ရီဖူရှင်းက လျန်ယွီချန်းကို ကြည့်သည်။ လွန်ခဲ့သော သုံးနှစ်ခန့်ကာ သူကား ထို့ကျန်းနန်းဆောင်တွင် လူကြီးလူကောင်းဆန်ကာ မာနကြီးသော ဝင့်ကြွားသော ပါရမီရှင် ဖြစ်သည်။ သူက ယွန်ဖုန်းကို အနိုင်ယူလိုက်သော ကြောင့်ပင် သူနှင့် လျန်ယွီချန်းတို့ စတင်၍ ပြဿနာ ဖြစ်ခဲ့ကြသည်။ နှစ်အကုန် လက်ရည်စမ်းပွဲတွင် ရီဖူရှင်းက လျန်ယွီချန်းနှင့် မှော်ဂီတပညာ၌ ယှဉ်ပြိုင်ခဲ့ကြသည်။
ထိုနေ့တွင်ပင် ရီဖူရှင်းက ကု့ချင်းတောင်ကြားနှင့် ဆက်နွှယ်မှုရခဲ့ကာ လျန်ယွီချန်းကလည်း သူ့နောက်မှ လိုက်လာခဲ့သည်။ သူကလည်း လျူခွန်ရှမ်း၏ ပညာအမွေကို ဆက်ခံရယူလိုခဲ့သည်။ သို့သော် သူမတတ်နိုင်ခဲ့ပေ။ ထိုနေ့မှ လျန်ယွီချန်း၏ စိတ်ဓာတ်ကျမှုကို သူခံစား၍ ရသည်။ သူ၏ ဂုဏ်သိက္ခာများက ရီဖူရှင်းကြောင့် ကျဆင်းခဲ့ရသည်မှာ သေချာသည်။
လျန်ယွီချန်းက သည်၂နှစ်ကာလအတွင်း တံခါးပိတ် လေ့ကျင့်နေခဲ့သည်မှာ သေချာသည်။ သို့သော်လည်း ရီဖူရှင်းက အာခီမီမြို့မှ ပြန်ရောက်လာပြီး ပါရမီရှင် အဆင့်တစ်နေရာကို ရသွားသောအခါ လျန်ယွီချန်းက အလွန်အမင်း မပျော်မရွှင် ဖြစ်ခဲ့ရသည်။
သူတို့အကြား ပြိုင်ဆိုင်မှုကား တားဆီးမရသော ဖြစ်တည်မှုပင်။ လျန်ယွီချန်းက အလျှော့မပေးသေးသည်မှာ သေချာ၏။
ရယ်မော၍ပင် ရီဖူရှင်းက ပြောသည်… “ဒါဆိုလည်း ကျုပ်က ခင်ဗျားကို အလျှော့ပေးပါ့မယ်…”
ရီဖူရှင်း၏စကားကို ကြားသည်တွင် အားလုံး၏ မျက်လုံးများက အရောင်လက် သွားသည်။ သူတို့က နောက်ထပ် အလွန် ကောင်းမွန်သော ဂီတတိုက်ပွဲတစ်ခုကို မြင်တွေ့ ကြရတော့မည်လော…။ ယခု ရီဖူရှင်းက ပါရမီရှင် အဆင့်၁ဖြစ်ကာ လျန်ယွီချန်းက အဆင့်၅ဖြစ်သည်။ ထိပ်သီးများ၏ ဂီတတိုက်ပွဲက နန်းတော်အတွင်း ရှားပါးကာ မြင်တွေ့ရန် ခက်ပေသည်။
“အူကီယို…” အားလုံးက ရီဖူရှင်း တီးခတ်ခဲ့သော နာမည်ကျော် ဂီတသံစဉ်ကို အမှတ်ရနေကြဆဲ ဖြစ်သည်။ ထိုသံစဉ်ကား ဧကရာဇ် အသိများနှင့် ပြည့်နှက်နေသည်။
ရီဖူရှင်းက တိုက်ခိုက်ရန် သဘောတူသည်တွင် ယူချင်းက နောက်ဆုတ်သွားသည်။ လျန်ယွီချန်းက ပြုံးလျက်ပြောသည်… “ဒါဆိုလည်း အူကီယိုသံစဉ်ကို နောက်တစ်ခေါက် ပြန်ကြားနာ ရတာပေါ့…”
