ဝမ်ပေါင်လဲ့သည် သိုင်းပညာဌာနထဲ၌ ဒဏ္ဍာရီတစ်ခုကို ချန်ရစ်ထားခဲ့ပြီးနောက် ဓမ္မလက်နက်ဌာနရှိ နတ်ဝိဇ္ဇာဂူသို့ ပြန်သွားလေသည်။ သူသည် ဝရန်တာပေါ်တွင် ကျေနပ်အားရစွာထိုင်ရင်း လှပနေသော ကောင်းကင်ပြာကြီးကို ကြည့်နေ၏။ သူသည် ပျော်ရွှင်ကျေနပ်စွာဖြင့် မုန့်ထုပ်တစ်ထုပ်ကို ကောက်ယူလိုက်ပြီး အသံမြည်အောင် ဝါးစားလိုက်တော့သည်။
” ငါ အရမ်းကြီး ပိန်နေပြီ ဆိုတော့ အာဟာရဓာတ်တွေ လိုတယ် ”
ဝမ်ပေါင်လဲ့သည် သူ၏ ဝဝကစ်ကစ်မျက်နှာလေးနှင့် ဖောင်းကားနေသောဗိုက်ကို ပွတ်ကာ သက်ပြင်းချလိုက်သည်။ သူ၏ ဝိတ်ကျအောင်လုပ်ရန်ဆိုသော အစီအစဉ်ကြောင့် ဝိညာဉ်အဆီအားလုံး ကုန်ဆုံးသွားပါသော်လည်း ဖက်တီးတစ်ယောက်နှင့် တူနေဆဲပင်။ သို့သော် ဝမ်ပေါင်လဲ့က ထိုရလဒ်ကိုပင် ကျေနပ်နေပြီဖြစ်သည်။
” အခုဆိုရင် ဖက်တီး အဘိုးကြီးတွေက ငါ့ကို လိုက်မီမှာ မဟုတ်တော့ပါဘူး ”
ဝမ်ပေါင်လဲ့သည် ထိုသို့ရယ်မောရင်း သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အားပြင်းသော သွေးချီများကို ခံစားမိလိုက်သည်။ ထို့ကြောင့် သူသည် အလွန် ကျေနပ်သွားပြီး နောက်ထပ် မုန့်ထုပ်တစ်ထုပ်ကို ထုတ်ယူကာ ထပ်၍စားလိုက်ပြန်သည်။
နေဝင်ရီတရောအချိန်သို့ ရောက်သောအခါမှသာ ဝမ်ပေါင်လဲ့မှာ ဗိုက်ဝသွားတော့သည်။ သူသည် ဝရန်တာပေါ်တွင် တောင်လိုပုံနေသည့် အိတ်ခွံအလွတ်များကို လျစ်လျူရှုကာ နတ်ဝိဇ္ဇာဂူဆီသို့ ပြန်သွားလိုက်ပြီး ဝိညာဉ်ကျောက်တုံးများကို စတင်သန့်စင်လိုက်တော့သည်။
သူ၏အတွေ့အကြုံဟောင်းများကြောင့် သူသည် မဟာဟင်းလင်းပြင်ချီဝါးမျိုခြင်းပညာရပ်အား အသုံးပြုကာ သိပ်မကြာခင် ဘေးပတ်ပတ်လည်မှ ဝိညာဉ်ချီများကို စုစည်းလိုက်နိုင်၏။ သူသည် ထို ဝိညာဉ်ချီများကို စုပ်ယူလိုက်ပြီးနောက် သူ၏ ညာလက်ထဲတွင် စုစည်းကာ နောက်ဆုံးတွင် သစ်အယ်သီးပုံစံရှိသော ဝိညာဉ်ကျောက်တုံးတစ်တုံးကို ဖန်တီးလိုက်တော့သည်။
ထိုဝိညာဉ်ကျောက်တုံးက သလင်းကျောက်ကဲ့သို့ အလင်းဖောက်နိုင်လောက်သည့အထိ ကြည်လင်ဝင်းပမနေပါသော်လည်း အတော်အသင့် ကြည်လင်နေဆဲပင်။ ၎င်း၏ အထိအတွေ့က အဖိုးတန် ရတနာတစ်ပါးကဲ့သို့ ဖြစ်နေသောကြောင့် ဝမ်ပေါင်လဲ့သည် ပါးစပ်နားရွက် တက်ချိတ်လုမတတ် ပြုံးဖြဲဖြဲ ဖြစ်နေတော့သည်။
” ခုနစ်ဆယ့်ငါးရာခိုင်နှုန်းပဲ သန့်သေးတယ်။ ငါ ကိုးဆယ်ရာခိုင်နှုန်းထက် ပိုသန့်စင်နိုင်အောင်လို့ ပိုပြီးတော့ ကြိုးစားရမယ် ”
ဝမ်ပေါင်လဲ့သည် ကျောင်းသားခေါင်းဆောင်ဆိုသောရာထူးနှင့် ထိုရာထူး၏ လုပ်ပိုင်ခွင့်အာဏာများ အကြောင်းကို တွေးမိလိုက်သဖြင့် အပြင်းအထန် စိတ်နှလုံး လှုပ်ရှားသွားရတော့သည်။ ထို့နောက် သူသည် ချက်ချင်းပင် စတင်ကျင့်ကြံလိုက်၏။
ခုနစ်ရက်ဆိုသောအချိန်မှာ အလျင်အမြန် ကုန်ဆုံးသွား၏။
ထိုခုနစ်ရက်အတွင်း ဝမ်ပေါင်လဲ့သည် ဝိညာဉ်ကျောက်တုံးခန်းမထဲရှိ အတန်းများအား ရံဖန်ရံခါ သွားတက်လိုက်ပြီး ယခင်ကလောက် လုံ့လဝီရိယရှိစွာ ကြိုးစားမနေတော့ပေ။ သို့သော် သူသည် မဟာဟင်းလင်းပြင်ချီဝါးမျိုခြင်းပညာရပ်အား အချိန်ပေး၍ လေ့လာနေရင်း ပြဿနာတစ်ခုနှင့် ကြုံလိုက်ရတော့သည်။
ဝိညာဉ်ကျောက်တုံးများက ခုနစ်ဆယ့်ငါး ရာခိုင်နှုန်းအထိ သန့်စင်ပြီးသွားလျှင် ဆက်၍ တိုးတက်လာရန် အလွန် ခဲယဥ်း၏။ သူသည် အတားအဆီး အပိတ်အဆို့ တစ်ခုနှင့် ကြုံနေရသကဲ့သို့ ဖြစ်နေပြီး မည်မျှပင် ကြိုးစားအားထုတ်စေကာမူ ထိုပြဿနာအား ဖြေရှင်းနိုင်သည့်ပုံ မပေါ်ပေ။
သို့ဖြစ်၍ ဝမ်ပေါင်လဲ့ သောကရောက်နေရတော့သည်။ သူသည် ရက်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ပါသော်လည်း တိုးတက်မှုရှိမလာသောကြောင့် စိတ်ပျက်လက်ပျက်ဖြင့် ဝမ်းဗိုက်ကိုပုတ်ကာ အနက်ရောင် မျက်နှာဖုံးအား ထုတ်ယူလိုက်ပြီး ညည်းတွားလိုက်တော့သည်။
” ငါ့ကျင့်ကြံနည်းတွေများ မှားခဲ့တာလား။ စာက မှုန်ဝါးဝါးဖြစ်နေလို့ တစ်ခုခုများ မတွေ့ခဲ့မိတာလား ”
ဝမ်ပေါင်လဲ့သည် ထိုသို့တွေးတောကာ အကြံအိုက်သွားရတော့သည်။ ထို့ကြောင့် သူသည် ပုံရိပ်ယောင်ခေါင်းအုံးကို ထုတ်ယူလိုက်ပြီး ပုံရိပ်ယောင်နယ်မြေထဲသို့ ထပ်၍ ဝင်သွားလိုက်တော့သည်။
ထိုနယ်မြေကြီးမှာ ရေခဲများဖုံးလွှမ်းနေသည့် လွင်ပြင်ကြီးတစ်ခု ဖြစ်နေဆဲဖြစ်ပြီး နှင်းများ တဖွဲဖွဲကျကာ အရိုးကွဲလုမတတ် အေးစက်သော လေအေးများ တိုက်ခတ်နေဆဲပင်။ ဝမ်ပေါင်လဲ့သည် ထိုအအေးဓာတ်ကို ခံစားနေရန် ဆန္ဒမရှိသောကြောင့် သူ၏လက်ထဲမှ မှုန်ဝါးဝါးဖြစ်နေသည့် မျက်နှာဖုံးအား ချက်ချင်း ကြည့်လိုက်၏။
တစ်ခဏမျှ ကြာပြီးနောက် သူသည် ထိုစာလုံးများကို ထပ်၍မြင်လိုက်ရသည်။ သူက ထိုစာလုံးများအား သေသေချာချာ ဖတ်ရှုလိုက်ပြီးနောက် သူ၏ ကျင့်ကြံခြင်း နည်းလမ်းများထဲတွင် အမှားအယွင်း လုံးဝ မရှိကြောင်း သိလိုက်ရသည်။
” ထူးဆန်းတယ်… ဘာ အမှားအယွင်းမှ ရှိမနေဘဲနဲ့ ဘာလို့ ငါက ခုနစ်ဆယ့်ငါး ရာခိုင်နှုန်းမှာပဲ တစ်နေရတာလဲ ”
