ရီဖူရှင်းက တိုက်ခိုက်ရေး ရှီနန်းဆောင်တွင်သာ လေ့ကျင့်နေခဲ့သည်။ သူ့အပေါ်သံသယဝင်သော စကားများကလည်း နန်းတော်၌ ကျယ်လောင်စွာ ထွက်ပေါ် လာနေခဲ့သည်။ သို့သော်လည်း ရီဖူရှင်းက စိတ်ဝင်စားခြင်း မရှိပေ။ သူက ဘာမှလည်း မပြောပေ။ ထို့ကြောင့် ထိုစကားသံများက ဆက်လက်၍ ထွက်ပေါ်နေသည်။ သူ့အပေါ် ယုံကြည်သူ အများအပြား ရှိသည့်တိုင် ရီဖူရှင်းကိုယ်တိုင်က သက်သေမပြသရွေ့ ထိုအသံများ ပျောက်ပျက်သွားမည် မဟုတ်သည်မှာ သေချာ၏။
တိုက်ခိုက်ရေး ရှီနန်းဆောင် တစ်နေရာတွင် ဖြစ်သည်။ ရီဖူရှင်းက စေတီတစ်ဆူ အထဲတွင် တင်ပျဉ်ခွေထိုင်ရင်း ကြောက်မက်ဖွယ် စွမ်းအားများ သူ့ကို လှည့်ပတ်နေသည်။ လျှပ်စီးများ၊ ရေလှိုင်းများ၊ မီးတောက်များ၊ ရေခဲများနှင့် ဓာတ်စွမ်းအား မျိုးစုံတို့က သူ့အား တိုက်ခိုက် နေကြသည်။ သည်စေတီကား ယူစီကိုယ်တိုင် သွန်းလုပ်ပေးလိုက်သော ကောင်းကင်တက်လှမ်း မျှော်စင်၏ ပုံစံတူ လေ့ကျင့်ရေး ရတနာ ဖြစ်ပေသည်။
သည်မျှော်စင်က လူတစ်ယောက်၏ စိတ်စွမ်းအားကို ပိုမိုအားကောင်းစေရန် လေ့ကျင့်သည့် နေရာလည်း ဖြစ်သည်။ ထို့အပြင် သိဒ္ဓိဝင်လက်နက်က သူ့စိတ်မှ ထုတ်လိုသော အားအတိုင်းအတာ အထိသာ ထုတ်ပေးသည်။ အရာအားလုံးက သူ၏စိတ်သဘော ဖြစ်၏။ မြေရိုင်းပြည်နယ်၏ အတော်ဆုံး ချပ်ဝတ်လက်နက် ပညာရှင်က သွန်းလုပ်ပေးထားသော ထိုရတနာကား တော်ဝင်ကျဲနန်းတော်က ထုတ်ပေးနိုင်သော အရာမျိုး မဟုတ်သည်မှာ သေချာသည်။ ထို့ကြောင့်လည်း အာခီမီမြို့က မြေရိုင်းပြည်နယ်တွင် အလွန်မြင့်မားသော အဆင့်အတန်း တစ်ခုကို ပိုင်ဆိုင်ခြင်း ဖြစ်သည်။
ရီဖူရှင်းက လေ့ကျင့်သည်များကို ရပ်လိုက်သည်တွင် စေတီက လက်ဖဝါး အရွယ်အစားအဖြစ် ပြောင်းလဲသွားပြီး သူ၏လက်စွပ်ထဲ ဝင်ရောက်သွားသည်။ ထို့နောက် သူက အခန်းထဲမှ ထွက်လာခဲ့သည်။
“လို့လန် … ယူချင်း ဘယ်လိုနေလဲ…” ရီဖူရှင်းက လို့လန်ရွှီကို မေးသည်။
“သူက အဆင့်မြင့်နိုဘယ်ကို တက်ရောက်သွားပြီ…” လို့လန်ရွှီက ပြန်ပြောသည်။
ရီဖူရှင်းက ပြုံးလျက် ထပ်မေးသည်… “တော်ဝင်ကျဲနန်းတော်မှာ ထူးထူးခြားခြား ဘာရှိလဲ…”
