Switch Mode

အပိုင်း(၆၄၈)

ထိပ်သီးဆယ်ယောက်၏တိုက်ပွဲ

သူ၏အဆင့်ကို သံသယဝင်သည့်လူများ ရှိနေမှတော့ သူက ဘာမှ မလုပ်မီ ယူချင်းအား ထိပ်ဆုံး ဆယ်နေရာထဲသို့ ဝင်စေခြင်းကလည်း ကောင်းသော အကြံတစ်ခုဟု ရီဖူရှင်းက ထင်မြင်သည်။

သည်တိုက်ပွဲ အပြီးတွင် ပါရမီရှင်အဆင့်၌ ယူချင်းကလည်း မြင့်မားသော တစ်နေရာသို့ ရောက်လာတော့မည် ဖြစ်သည်။

ကျောက်ဟိုက ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်။ ရီဖူရှင်းကား မောက်မာသည်ထက် ပိုမိုကာ တခြားလူများ အားလုံးကို လူမထင်သလို ပါရမီရှင်အဆင့်ဇယားမှ လူများကိုလည်း လေးစားမှု မရှိပေ။

ရီဖူရှင်းကား မောက်မာလွန်းရကား သူကိုယ်တိုင်ပင် တိုက်ခိုက်ခြင်း မရှိဘဲ သူ့အား လာရောက် စိန်ခေါ်သူကို ယူချင်းနှင့် တိုက်ခိုက်စေသည်။

ဘုန်း…

ရွှေရောင်အလင်းများ ဖြာထွက်သွားကာ ကျောက်ဟို၏နောက်၌ အလွန်ရှေးကျသော နာရီကြီးတစ်လုံး ပေါ်လာသည်။ နာရီက အက်ကွဲသံများပေးကာ ကြီးမားသော အရှိန်အဝါကို ထုတ်လွှတ်သည်။ သူ့နောက်တွင် နတ်လင်းယုန်၏ အတောင်ပံတစ်စုံလည်း ဖြစ်ပေါ်လာ၏။

ကျောက်ဟိုတွင် သက်စောင့်ဝိညာဉ်နှစ်ခု ဖြစ်သော ဝေဟင်ပျံဝဲနာရီနှင့် ရွှေမီးတောက် လင်းယုန်တို့ ဖြစ်ကြသည်။ သူက စိတ်စွမ်းအားကို အထူးလေ့ကျင့်ကာ သတ္တု၊ မီး၊ လေနှင့် တခြားသော ဓာတ်စွမ်းအင်များတွင်လည်း ထူးချွန်သည်။ သူက သိုင်းပညာကိုလည်း လေ့ကျင့်ကာ ခက်ခဲသော ပြိုင်ဘက် တစ်ယောက်လည်း ဖြစ်၏။ ပါရမီရှင်အဆင့်ဇယား၌ အဆင့်၁၀ ရှိသောသူက သာမန်လူတော့ မဟုတ်ပေ။

တော်ဝင်ကျဲနန်းတော်ကို ဝင်နိုင်သော လူပင်လျှင် အကောင်းဆုံးများထဲမှ အကောင်းဆုံးများ ဖြစ်သည်။ ထို့အတူ ပါရမီရှင်အဆင့် ဇယားကို ဝင်ရောက်နိုင်သူကား လက်ချိုးရေတွက်၍ ရသည်။ ယခု ပါရမီရှင် အဆင့်၁၀က မည်မျှ ထက်မြက်နေမည်ကို ပြောနေစရာပင် မလိုပေ။

ယူချင်းက ရှေ့ကို တက်လာသည်။ သူက ကြီးထွား သန်မာသော ခန္ဓာကိုယ်ကြီးက လေထဲတွင် ရပ်လျှင် လူအများအား ကြီးမားသော ဖိအားများကို ခံစားရစေသည်။ ယူချင်းကား သည်အတိုင်း ရပ်နေရင်းကပင် စစ်နတ်ဘုရားတစ်ပါး၏ ဂုဏ်ကျက်သရေကို ပိုင်ဆိုင်သည်။ ယူချင်းအား ကြည့်ခြင်းက ရှီတန်ခိုးရှင် ထောင်ကျန်း အငယ်စားကို မြင်နေသည့်အလား သူတို့ ခံစားကြရသည်။ သို့သော်လည်း သူက ကျောက်ဟိုကို အမှန်တကယ် တိုက်ခိုက်နိုင်မည်လား ဟူသည်ကိုတော့ အားလုံးက သံသယ ဝင်ကြသည်။

ကျောက်ဟို၏ မျက်လုံးများကို အေးစက်သော အငွေ့အသက်များ ယှက်သန်းသွားသည်။ သူက လက်ကို ဝှေ့ယမ်းသည်တွင် ရှေးဟောင်းနာရီပုံရိပ်များ ဖြစ်ပေါ်လာသည်။ သူ၏သက်စောင့်ဝိညာဉ် ဝေဟင်ပျံဝဲနာရီကလည်း အရွယ်အစား ကြီးမားလာကာ လေဟာနယ်ကို ကြောက်မက်ဖွယ် စိတ်စွမ်းအားများ ဖြန့်ကြက်သည်။ ထိုအခိုက်တွင် ထိုနေရာ တစ်ခုလုံးက ကြီးမားသော ဖိအားအောက်ကို သက်ဆင်းသွား၏။

ပါရမီရှင် အဆင့်၁၀တွင်ရှိသော ကျောက်ဟိုက ခန္ဓာကိုယ် လေ့ကျင့်သူတို့၏ အားနည်းချက်များကို သေချာပေါက် သိနားလည်ပေသည်။ ခန္ဓာကိုယ် လေ့ကျင့်သူများကား စိတ်စွမ်းအားတွင် အားနည်းလေ့ရှိရာ ယခု သူက စိတ်စွမ်းအားကို အားပြု၍ စတင် တိုက်ခိုက်သည်။

သူ၏စိတ်စွမ်းအားက လေဟာနယ်နှင့် ပေါင်းစပ်သွား၏။ ဝေဟင်ပျံဝဲနာရီက အလွန် လင်းလက်လာကာ အောက်ကို တဖြည်းဖြည်း ကျဆင်းလာသည်။ နာရီပုံရိပ် များစွာကလည်း ယူချင်းထံကို တိုးဝင်လာနေကြ၏။ ထိုအခိုက်တွင် တိုက်ပွဲနှင့် အနီးကပ်ရှိနေသော သူများထဲတွင် အချို့က သူတို့၏နားနှင့် အာရုံခံစားမှုတို့ကို ပိတ်ပင်အာ နောက်ကို ဆုတ်ကြသည်။ အကယ်၍ သူတို့ကသာ နာရီလည်သံကို ဆက်လက် နားဆင်ပါက စိတ်စွမ်းအား ထိုးထွင်းမှုအောက်တွင် စိတ်အသိများ ပျက်ပြား သွားနိုင်ပေသည်။ နာရီထဲမှ ထုတ်လွှတ်သော စိတ်အားလှိုင်းက သူတို့၏ စိတ်ဝိညာဉ်ကို အနာတရ ဖြစ်စေနိုင်၏။

မရေမတွက်နိုင်သော နာရီပုံရိပ်များ ဆက်လက် ဆင်းသက် လာကြသည်။ ယူချင်းက ရှေ့ကို တစ်လှမ်း တက်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှ သွေးကြောမများကို ဖွင့်လိုက်သည်တွင် အလင်းတန်းများ ဖြာထွက်လာသည်။ သူ၏ခန္ဓာကိုယ်က အလွန်အမင်း ကြီးမားသော ခွန်းအားများဖြင့် ပြည့်နှက်လာ၏။

ဧရာမရှေးဟောင်း နာရီကြီးက အလွန် အားကောင်းသော တိုက်ခိုက်ရေးအားဖြင့် ယူချင်း၏ ခေါင်းထဲကို တိုးဝင်လာသည်။ သို့သော်လည်း ယူချင်း၏ စိတ်နယ်ပယ်ထဲတွင်ကား နတ်ဆိုးပုံရိပ်တစ်ခုက မားမားမတ်မတ် ရပ်ကာ ယူချင်း၏စိတ်အသိကို ကာကွယ်ပေးထားသည်။ မည်သို့ဆိုစေ စိတ်ဝိညာဉ် တိုက်ခိုက်ခံရသူတိုင်းက သက်သောင့်သက်သာ ခံစားချက် မရှိရာ ယူချင်းကလည်း ထိုခြွင်းချက် မရှိပေ။ သူက ပြိုင်ဘက်ကို မြန်ဆန်စွာ အဆုံးသတ်ရန် လိုအပ်ပေသည်။

ယူချင်း၏ခန္ဓာကိုယ်က နာရီပုံရိပ်များစွာ၏ တိုက်ခိုက်မှုအောက်ကို ကျဆင်းနေသည့်တိုင် ထိုတိုက်ခိုက်မှုများက ယူချင်းကို မည်သို့မှ ထိခိုက်မှု မဖြစ်စေသည်ကို မြင်ကား အားလုံးက အံ့အားသင့်ကြရသည်။ ယူချင်းကား နက်ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားကာ သူ၏ ခန္ဓာကိုယ်တွင်လည်း သွေးကြောမငါးခုကို ဖွင့်ထားသည်။ သူ၏ခွန်အားကား မယုံကြည်နိုင်ဖွယ် အားကောင်းပေ၏။

“တောင်ပံခွဲဖြာ…” ကျောက်ဟိုက အေးစက်စွာ ပြောသည်။ ရွှေရောင် အတောင်ပံတစ်စုံက ယူချင်း၏ ခန္ဓာကိုယ်အနီးတွင် လေပွေအလား လှည့်ပတ် ဖြစ်ပေါ်လာကာ ယူချင်း၏ခန္ဓာကိုယ်ကို လာရောက် ဖြတ်တောက်သည်။

ယူချင်းက သူ့ထံသို့ ရောက်လာနေသော အတောင်ပံတစ်စုံအား ကြည့်ကာ မာန်သွင်းလိုက်သည်။ ချက်ချင်းပင် ဧရာမကြီးမားသော နတ်ဆိုးတစ်ပါး ပေါ်ထွက်လာသည်။ ထိုအရာကား သူ၏စွမ်းအင်မှ ဖြစ်ပေါ်လာကာ ထောင်ကျန်းခန္ဓာ ဖြစ်သည်။ သူက လေထဲကို ခုန်တက်သည်တွင် ဧရာမ ထောင်ကျန်းခန္ဓာကိုယ်က တုန်ခါသွားသည်။ နက်ရွှေရောင် အလင်းမျက်နှာပြင်တစ်ခု သူ၏ခန္ဓာကိုယ်တွင် ချက်ချင်း ဖြစ်ပေါ်လာသည်။ အလွန်ထက်ရှသော အတောင်ပံက လေထုကို ခွင်းလျက် ယူချင်း၏ခန္ဓာကိုယ်ကို လာရောက် ဖြတ်တောက်ရန် ကြိုးစားသော်လည်း အံ့အားသင့်စွာပင် အတောင်ပံများက ကွေးကောက် ပျက်စီးသွားကြ၏။

ကျောက်ဟို၏အမူအရာက ပြောင်းလဲခြင်း မရှိပေ။ သူက လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်တွင် ပိုမိုကြောက်မက်ဖွယ် ကောင်းသော ရွှေရောင်မုန်တိုင်းများ ဖြစ်ပေါ်လာသည်။ ဝေဟင်ပျံဝဲနာရီအပြင် ရွှေလင်းယုန်ပုံရိပ်လည်း ဖြစ်ပေါ်လာသည်။ မဆုံးနိုင်သော ရွှေရောင်မုန်တိုင်းများက အတောင်ပံများ၏ ဖြတ်တောက် လှည့်ပတ်မှုနှင့်အတူ ကြောက်မက်ဖွယ် စွမ်းအားဖြင့် ယူချင်းထံကို တိုးဝင် လာကြသည်။

ယူချင်းက ကြောက်မက်ဖွယ် ကောင်းသော အတောင်ပံများကို ကြည့်သည်။ ဧရာမနတ်ဆိုးက လေထဲတွင် ထီးထီးရပ်နေသည်ကို မြင်ကြရသည်။ အတောင်ပံများက ယူချင်းကို လာရောက် ဖြတ်တောက်သောအခါ အားကောင်းသော လက်အစုံက အတောင်ပံများ၏ လှည့်ပတ်မှုကို ရပ်တန့်ရန် ကြိုးစားသည်။ တစ်ဖက်တွင် ကျောက်ဟိုကလည်း လျှပ်စီးတန်းအလား ရှေ့ကို ပြေးဝင်လာ။ ပိုမိုသော ရှေးဟောင်းနာရီများနှင့် အတောင်ပံများက ယူချင်း၏ ဧရာမ ခန္ဓာကိုယ်ထံသို့ တိုးဝင် လာနေကြသည်။

ယူချင်းက ရှေ့ကို တစ်လှမ်း တက်လာသည်။ နတ်ဆိုးက သူ၏လက်အစုံဖြင့် စွမ်းအားများကို စုစည်းကာ ရှေ့ကို လက်ဝါးဖြင့် ရိုက်ထုတ်သည်။ လက်ဝါးတစ်ထောင် ရိုက်ချက်ကား သိုင်းပညာ စွမ်းအားကို အခြေခံကာ ကြောက်မက်ဖွယ် ကောင်းအောင် အားပြင်းသည်။ နတ်ဆိုးကိုယ်တိုင်က ထိုလက်ဝါးကို ရိုက်ထုတ်လိုက်သည့်အလား ရှေးဟောင်း နာရီများနှင့် အတောင်ပံများအားလုံး ပျက်စီးပျောက်ကွယ် ကြရပြန်သည်။

ထောင်ကျန်း ခန္ဓာကိုယ်ကား အလွန် အားကောင်းသော တိုက်ခိုက်ရေးနှင့် ခုခံရေးအသားပေး ပညာရပ်ဖြစ်ကာ ကိုယ်ပိုင်စွမ်းရည်ဖြင့် ပေါင်းစပ် အသုံးပြုရခြင်း ဖြစ်သည်။ ရီဖူရှင်း၏ ကြယ်ကြွေလက်ဝါးကလည်း ထောင်ကျန်းခန္ဓာကိုယ်နှင့် သူ၏ကြယ်တာရာ အသိတို့ ပေါင်းစပ်ရာမှ ဖြစ်ပေးလာခြင်း ဖြစ်သည်။ ယူချင်းမူကား သူ၏လက်ဝါးက သန့်စင်သော သိုင်းပညာအသိနှင့် ထောင်ကျန်း ခန္ဓာကိုယ်တို့ ပေါင်းစပ်ထားခြင်းဖြစ်ရာ လက်ဝါးက ရိုးရှင်းသော်လည်း အလွန်အမင်း ကြီးမားသော ခွန်အားကို သယ်ဆောင်နိုင်သည်။

ဘုန်း… ထောင်ကျန်း ခန္ဓာကိုယ်က တိုက်ခိုက်မှုများ အားလုံးကို ဖျက်ဆီးပြီးသည်တွင် ယူချင်းက လေထဲကို ခုန်တက်ကာ သူ့ထံကို ပြေးဝင်လာသော ကျောက်ဟိုအား နတ်ဘုရား တစ်ပါးအလား လှမ်းသွားလိုက်သည်။

ဝုန်း.. ကောင်းကင်နှင့် မြေပြင်က တုန်ခါသွားပြီး အားကောင်းသော သိုင်းပညာအသိ မွေးဖွားလာသည်။ ယူချင်းက ကျောက်ဟိုရှေ့ကို လျှပ်တစ်ပြက် ရောက်လာသည်တွင် ကျောက်ဟို၏ခေါင်းထဲကို ပုံရိပ်ယောင်တစ်ခု တိုးဝင်လာသည်။ ထိုအခိုက်တွင် သူ၏​ခေါင်းထဲမှ နတ်ဆိုးပုံရိပ်ကား အလွန်အမင်း ရင့်သီးမောက်မာကာ လောကတွင် သူတစ်ယောက်တည်း ရှိသည့်အလား ကြီးမြတ်ခမ်းနားသည်။

ကျောက်ဟိုက နောက်ကို ဆုတ်ရန် ကြိုးစားသော်လည်း ကောင်းကင်မှ ပုဆိန်ရှည်များ မိုးစက်မိုးပေါက်များပမာ ကျဆင်းလာပြီး သူ၏ပြေးလမ်းများကို ပိတ်ဆို့သည်။ ဧရာမနတ်ဆိုးက နောက်ထပ် လက်ဝါးတစ်ချက် ရိုက်ထုတ်သည်။ ထောင်ပေါင်း များစွာသော လက်ဝါးများက လက်ဝါးပုံရိပ် တစ်ခုတည်းတွင် စုစည်းသွားကြကာ ကြောက်မက်ဖွယ် အလင်းစီးဆင်းမှုတစ်ခု လေထဲတွင် ဖြစ်ပေါ်လာပြီး အရာခပ်သိမ်းကို ဖြိုခွင်းလျက် တစ်ဖက်လူထံသို့ တိုးဝင်သွားသည်။ ကျောက်ဟိုကလည်း လက်ဝါးရိုက်ချက်၏ အန္တရာယ်ကို ခံစားမိဟန်တူသည်။ ဝေဟင်ပျံဝဲနာရီက အရွယ်အစား ကြီးမားသွားကာ သူ့ရှေ့ကို ပျံသန်းသွားသော်လည်း ဒေါင်ခနဲမြည်ကာ နာရီက အက်ကွဲသွားပြီး နောက်ကို လွင့်စဉ်သွားသည်။ ကျောက်ဟိုလည်း သွေးတစ်ပွက်အန်ကာ နောက်ဆုတ်သည်။ သို့သော် နတ်ဆိုးအလား အသွင်သဏ္ဌာန်တစ်ခုက ကျောက်ဟို၏ရှေ့ကို ရောက်လာပြီး ဖြစ်သည်။ ကျောက်ဟိုက ထိတ်လန့်တကြီးဖြင့် ကာကွယ်ရန် ကြိုးစားသော်လည်း လက်ဝါးရိုက်ချက်က သူ့ရင်ဘတ်ပေါ်ကို ကျဆင်းလာသည်တွင် ဘုန်းခနဲမြည်ကာ နောက်ကို လွင့်စဉ်သွားပြီး ပါးစပ်မှ သွေးအန်ကျသည်။ ကျောက်ဟိုကား မြေပြင်ပေါ်မှ​ မထနိုင်တော့။

လူအများအပြားက လေထဲတွင် ရပ်နေသော ယူချင်းကို ကြည့်ကြသည်။ သူတို့အားလုံး တုန်လှုပ်ကြရသည်။ ယူချင်းက ဤမျှ ကြောက်မက်ဖွယ် ကောင်းသည်ဟု သူတို့ မထင်မှတ် ထားခဲ့ကြပေ။

ရီဖူရှင်း ပြောခဲ့ဖူးသလိုပင် ကျောက်ဟိုကား ထိပ်ဆုံးဆယ်နေရာတွင် ဆက်လက် ရှိနေတော့မည် မဟုတ်ပေ။ ယူချင်းက ပါရမီရှင်အဆင့် ဇယား၏ ထိပ်ပိုင်းကို တက်လှမ်း သွားတော့မည် ဖြစ်သည်။

“သဘောမကျတဲ့လူ ရှိသေးလား…” ယူချင်းက တခြားလူများ အားလုံးကို အေးစက်စွာ ပြောသည်။

တော်ဝင်ကျဲနန်းတော်မှ ပါရမီရှင်များစွာက ရီဖူရှင်း၏အဆင့်ကို သံသယ ဝင်ကြသည်။ ထို့ကြောင့် သည်ကိစ္စကို ရင်ဆိုင်ရန် အကောင်းဆုံးမှာ သူတို့အား ရိုက်နှက်ခြင်းသာ ဖြစ်သည်ဟု ယူချင်းက ယူဆထားသည်။

ပါရမီရှင် အဆင့်၁၀တွင်ရှိသော ကျောက်ဟိုကား ရီဖူရှင်းနှင့် မတိုက်ခိုက်လိုက်ရဘဲ ယူချင်းထံတွင် ရှုံးနိမ့်ခဲ့သည်။ သည်တိုက်ပွဲ ပြီးနောက်တွင် ဘယ်နှယောက်က ရီဖူရှင်းနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုရဲ ကြတော့မည်နည်း။ ကြည့်ရသည်မှာ ထိပ်ဆုံး ငါးယောက်ကသာ ရီဖူရှင်းနှင့် တိုက်ခိုက်နိုင်စွမ်း ရှိလောက်ပေတော့သည်။

ရီဖူရှင်းကလည်း သူ၏နေရာတွင် တိတ်ဆိတ်စွာ ထိုင်နေဆဲဖြစ်သည်။ စုချွဲက လဲလျောင်းနေရင်း ဘေးနားမှ ကျွေ့ချိန်ချူနှင့် ရီဝူချင်းကို မေးသည်… “ငါပျင်းလာပြီ… ငါတို့ ဓားနန်းဆောင်ကို ပြန်ကြမလား…”

“ငါလည်း သွားတော့မလို့ စဉ်းစားနေတာ…” ကျွေ့ချိန်ချူကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်သည်။ ယခု ဖြစ်ပျက်နေသည်က သူ့အတွက် သည်းခံနိုင်ရန် ခက်ခဲလွန်းလှသည်။ သူတို့နှစ်ယောက်က ပါရမီရှင် အဆင့်၁နှင့် အဆင့်၂နေရာကို ယူရန် ကြံစည်နေကြသည်လား…။

ပိုင်စီ၊ ကျူးကော့ရှင်းနှင့် တခြားလူများကလည်း မျက်နှာပျက် နေကြသည်။ ပိုင်စီကား လွန်ခဲ့သော ၂နှစ်ကလည်းက လက်ရည်စမ်းပွဲတွင် ယူချင်း၏ တိုက်ခိုက် အနိုင်ယူခြင်းကို ခံခဲ့ရပြီးဖြစ်သည်။ ယခု ယူချင်းက ပါရမီရှင် အဆင့်၁၀အား တတိယတန်းစား နိုဘယ်အဖြစ်ဖြင့်ပင် အနိုင်ယူနိုင်ပြီ ဖြစ်သည်။ သည်တိုက်ပွဲက သူ့အား ပါရမီရှင်အဆင့်ဇယား ထိပ်ဆုံး သုံးနေရာသို့ ဝင်စေနိုင်လောက် ပေသည်။

မကြာမီ တိုက်ခိုက်ရေး ရှီနန်းဆောင်မှ တပည့်နှစ်ယောက်က ပါရမီရှင် အဆင့်၁နှင့်၂ကို ရယူကြတော့မည်မှာ သေချာ၏။

ထိုအခိုက်တွင် နောက်ထပ် တစ်ယောက်က လူအုပ်ထဲမှ ထွက်လာသည်။ သူ့အား ကြည့်သည်တွင် အားလုံးက စိတ်ဝင်စား သွားကြသည်။ နောက်ဆုံးတွင် သူက တိုက်ခိုက်တော့မည်လား..။ သူကား ပါရမီရှင် အဆင့်၅ဖြစ်သူ လျန်ယွီချန်း ဖြစ်သည်။

“မင်းက တိုက်ခိုက်ချင်တာလား…” ယူချင်းက လျန်ယွီချန်းကို ကြည့်သည်။

လျန်ယွီချန်းက ယူချင်းအား တစ်ချက်ကြည့်ကာ ရီဖူရှင်းကို ပြောသည်… “ပြီးခဲ့တဲ့၂နှစ် လက်ရည်စမ်းပွဲမှာ မင်းက ငါ့ကို အူကီကိုသံစဉ်နဲ့ အနိုင်ယူခဲ့တယ်… ဒါပေမဲ့ မင်းရဲ့တန်ခိုးအဆင့်က နိမ့်တော့ ငါတို့က အမှန်တကယ် တိုက်ခိုက်ဖို့ အဆင်မပြေခဲ့ဘူး… အခု မင်းက ပါရမီရှင်အဆင့်၁ပဲ… အူကီယိုက ဘယ်လောက်စွမ်းလဲ ငါ ထပ်ကြည့်ချင်တယ်… ဒီတစ်ခေါက်ကတော့ ဂီတပညာ တစ်ခုတည်း မဟုတ်ဘူး… ငါတို့က ကိုယ်ပိုင်စွမ်းရည်တွေ အားလုံး ထုတ်သုံးကြတာပေါ့…”

လျန်ယွီချန်း ဆိုလိုသည်ကို အားလုံးက နားလည်ကြသည်။ သူကား လက်ရည်စမ်းပွဲမှ အရှုံးကို တစ်ခါမှ မမေ့ခဲ့ပေ။ ထိုအရှုံးက သူ့နှလုံးသားကို ထိုးနှက်ထားသော အဆိပ်ဆူးနှင့်တူသည်။ ယခု သူတကယ်တမ်း လိုလားသည်ကား ရီဖူရှင်းနှင့် အစစ်အမှန် တိုက်ပွဲဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset