ရီဖူရှင်းက တော်ဝင်ကျဲနန်းတော်ကို ပြန်ရောက်သောအခါ သူ ပြန်ရောက်လာသည့် သတင်းက မြန်ဆန်စွာပင် ပြန့်သွားခဲ့သည်။ တိုက်ခိုက်ရေး ရှီနန်းဆောင်တွင် ချီကျီးက ရီဖူရှင်းအား ရှီနန်းတော်ကို ဝင်ခွင့်ရသည့် အကြောင်း၊ ပါရမီရှင်အဆင့်ဇယား ပြောင်းလဲသည့် အကြောင်းများကို လာရောက် ပြောကြားသည်။
ရီဖူရှင်းက ချီကျီး၏စကားကို ကြားကာ ထူးဆန်းသော အမူအရာ ဖြစ်လာသည်။ အာခီမီမြို့မှ တိုက်ပွဲက သူ့အား သူ့အစ်ကို၏ ပြဿနာကို ပြေလည်စေရုံမျှမက ရှီနန်းတော်ထဲကို ဝင်ရောက်ခွင့်ပင် ရလိုက်သေးသည်။ ပါရမီရှင်အဆင့် ဇယားကိုမူကား သူက ဂရုမစိုက်ပေ။ မည်သို့ဆိုစေ ထိုနေရာက အနှေးနှင့်အမြန် သူ ပိုင်ဆိုင်လာရမည် ဖြစ်သည်။
“လွန်ခဲ့တဲ့သုံးနှစ်က မင်း နန်းတော်ကို ဝင်ရောက်ခဲ့တယ် … မင်းကို လူတွေ အများကြီးက ပစ်မှတ်ထားကြတော့ လက်ရည်စမ်းပွဲမှာ မင်းက ကိုယ့်ကိုယ်ကိုယ် သက်သေပြခဲ့တယ်… မင်းက ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်လာမယ်လို့ ငါမထင်ထားဘူး… အခုနန်းတော်မှာ လူတွေ ဘယ်လောက် မင်းကို လိုက်ရှာနေကြလဲ သိလား…” ချီကျီးက ပြုံးလျက်ပြောသည်။
နန်းတော်မှ ထောင်ပေါင်း များစွာသော တပည့်များထဲတွင် ပါရမီရှင်အဆင့် တစ်နေရာ၌ ရှိသောသူက နိုဘယ်အဆင့် မျိုးဆက်တစ်ခုလုံးကို ကိုယ်စားပြုပေသည်။ ပိုင်လွေလီမှသည် ရီဖူရှင်းအထိ အားလုံးက သူတို့၏မျိုးဆက်များကို ကိုယ်စားပြုနိုင်ခဲ့သည်။
သည်မတိုင်ခင်က စီမင်ဟန်ကျင့်ကလည်း သူ့မျိုးဆက်၏ အမှတ်သင်္ကေတတစ်ခု ဖြစ်လာမည်ဟု ထင်ထားကြသော်လည်း သူ့နေရာကား မြန်ဆန်စွာပင် ရီဖူရှင်း၏ လုယူခြင်းကို ခံလိုက်ရ၏။ သူက အလွန်ဒေါသ ထွက်ရပေမည်။
ရီဖူရှင်းက ထိုအရာများကို ဂရုမစိုက်ပေ။ သူတို့က သူ့အား လာရှာလျှင်ကော အဘယ်အရေးနည်း။
“အစ်ကို… ကျွန်တော်က ဘယ်တော့ ရှီနန်းတော်ကို ဝင်ခွင့်ရမှာလဲ…” ရီဖူရှင်းက ထိုကိစ္စကိုသာ အရေးကြီးသည် တွေး၏။ တော်ဝင်ကျဲနန်းတော်မှ ရှီနန်းတော်ကား ရှန့်ထိုအမွေအနှစ်များ သင်ကြားပို့ချရာ နေရာဖြစ်သည်။ ထိုနေရာ၏ ပညာရပ်များက ထိပ်သီးကျောင်း သုံးကျောင်းထက် ပိုမိုပြည့်စုံရပေမည်။
သူက သည်တစ်ခေါက် ပြန်လာခြင်းမှာ နိုဘယ်အဆင့် အမြင့်ဆုံးအထိ ကြိုးစားလေ့ကျင့်လျက် ရှီအဆင့်သို့ တက်လှမ်းရန် ပြင်ဆင်မည်ဟု စိတ်ကူးထားခြင်း ဖြစ်သည်။ ထိုအချိန်အခါကို ရောက်မှသာ သူက မြေရိုင်းပြည်နယ်တွင် နေရာတစ်နေရာ ရပေမည်။
“မင်းက ပထမတန်းစား နိုဘယ်ကို ရောက်တဲ့အခါ ဝင်နိုင်မယ်… နန်းတော်ရဲ့ မျိုးဆက်တိုင်းမှာ အနည်းငယ်သော လူတွေကပဲ ရှီနန်းတော်ထဲကို ဝင်ခွင့်ရကြတယ်… ဝင်ခွင့်ရတဲ့လူတိုင်း ကလည်း ရှီအဆင့်ကို တက်လှမ်း နိုင်ကြတာပဲ… စီမင်ဟန်ကျင့်ကို ဥပမာအနေနဲ့ကြည့်… ရှီနန်းတော်ကို ဝင်ခွင့်ရတဲ့လူတိုင်းက ပါရမီရှင် အဆင့်တစ်တွေပဲ…” ချီကျီးက ပြုံးလျက် ပြောသည်။ ထိုအခါမှ ရီဖူရှင်းက နားလည်သည်။ သူက ရှီနန်းတော်ကို ဝင်ခွင့်ရသောကြောင့် ပါရမီရှင်အဆင့်တစ် နေရာကို ရရှိခဲ့ခြင်း ဖြစ်သည်။
“ရှီနန်းတော်ထဲကို ဝင်ရောက်ခြင်းက မင်းကို ရှီအဆင့်ကို တက်လှမ်းဖို့ အထောက်အကူ ဖြစ်လိမ့်မယ်…” ချီကျီးက ရှင်းပြသည်။
ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ပြောသည်… “ဒါဆို ကျွန်တော်က တန်ခိုးကျင့်တာမှာပဲ သေသေချာချာ အာရုံစိုက် ရတော့မှာပေါ့… အခုလို လာပြောပေးတာ ကျေးဇူးတင်ပါတယ်… အစ်ကို… ”
“ကောင်းပြီ… ကြိုးစားလေ့ကျင့်…” ချီကျီးက ပြုံးလျက် ပြောကာ ထွက်သွားသည်။
ချီကျီး ထွက်သွားပြီးနောက် လို့လန်ရွှီနှင့် ယိချိန်ချန်တို့က ရီဖူရှင်းနှင့် ယူချင်းကို စိတ်ဝင်စားစွာ ကြည့်ကြသည်။ သူတို့ ပြန်မရောက်မီကပင် အကြီးအကဲများက ဆုံးဖြတ်ချက် ချရအောင် သူတို့က မည်သည့်အရာများ လုပ်ခဲ့ကြသနည်း။ သူတို့ကလည်း သည်ရက်ပိုင်း သတင်းများကို ကြားကြရသည်။ ကောလာဟလများအရ ရီဖူရှင်းက ရှီနန်းတော်သို့ ဝင်ခွင့်ရသည်ဆို၏။
“နင် ဘာလုပ်ခဲ့တာလဲ…” ယိချိန်ချင်က ရီဖူရှင်းအနီးကို ကပ်ကာ မေးသည်။
“နင့်လူကို မေး…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ ယိချိန်ချန်က သူ့အား ဒေါသတကြီး ကြည့်သည်တွင် ရီဖူရှင်းက ပြုံးလျက် ထပ်ပြောသည်…. “အာ… ဟုတ်တယ်… ယူချင်းက မင်းအတွက် အာခီမီမြို့က လက်ဆောင်တွေ ယူလာတယ်…”
ယိချိန်ချန်က မျက်လုံးပြူးသွားကာ ယူချင်းကို ကြည့်သည်။ ယူချင်းက ရှက်ရွံ့ဟန်ဖြင့် ခေါင်းကုတ်သည်။ သူတို့က အာခီမီ လောင်းကစားရုံ၌ လောင်းကြေးများ ထည့်စဉ်က သူကလည်း နန်ဟောင်၏ ပုဆိန်ရှည်ကို ထည့်ဝင်ခဲ့ရာ အနိုင်ရခဲ့သောကြောင့် ရတနာအချို့ကို ပြန်လည် ရရှိလာခဲ့သည်။
“အင်း…” ယူချင်းက ခေါင်းညိတ်သည်။ ယိချိန်ချန်က သူ့ထံကို လျှောက်လာကာ ယူချင်း၏ လက်တစ်ဖက်ကို ဆွဲကာ ပွေ့ဖက်သည်။
“ဟေး… ငါ့ကောင်မလေး မရှိတဲ့အချိန် မင်းတို့က ဒီလို လုပ်ပြနေဖို့ မလိုဘူး…” ရီဖူရှင်းက မျက်နှာတည်ဖြင့် နောက်ပြောင်သည်။ ထို့နောက် သူက ယူချင်းကို ပြောသည်… “ယူချင်း… မနက်ဖြန် ငါတို့က ပြန်လေ့ကျင့် ကြရတော့မယ်ဆိုတော့ ဒီနေ့ ကောင်းကောင်း နားလိုက်…”
ထို့နောက် သူတို့နှစ်ယောက်က ထွက်ခွာသွားကြသည်။
ရီဖူရှင်းက ဘေးနားတွင် ရပ်နေသော လို့လန်ရွှီကို ကြည့်ကာ ပြောသည်… “လို့လန်… မင်းအတွက်လည်း လက်ဆောင်ပါတယ်…” ထို့နောက် သူကလည်း ပစ္စည်းနှစ်ခုကို ထုတ်ယူလိုက်သည်။ တစ်ခုကား ရတနာစာအုပ် ဖြစ်သည်။ သူက လို့လန်ရွှီကို ကမ်းပေးရင်းက ရှင်းပြသည်… “မင်းရဲ့ ရတနာစာအုပ်က အခု တော်တော် အားနည်းနေပြီ… ဒီစာအုပ်က ရှီအဆင့် အမြင့်ဆုံးမှာ ရှိပြီးတော့ အထဲမှာ လျှို့ဝှက်ပညာရပ် တစ်ခုလည်း ပါသေးတယ်… ဒါက မင်းရဲ့ သက်စောင့်ဝိညာဉ်နဲ့လည်း ပေါင်းစပ်နိုင်စွမ်း ရှိတယ်…”
ထို့နောက် ရီဖူရှင်းက နောက်ထပ် ရေကဲ့သို့ ကြည်လင်နေသော မှော်ဖန်လုံး တစ်လုံးကို ထုတ်ပေးသည်။ မှော်ဖန်လုံးအထဲ၌ ဧရာမမြွေကြီးတစ်ကောင် ရှိနေဟန်ရသည်… “ဒီမှော်ဖန်လုံးက ရေဓာတ် သားရဲကောင်ရဲ့ အမတေနဲ့ လုပ်ထားတာပဲ… ဒါက စိတ်စွမ်းအားကို ပိုမို အားကောင်းစေပြီး မင်းရဲ့ ကျင့်ကြံခြင်းမှာ အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်… ဒါကို တိုက်ပွဲမှာလည်း အသုံးပြုနိုင်သေးတယ်…” ရီဖူရှင်းက ပြောသည်။
“ကျေးဇူး… ” လို့လန်ရွှီက ပြောကာ ပစ္စည်းများကို ယူသည်။ သူမက သည်ရတနာများကို အလွန် သဘောကျ၏။ ရီဖူရှင်းက သူမအား ပေးရန် သေသေချာချာ ရွေးချယ်ခဲ့ဟန် ရသည်။ ရတနာများက သူမ၏ကျင့်စဉ်များနှင့် အလွန် လိုက်ဖက်လှသည်။
“ဒီတစ်ခေါက် ငါတို့က အာခီမီမြို့မှာ ရတနာတွေ အများကြီး ရခဲ့တယ်… ဒါကြောင့် မင်းတို့နှစ်ယောက် အတွက်လည်း ယူလာခဲ့တယ်…” ရီဖူရှင်းက လို့လန်ရွှီ၏ ခံစားချက် ကင်းမဲ့သော မျက်နှာလေးကို ကြည့်သည်။ ပြန်လည် ပေးဆပ်ရန် အခက်ခဲဆုံးကား ရင်းနှီးသော ပတ်သက်မှုဖြစ်သည်။ သူက လို့လန်ဘုရင်မ၏ သဘောကို နားလည်ပြီး ဖြစ်သော်လည်း အပြစ်ရှိသလို ခံစားနေရဆဲ ဖြစ်သည်။ လို့လန်ရွှီက တစ်စုံတစ်ခု လိုသည်ဆိုလျှင်ပင် ရီဖူရှင်းက ဖြစ်အောင် ကြံဆောင်ပေးမည် ဖြစ်သော်လည်း လို့လန်ရွှီ၏ လောဘကင်းမှုက သူ့အား ပိုမို၍ စိတ်မကောင်း ဖြစ်စေသည်။
“အစ်ကိုကြီး… ကျွန်တော်… ကျွန်တော်…” သိမ်းငှက်နက်က အတောင်ပံများကို တဖျတ်ဖျတ် ခတ်ကာ အော်ဟစ်သည်။
“မင်းက ဘာလဲ…” ရီဖူရှင်းက ပြန်ကြည့်သည်တွင် သိမ်းငှက်နက်က မျက်လုံးပြူး သွားသည်။
“မင်းကလည်း ရတနာ လိုချင်တာတော့ မဟုတ်ဘူးမလား…” ရီဖူရှင်းက သူ့အား သိနေသည်ဟူသော အပြုံးဖြင့် မေးသည်။ သည်ကောင်လေးကလည်း ဉာဏ်များ လာခဲ့သည်။
“ဟင့်အင်း.. မလိုချင်ပါဘူး…” ရီဖူရှင်း၏အမူအရာကို မြင်သည်တွင် သိမ်းငှက်နက်က တုန်လှုပ်သွားကာ ပြန်ပြောသည်… “ကျွန်တော်က အစ်ကိုကြီးကို သတိရနေတာလို့ ပြောမလို့…”
“ကောင်းကောင်းနေ… ရတနာတွေ မရှိတော့ဘူး… နောက်တစ်ခါပေါ့..” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
“အစ်ကိုကြီးဖူရှင်း…” ထိုအခိုက်တွင် အသံစာစာလေး တစ်သံနှင့်အတူ ပိန်ပိန်သွယ်သွယ် မိန်းမလှလေး တစ်ယောက်က လျှောက်လာပြီး ရီဖူရှင်း၏ လက်မောင်းကို ဆွဲသည်။ သူမက ရီဖူရှင်းကို ကြည့်ကာမေးသည်… “အစ်ကိုကြီးဖူရှင်း… အပြင်ကို သွားတာ ဘာလို့ လင်းအာကို မခေါ်တာလဲ…”
“မင်းက နန်းတော်ကို အခုမှရောက်တယ်… အပြင်ကိုသွားဖို့ စဉ်းစားနေပြီလား…” ရီဖူရှင်းက သူ့ရှေ့မှ နတ်ဆိုးမလေးကို ကြည့်ကာ ဆွံ့အရသည်။
“လင်းအာ မပျော်ဘူး…” လောင်လင်းအာက မျက်လုံး ကလယ်ကလယ်ဖြင့် ပြောသည်။
“အစ်ကိုက မင်းအတွက် လက်ဆောင် ယူလာတယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ သူက ရတနာတစ်ခုကို ထုတ်ကာ လောင်လင်းအာကို ကမ်းပေးသည်။ ဘေးမှ သိမ်းငှက်နက်၏ မျက်လုံးကား ပန်းကန်လုံးခန့် ကြီးမားသွားသည်။
“အစ်ကိုဖူရှင်းက အကောင်းဆုံးပဲ…” လောင်လင်းအာက ပျော်ရွှင်စွာ ခုန်ပေါက်သည်။ သိမ်းငှက်နက်ကား ဘေးနားတွင် တိတ်ဆိတ်စွာ ရပ်ကာ ထိုမြင်ကွင်းကို ကြည့်နေသည်။
***
နောက်ရက် အနည်းငယ်တွင် ရီဖူရှင်းအား လူအများက နေ့တိုင်း လာရှာကြသည်။ သို့သော်လည်း ရီဖူရှင်းက သူ၏ကျင့်စဉ်များနှင့် မအားလပ်ကြောင်း လို့လန်ရွှီက ပြောကာ တားဆီးထားသည်။ မကြာမီ အာခီမီမြို့မှ လာသော သတင်းများကို နန်းတော်တစ်ခုလုံး ပျံ့နှံ့သွားတော့သည်။ ရီဖူရှင်းက အာခီမီမြို့မှ နံပါတ်တစ်ပါရမီရှင် ထိကန်းအား အနိုင်ယူခဲ့၏။
ထိုအခါမှ လူအများအပြားက ရီဖူရှင်း၏ အဆင့်တက်မှုကို မအံ့ဩကြတော့ပေ။ သို့သော်လည်း လက်ရှိ ပါရမီရှင်အဆင့် ထိပ်သီးစာရင်းဝင်များ အားလုံးက လက်ရှိအဆင့်ကို ကျေနပ်ခြင်း မရှိဘဲ ရီဖူရှင်းနှင့် လက်ရည်စမ်း လိုနေကြသည်။
ရီဖူရှင်းက အာခီမီမြို့မှ ပါရမီရှင်များကို အနိုင်ယူခဲ့သော်လည်း သူတို့က အာခီမီမြို့ကို ကိုယ်တိုင် မရောက်ခဲ့ကြပေ။ ထို့ကြောင့် ထိုလူများ မည်မျှ အားကောင်းသည်ကို သူတို့မသိကြပေ။ ယခု ရီဖူရှင်းနှင့် လာရောက် စိန်ခေါ်သူများ အားလုံးက ငြင်းပယ်ခံရသည်။ အကြောင်းပြချက်ကား ရီဖူရှင်းက တံခါးပိတ် လေ့ကျင့်နေသောကြောင့် ဖြစ်၏။
ထို့ကျန်းနန်းဆောင် အတွင်း၌ လူအများအပြားက စောင့်ဆိုင်း နေကြသည်။ ယနေ့ကား ရှီတန်ခိုးရှင် ထို့ကျန်းက သင်ခန်းစာများ ပို့ချမည်ဖြစ်သည်။ လျန်ယွီချန်း၊ ကျန်းကျိချင်၊ ယွန်ဖုန်းနှင့် တခြား ထို့ကျန်း၏ တပည့်များလည်း လူအုပ်ထဲတွင် ရှိနေကြသည်။
“ညီမလေး… မင်းက အာခီမီမြို့ကို သွားခဲ့တယ်… ဒီတစ်ခေါက် ရီဖူရှင်းက ပါရမီရှင်အဆင့် နံပါတ်၁နေရာကို ရတာနဲ့ ပတ်သက်ပြီး နင် ဘာပြောချင်လဲ…” ထိုအချိန်တွင် ကျန်းကျိချင်၏ အဖော်မိန်းကလေး တစ်ယောက်က မေးသည်။
ကျန်းကျိချင်က ရီဖူရှင်းနှင့် ထိကန်းတို့ တိုက်ပွဲကို ပြန်အမှတ်ရသည်။ ထို့နောက် သူမက တိုးညင်းစွာ ပြောသည်… “သူက ပထမရဖို့ ထိုက်တန်တယ်…” ပတ်ဝန်းကျင်မှ လူများအားလုံးက အံ့အားသင့် သွားကြသည်။ ကျန်းကျိချင်နှင့် ရီဖူရှင်းတို့အကြား ကတောက်ကဆကို အားလုံးက သိကြသည်။ ကျန်းကျိချင်ကပင် ဤသို့ ထုတ်ပြောရသည် ဆိုပါက ရီဖူရှင်းကလည်း အမှန်ပင် ထူးချွန်ရပေမည်။
“ကျိချင်… ရီဖူရှင်းက အာခီမီမြို့က ပါရမီရှင်တွေ အကုန်လုံးကို အနိုင်ရခဲ့တယ် ဆိုရင်တောင် သူက တတိယတန်းစား နိုဘယ်ပဲ ရှိသေးတယ်… ပါရမီရှင်အဆင့်က အလားအလာကိုပဲ ကြည့်ပြီးပေးတာ မဟုတ်ဘူး… နန်းတော်က ထိပ်သီးပါရမီရှင်တွေ အားလုံးက မြေရိုင်းပြည်နယ်က အကောင်းဆုံးတွေပဲ… သူတို့က ထိကန်းထက် အားနည်းပါ့မလား…” သူမဘေးမှ ယွန်ဖုန်းက ပြောသည်… “ပြီးတော့ အစ်ကိုလျန်က နိုဘယ် အဆင့်အမြင့်ဆုံး ရောက်နေတာ ကြာပြီ… အခုသူက ရှီအဆင့်အနားတောင် ကပ်နေပြီ… ရီဖူရှင်းကို ပထမနေရာ ပေးတာက မလွန်ဘူးလား… အခု ရီဖူရှင်းတောင်မှ စိန်ခေါ်မှုတွေကို ရှောင်ဖယ်နေတယ်… ”
နှစ်နှစ်ခန့် ကြာပြီးနောက် ယွန်ဖုန်းကား သူ၏စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမှ ပြန်လည် သက်သာလာပြီး ဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းက ပါရမီရှင်အဆင့်တစ် ဖြစ်လာခြင်းက သူ့အတွက် အလွန် စိတ်ပျက်ဖွယ်ရာ ဖြစ်လာသည်။
လျန်ယွီချန်းက ဘာမှ မပြောပေ။ လွန်ခဲ့သော သုံးနှစ်ခန့်က သူကား ပါရမီရှင်အဆင့်ငါး ဖြစ်သည်။ ယခု ၂နှစ်ခန့်ကြာပြီး နောက်တွင်လည်း သူကား အဆင့်၅တွင်သာ ရှိသေးသည်။ သူကား ရှီအဆင့်ကို တက်လှမ်းသွားပြီး ဖြစ်သော ဟွာဖန်းနှင့်အတူတူ နန်းတော်ကို ဝင်လာခြင်း ဖြစ်သည်။ သို့သော် ရီဖူရှင်းက သူ့အပေါ်ကို ရောက်နေပြီး ဖြစ်၏။
ကျန်းကျိချင်က လျန်ယွီချန်းကို ကြည့်သည်… “တိုက်ခိုက်ရေး စွမ်းအား သတ်သတ်မှာ သူ့ကို ယှဉ်နိုင်တဲ့လူ မရှိလောက်ဘူး…”
လူအများအပြားက ထိုစကားကို ကြားကာ ပိုင်ရီ၊ ဖီးနစ်နှင့် ဟွာဂျီယူကို ကြည့်ကြသည်။ သူမတို့ သုံးယောက်ကား တိတ်ဆိတ်စွာပင် ထိုင်ကာ ဘာမှ စိတ်ဝင်စားဟန် မရသော ပုံဟန်ရှိနေသည်။ ထိုအဖြစ်က လူအများအား ဆွံ့အစေသည်။
ထောင်ကျန်းနန်းတော်၏ အလှဆုံး မိန်းမလှ လေးယောက်ထဲတွင် သုံးယောက်က ရီဖူရှင်းနှင့် အလွန် ရင်းနှီးခင်မင်ကြကာ အာခီမီမြို့ကိုပင် အတူတူ လိုက်ပါခဲ့ကြသေး၏။ ယခု ရီဖူရှင်းနှင့် ရန်ငြိုးရန်စရှိသော ကျန်းကျိချင်ပင် သူ့အတွက် ပြောပေးနေသည်။
တိတ်ဆိတ်စွာ ထိုင်နေသော လျန်ယွီချန်းက ခေါင်းမော့ကာ ရှေ့မှ ထို့ကျန်းနန်းတော်ကို ကြည့်သည်။ လွန်ခဲ့သော ၂နှစ်ခန့်မှ လက်ရည်စမ်းပွဲ၏ မြင်ကွင်းများ သူ့မျက်လုံးထဲ ပြန်မြင်ယောင် လာသည်။ ရီဖူရှင်းက ကု့ချင်းနတ်ဆိုး၏ ပညာရပ်များကို ဆက်ခံရရှိသည်ကို သူကိုယ်တိုင် မြင်ခဲ့ရသည်။ ထိုအရာကား သူလိုချင်သည့်တိုင် ရယူနိုင်စွမ်း မရှိတော့သော အရာလည်းဖြစ်၏။ ရီဖူရှင်းကဲ့သို့ပင် သူကလည်း ဘယ်သူနှင့်မှ မတိုက်ခိုက်ခဲ့ပေ။
“ပါရမီရှင် အဆင့်၁ကို ဒီလိုပဲ အလွယ် ဆုံးဖြတ်လို့ရလား…” လျန်ယွီချန်းက တီးတိုးရေရွတ်သည်။
***