Switch Mode

အပိုင်း(၆၄၄)

ပါရမီရှင်အဆင့်တစ်

တော်ဝင်ကျဲနန်းတော်၊ ရှီနန်းတော်။

ထိုနေရာတွင် လူတစ်စု ဝိုင်းထိုင်နေကြသည်။ သည်အုပ်စုကား သာမန်လူများဟု ထင်မြင်ရသော်လည်း မမြင်ရသော အရှိန်အဝါများ ရိုက်ခတ်နေရာ သူတို့က လျှို့ဝှက်နက်နဲသော အဆင့်တစ်ခုကို ရောက်နေသူများ ဖြစ်သည်မှာ သေချာ၏။

ယနေ့ တော်ဝင်ကျဲနန်းတော်၏ နန်းဆောင်ခြောက်ခုလုံးက စုရုံးနေကြသည်။ တော်ဝင်ရှီနန်းဆောင် သခင်ကိုယ်တိုင်က ရောက်မလာသော်လည်း ဒုတိယနန်းဆောင် သခင်လျူချန်း ရှိနေပေသည်။ ဝမ်ရှင်းနန်းဆောင်သခင်က တံခါးပိတ် လေ့ကျင့်နေဆဲ ဖြစ်ရာ ဝမ်ရှင်းနန်းဆောင်၏ အကြီးအကဲ တစ်ယောက်က ရောက်နေသည်။ တခြား နန်းဆောင်လေးခုမူကား နန်းဆောင်သခင်များ ကိုယ်တိုင် ရောက်ရှိနေကြပြီး ဖြစ်သည်။ သည်အုပ်စုက တော်ဝင်ကျဲနန်းတော်၏ စိတ်ဆန္ဒကို ကိုယ်စားပြုရန် လုံလောက်ပေသည်။

“ခင်ဗျားတို့အားလုံးကို ကိစ္စနှစ်ခုအတွက် ဖိတ်ခေါ်တာပါ… ပထမတစ်ခုက အာခီမီမြို့က သတင်းဖြစ်ပါတယ်… တိုက်ခိုက်ရေး ရှီနန်းဆောင်က ရီဖူရှင်းက မြို့မှာ ရုတ်ရုတ်သဲသဲ ဖြစ်အောင်လုပ်ခဲ့တယ်…. သူက တော်ဝင်ကျဲနန်းတော်က တပည့်တွေကို ဦးဆောင်ပြီးတော့ အာခီမီ လောင်းကစားရုံမှာ တခြားနေရာက ပါရမီရှင်တွေကို အနိုင်ယူပြီး သိဒ္ဓိဝင်လက်နက်တွေ ရခဲ့တယ်… ပြီးတော့ အင်ပါယာ မိသားစုထဲကို သူက ကျူးကျော် ဝင်ရောက်ပြီးတော့ အာခီမီပြိုင်ပွဲ ပထမကွန်ဆွန်ရီကို သေခြင်းရှင်ခြင်း တိုက်ပွဲစိန်ခေါ်ခဲ့တယ်… စိန်ခေါ်ပွဲမှာပဲ သူက ကွန်ဆွန်ရီကို သတ်ခဲ့တယ်…” လျူချန်းက ပြောသည်။

အာခီမီညီလာခံကား တော်ဝင်ကျဲ နန်းတော်ကပင် အာရုံစိုက်ရသော ကြီးမားသော ပွဲဖြစ်သည်။ ထို့ကြောင့် သူတို့က အာခီမီမြို့မှ သတင်းများကို ထောက်လှမ်းလေ့ရှိသည်။ သို့သော်လည်း တခြား နန်းဆောင်များမှ အကြီးအကဲများက တူညီသော အာရုံစိုက်မှု သိပ်မရှိရာ များသောအားဖြင့် နန်းတော်၏ ဦးစီးဦးဆောင် ဖြစ်သော ရှီနန်းဆောင်ကသာ သတင်းများကို သိပေသည်။ သူတို့အားလုံးက လျူချန်း၏သတင်းကို ကြားသည်တွင် အံ့အားသင့်သွားကသည်။ ကောင်လေးကား အမှန်ပင် အထိန်းအကွပ်မဲ့သည်။ သူက အာခီမီမြို့ကို ရောက်သည်နှင့် ထိုနေရာတွင် ပြဿနာရှာကာ အာခီမီပြိုင်ပွဲပထမကို သတ်ပစ်ခဲ့၏။

“ဒီကောင်လေးက တော်တော် ရဲတင်းနေတယ်… သူပြန်လာတာနဲ့ ကျုပ်က သေချာပေါက် အပြစ်ပေးရမယ်…” ရှီတန်ခိုးရှင် ထောင်ကျန်းက ပြောသည်။ ရီဖူရှင်းက သူ၏တပည့်ဖြစ်ရာ သူ၏ ရပ်တည်ချက်ကို ထုတ်ပြောရန် သေချာပေါက် လိုအပ်ပေသည်။

“မလိုဘူး… ဒီပြဿနာရဲ့ ဇာစ်မြစ်က သူ့အစ်ကိုကြောင့်ပဲ… သူအစ်ကိုက မြို့တော်ဝန်ရဲ့သမီးနဲ့ ချစ်ခင်စုံမက်နေတယ်… ဒါပေမဲ့ သူက အာခီမီပြိုင်ပွဲမှာ ဒုတိယပဲ ရခဲ့တယ်… ဒါကြောင့်ပဲ သူနဲ့ ကွန်ဆွန်ရီတို့အကြား ပြဿနာတွေဖြစ်လို့ ရီဖူရှင်းက ကွန်ဆွန်ရီနဲ့ တိုက်ခိုက်ခဲ့တာပဲ… ပြီးတော့ ရီဖူရှင်းက အာခီမီမြို့က နောက်တစ်ယောက်ကိုလည်း အနိုင်ယူခဲ့တယ်… သူက အင်ပါယာမိသားစုက ထိကန်းပဲ…” လျူချန်းက ပြောသည်။

“ထိခိုင်ရဲ့သားလား…” တစ်ယောက်က မေးသည်။ ထိခိုင်က ကောင်းကင်မြေရိုင်း အဆင့်၁၂တွင်ရှိရာ သူတို့အားလုံး သူ့ကို သိကြသည်။

“ဟုတ်တယ်…” လျူချန်းက ပြောသည်… “အခု သူ့အစ်ကိုက မြို့တော်ဝန် အိမ်တော်ကို ဝင်ပြီး ယူစီက ရီဖူရှင်းရဲ့အစ်ကိုနဲ့ သူ့သမီးကို လက်ထပ်ပေးနေတယ်… အာခီမီပွဲတော်ကို တက်ရောက်တဲ့ အင်အားစုတွေက အာခီမီမြို့မှာပဲ မင်္ဂလာပွဲကို တက်ရောက်နေကြတုန်း ဆိုတော့ ဒီသတင်းက မပြန့်သေးဘူး…”

အားလုံးက စိတ်ဝင်စား သွားကြသည်။ နန်းတော်ကို လွန်ခဲ့သော သုံးနှစ်က ဝင်ရောက်ခဲ့သော ရီဖူရှင်းကား စိတ်ဝင်စားဖွယ် ကောင်းလှသည်။

“ငါက သူ့ကို အာခီမီမြို့ကို သွားပြီးတော့ ပွဲကို ကြည့်ခိုင်းတယ်… သူက ပြဿနာရှာတယ်…” ရှီတန်ခိုးရှင်က ထိုသို့ပြောသော်လည်း သူ၏စိတ်ထဲတွင်ကား ဂုဏ်ယူရသည်။ ကောင်လေးက တော်ဝင်ကျဲ နန်းတော်တွင် သုံးနှစ်ခန့်မျှ လေ့ကျင့်ကာ အာခီမီမြို့ကို သွား၍ ပြဿနာရှိသည်။ သူကပြဿနာ မတက်သည့်အပြင် သူ၏အစ်ကိုကလည်း ယူစီ၏သမီးနှင့် လက်ထပ်ခွင့် ရခဲ့၏။

“ရှီတန်ခိုးရှင် ထောင်ကျန်းက ဒီလိုတပည့် တစ်ယောက်ရှိကာ ဂုဏ်ယူရမှာပဲ…” ရှီတန်ခိုးရှင် ထို့ကျန်းက ပြုံးလျက်ပြောသည်။ ရီဖူရှင်တို့ အသုတ်တွင် ရီဖူရှင်းက သူ၏ပြိုင်ဘက်များ အားလုံးကို အနိုင်ယူနိုင်ခဲ့သည်။ ၂နှစ်ခန့်ကြာပြီးနောက် ရီဖူရှင်း၏ ပါရမီရှင်အဆင့်က မည်သည့်အချိန်တွင်​ ပြောင်းလဲမည်ကို အားလုံးက သိလိုနေကြသည်။

