေါ်လာကာ ကောင်းကင် တစ်ခုလုံးက နှင်းများ ကျဆင်းလာသည်။ အေးစက်သော အငွေ့အသက်များက သူတို့၏ အရိုးများထဲထိအောင် ထွင်းဖောက် လာကြသည်။ သူတို့၏ခန္ဓာကိုယ်က အတွေးများ ရပ်တန့်သွားသလို ခံစားကြရသည်။ ယခု ထိုတိုက်ခိုက်မှုများ၏ အဓိက ပစ်မှတ်ဖြစ်သော ရီဖူရှင်းက မည်သို့ ခံစားရမည်ကို အားလုံးက ခန့်မှန်း၍ ရသည်။

သူက ရေခဲကမ္ဘာထဲကို ရောက်သွားသည့်အလား ရီဖူရှင်းက ခံစားရသည်။ အေးစိမ့်သော အငွေ့အသက်များက သူ၏ ခန္ဓာကိုယ်ထဲကို တိုးဝင်လာကြသလို သူ၏ ခန္ဓာကိုယ်ကလည်း စတင် လောင်ကျွမ်းလာသည်။ ဧရာမနတ်ငှက် ပေါ်လာသည်။ နတ်ငှက်က ပိုမို ကြီးမားလာကော နောက်ဆုံး အစစ်အမှန် နတ်ဘုရားငှက် အဖြစ် အသွင်ပြောင်း သွားသည်။ ရီဖူရှင်းက လက်ဆန့်တန်း လိုက်သည်တွင် မဆုံးနိုင်သော စွမ်းအားများက နှင်တံအဖြစ် ပြောင်းလဲသွားသည်။ ထို့အတူ သူ၏ခန္ဓာကိုယ်မှလည်း အလင်းတန်းများ ဖြာထွက်လာကာ သွေးကြောများ အားလုံး ပွင့်သွားသည်။ သူက မဆုံးနိုင်သော စွမ်းအားများ မွေးဖွားလာသည်ဟု ခံစားရ၏။ သို့သော်လည်း ကြောက်မက်ဖွယ် ကောင်းသော အေးခဲမုန်တိုင်းက ရီဖူရှင်းထံကို ရိုက်ခတ်လာပြီ ဖြစ်သည်။

ရီဖူရှင်းအနီးတွင် အားကောင်းသော နတ္ထိနယ်ပေါ်လာကာ သူ့အား ကာကွယ်သည်။ အေးခဲမုန်တိုင်းက ရီဖူရှင်းကို လာရောက် ရိုက်ခတ်ပြီး နတ္ထိနယ်ထဲကို ရောက်သည်တွင် နတ္ထိနယ်က အမှန်တကယ် ကာကွယ်နိုင်စွမ်း မရှိဘဲ အရိုးကွဲမတတ် အေးစိမ့်သော လှိုင်းက ရီဖူရှင်း၏ ခန္ဓာကိုယ်ထဲကို စီးဝင်လာသည်။

“ရှီအသိ…” ရီဖူရှင်းက တီးတိုးပြောသည်။ သူ၏အနီးမှ လေဟာနယ်ပင် အေးခဲသွားဟန် ရသည်။ သူ၏ခန္ဓာကိုယ်ကတည်း တစ်စ တစ်စ အေးခဲလာနေ၏။ သူ့တွင် အဆုံးမဲ့သော စွမ်းအားများ ရှိလျှင်ပင် ရီဖူရှင်းက ထုတ်မလွှတ် နိုင်တော့ပေ။

သူ၏သက်စောင့် ဟော်နန်းထဲတွင် ကမ္ဘာသစ်ပင်က လှုပ်ယမ်းသည်။ သူ၏ ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း မီးပြင်းဖိုကဲ့သို့ ပူနွေးလာ၏။ ရုတ်တရက် ကြောက်မက်ဖွယ် ကောင်းသော မီးတောက်များ သူ၏ခန္ဓာကိုယ်မှ ပေါက်ကွဲ ထွက်လာကာ နတ်ငှက်က အတောင်ပံကို ဖြန့်လျက်​ ရီဖူရှင်းက ကောင်းကင်ထက်ကို တက်သည်။ ရီဖူရှင်းက သူ၏နှင်တံကို ဝှေ့ယမ်းသည်။ ထူးဆန်းသော ဟန်ချက်နှင့်အတူ ရီဖူရှင်းက တစ်လောကလုံး၏ စွမ်းအားများကို ဆုပ်ကိုင်ထားသည့်အလား ခံစားနေရသည်။ သူ၏နှင်တံက သိုင်းပညာစွမ်းအားကို အခြေပြုသည်။ သိုင်းအသိက နှင်တံပေါ်တွင် စီးဆင်းနေကာ ကြောက်မက်ဖွယ် သိုင်းပညာစွမ်းအားများ ဖြစ်ပေါ်လာသည်။ မုန်တိုင်းက ပိုမိုကြီးမား အားကောင်းလာကာ အရာခပ်သိမ်းကို ဖြိုခွင်းနိုင်စွမ်း ရှိဟန်ရနေသည်။

နန်းတော်မှ တပည့်များ အားလုံးက သူ့ကို လှမ်းကြည့်ကြသည်။ ထိုအခိုက်တွင် ရီဖူရှင်းက ကောင်းကင်တွင် ကခုန်နေသော လှပသော နတ်ငှက်တစ်ကောင် အလား ထင်မှတ်ရ၏။

***


Comment

Leave a Reply

Options

not work with dark mode
Reset