လို့လန်ရွှီက ပြောသည်… “အာခီမီအဆင့်တစ် နေရာနဲ့ ပတ်သက်ပြီး သံသယဝင်တဲ့ စကားတွေ နေရာတိုင်းမှာ ရှိနေတယ်… ပြီးတော့ ထို့ကျန်းနန်းဆောင်က ဖီးနစ်ကလည်း နင့်ကို လာရှာပြီးတော့ ကျင့်စဉ်နဲ့ပတ်သက်ပြီး မေးချင်တာ ရှိတယ် ပြောတယ်… နင်က တံခါးပိတ် လေ့ကျင့်နေတယ်ဆိုလို့ သူမက ပြန်သွားခဲ့တယ်… တခြား လာစိန်ခေါ်တဲ့ လူတွေကိုတော့ ငါက အကုန် ငြင်းလွှတ်ခဲ့တယ်…”
“ထို့ကျန်းနန်းဆောင်ကို သွားပြီး ဖီးနစ်ကို ပြောလိုက်… သူမက ငါ့ကို ဘယ်အချိန်မဆို လာတွေ့လို့ ရတယ်လို့… ပြီးတော့ ဂျီယူ လေ့ကျင့်တာကိုလည်း စုံမ်းလာခဲ့… သူမအခြေအနေ ဘယ်လိုရှိလဲ…” ရီဖူရှင်းက ပြောသည်။ သူက ထို့ကျန်းနန်းဆောင်ကို ကိုယ်တိုင် ထပ်မသွားလိုတော့ပေ။ ထိုနေရာတွင် သူနှင့် မတည့်သော လူများစွာ ရှိသည်။
“အင်း…” လို့လန်ရွှီက ခေါင်းညိတ်ကာ ထွက်သွားသည်။ ထိုစဉ်မှာပင် နောက်တစ်ယောက် ရောက်လာသည်။ သူကား ယူချင်းဖြစ်သည်။ ယူချင်းက ပြောသည်… “မင်းကို သဘောမကျတဲ့လူရှိရင် သူ့ပါးစပ်ကို သွားပိတ်လိုက်ရုံပဲ မဟုတ်ဘူးလား…”
“ထူးချွန်တဲ့လူတွေကို လူတွေက အမြဲတမ်း မနာလို ဖြစ်နေတာပါပဲ…” ရီဖူရှင်းက ပြုံးလျက်ပြောသည်…” မင်းက သူတို့ကို ပါးစပ်ပိတ်ထားဖို့ ပြောလိုက်လို့ ရတာပဲ… ငါက သူတို့ ဘာပြောပြော ဂရုစိုက်တာမှ မဟုတ်တာ…”
ယူချင်းက အံ့အားသင့်သွားပြီးမှ လက်ခံဟန်ဖြင့် ခေါင်းညိတ်သည်။
“အဆင့်တက်တာ ဘယ်လိုနေလဲ…” ရီဖူရှင်းက ထပ်မေးသည်။
“မင်း တစ်ခါလောက် စမ်းကြည့်ချင်လား…” ယူချင်းက အလွန်အမင်း စိတ်အား ထက်သန်နေဟန် ရသည်။ လေ့ကျင့်ရာ၌ အားအလွန်အမင်း သုံးရသည့်တိုင် လေ့ကျင့်ပြီး သွားလျှင်လည်း မကုန်ဆုံးနိုင်သော စွမ်းအားများကို သူက ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ မပြည့်စုံသော ကောင်းကင်ဘုံကျမ်းကို လေ့ကျင့်ပြီးနောက်ပိုင်း သူကား မည်သည့်အခါကမှ အားအင်ကုန်ခန်းခြင်း မရှိတော့ပေ။
“မင်းမှန်တယ်… သွားစမ်းပါ…” ရီဖူရှင်းက ကြိမ်းမောင်း လိုက်သည်။ သူက ယူချင်းနှင့် တိုက်ခိုက်မည့်စား ထိကန်းကဲ့သို့ ပထမတန်းစား နိုဘယ်ဖြင့်သာ တိုက်ခိုက်မည် ဖြစ်သည်။ ယူချင်း၏ ခန္ဓာကိုယ်ကား မာကျော်လွန်းရကား သူနှင့် ထိပ်တိုက် ရင်ဆိုင်ရလျှင် မိမိကိုယ်ကို နှိပ်စက်သည်နှင့် ထူးမခြားနားပေ။
“အပြင်ကို ခဏသွားရအောင်…” ရီဖူရှင်းက ပြောကာ ရှေ့မှ ထွက်သွားသည်။ သူတို့ နှစ်ယောက်လုံးက အခန်းထဲမှ ထွက်ကာ တိုက်ခိုက်ရေး ရှီနန်းဆောင်၏ အပြင်ဘက် တစ်နေရာသို့ ရောက်လာကြသည်။ သူတို့က ရှေ့မှ ကြီးကျယ် ခမ်းနားသော တော်ဝင်ကျဲ နန်းတော်ကြီးကို ကြည့်ကြသည်။ သုံးနှစ်ကား မျက်လုံး တစ်မှိတ်ခန့်သာ ကြာသည်ဟု ထင်မှတ်ရသည်။ ယူချီကား နောက်လ အနည်းငယ်တွင်ပင် ကလေး မွေးတော့မည်ဖြစ်ရာ သူက ဦးလေး ဖြစ်လာပေတော့မည်။
“ယူချင်း… မွေးစားအဖေက ဘယ်မှာလို့ မင်းထင်လဲ…” ရီဖူရှင်းက မွေးစားအဖေကို မမြင်မတွေ့ရသည်မှာ ၁၀နှစ်ခန့် ကြာပြီဟု တွေးမိကာ ယူချင်းကို မေးသည်။
ယူချင်းကလည်း ခေါင်းယမ်းသည်။ ရီဖူရှင်းက သည်မေးခွန်းကို မမေးသည်မှာ အတော်ကြာခဲ့ပြီ ဖြစ်သည်။
“နှစ်တွေ တော်တော် ကြာခဲ့ပြီဆိုတော့ သူက အသက်ပိုပြီး ကြီးသွားမလား မသိဘူး… သူက ငါတို့ လေ့ကျင့်တာကို ကြည့်နေတုန်း များလား…” ရီဖူရှင်းက ရယ်မောလိုက်သည်။ အကယ်၍ သူ၏မွေးစားအဖေကား သူထင်မှတ်ထားသည့် အဆင့်အတန်းတွင် ရှိသည်ဆိုပါက အသက်ကြီးရင့်မည် မဟုတ်သည်မှာ သေချာ၏။
အဝေးမှ လူအချို့ လျှောက်လာကြသည်။ ရီဖူရှင်းက မိန်းမလှလေးများကို မြင်သည်တွင် တောက်ပစွာ ပြုံးလိုက်၏။
“ငါ့မိန်းမ ရောက်လာပြီ…” ရီဖူရှင်းက အဝေးမှပင် အော်ဟစ်သည်တွင် ဟွာဂျီယူ၏ မျက်လုံးက ဝိုင်းစက်သွားသည်။
“ဖီးနစ်…” ရီဖူရှင်းက နောက်မိန်းကလေး တစ်ယောက်ကို နှုတ်ဆက်သည်။
“ငါက အခု စိတ်ဝိညာဉ် စွမ်းအားနယ်ပယ် တစ်ခုကို နားလည်နိုင်ခဲ့တယ်… နင်တစ်ခါလောက် ကြည့်ပေးနိုင်မလား…” ဖီးနစ်က ရီဖူရှင်းကို ပြောသည်။
“သေချာတာပေါ့…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ဖီးနစ်က သူမ၏အကြည့်ကို ရှေ့ကို ပို့လိုက်ကာ အားကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လိုက်သည်။ သူမ၏ အနီးပတ်ဝန်းကျင်က လေးလံသွားကာ ကြောက်မက်ဖွယ် သစ်သားဓာတ် စွမ်းအားများ ဖြစ်ပေါ်လာသည်။ မီးဓာတ် သဘာဝများက အထူးသဖြင့် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ လေထဲတွင် ရုတ်တရက် ဖီးနစ်ပုံရိပ်ကြီးတစ်ခု ပေါ်လာကာ ထာဝရမီးတောက်ဖြင့် အရာခပ်သိမ်းကို လောင်ကျွမ်းရန် ကြိုးစားသည်။
ရီဖူရှင်းကလည်း အကြည့်ကို ရှေ့သို့ပို့ကာ သူ၏ရေခဲအသိဖြင့် မီးဓာတ်ကို ပယ်ဖျက်ကြည့်သည်။ သို့သော်လည်း ဖီးနစ်၏ မီးတောက်များက ပိုမို တောက်လောင်လာကာ အလွန်အမင်း အားကောင်းလာသည်။
“အရမ်း ကောင်းတယ်…” ရီဖူရှင်းက ပြုံးသည်။
“ဒါက နိဗ္ဗာနမီးတောက်ပဲ… ပဲ… ဒီပုံစံက ပေါင်းစပ်စွမ်းအင် ဆိုပေမဲ့ တစ်ခုခု လိုနေတယ်လို့ ငါခံစားရတယ်…” ဖီးနစ်က ပြောသည်။
“သဘာဝ စွမ်းအင်တွေကို အတင်းထိန်းချုပ်ဖို့ မကြိုးစားနဲ့… စိတ်ဝိညာဉ် နယ်ပယ်ကိုပဲ အာရုံစိုက်… သဘာဝ စွမ်းအင်တွေကိုလည်း တမင်သက်သက် အာရုံခံစားစရာ မလိုဘူး… မှော်စွမ်းအင်က အလိုလျောက် လိုက်ပါ လာလိမ့်မယ်…” ရီဖူရှင်းက ရှင်းပြသည်။ သူက လက်ဆန့်တန်း လိုက်ကာ စိတ်နယ်ပယ်တစ်ခုကို ဖန်တီးလိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် မှော်စွမ်းအင်လည်း ဖြစ်ပေါ်လာသည်။ ထိုအထဲမှ မီးတောက်များက သူတို့အား အေးခဲစေသည်ဟု ခံစားကြရကာ နောက်ဆုံး ထိုအရာများ ပြန်လည် ပျောက်ကွယ် သွားသည်။
ဖီးနစ်၏မျက်လုံးထဲ နားလည်သွားသော အရိပ်အယောင်တချို့ ပေါ်လာကာ သူမက ခေါင်းညိတ်သည်… “ငါ ပြန်သွားတဲ့အခါထပ်ကြိုးစား ကြည့်မယ်…”
ရီဖူရှင်းက သည်အပိုင်းတွင် အလွန်နက်နဲသော သိနားလည်ခြင်းများ ရှိပေသည်။ ရီဖူရှင်းက တတိယတန်းစား နိုဘယ်ဖြစ်သော်လည်း နိုဘယ်အသိကို နားလည်ဆင်ခြင်မှု အပိုင်းတွင် အဆင့်အမြင့်ဆုံး၌ ရှိနေသည်မှာ သေချာပေသည်။
“အင်း…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူ၏အကြည့်က နောက်တစ်ယောက်ထံကို ရောက်သွားသည်။ သူမကား ရှေးဟောင်း ဓားတစ်လက်ကို ကိုင်ထားကာ ပိန်သွယ်ပြီး အရပ်ရှည်သည်။ သို့သော် သူမထံမှ ထွက်ပေါ်လာသော ကိုယ်ရောင်ကိုယ်ဝါများက အလွန်ထက်ရှ၏။
“ယန်ချန်းဝူ…” ရီဖူရှင်းက ထိုမိန်းကလေးကို ကြည့်ကာ ပြောသည်။ သူမကား ဝင်ခွင့်စာမေးပွဲ ဒုတိယဖြစ်ကာ ယန်ချူထက် ဓားပညာ၌ သာလွန်ပေသည်။
“အာခီမီမြို့မှာ ရှင်က ကျွန်မ အစ်ကိုကို ထပ်ပြီး အနိုင်ယူခဲ့တယ်လို့ ကြားတယ်…” ယန်ချန်းဝူက ပြောသည်။
“မင်းအစ်ကိုလား…” ရီဖူရှင်းက ခေါင်းယမ်းကာ ပြောသည်… “ငါက ယန်ချူကို ငါ့ပြိုင်ဘက်အဖြစ် မတွေးတော့တာ ကြာပြီ…”
“ရှင်က ပါရမီရှင်အဆင့်တစ် ဖြစ်နေပြီဆိုမှတော့ ရှင်ကြိုက်သလို ပြောလို့ရတယ်… တော်ဝင်ကျဲနန်းတော်မှာ ရှင့်ကို လေးစား အားကျတဲ့လူတွေ အများကြီးပဲ… ဒါပေမဲ့ ရှင်က ဘယ်လောက် အားကောင်းတယ်ဆိုတာ ကျွန်မကိုယ်တိုင် စမ်းကြည့်ချင်တယ်…” ယန်ချန်းဝူက ပြောသည်။
“မင်းနဲ့ငါ့အကြား ကွာဟချက်က ကြီးလွန်းတယ်…” ရီဖူရှင်းက ပြောသည်။
“ရှင်က လက်ရည်စမ်းပွဲမှာ ထိပ်သီးနိုဘယ်ကို နဝမတန်းစား နိုဘယ်အဆင့်နဲ့ စိန်ခေါ်ခဲ့တယ်.. ရှင်က စိန်ခေါ်လို့ရမှတော့ ဘာလို့ ကျွန်မက မရတာလဲ…” ယန်ချန်းဝူက မေးသည်။
“ဒါက မတူဘူး…” ရီဖူရှင်းက ပြောသည်… “ဒါပေမဲ့ မင်းက အရမ်း စမ်းကြည့်ချင်တယ် ဆိုရင်လည်း လုပ်ပါ…”
ယန်ချန်းဝူက ခေါင်းညိတ်ကာ မရေမတွက်နိုင်သော ဓားများကို ချက်ချင်း ထုတ်ဖော်သည်။ သူမက အလွန် လင်းလက်သော ဓားကွန်ချာကို ဖန်တီးကာ ဓားများကို သူမအနီး၌ လှည့်ပတ်စေသည်။ ထိုအခိုက်တွင် သူမကိုယ်တိုင်က ဓားတစ်လက်အဖြစ် ပြောင်းလဲသွားကာ ရီဖူရှင်းထံသို့ တိုးဝင်လာသည်။
ရီဖူရှင်းက သူမအား တစ်ချက် ကြည့်လိုက်သည်တွင် အလွန် အားကောင်းသော နိုဘယ်အသိ မွေးဖွားလာ၏။ ထိုအခိုက်တွင်ပင် ယန်ချန်းဝူက သူမ၏ အနီးပတ်ဝန်းကျင် တစ်ခုလုံးက အလွန်အမင်း လေးလံသွားသည်ဟု ခံစားလိုက်ရသည်။ သူမ၏ဓားက ထိုနေရာမှ မရွေ့သလို သူမကိုယ်တိုင်ကလည်း လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။ သူမက အဖြူရောင် ဝတ်ထားသော လူငယ်ကို ကြည့်ရင်းက သူမတို့အကြား စွမ်းအားက မည်မျှ ကွာဟသည်ကို နားလည်လိုက်သည်။
ဝုန်း…
ဖိအားက ချက်ချင်း ပျောက်ကွယ်သွားသည်။ သူမ၏ ခန္ဓာကိုယ်ကလည်း လျှပ်စီးအလင်းတန်းကဲ့သို့ ရီဖူရှင်းထံသို့ တိုးဝင်သွားသည်။ သို့သော်လည်း ရီဖူရှင်းက သူမ၏ဓားကို သူ၏လက်ညှိုးဖြင့် ရပ်တန့်ထားသည်ကို တွေ့လိုက်ရသည်။
“တကယ်လို့ မင်းက ငါ့ကို ကျော်ဖြတ်ဖို့ စဉ်းစားနေရင်တော့ ဒါက မင်းဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်တဲ့ကိစ္စပဲ…” ရီဖူရှင်းက ပြုံးလျက်ပြောသည်။ ထို့နောက် သူက လက်ညှိုးဖြောင့် တောက်လိုက်သည်တွင် ယန်ချန်းဝူက ဓားနှင့်အတူ နောက်ကို ပြန်လည် လွင့်စဉ်သွားသည်။ သူမက ဟန်ချက် ထိန်းလိုက်ပြီးမှ ရီဖူရှင်းကို ကြည့်သည်။
“ရှင်က ကိုယ့်ကိုယ်ကိုယ် ဒီလောက် အထင်ကြီးမှတော့ ဘာလို့ တခြားလူတွေရဲ့ သံသယတွေကို ဖယ်ရှားဖို့ မကြိုးစားတာလဲ…” ယန်ချန်းဝူက မေးသည်။
ရီဖူရှင်းက ယန်ချန်းဝူကို ကြည့်ကာ ပြုံးသည်… “ကောင်းကင်နဂါးတွေက ကောင်းကင်ရဲ့ အရှင်သခင်လို့ တင်စားကြရတယ်… နတ်ငှက်က နတ်ဒေဝါတွေရဲ့ ဘုရင်ပဲ.. ကောင်းကင်နဂါးတွေက နတ်ငှက်တွေနဲ့ပဲ တိုက်ခိုက်တယ်… သူတို့က ကျီးကန်းတွေနဲ့ သွားပြီး ယှဉ်ပြိုင်တာကို မင်း ကြားဖူးလား… အခု ကျုပ်က ပါရမီရှင်အဆင့်တစ်ပဲ… ဟုတ်တယ်မလား…”
ယန်ချန်းဝူက သည်းလှိုက်အူလှိုက် အေးစက်မှုကို ခံစားလိုက်ရသည်။ ထိုအရာက သူမ၏ဝိညာဉ်အထဲမှ လာခြင်းဖြစ်သည်။ သူမက ထိုပြုံးနေသော လူငယ်ကို ကြည့်သည်တွင် မျက်လုံးများထဲမှ သူ၏မာနကို မြင်ရသည်။ သူမက သည်မျှ အတင့်ရဲသော စကားကို တစ်ခါမှ မကြားဖူးပေ။
နတ်ငှက်က မည်သည့်အခါက သိမ်းငှက်များကို သက်သေပြရန် လိုအပ်သနည်း။ နတ်ငှက်က ကောင်းကင်နဂါးများနှင့်သာ တိုက်ခိုက်မည် ဖြစ်သည်။ ဆိုလိုသည်က ရီဖူရှင်းက အကောင်းဆုံးများနှင့်သာ တိုက်ခိုက်မည် ဖြစ်သည်။ သူ့အား သံသယဝင်သူများနှင့် သူ့တွင် အချိန်ဖြုန်းရန် ဆန္ဒမရှိပေ။
ရီဖူရှင်း၏မျက်လုံးထဲတွင် မည်သူက အကောင်းဆုံးနည်း။ ပိုင်လွေလီကဲ့သို့သော သူလား…။ မည်သို့ဆိုစေ သူကား လက်ရှိ ပါရမီရှင်အဆင့်တစ် ဖြစ်သည်။ သူက ဘာတစ်ခုမှ သက်သေပြရန် မလိုပေ။ ပါရမီရှင်အဆင့် ကိုယ်တိုင်က သက်သေဖြစ်သည်။
သူ၏စကားများ ယန်ချန်းဝူကို အလွန် စိတ်လှုပ်ရှားစေသည်။ သူမက မိမိကိုယ်ကို တခြားလူများနှင့်မတူသော ပါရမီရှင်အဖြစ် တွေးထားခဲ့သော်လည်း သူမက ရီဖူရှင်းနှင့် ယှဉ်ပါက အလွန်အမင်း ကွာဟချက် ရှိနေသည်ကို ခံစားလိုက်ရသည်။ သည်အရာက မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲခြင်းမဟုတ်ဘဲ မိမိကိုယ်ကို သိနားလည်ခြင်း ဖြစ်သည်။
***