“ထိခိုင်ရဲ့သားက မြေရိုင်းပြည်နယ် အနောက်ဘယ်ဒေသမှာ နံပတ်၁အဖြစ် သတ်မှတ်ခံထားရတာ… ရီဖူရှင်းက သူ့ကို တတိယတန်းစား နိုဘယ်အဆင့်နဲ့ အနိုင်ယူနိုင်တယ် ဆိုတော့ သူ့မှာ ခြွင်းချက်မရှိတဲ့ ပါရမီကို ပိုင်ဆိုင်ထားတယ် ပြောရမယ်…. ဒါကြောင့် သူ့ကို ရှီနန်းတော်ကို ဝင်ခွင့်ပေးဖို့ အားလုံးနဲ့ ဆွေးနွေး ကြည့်ချင်တယ်… သူက နိုဘယ်အဆင့်အမြင့်ဆုံး ရောက်တဲ့အခါ ရှီနန်းတော်ကို ဝင်ခွင့်ပေးရအောင်… ဘယ်လိုလဲ…” လျူချန်းက ပြောသည်။

အားလုံးက အံ့အားသင့် သွားကြသည်။ သူက တော်ဝင်ကျဲနန်းတော်တွင် သုံးနှစ်မျှ လေ့ကျင့်ရုံမျှဖြင့် ရှီနန်းတော်ကို ဝင်ခွင့်ရတော့မည်လော။ လွန်ခဲ့သော ၂နှစ်က ဝင်ခဲ့ကာ ယခု ရှီအဆင့်ကို တက်လှမ်းသွားပြီး ဖြစ်သည်။ ယခု စီမင်ဟန်ကျင့်က ရှီနန်းတော်ကို ဝင်ခွင့်ရရန် စောင့်ဆိုင်းနေသည်။ သို့သော်လည်း စီမင်ဟန်ကျင့်က ထိုမျှလောက် ထူးချွန်ထက်မြက်ခြင်း မရှိသေးဟု အားလုံးက တွေးထင်ကြသည်။ ယခု ဒုတိယနန်းတော် သခင်လျူချန်းက နန်းဆောင် သခင်များကို ဖိတ်ခေါ်ကာ ရီဖူရှင်းအား ရှီနန်းဆောင်သို့ ဝင်ခွင့်ပေးရန် ဆွေးနွေးနေသည်။

သည်ကိစ္စက မထင်မှတ်ထားစရာပင်။ ရှီနန်းဆောင်ကား နန်းဆောင်ခြောက်ခုတွင် အဓိက နန်းဆောင်လည်း ဖြစ်သည်။ ယခု လျူချန်းက တော်ဝင်ကျဲ နန်းတော်ကို နန်းတော်သခင်ကိုယ်စား စီမံခန့်ခွဲနေ၏။ ရီဖူရှင်းက တော်ဝင်ရှီနန်းဆောင်၏ တပည့် မဟုတ်သော်လည်း သူက ရီဖူရှင်းအား ရှီနန်းတော်ဝင်ခွင့် ပေးရန် ဆွေးနွေးနေသည်။

“ကောင်လေးက ပြဿနာ မတက်ခဲ့ပေမဲ့ သူ့ပါရမီက တော်တော် ကောင်းတယ်… ကျုပ်လက်ခံတယ်…” မှန်သည်… ဦးဆုံး ထောက်ခံချက်ပေးသူကား ရှီတန်ခိုးရှင် ထောင်ကျန်း ဖြစ်ပေ၏။

“ပြီးခဲ့တဲ့သုံးနှစ်တုန်းက ဝင်ခွင့်စာမေးပွဲမှာ သူ့ပါရမီတွေကို ကျုပ်လည်း ကိုယ်တိုင် မြင်တွေ့ခဲ့တယ်… သူက ရှီနန်းတော်ကို ဝင်ဖို့ တကယ်ပဲ ထိုက်တန်တယ်… ကျုပ်လည်း သဘောတူတယ်…” ရှီတန်ခိုးရှင် ထို့ကျန်းကလည်း သဘောတူသည်။

“ကျုပ်လည်း သဘောတူတယ်…” ဓားမိစ္ဆာက ခေါင်းညိတ်သည်။ ထို့နောက်တွင် နန်းဆောင်လေးခုက သဘောတူညီချက်ရပြီး ဖြစ်ရာ ရလဒ်က သတ်မှတ်ပြီးသား ဖြစ်သွားသည်။