ဝမ်ပေါင်လဲ့မှာ ပို၍ပင်စိတ်ဓာတ်ကျသွားပြီး ညည်းတွားကာ သက်ပြင်းချလိုက်တော့သည်။ သူသည် အခြားနည်းလမ်းများကို ရှာဖွေရန်အတွက် ပုံရိပ်ယောင်နယ်မြေထဲမှ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် အနက်ရောင်မျက်နှာဖုံးကြီးက သူ၏စကားကို ကြားလိုက်သည့်အလား လျင်မြန်စွာ တွန့်လိမ်ပုံပျက်စ ပြုလာတော့သည်။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့ အံ့ဩတုန်လှုပ်သွားရပြီး လှမ်းကြည့်မိလိုက်၏။ ထိုအခါ မဟာဟင်းလင်းပြင်ချီဝါးမျိုခြင်းပညာရပ်ဆိုသော စာလုံးများ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် သူ အံ့အားသင့်သွားရတော့သည်။ ၎င်းတို့၏ နေရာတွင် စာလုံးအသစ်များ အစားထိုးဝင်ရောက်လာ၏။
ထိုစာလုံးများက သူ့အား ဝိညာဉ်ကျောက်တုံးများ၏ သန့်စင်မှုနှင့် ပတ်သက်နေသော ပြဿနာအား ဖြေရှင်းပေးနိုင်မည့် အဖြေကို ပေးနေခြင်းဖြစ်သည်။
ထိုကဲ့သို့ မြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့ မှင်တက်သွားရတော့သည်။ ထို့ကြောင့် သူသည် မျက်လုံးများကိုပွတ်ကာ မျက်နှာဖုံးကြီးကို စိုက်ကြည့်လိုက်ပြီး အော်ပြောလိုက်၏။
” အပြင်ထွက်လာခဲ့စမ်း။ အထဲမှာ ဘယ်ကောင်ရှိနေတာတုန်းကွ။ ငါ မင်းကို မြင်နေရတယ်နော်။ ထွက်ခဲ့စမ်း ”
ဝမ်ပေါင်လဲ့က ထိုသို့အမိန့်ပေးလိုက်ပြီး မာန်တင်းကာ အနှီမျက်နှာဖုံးကြီးအား အာရုံအပြည့်ဖြင့် စိုက်ကြည့်နေလိုက်တော့သည်။ သို့သော် ထိုမျက်နှာဖုံးကြီးက ပြောင်းလဲသွားခြင်းမရှိပေ။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့သည် အသစ်ပေါ်လာသည့် စာလုံးများကို မယုံသင်္ကာဖြင့် ကြည့်လိုက်သောအခါ သူ၏မျက်လုံးများ တဖြည်းဖြည်းနှင့် ဝင်းလက်တောက်ပသွားတော့သည်။
သန့်စင်ဆေးလုံး…
ပို၍သန့်စင်သော ဝိညာဉ်ကျောက်တုံးများကို ရရှိလိုပါက သန့်စင်ဆေးလုံးဟု အမည်ရသော ဆေးလုံးများကို လိုအပ်ကြောင်း မျက်နှာဖုံးပေါ်ရှိ စာလုံးများက သူ့အား ပြောပြနေခြင်းဖြစ်သည်။ ထိုဆေးလုံးကသာ သူ၏ခန္ဓာကိုယ်ထဲရှိ အညစ်အကြေးများကို သီးသန့်ဖယ်ရှားပေးနိုင်မည်ဖြစ်ပြီး ဝိညာဉ်ချီများအား သူ၏ခန္ဓာကိုယ်ထဲတွင် အဟန့်အတားမရှိ စီးဆင်းသွားအောင် ကူညီပေးနိုင်မည်ဖြစ်သည်။ ထိုသို့ဖြင့် သူသည် သန့်စင်မှုရာခိုင်နှုန်းကို မြှင့်တင်နိုင်မည် ဖြစ်သည်။
ဝမ်ပေါင်လဲ့သည် ထိုစာလုံးများကို မြင်လိုက်ရသောအခါ ဇဝေဇဝါ ဖြစ်သွားရတော့သည်။ သူသည် ထိုအဖြေကို စိတ်ဝင်စားသွားပါသော်လည်း မျက်နှာဖုံးကြီးက ထူးဆန်းနေကြောင်း ခံစားလိုက်ရသည်။ သူသည် ပုံရိပ်ယောင်နယ်မြေထဲမှ ထွက်ခွာသွားပြီးသည့်တိုင်အောင် ချီတုံချတုံဖြစ်နေ၏။ ပြီးနောက် သူသည် ဝိညာဉ်ကွန်ရက်ထဲသို့ ဝင်လိုက်ပြီး သန့်စင်ဆေးလုံးများအကြောင်းကို စုံစမ်းကြည့်လိုက်တော့သည်။
များမကြာမီ သူသည် ကျောင်း၏ ဝိညာဉ်ကွန်ရက်ပေါ်တွင် သန့်စင်ဆေးလုံးများနှင့် ပတ်သက်သည့် အရိပ်အမြွက်တစ်ခုကို ရှာတွေ့လိုက်သည်။ ထိုဆေးလုံးက လူများကို အန္တရာယ်မပြုနိုင်သည့်အပြင် အထူးကောင်းမွန်သော အစွမ်းသတ္တိများကိုပါ ပိုင်ဆိုင်ထား၏။ ၎င်းမှာ လူ့ခန္ဓာကိုယ်ထဲမှ အညစ်အကြေးများကို သန့်စင်ပေးနိုင်သောကြောင့် ရှေးဟောင်းသိုင်းအဆင့်တွင် ရှိနေသည့် တပ်သားများကို ပို၍ သွက်လက်ဖျတ်လတ်လာအောင် ကူညီပေးနိုင်၏။
သို့သော် ထိုဆေးလုံးက အလွန်တရာ ဈေးကြီးပြီး ၎င်းအား သန့်စင်နိုင်ရန်မှာလည်း အလွန် ခက်ခဲ၏။ ၎င်းကို ဓမ္မလက်နက်ဌာနမှ သာမန်ကျောင်းသားများက သန့်စင်နိုင်မည် မဟုတ်ပေ။ မှော်ဆေးရည်ဌာန၏ ကျောင်းသားခေါင်းဆောင်ပင် ကံကောင်းမှသာ ဆေးလုံးတစ်လုံးလောက် သန့်စင်နိုင်မည် ဖြစ်သည်။ ထို့အပြင် သူသည် ထိုကဲ့သို့ သန့်စင်နိုင်ပါက သူကိုယ်တိုင် သုံးစွဲလိုက်မည်သာ ဖြစ်သည်။
ထိုသို့သန့်စင်ရာတွင် အသုံးပြုရသည့် ဆေးဖက်ဝင် ပစ္စည်းများမှာလည်း တန်ဖိုးကြီးမားသည်ဖြစ်ရာ ကျောင်းသားခေါင်းဆောင်တစ်ယောက်ပင်လျှင် ငွေကြေးတတ်နိုင်မည် မဟုတ်သောကြောင့် စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချလိုက်ရမည်သာ ဖြစ်သည်။ မှော်ဆေးရည်ဌာနမှ ဆရာတစ်ယောက်သာ ငွေကြေးအမြောက်အမြားသုံးစွဲကာ ထိုဆေးလုံးမျိုးကို သန့်စင်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် ထိုကဲ့သို့ သန့်စင်ဆေးလုံးများမှာ ကောင်းကင်တာအိုကျောင်း၏ အဆင့်နိမ့်ကျောင်းတွင် အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးမား၏။
ဝမ်ပေါင်လဲ့သည် သန့်စင်ဆေးလုံး၏ အကြောင်းကို ဖတ်ပြီးသွားသောအခါ တွေဝေတုံ့ဆိုင်းမနေတော့ပေ။ ထိုမျက်နှာဖုံးကြီးက ထူးဆန်းနေသည်ဟု သူ ခံစားနေရလျှင်တောင် ထိုဆေးလုံးမှာ သူ့ကို အကျိုးပြုနိုင်မည် ဖြစ်သည်။ သို့ဖြစ်၍ သူသည် ချက်ချင်းပင် စိတ်လှုပ်တရှား ဖြစ်သွားတော့သည်။
နောက်နေ့များတွင် သူသည် အတန်းများတက်ခြင်းနှင့် ကျင့်ကြံခြင်းတို့မှလွဲ၍ သူ၏ အချိန်အများစုကို ထိုဆေးလုံးအား စုံစမ်းစစ်ဆေးရာ၌သာ နှစ်မြုပ်ထားတော့သည်။ သူသည် မှော်ဆေးရည်ဌာနထဲသို့ ဝင်သွားခဲ့သည့် ဘန်နီလေးနှင့် တုမင်တို့ကိုပင် ဆက်သွယ်လိုက်၏။ သူသည် သူတို့အား အကူအညီတောင်းကာ သူ့အတွက် အချက်အလက်များကို ရှာဖွေခိုင်းခဲ့ပါသော်လည်း ဘာမှမထူးသဖြင့် ဘာလုပ်ရမှန်းမသိ ဖြစ်သွားတော့သည်။
ထိုဆေးလုံးမှာ အလွန်ရှားပါးပြီး အဖိုးတန်သည် မဟုတ်ပါလော။ အကယ်၍ ထိုဆေးလုံးအား ရောင်းချချင်သည့် လူတစ်ယောက် ရှိနေလျှင်တောင် ဘန်နီလေးနှင့် တုမင်တို့ကဲ့သို့ သာမန်ကျောင်းသားများမှာ ထိုအကြောင်းကို သိရှိကြမည်မဟုတ်ပေ။
ဝမ်ပေါင်လဲ့သည် အထူးဝင်ခွင့်ရ ကျောင်းသားတစ်ယောက် ဖြစ်ပါသော်လည်း ထိုကျောင်း၌ ရှိနေခဲ့သည်မှာ အချိန်တစ်နှစ်ပင် မပြည့်သေးပေ။ သို့ဖြစ်၍ ထိုကဲ့သို့သော ကိစ္စမျိုးများဖြင့် တီးမိခေါက်မိ ရှိနေရန်မှာ သူ့အတွက် ခက်ခဲနေဆဲပင်။
သို့သော် ကြိုးစားလျှင် အောင်မြင်စမြဲပင်။ ဘန်နီလေးသည် ဝမ်ပေါင်လဲ့၏ တောင်းဆိုမှုအား အလွန် အလေးထား၏။ သူမသည် ဝမ်ပေါင်လဲ့က သူမ၏အသက်အား ကယ်တင်ခဲ့ခြင်းဖြစ်သည်ဟု အမြဲတမ်း ယုံကြည်နေခဲ့သည်။ သူမက စစ်ဆေးပွဲနှင့် ပတ်သက်သည့် အမှန်တရားကို သိရှိခဲ့ရပါသော်လည်း လျှိုတောက်ပင်းကဲ့သို့ ဝမ်ပေါင်လဲ့၏ သွေးများပေကျံနေသော ပုံရိပ်ကြီးကို လုံးဝမမေ့နိုင်ခဲ့ပေ။
ထို့ကြောင့် သူမသည် ဝမ်ပေါင်လဲ့၏ အရေးအား အထူးအလေးထား၍ ကူညီပေးခဲ့သည်။ ယင်းအပြင် သူမ၏ နှစ်လိုဖွယ်ကောင်းပြီး ချစ်စရာကောင်းသော ရုပ်ရည်နှင့် တက်တက်ကြွကြွရှိသော အမူအကျင့်တို့ကြောင့် တစ်လအကြာတွင် သူမသည် အချက်အလက်အချို့အား ရှာဖွေလိုက်နိုင်၏။
” ပေါင်လဲ့ရေ … နောက်လဝက်နေရင် ကောင်းကင်မြို့တော်မှာ လေလံပွဲ တစ်ပွဲရှိတယ်။ အဲဒီလေလံပွဲမှာ သန့်စင်ဆေးလုံးတစ်လုံး ရောင်းကြမှာတဲ့ ”
ဝမ်ပေါင်လဲ့သည် ဘန်နီလေး၏ အကြောင်းပြန်မှုကို ကြားလိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် စိတ်လှုပ်တရှား ဖြစ်သွားပြီး သူ၏ သတင်းလွှင့်လက်စွပ်အား နမ်းရှုံ့လိုက်တော့သည်။
” ရှောင်ရ။ ငါ နင့်ကို ချစ်သွားပြီ ”
မှော်ဆေးရည်ဌာန၏ အိပ်ဆောင်များထဲတွင် ဘန်နီလေးမှာ အိပ်ရာပေါ်တွင် ထိုင်နေ၏။ သူမသည် အသံလွှင့်လက်စွပ်ထဲမှ ဝမ်ပေါင်လဲ့၏ နမ်းရှုံ့သံကို ကြားလိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် ရှက်သွေးဖြာသွားတော့သည်။ သူမ၏ ရှေ့တွင် ရှိနေသည့် တုမင်ကမူ သူမအား မသင်္ကာသည့် မျက်လုံးများဖြင့် လှမ်းကြည့်ကာ မေးလိုက်၏။
” ရှောင်ရ … နင် ဘာဖြစ်နေတာလဲ ”
” ဘာ… ဘာမှမဖြစ်ပါဘူး ”
ဘန်နီလေးမှာ ချက်ချင်းပင် ခေါင်းငုံ့သွားပြီး ရင်တဒိန်းဒိန်း ခုန်နေမိတော့သည်။ သူမသည် ရှက်ကိုးရှက်ကန်းဖြစ်ကာ ထူးဆန်းပြီး ဖော်ပြ၍မရသော အတွေးများဖြင့် ယောက်ယက်ခက်နေတော့သည်။
ဝမ်ပေါင်လဲ့မှာမူ စိတ်လှုပ်တရှားဖြင့် နတ်ဝိဇ္ဇာဂူပတ်ပတ်လည်တွင် လမ်းလျှောက်ရင်း လက်သီးလက်မောင်း တန်းနေတော့သည်။ သူ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ၊ စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေ၏။
” လေလံပွဲမှာက ဝိညာဉ်ကျောက်တုံးတွေ သုံးပြီးဝယ်ရမှာ။ အဲဒီကျောက်တုံးတွေကို ဖန်တီးဖို့က ငါ့အတွက် လွယ်လွယ်လေးပါ။ ခုနစ်ဆယ့်ငါးရာခိုင်နှုန်းရှိတဲ့ ဝိညာဉ်ကျောက်တုံးတွေက တန်ဖိုး တော်တော်မြင့်တယ်။ အဲဒီတော့ ငါ ငွေတစ်ပြားတစ်ချပ်မှ သုံးစရာမလိုဘူး ”
ဝမ်ပေါင်လဲ့က အော်ရယ်လိုက်၏။ ထို သန့်စင် ဆေးလုံးမှာ သူ၏အပိုင် ဖြစ်နေပြီဟုပင် သူ ခံစားနေတော့သည်။ အဘယ့်ကြောင့်ဆိုသော် ဝိညာဉ်ကျောက်တုံးများကို သူ သန့်စင်ခဲ့သည့် ယခင်အခေါက်များက ဝိညာဉ်ကျောက်တုံးများစွာ စုဆောင်းမိထားသောကြောင့် ဖြစ်သည်။
သူသည် ဝိညာဉ်ကျောက်တုံးများကို များများစားစား မလိုအပ်သောကြောင့် ၎င်းတို့မှာ သူ့အတွက် သိပ်အရေးမကြီးပေ။ သန့်စင်ဆေးလုံးများကို ပိုင်ဆိုင်နိုင်ရန်အတွက် ၎င်းတို့အားလုံးကိုသုံး၍ လဲလှယ်ရမည် ဆိုလျှင်တောင် သူသည် လုံးဝ တွန့်ဆုတ်နေမည် မဟုတ်ပေ။
” ဒါပေမဲ့ ငါ ပေါ့ဆလို့တော့ မဖြစ်ဘူး။ အဆင့်မြင့် အရာရှိတွေရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိတွေထဲမှာ ကိုယ့်ရန်သူကို လုံးဝလျှော့မတွက်သင့်ဘူးလို့ ရေးထားတယ် ”
ဝမ်ပေါင်လဲ့သည် ထိုသို့တွေးတောကာ နောက်လဝက်တစ်ခုလုံး ဝိညာဉ်ကျောက်တုံးများကို ထပ်၍သန့်စင်နေရန် ချက်ချင်းပင် ဆုံးဖြတ်လိုက်တော့သည်။
သို့ဖြစ်၍ နောက်လဝက်တခုလုံးတွင် ဝမ်ပေါင်လဲ့သည် အချိန်အများစုကို ဝိညာဉ်ကျောက်တုံးများအား သန့်စင်ခြင်းဖြင့်သာ ကုန်ဆုံးစေခဲ့သည်။ ထိုသို့ဖြင့် အချိန်များ ကုန်ဆုံးသွားပြီး လေလံပွဲကျင်းပမည့် နေ့ရက်သို့ ရောက်လာတော့သည်။ ထိုနေ့မနက်တွင် ဝမ်ပေါင်လဲ့သည် တက်ကြွစွာဖြင့် နတ်ဝိဇ္ဇာဂူအပြင်ဘက်သို့ ထွက်လာ၏။
ကောင်းကင်တာအိုကျောင်းရှိနေသည့် သစ်တောစိမ်းရေကန်မှာ ကောင်းကင်မြို့တော်၏ အရှေ့ဘက် အစွန်အဖျားတွင် တည်ရှိသည်။ ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားများသည် သာမန်အခြေအနေများတွင် ထိုမြို့ထဲသို့ ဝင်ခွင့်ရှိကြသည်။ ဝမ်ပေါင်လဲ့က ထိုမြို့ဆီသို့ ပထမဆုံးအကြိမ် သွားခြင်း ဖြစ်သော်လည်း အစိမ်းသက်သက်တော့ ဖြစ်မနေပေ။ သူသည် သင်္ဘောတစ်စီးဖြင့် သွားလိုက်ပြီး ကမ်းကပ်သောအခါ ကောင်းကင်မြို့တော်ဆီသို့ တန်းတန်းမတ်မတ် သွားလိုက်တော့သည်။
များမကြာမီ သူသည် ကောင်းကင်မြို့တော်သို့ ရောက်ရှိသွား၏။ ထိုမြို့တော်မှာ သူ၏ မွေးရပ်မြေဖြစ်သော ဇာမဏီမြို့နှင့် ယှဉ်လိုက်ပါက အဆတစ်ရာထက်ပင် ပို၍ ကြီးမားနေသည်။ ဇာမဏီမြို့ဆိုသည်မှာ ပြည်ထောင်စုထဲရှိ မရေမတွက်နိုင်လောက်အောင် များပြားသော မြို့သေးလေးများထဲမှ တစ်မြို့သာ မဟုတ်ပါလော။ ကောင်းကင်မြို့တော်ကမူ ပြည်ထောင်စုထဲရှိ အထင်ကရ မြို့ကြီး ဆယ့်ခုနစ်မြို့ထဲမှ တစ်မြို့ဖြစ်သည်။
ထိုမြို့၏ အပြင်ဘက်တွင် သတ္တုပြားများဖြင့် ဆင်တူသည့် ဧရာမနံရံကြီးများ ရှိနေသည်။ ၎င်းတို့ပေါ်တွင် မရေမတွက်နိုင်လောက်အောင် များပြားပြီး တလက်လက် တောက်ပနေသော အသွားချွန်ထက်သည့် ဆူးချွန်များ တပ်ဆင်ထားသည်။ နေရောင်အောက်တွင် ၎င်းတို့မှာ သတ်ဖြတ်လိုစိတ်များ တရိပ်ရိပ် ထုတ်လွှတ်နေသည့် အလားပင်။
ထို့အပြင် ၎င်းအား ဝန်းရံနေသည့် မန္တန်အစီအရင်တစ်ခု ရှိနေသေးသည်။ ထိုအစီအရင်အား သာမန် အနေအထားတွင်သာ ထားရှိထားသည်ဖြစ်ပြီး အင်အားအပြည့်အဝ အသုံးမပြုထားသေးပေ။ သို့ရာတွင် ၎င်းမှာ ထိုဒေသတစ်ခုလုံးကို လွှမ်းခြုံထားသည့် ရင်သက်ရှုမောဖွယ်ရာ ခံစားချက်တစ်မျိုးကို ထုတ်လွှတ်ပေးနေနိုင်ဆဲပင်။
အဝေးမှ ကြည့်လိုက်လျှင် မြို့တော်နံရံများကို အုပ်မိုးထားသည့် စေတီတော်များစွာကို မြင်နိုင်၏။ ထိုစေတီတစ်ဆူချင်းစီ၏ ထိပ်တွင် လည်ပတ်နေသည့် စက်လုံးတစ်လုံးစီ ရှိနေပြီး ထိုစက်လုံးများမှာ လျှပ်စီးများကို ပြတ်တောင်းပြတ်တောင်းဖြင့် ထုတ်လွှတ်နေ၏။ ထိုလျှပ်စီးများထဲတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်မျိုးပါဝင်နေပြီး ၎င်းမှာ ကောင်းကင်ယံရှိ ရန်သူအားလုံးကို ရင်ဆိုင်နိုင်စွမ်းရှိနေသည့် အလားပင်။
၎င်းတို့အားလုံးမှာ အာကာသထဲမှ ရောက်ရှိလာသည့် စိမ်းဖန့်ဖန့်အရောင်ရှိသော ရှေးဟောင်း ကြေးညိုရောင်ဓားကြီးတစ်ချောင်းကြောင့် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် နေမင်းကြီးကို ထိုးဖောက်သွားပြီးနောက် ၎င်း၏ ဓားရိုးက အစိတ်အပိုင်းများစွာအသွင် တစ်စစီ ကွဲအက်သွားခဲ့ပြီး ကမ္ဘာပေါ်သို့ ကျရောက်လာကာ နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက အဖွဲ့အစည်းများစွာင ထိုအစိတ်အပိုင်းများကို ရှာဖွေခဲ့ကြပြီး အပိုင်သိမ်းခဲ့ကြသည်။ အမျိုးအစားမတူညီသော ကျင့်ကြံခြင်းပညာရပ်များစွာလည်း ထွက်ပေါ်လာခဲ့၏။ ထို့နောက် ကမ္ဘာမြေတစ်ခွင် ဖူးပွင့်လာကြသည့် ပန်းပွင့်များကဲ့သို့ ၎င်းမှာ ပြည်ထောင်စုတစ်ခုလုံး၏ အခြေအနေများကို ပြောင်းလဲပစ်လိုက်လေသည်။
တန်ခိုးအာဏာအကြီးမားဆုံး ချုပ်ကိုင်ထားသည့် အဖွဲ့အစည်းမှာ ပြည်ထောင်စု ဖြစ်သော်လည်း အဓိက အဖွဲ့အစည်းလေးခု ရှိသည်။ အခြား အသေးစား အဖွဲ့အစည်းများစွာက ထိုအဓိကအဖွဲ့အစည်းများကို မှီခိုနေကြရသည်။ ရှေးဦးဝိညာဉ်ခေတ် အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် သားရဲစစ်ပွဲကြီးကြောင့် မဟုတ်လျှင် ပြည်ထောင်စုကြီးမှာ ရှေးယခင်ကတည်းက ပြိုကွဲနေလောက်ပြီ ဖြစ်သည်။
ထိုသားရဲစစ်ပွဲကြီးကြောင့်လည်း ပြည်ထောင်စုက ငြိမ်းချမ်းနေသည့်ပုံ ပေါ်နေသည့်တိုင်အောင် အင်အားကြီး အဖွဲ့အစည်းများနှင့် အသေးစားအဖွဲ့အစည်းများအကြားတွင် ရံခါဖန်ခါ ပဋိပက္ခအချို့ ရှိနေကြခြင်း ဖြစ်သည်။ သို့သော် သူတို့က အတိုင်းအတာ တစ်ခုအထိသာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ စောင့်ကြည့်နေကြခြင်း ဖြစ်သည်။ ကြီးကြီးမားမားတိုက်ပွဲကြီး ဟူ၍ မရှိခဲ့ပေ။
လွန်ခဲ့သော နှစ်ပေါင်းများစွာက သားရဲစစ်ပွဲကြီးမှာ ပြည်ထောင်စုထဲရှိ လူသားအားလုံးအတွက် ကြီမားသောကပ်ဘေးကြီးတစ်ခု ဖြစ်ခဲ့သည် မဟုတ်ပါလော။ ဝိညာဉ်ချီ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည့် အကြောင်းအရင်းတစ်ခုတည်းကြောင့် ပြည်ထောင်စု ပြိုကွဲပျက်သုဉ်းလုနီးပါး အခြေအနေနှင့် ကြုံခဲ့ရသည်။
ဝိညာဉ်ချီများ ပေါ်ပေါက်လာမှုကြောင့် လူသားများသည် ကျင့်ကြံခွင့်ကို ရရှိသွားခဲ့ရုံသာမက သားရိုင်းတိရစ္ဆာန်များနှင့် သစ်ပင်ပန်းမန် များစွာပါ ပေါ်ပေါက်လာခဲ့ကြသည်။ ထူးကဲကြွယ်ဝသော ဝိညာဉ်ချီများကြောင့် သားရိုင်းတိရစ္ဆာန်များ၊ သစ်ပင်ပန်းမန်များနှင့် ဝေဟင်သတ္တဝါများစွာ သန္ဓေပြောင်းလဲသွားခဲ့ကြသည်။ တချို့သက်ရှိများမှာ လူသားများထက်ပင် သာလွန်သွားကြပြီး အလွန် အစွမ်းထက်သွားကြသည်။
ထိုအကြောင်းရင်းကြောင့် သားရဲစစ်ပွဲကြီး ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ထိုစစ်ပွဲကြီးပြီးဆုံးသွားပြီးနောက် ပြည်ထောင်စုက မြို့တော်များထဲတွင် အမာခံနယ်မြေများကို ပိုင်ဆိုင်သွားခဲ့ပါသော်လည်း လူသူကင်းမဲ့သော တောနက်များနှင့် သမုဒ္ဒရာများကိုမူ ကုန်းနေသားရဲကြီးများနှင့် ပျံသန်းနိုင်ကြသည့် သားရဲများသာ အုပ်ချုပ်နေကြသည်။
သို့ဖြစ်၍ မြို့တော်များမှာ ခိုင်မာသော အကာအကွယ်များကို လိုအပ်ပေသည်။ ထို့အပြင် မြို့တော်နံရံများ၏ အပြင်ဘက်တွင် ချောင်းမြောင်းနေတတ်သည့် အန္တရာယ်များကြောင့် လူအများစုက သူတို့၏ တစ်ဘဝလုံး မြို့တော်များအတွင်းသာ နေထိုင်ကြသည်။ အပြင်ဘက်သို့ ထွက်လိုပါက အခြားသူများနှင့်အတူ စုပေါင်း၍ သို့မဟုတ် အထူးလေ့ကျင့်ထားသော ကျင့်ကြံသူများကိုခေါ်၍ ထွက်ကြရသည်။
ဝမ်ပေါင်လဲ့နှင့် အခြားကျောင်းသားများမှာလည်း ထိုကဲ့သို့ပင် တာအိုကျောင်းဆီသို့ သွားခဲ့ကြသည်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ကောင်းကင်မြို့တော်၏ အပြင်ဘက်တွင်ရပ်ကာ မိုးထိုးလောက်အောင်မြင့်မားနေသော မြို့တော်ကြီးကို ရှုစားနေ၏။ ပြီးနောက် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ခေါင်းမော့ကာ ရင်ကော့၍ မြို့တော်ထဲသို့ ဝင်သွားလိုက်တော့သည်။