ရီဖူရှင်းက ထရပ်ကာ လျန်ယွီချန်းကို ကြည့်သည်။ အူကီယိုသံစဉ်ကို တွေးမိကာ သူက ပြုံးလျက်ပြောသည်… “အရင်တုန်းက ငါဟာ နဝမတန်းစား နိုဘယ်ပဲ… ငါ့ကိုယ်ငါ ဂီတပညာမှာ သက်သေပြဖို့ အူကီယိုကို တီးခတ်ခဲ့ရတယ်… အခု ခင်ဗျားက ဒါကို နားထောင်ဖို့ အရည်အချင်း မရှိတော့ဘူး…”
အားလုံးက ထိုသံစဉ်ကို နားထောင်ရန် မျှော်လင့်နေကြသည်။ ရီဖူရှင်းက ထိုစကားကို ပြောလိုက်သည်တွင် အားလုံး၏ အကြည့်များက အေးခဲသွားကြသည်။
လျန်ယွီချန်း၏မျက်နှာက အလွန်အမင်း အရုပ်ဆိုးသွားသည်။ ရီဖူရှင်းက သူ့အား လူမြင်ကွင်းတွင် အရှက်ခွဲနေသည်။ သို့သော်လည်း ရီဖူရှင်းကား အမြဲတမ်း ဤကဲ့သို့ ပုံစံဖြစ်သည်။ သူပြောသလိုပင် သူကား သူ့ကို သံသယဝင်သူများကို မည်သည့်အခါကမှ သက်သေပြစရာ မလိုပေ။ သူကား ပါရမီရှင်အဆင့်တစ် ဖြစ်သည်။ လျန်ယွီချန်းက သူ့ကို စိန်ခေါ်လျှင်ပင် လျန်ယွီချန်းက သူ၏အူကီယိုကို နားထောင်ရန် အရည်အချင်းမရှိဟု ဆိုခဲ့သည်။
“ငါ အဲဒါကို နားထောင်မယ်…” လျန်ယွီချန်းက ပြောသည်။ ထို့နောက် သူ၏ကု့ချင်းဝိညာဉ် ပေါ်လာသည်။ သူက မြေပြင်တွင် တင်ပျဉ်ခွေထိုင်ကာ ကု့ချင်းအား စတင် တီးခတ်လိုက်သည်။ ချက်ချင်းပင် ပတ်ဝန်းကျင်၏ ခံစားသက်ဝင်မှုက ပြောင်းလဲသွား၏။ ရီဖူရှင်းကလည်း တိုက်ခိုက်ရေး ရှီနန်းဆောင် ထောင့်စွန်းတွင် ထိုင်လိုက်သည်။ သူ၏ကု့ချင်းဝိညာဉ် ပေါ်လာ၏။
“ပြီးခဲ့တဲ့ ၂နှစ်က တိုက်ပွဲအပြီးမှာ ငါက သံစဉ် အသစ်တစ်ခုကို လေ့ကျင့်ခဲ့တယ်…” လျန်ယွီချန်းက ပြောသည်။ သူက ထိုသို့ ပြောလိုက်သည်နှင့် သံစဉ်က လေထုထဲ စတင်ပျံ့နှံ့လာသည်။ လူအများ ကြားရသည်ကား လှပညက်ညောသော သံစဉ်တစ်ခု မဟုတ်ပေ။ ထိုအစား သံစဉ်က သူတို့၏စိတ်ကို လေးလံ ထိုင်းမှိုင်းစေသည်။ နေရောင်က သူတို့အပေါ်ကို ကျဆင်းနေကာ ကောင်းကင်က ကြည်လင်နေသည်။ ရာသီဥတုက အလွန်သာယာသည်ဟု ပြောရမည် ဖြစ်သော်လည်း သံစဉ်ကို သူတို့က ကြားသည်တွင် အနုပညာ ရသသိတစ်ခု မွေးဖွားလာသည်။ အနက်ရောင် အငွေ့အသက်များ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းလာ၏။ အနက်ရောင်တိမ်များ စတင်ဖြစ်ပေါ်လာကာ ကောင်းကင်ကို ဖုံးအုပ်လာသည်။ လေးလံ ထိုင်းမှိုင်းသော သံစဉ်က လူတိုင်း၏ စိတ်အာရုံကို စိမ့်ဝင်လာသည်။
ထို့ကျန်းနန်းဆောင်မှ တပည့်များ အားလုံးက လျန်ယွီချန်းကို အံ့အားသင့်စွာ ကြည့်ကြသည်။ သူတို့၏ စီနီယာအစ်ကိုက နန်းတော်တွင် မကြာခဏ ကု့ချင်း တီးခတ်လေ့ရှိရာ သူတို့အားလုံးက လျန်ယွီချန်း၏ သံစဉ်များနှင့် ရင်းနှီး ကျွမ်းဝင်ကြသည်။ ယခု သည်သံစဉ်ကို သူတို့ တစ်ခါမှ မကြားဖူးပေ။
အတိတ်တွင် လျန်ယွီချန်း၏ တီးခတ်မှုကို သူတို့ ကြားနာရသည့် အခါတိုင်း လှပကာ ကြည်နူးဖွယ် ခံစားချက်များကို ရသည်။ သူ၏သံစဉ် တီးလုံးတိုင်းက သူတို့၏စိတ်အာရုံကို တက်ကြွ လန်းဆန်းစေသည်။ ပျော်ရွှင်စေသည်။ သို့သော် ယခု သူ၏သံစဉ်က အနက်ရောင် ခံစားချက်များကို ပေးနေသည်။ လွန်ခဲ့သော ၂နှစ်ခန့်က အရှုံးကြောင့် သူက ဤသို့ ပြောင်းလဲ သွားသည်များလား…။
လျန်ယွီချန်းက စတင်တီးခတ်သလို ရီဖူရှင်းကလည်း ကု့ချင်းကြိုးကို ထိလိုက်သည်။ ကြည်လင်ကာ တက်ကြွသော သံစဉ်တစ်ခု စတင် ဖြစ်ပေါ်လာသည်။ ထိုသံစဉ်က လူအများအား အားကောင်းသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။ သူတို့အားလုံးက ချက်ချင်းပင် အနုပညာ ရသသိထဲကို သက်ဆင်းသွားကြ၏။ အနုပညာရသသိအား ရိုးရှင်းကာ ကြီးမြတ်သည်။ လူတိုင်းက ရီဖူရှင်းအပေါ် ရိုကျိုးခစားလိုသော စိတ်များ ဖြစ်ပေါ်လာကြ၏။
အနက်ရောင်တိမ်များ ကောင်းကင်ကို ဖုံးလွှမ်းနေသည်။ သဘာဝစွမ်းအင်များ အားလုံး ဖိနှိပ်ခံရသည်။ ရီဖူရှင်း၏ သံစဉ်ကလည်း ဖိနှိပ်ခံရ၏။ အနက်ရောင် လောကတွင် သံစဉ် တစ်ခုတည်းကသာ အသက်ရှင်နိုင်သည်။
လှံရှည်များစွာက အနုပညာရသသိထဲတွင် ပေါ်လာကြသည်။ မှော်နက်လျှပ်စီးများက ကောင်းကင်တွင် ဒေါသတကြီး ဖြစ်ပေါ် လာနေကြသည်။ အနက်ရောင်တိမ်များက နဂါးနက်များအဖြစ် ပြောင်းလဲသွားကြသည်။ ထိုအရာက လောကတစ်ခုလုံးကို ဖျက်ဆီးတော့မည်ကဲ့သို့ ထင်မှတ်ရ၏။
“ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ ဖိအားလဲ… ဒီအနက်လမ်းစဉ် သံစဉ်က ဖျက်ဆီးဖို့သက်သက် ဖန်တီးထားတာပဲ… တပည့် အများအပြားက သူတို့၏ စိတ်အာရုံများကို ပိတ်ဆို့လိုက်ကြသည်။ သို့တိုင်အောင် သူတို့ကား သံစဉ်၏သက်ရောက်မှုမှ လွတ်မြောက်ခြင်း မရှိပေ။ သူတို့က သံစဉ်အတွင်းမှ လျန်ယွီချန်း၏ ဒေါသကို ခံစားကြရသည်။ ထိုအရာက သံစဉ်ထဲတွင် ပျော်ဝင်နေပုံရသည်။ လွန်ခဲ့သော သုံးနှစ်မှ ဒေါသက သည်မျှလောက်အထိ သူ့အတွက် သက်ရောက်မှု ကြီးသလော။
လျန်ယွီချန်း၏သံစဉ်က မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို ရီဖူရှင်းကလည်း ခံစားမိသည်။ သံစဉ်က သူ၏အာရုံခံစားမှုကို တိုက်ခိုက် လာရောက် နှောင့်ယှက်သည်။ သူ၏စိတ်အာရုံကို လာရောက် ဖိနှိပ်ကာ သံစဉ်အပေါ် ကောင်းကောင်း ခံစား သက်ဝင်နိုင်စွမ်း မရှိတော့ပေ။
ရီဖူရှင်းက သူ၏စိတ်ကို သေသေချာချာ ကာကွယ်ကာ အာရုံ စုစည်းထားသည်။ သဘာဝ စွမ်းအင်များက သူ့အနီးတွင် လှည့်ပတ်ကာ ကြမ်းတမ်းသော အနုပညာရသများက ဆက်လက် ဖြစ်ပေါ်သည်။ သူ့အနီးတစ်ဝိုက်က အေးခဲသွားကာ ပြင်းထန်သော တိုက်ခိုက်မှုများကို ကာကွယ်သည်။ သူက ကု့ချင်းကို မြန်ဆန်စွာပင် ဆက်လက် တီးခတ်သည်တွင် အနုပညာ ရသသိကလည်း ပိုမို အားကောင်းလာသည်။ ထိုအရာက ရီဖူရှင်း ဖန်တီးခဲ့သော အားလှိုင်း ဖြစ်သည်။ သူကား ကြီးမြတ် ထည်ဝါသည်။ လူအများက သူ့အပေါ် ဝပ်တွား ခစားလိုသည်။ သူ၏မှော်ဂီတပညာက ထွင်းဖောက်နိုင်စွမ်းရှိကာ လွှမ်းမိုးနိုင်စွမ်း ရှိသည်။ လူအများက ထိုသံစဉ်၏ ခံစားမှုက အလွန် ထူးဆန်းသည်ဟု တွေးမိကြသည်။
“လက်ကိုးချောင်း ကု့ချင်းနတ်ဆိုး…” စွမ်းအားမြင့် နိုဘယ်များက ရီဖူရှင်းကို ကြည့်ကြသည်။ လက်ကိုးချောင်း ကု့ချင်းနတ်ဆိုး လျူခွန်ရှမ်းကား ကြမ်းတမ်းသော သံစဉ်များဖြင့် နာမည်ကြီးသည်။ သို့သော် ထိုသံစဉ်များက တစ်ဖက်လူ၏ စိတ်နှလုံးကို ညှို့ယူနိုင်စွမ်း ရှိ၏။
သူတို့နှစ်ယောက်က ဆက်လက်၍ ထိုင်ကာ တိတ်ဆိတ်စွာ တီးခတ်နေကြသည်။ ရီဖူရှင်းအနီးမှ အရံအတား အားလှိုင်းမူကား အနက်ရောင် အငွေ့အသက်များ အောက်တွင် တဖြည်းဖြည်း တိုက်စားခံနေရကာ ပိုမိုပါးလွှာလာသည်။ သည်သံစဉ်က တစ်ဖက်လူ၏ သဘာဝ စွမ်းအင်နှင့် စိတ်ဝိညာဉ်ကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်စေနိုင်သည်။
အူကီယိုကား မှော်စွမ်းအင်များ အားလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိသည်။ သို့သော် ယခု လျန်ယွီချန်း၏ သံစဉ်က ဖျက်ဆီးအား သတ်သတ်ဖြစ်သည်။ သံစဉ်က ဖိနှိပ်အားကောင်းကာ တစ်ဖက်လူ၏ စိတ်ကို ကစဉ့်ကလျား ဖြစ်စေသည်။ ဤသို့သော သံစဉ်ကား သံစဉ်ကို တီးခတ်သူကပင် အလွန် အားကောင်းသော စိတ်အား ခိုင်မာမှုကို လိုအပ်သည်။
“ငါ မရတော့ဘူး…” ပရိသတ် တစ်ယောက်က ပြောသည်။ သူ၏စိတ်က ပြိုလဲတော့မည်ကဲ့သို့ သူ ခံစားနေရသည်။ သူက သည်သံစဉ်မှာ လွတ်မြောက် လိုနေသည်။
“ဒါက ဘယ်လို သံစဉ်မျိုးလဲ…” စုချွဲပင် မသက်မသာ ခံစားရသည်။ သူက သူ၏စိတ်ကို ကာကွယ်သည့်တိုင် ဓားထုတ်ကာ တစ်စုံတစ်ယောက်အား သတ်ဖြတ်လိုစိတ်များ ဖြစ်လာရသည်။ စုချွဲကား ဒုတိယတန်းစား နိုဘယ်ဖြစ်ကာ အလွန်ပါရမီမြင့်သည်။ သို့တိုင်အောင် သူကား စိတ်တည်ငြိမ်ခြင်း မရှိတော့။ ပိုမိုများပြားသော လူများက ထိုနေရာမှ ဆုတ်ခွာ နေကြသည်။ လျန်ယွီချန်း၏ အမူအရာပင် ပြောင်းလဲလာသည်။
ရီဖူရှင်းက ဆက်လက်၍ တီးခတ်သည်။ ကြောက်မက်ဖွယ် စိတ်စွမ်းအားများက သူ့အနီး တစ်ဝိုက်တွင် လာရောက် စုစည်းနေကြသည်။ ထိုစွမ်းအားများက ပိုမိုအားကောင်း လာနေသည်။ သူက ထိုဖျက်ဆီး စွမ်းအားကို သူ၏စိတ်ထဲ၌ လွတ်လပ်စွာ ခွင့်ပြုထားသည့်တိုင် သူ၏စိတ်က တည်ငြိမ်နေဆဲ ဖြစ်သည်။ သူ၏ အနုပညာရသသိက ပိုမို အားကောင်းလာကာ နောက်ဆုံး ထိုဖျက်ဆီးအားကပင် သူ၏သံစဉ်ထဲ ပျော်ဝင်ရသည်။ ထို့အတူ စိတ်သတ္တိ အားနည်းသူများက ရီဖူရှင်းကို သည်အတိုင်း မကြည့်နိုင်တော့ပေ။ ကြည့်မိပါက သူတို့၏အသိစိတ် ပျောက်ဆုံးကာ နတ်ဘုရားတစ်ပါးလို ကိုးကွယ် ဆည်းကပ်လိုသော စိတ်များ ဖြစ်လာကြသည်။ သူတို့၏စိတ်က ကု့ချင်းသံစဉ်ထဲ ပျော်ဝင်သွားသည်ဟု ခံစားကြရသည်။
လျန်ယွီချန်းက ဖျက်ဆီးလိုသည်။ သို့သော်လည်း ရီဖူရှင်းက ထိန်းချုပ်လိုသည်။ ပရိသတ်များ အားလုံးက စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ သည်မှော်ဂီတ တိုက်ပွဲကား လွန်ခဲ့သော ၂နှစ်ကနှင့် လွန်စွာ ကွာခြားသွားသည်။
တိုက်ပွဲတွင် လျန်ယွီချန်းက အသာစီး ရနေဆဲဖြစ်သည်။ အမှန်တကယ်အားဖြင့် ရီဖူရှင်း၏ အနုပညာရသသိက ပိုမိုအားကောင်း လာနေသည်။ သူ့အနီးမှ အလင်းရောင်က ပိုမို ထွန်းလင်းလာကာ တစ်လောကလုံးက ရီဖူရှင်း၏သံစဉ်နှင့် ကာရံညီမျှ လာနေသည်။
လျန်ယွီချန်း၏ အမူအရာက ပိုမို ပျက်ယွင်းလာသည်။ မှန်သည်… ရီဖူရှင်း၏ တန်ခိုးအဆင့်နှင့် စိတ်စွမ်းအားက သူ့ထက် အားနည်းပေသည်။ သို့သော် အချိန် ကြာလာသည်နှင့်အမျှ ရီဖူရှင်း၏သံစဉ်က ပိုမို အားကောင်းလာကာ လျန်ယွီချန်းက တစ်ဖန် ပြန်လည် တိုက်ခိုက်ခြင်း ခံလာရသည်။ သူ့အား လာရောက် တိုက်ခိုက်သည်က ဂီတ၏ အနှစ်သာရနှင့် အနုပညာရသသိ ဖြစ်သည်။
သည်မျှလောက်ဖြင့် အဆုံးမသတ်သေးပေ။ အလွန် ကြောက်မက်ဖွယ် ကောင်းသော အရာတစ်ခု ဖြစ်ပျက်လာသည်ကို လျန်ယွီချန်းက ခံစားရသည်။ သူ၏စိတ်က ရီဖူရှင်း၏ အနုပညာရသသိထဲကို စတင် ပျော်ဝင်နေသည်။
သူက မယုံကြည်နိုင်စွာဖြင့် သံစဉ်ကို ပိုမိုရုန့်ရင်း ကြမ်းတမ်းစွာ တီးခတ်သည်။ သို့သော် သူ၏စိတ်က ရီဖူရှင်း၏သံစဉ်ထဲကို နက်ရှိုင်းစွာ ကျဆင်းလာနေကာ နောက်ဆုံး အရာအားလုံးက သူ၏ဆန္ဒအတိုင်း မဟုတ်တော့သလို ခံစားလိုက် ရတော့သည်။
“ကြိုးကို ဖြတ်လိုက်…” ရီဖူရှင်းက ခေါင်းငုံ့ကာ တိတ်ဆိတ်စွာ တီးခတ်နေရင်းက ပြောလိုက်သည်။ ချက်ချင်းပင် ထောက်ခနဲ အသံနှင့်အတူ လျန်ယွီချန်းက သူ၏ကု့ချင်းကြိုးကို ဖြတ်တောက် လိုက်သည်။ သူ၏ပါးစပ်မှလည်း သွေးတစ်ပွက် အန်ကျကာ ညည်းသံတစ်ချက် ထွက်လာသည်။ သို့သော်လည်း သူက ဘာမှ ခံစားရဟန် မရှိပေ။ ရီဖူရှင်း၏ စကားလုံးများက သူ့အတွက် အမိန့်သံ ဖြစ်ဟန်ရသည်။
“အခုကစပြီး မင်း ဘယ်တော့မှ ငါ့ရှေ့မှာ ကု့ချင်းကို မတီးနဲ့… မင်းက မထိုက်တန်ဘူး…” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။ သူက ထိုသို့ ပြောပြီးသည်နှင့် သူ့လက်ချောင်းက အားကောင်းစွာ တုန်ခါသွားပြီး ဂီတသံစဉ် တီးလုံးတစ်ခုနှင့်အတူ အနုပညာရသသိက ပြန့်ကျဲ သွားတော့သည်။
***