“ဒီလိုဆိုရင်လည်း ကျုပ်တို့က အဖြေရပြီပဲ… ရီဖူရှင်းကို ရှီနန်းတော်ဝင်ခွင့်ပေးတဲ့ ကိစ္စကို ကျုပ်က ကြေညာပေးမယ်… နောက်ကိစ္စတစ်ခုက လွေလီနဲ့ဆိုင်တယ်… လွေလီက ရှီနန်းတော်ကို ဝင်ပြီးနောက်ပိုင်း ဝမ်ရှင်းကသူ့မှာ ရှန့်ထိုဖြစ်ဖို့ ကံပါလာတယ်လို့ ပြောတယ်… ကျုပ်နဲ့အစ်ကိုရဲ့ အတွေးတွေကို ခင်ဗျားတို့လည်း သိမှာပဲ… တော်ဝင်ကျဲနန်းတော်က ရှန့်ထိုတစ်ယောက် ပေါ်ထွက်လာဖို့ အလုံးစုံ ထောက်ပံ့ဖို့ ဆန္ဒရှိတယ်…”

အားလုံးက ခေါင်းညိတ်ကြသည်။ ပိုင်လွေလီက တော်ဝင်ကျဲနန်းတော်၏ နောင်တက်မည့် ခေါင်းဆောင် ဖြစ်သည်ကို အားလုံးက သိကြသည်။ မြေရိုင်းပြည်နယ်က ရှန့်ထိုတန်ခိုးရှင်မရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးဖြစ်သည်။ ယခု ရှန့်ထိုတစ်ပါး ပေါ်ထွန်းလာရန် အားလုံးက လိုလားနေကြသည်။

***

တော်ဝင်ကျဲနန်းတော်၏ ပါရမီရှင် ကျောက်တိုင်ကြီး ရှေ့တွင် လူအများအပြားက စုရုံးနေကြသည်။ ကျောက်တုံးပေါ်တွင် သတင်းအချို့ ရေးသားထားသည်။ ရီဖူရှင်းက ရှီနန်းတော်ထဲကို ဝင်ရောက်ခွင့်ရ၏။

“ဒီမှာ ဘာတွေ ဖြစ်နေတာလဲ…” လူအများအပြားက ထိတ်လန့်ကြသည်။ သူတို့အားလုံးက နန်းတော်တွင် လေ့ကျင့်နေကြရာ အာခီမီမြို့တွင် ဘာဖြစ်နေသည်ကို မသိကြပေ။ သို့သော်လည်း သည်ကိစ္စက အာခီမီမြို့တွင် ရီဖူရှင်း တစ်ခုခုလုပ်ခဲ့သောကြောင့် ဖြစ်ရမည်ဟု အားလုံးက တွေးမိကြသည်။

“ဝါး… အစ်ကိုဖူရှင်းက တကယ်စွမ်းတာပဲ…” လှပသော မိန်းကလေး တစ်ယောက်က ပြောသည်။ သူမကား လောင်လင်းအာ ဖြစ်သည်။ ယခု သူမက နန်းတော်မှ အကြောင်းအရာ တချို့ကို သိနားလည်ပြီး ဖြစ်ရာ ရှီနန်းတော်ကို ဝင်ခွင့်ရခြင်း၏ အဓိပ္ပာယ်ကို နားလည်ပေသည်။

“သူက တကယ်ပဲ ရီဖူရှင်းပဲ… လှုပ်ရှားမှုတိုင်းက လူတွေကို ထိတ်လန့်စေတယ်…” အားလုံးက ရီဖူရှင်းနှင့်ပတ်သက်၍ ဆွေးနွေး ပြောဆိုကြသည်။ အထူးသဖြင့် ရီဖူရှင်းနှင့် တစ်သုတ်တည်း နန်းတော်ကို ဝင်လာသူများ ဖြစ်ကြသည်။ သူကား စီနီယာများကို တစ်ယောက်တည်း အာခံရဲသူဖြစ်၏။

မူကျိချူလည်း ထိုနေရာတွင် ရှိနေကာ ဆွံ့အနေမိသည်။ သည်အကောင်ကာ ပိုမို၍ အားကောင်း လာနေ၏။

“ပါရမီရှင်ဇယားကလည်း ပြောင်းလဲသွားပြီ…” ထိုအခိုက်တွင် တစ်ယောက်က ရေရွက်သည်။ အကြီးအကဲ တစ်ယောက်က ပါရမီရှင်ဇယားရှေ့ကို ရောက်လာကာ နာမည်များကို ပြောင်းလဲသည်ကို ကြည့်နေကြသည်။ သူတို့အားလုံး၏ အကြည့်များက ပါရမီရှင်အဆင့်ကို စူးစိုက် ကြည့်နေကြသည်။ ရီဖူရှင်း၏နာမည်က ထိပ်ဆုံးကို ရောက်လာသည်ကို သူတို့မြင်သည်တွင် အားလုံး၏ မျက်နှာများက မယုံကြည်နိုင်ခြင်းများ ပြည့်နှက် သွားကြသည်။

သူတို့မှန်မိသမျှ ရီဖူရှင်းက စီမင်ကုကိုသာ သင်ခန်းစာ ပေးခဲ့ဖူးပြီး တစ်ခါမှ မတိုက်ခိုက်ဖူးဟု သိမြင်ကြသည်။ အကယ်၍ သူကသာ တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်ပါက အဆင့်တစ်ဆယ် အထက်ကို တက်လှမ်းကာ ထိပ်ဆုံးသုံးနေရာကို ဝင်နိုင်မည် ဖြစ်သော်လည်း အဆင့်တစ်ကို ရောက်မည်ဟု မည်သူကမှ မထင်မှတ်ခဲ့ကြပေ။

ပါရမီရှင် အဆင့်တစ်။ သူကား စီမင်ဟန်ကျင့်၏နေရာကို အစားထိုး ဝင်ရောက်ခဲ့သည်။ သည်မြင်ကွင်းကား လွန်စွာ ထိတ်လန့်ဖွယ် ကောင်းသည်။ စီမင်ဟန်ကျင့်ကား ပါရမီရှင်အဆင့်တစ် ရရန် ခြောက်နှစ်တိတိ ကြိုးစားခဲ့ရသည်။ သို့သော်လည်း ယခု သူက ထိုနေရာတွင် သိပ်ကြာကြာပင် မနေလိုက်ရဘဲ ရီဖူရှင်းက အစားထိုး ဝင်ရောက်ခဲ့သည်။

“ဘာလို့ ဒီလိုဖြစ်ရတာလဲ…” ထိုနေရာတွင်ကား လူငယ်လေး တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်နေသည်။ သူကား လက်ရှိ ဝင်ခွင့်ပထမ စီမင်ကုဖြစ်သည်။ သူက နန်းတော်ကို ဝင်သည်နှင့် ရီဖူရှင်းထံတွင် ပြင်းထန်စွာ ရိုက်နှက်ခံရသည်။ ယခုသူ၏အစ်ကိုက အဆင့်တစ်နေရာမှ လျော့ကျသွားကာ ရီဖူရှင်းက အစားထိုး ဝင်ရောက်ခဲ့သည်။ ရီဖူရှင်းက သူ၏အစ်ကိုနှင့်လည်း ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ခြင်း မရှိဘဲ​ မည်သို့ အဆင့်ဇယားက ပြောင်းလဲ ရသနည်း။

“ပါရမီရှင်အဆင့် ဇယားက ဘယ်တုန်းကမှ ရှင်းလင်းချက် မလိုခဲ့ဘူး…” အကြီးအကဲက စီမင်ကုကို ကြည့်ကာ ခံစားချက် ကင်းမဲ့စွာ ပြောသည်။ သူက ဝင်ခွင့်ပထမ ဖြစ်သည့်တိုင် ပါရမီရှင်အဆင့် ဇယားကို မေးခွန်းထုတ်ပိုင်ခွင့် မရှိပေ။ အကယ်၍ သူက အဆင့်ဇယားနှင့် ပတ်သက်၍ သဘောမကျပါက မိမိကိုယ်တိုင် သွားရောက် စိန်ခေါ်နိုင်ပေသည်။

စီမင်ကုက နန်းတော်ကို ဝင်သည်နှင့် ရီဖူရှင်းက သူ့အား ရိုက်နှက်ခဲ့သည်။ သို့သော်လည်း စီမင်ဟန်ကျင့်က ဝင်ပါခဲ့ခြင်း မရှိခဲ့ပေ။ သို့သော်လည်း သည်တစ်ခေါက် ရီဖူရှင်းက ပါရမီရှင် အဆင့်တစ်ကို ရသွားကာ ရှီနန်းတော်ကို ဝင်ရောက်ခွင့် ရသွားသည်။ စီမင်ဟန်ကျင့်က သေချာပေါက် သည်းခံမည် မဟုတ်ပေ။ သူက အနှေးနှင့်အမြန် ရီဖူရှင်းကို စိန်ခေါ်တော့မည်ဟု အားလုံးက တွေးထင်ကြသည်။

သတင်းက နန်းတော်တစ်ခုလုံး မြန်ဆန်စွာ ပျံ့နှံ့သွားကာ စီမင်ဟန်ကျင့်လည်း ထိုသတင်းကို ကြားသိရပေသည်။ ပိုင်စီ၊ ကျူးကော့ရှင်းနှင့် တခြားလူများက ထိုသတင်းကို ကြားသောအခါ အလွန်အမင်း ဒေါသပေါက်ကွဲ ကြရသည်။ အထူးသဖြင့် ပိုင်စီကား ရီဖူရှင်းကို လွန်စွာမုန်းတီးသူ ဖြစ်သည်။ ယခု ရီဖူရှင်းက ပါရမီရှင်အဆင့်ဇယား နံပါတစ် ဖြစ်သွားသည်။

ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…။

စီမင်ဟန်ကျင့်ကား လုံးဝ တိတ်ဆိတ်နေသည်။ သူ၏ညီစီမင်ကု အရိုက်ခံရသောအခါ သူက ပြန်လည် တုံ့ပြန်ခဲ့ခြင်း မရှိခဲ့ပေ။ သူ၏ညီက ရီဖူရှင်းကို တမင် ရန်စခဲ့ခြင်းအတွက် သူ့ကိုယ်သူသာ အပြစ်တင်သင့်သည်။ သူကား ရှီနန်းတော်ကို ဝင်ခွင့်ရရန် မိမိကိုယ်ကို ကြိုးစား လေ့ကျင့်နေခဲ့သည်။ သို့သော်လည်း သူက ထိုသို့သော သတင်းမျိုးကို မရခဲ့ဘဲ ရီဖူရှင်းကသာ ရှီနန်းတော်ကို ဝင်ခွင့်ရသွားသည်။ ထို့အပြင် သူ၏ပထမနေရာကိုလည်း ရီဖူရှင်းက အစားဝင်ယူ သွားခဲ့သည်။

ရီဖူရှင်းက နန်းတော်ကို လွန်ခဲ့သော သုံးနှစ်ကမှ ဝင်ရောက်ခဲ့ကာ ထူးထူးခြားခြား စွမ်းဆောင်ခဲ့ခြင်းလည်း မရှိသေးပေ။ သူက အဘယ်ကြောင့် ဤမျှ ကြီးမားသော ဂုဏ်ရည်ကို ပိုင်ဆိုင်ရသနည်း။ သူမူကား သည်ခြောက်နှစ် ကာလအတွင်း၌ မရေမတွက်နိုင်သော ပါရမီရှင်များကို အနိုင်ယူကာ သူ၏ပထမနေရာနှင့် ထိုက်တန်မှုကို သက်သေပြခဲ့သည်။ ယခု သူ့အထက်တွင် ဂျူနီယာလေး တစ်ယောက် ရှိနေသည်။

သူက ခေါင်းမော့ကာ လေထဲကို ကြည့်ပြီး သက်ပြင်း တစ်ချက်ချသည်။ တော်ဝင်ကျဲ နန်းတော်က သူ၏စွမ်းရည်ကို သံသယဝင်မှတော့ သူကလည်း မိမိကိုယ်ကို သက်သေပြ ရပေတော့မည်။

တော်ဝင်ကျဲ နန်းတော်တွင် ပါရမီရှင်အဆင့် ဇယားပြောင်းလဲခြင်းနှင့် ရီဖူရှင်းက ရှီနန်းတော်ကို ဝင်ခွင့်ရခြင်းအတွက် လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ သို့သော်လည်း ထိုအဖြစ်အပျက်များကို မသိဘဲ တော်ဝင်ကျဲ နန်းတော်ကို ပြန်လာနေကြသော လူတစ်စုလည်း ရှိပေသည်။ သူတို့ကား အာခီမီမြို့မှ​ ယခုမှ ပြန်လာကြသော ရီဖူရှင်းတို့အုပ်စု ဖြစ်ပေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset