နောက်လှည့်ကာ ထိကန်းက အဝေးကို ထွက်သွားသည်။ သူကား ထိုအခိုက်တွင် အထီးကျန် ဆန်ဟန်ရသည်။ တစ်ချိန်က သူကား လူငယ်မျိုးဆက်တွင် ပြိုင်ဘက်ကင်း ဟူသော ဂုဏ်ပုဒ်ကို ထမ်းပိုးခဲ့သူ ဖြစ်သည်။ သည်အရှုံးက သူ၏မာနများအားလုံးကို ပြိုလဲရန် လုံလောက်ပေသည်။
“အစ်ကို…” ထိကျိုးက တိုးညင်းစွာ ခေါ်သည်။ ထိကန်း၏ နောက်ကျောကို ကြည့်ကာ သူက တစ်ခုခု ပြောလိုသော်လည်း မည်သို့ပြောရမည် မသိပေ။
သီးသန့်နေရာမှ နာမည်ကျော် ပါရမီရှင်များက ရီဖူရှင်းကို ကြည့်နေကြသည်။ ပိုင်လွေလီ၏ မျက်နှာပေါ်တွင်ကား မည်သည့်ခံစားချက်မှ မတွေ့မြင်ကြပေ။ သူ၏စီနီယာ ပြောသကဲ့သို့ပင် ရီဖူရှင်းက ရှီနန်းတော်ကို ဝင်ရန် အမှန်ပင် ထိုက်တန်ပေသည်။
ထိခိုင်ကား ဆွံ့အနေသည်။ ချူကျိက ရီဖူရှင်းကို ကြည့်ကာ ပြုံးသည်။ သည်အပြစ်ကင်းဟန် ရသော ကောင်လေးက သည်မျှ အားကောင်းမည်ဟု သူမ မထင်ထားပေ။ သူမက ထိခိုင်အား ကြည့်ကာ ပြုံးသည်။ သို့သော် ဘာမှ မပြောတော့ပေ။ ရလဒ်ကား သိသာနေပြီဖြစ်ကာ ဘာကမှ ထိုအချက်ကို မပြောင်းလဲနိုင်ပေ။
ထိုအခိုက်တွင် ရီဖူရှင်းကား အာခီမီ ကျောက်တိုင်ကြီးပေါ်တွင် ရပ်နေဆဲဖြစ်သည်။ သူက နောက်လှည့်ကာ ယူစီအား ကြည့်သည်။ ဦးညွှတ်လျက်ပင် သူက ပြောသည်…“စီနီယာ… ကျွန်တော့်ရဲ့ စီနီယာအစ်ကိုက အာခီမီပြိုင်ပွဲမှာ ဒုတိယရတယ်… သူက စီနီယာရဲ့သမီးကို အရမ်းပဲ နှစ်သက် သဘောကျနေပါတယ်… ဒါကြောင့် စီနီယာက သူတို့နှစ်ယောက်ကို လက်ထပ်ခွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်…” သူက ယနေ့ တိုက်ခိုက်ခြင်းမှာ အကြောင်းပြချက် တစ်ခုတည်းသာ ရှိသည်။
အာခီမီမြို့၏ မြို့တော်ဝန်သမီးက အာခီမီပြိုင်ပွဲ ပထမနှင့် လက်ထပ်ရသည်မှာ သဘောဝဖြစ်သည်။ သူ၏စီနီယာအစ်ကိုက အားကောင်းသော နောက်ခံ အသိုင်းအဝိုင်းမရှိရာ ရီဖူရှင်းက သူ့အား ကူညီလိုသည်။
ယူချီက သူမ၏အဖေကို ကြည့်သည်တွင် လူအုပ်ထဲမှ ရွှီယီက ထွက်လာကာ ယူစီကို ဦးညွှတ်သည်… “ကျွန်တော်က ယူချီကို ချစ်ခင် နှစ်သက်ပါတယ်… စီနီယာက လက်ခံပေးစေလိုပါတယ်…”
ယူစီက တိတ်ဆိတ်စွာပင် ရီဖူရှင်းကို ကြည့်သည်။ ထို့နောက် ရွှီယီကို ကြည့်ကာ ပြောသည်… “မင်းက အာခီမီပြိုင်ပွဲရဲ့ ဒုတိယရသူပဲ… အခု ကွန်ဆွန်ရီ သေသွားပြီဆိုတော့ မင်းက နံပါတ်၁လို့ ပြောလို့ရတယ်… အခု မင်းက တောင်းဆိုမှတော့ ယူချီကို မင်းနဲ့ လက်ထပ်ပေးမယ်… တကယ်လို့ မင်းက သူ့ကို ထိခိုက်စေရင် ငါက မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး…” သူက ကြေညာလိုက် သည်တွင် အရာခပ်သိမ်းက အဆင်ပြေသွားပြီဟု ပြော၍ ရသည်။
“ကျေးဇူးတင်ပါတယ်…စီနီယာ…” ရီဖူရှင်းနှင့် ရွှီယီတို့က အချင်းချင်း ကြည့်ကာ ပြုံးကြသည်။ ထို့နောက် ရွှီယီနှင့် ယူချီတို့ကလည်း တစ်ယောက်ကို တစ်ယောက်က ပြုံးရွှင်စွာ ကြည့်ကြသည်။
အာခီမီပြိုင်ပွဲ၏ ဂယက်ကား နောက်ဆုံးတွင် အားလုံး အဆုံးသတ်ပြီ ဖြစ်သည်။
နောက်သုံးရက် ကြာသောအခါ အာခီမီမြို့ကား စည်ကား သိုက်မြိုက်နေသည်။
မှန်သည်… အာခီမီမြို့တော်ဝန်၏ အိမ်တော်တွင် အခမ်းအနားတစ်ခု ကျင်းပနေသောကြောင့် ဖြစ်သည်။ မြေရိုင်းပြည်နယ်တွင် နာမည်ကျော် မိန်းမလှများစွာ ရှိသည်။ ယခု အာခီမီမြို့မှ နာမည်ကျော် မိန်းမလှလေး ယူချီနှင့် အာခီမီပြိုင်ပွဲ ဒုတိယရသူ ရွှီယီတို့၏ လက်ထပ်ပွဲလည်း ဖြစ်သည်။ လူအများအပြားက အဘယ်ကြောင့် လက်ထပ်ပွဲက မြန်ဆန်သည်ကို နားမလည်ကြပေ။
မြို့တော်ဝန်ရုံးက ထုတ်ပြန်သည်မှာ အဝေးမှ ဧည့်သည်များ နောက်တစ်ကြိမ် လာရောက်ရမည်ကို စိုးရိမ်၍ လူစုံနေသော အခိုက်တွင် မြန်ဆန်စွာ ပွဲကျင်းပခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။ မဟုတ်လျှင် သူတို့က နှစ်ကြိမ် လာနေရမည် ဖြစ်သည်။
မြို့တော်ဝန်ရုံးထဲတွင် ရီဖူရှင်းနှင့် ကျူးကော့မင်းယွီတို့ နှစ်ယောက်လုံးတို့က ရွှီယီတို့ စုံတွဲကို ကြည့်ကာ ပြုံးနေကြသည်။
“အစ်ကို၄က ဦးဆုံး လက်ထပ်သွာမယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး…” ရီဖူရှင်းက ပြောသည်။ သို့သော်လည်း သည်အချစ်ပုံပြင်ကား အမှန်ပင် ခက်ခဲ ကြမ်းတမ်းခဲ့သည်။ ရွှီယီ၏ခေါင်းမာမှု၊ ဉာဏ်နီဉာဏ်နက်တို့ ကြောင့်သာ မဟုတ်လျှင် သူတို့နှစ်ယောက်အကြား ပတ်သက်မှုက ဖြစ်လာမည် မဟုတ်ပေ။
“ရှောင်ရှီ… မင်းပဲ တစ်ယောက်တည်းနေဖို့ ဖြစ်လာတယ် ထင်တယ်…” လျိုဖန်းက ရီဖူရှင်းနှင့် ဟွာဂျီယူကို ကြည့်ကာ ပြောသည်။ အစ်ကိုကြီးကား စာအုပ်တောင်တွင် နတ်မိမယ်ဝမ့်ယွီနှင့် ပျော်ရွှင်စွာ နေထိုင်သည်။ ဒုတိယအစ်မနှင့် အစ်ကို၃တို့က မကြာမီ လက်ထပ် ဖြစ်ပေလိမ့်မည်။ ပေ့ထင်ရှင်းအာက အစ်မ၂အနီးတွင် အမြဲတမ်း နေထိုင်မည့်သူ ဖြစ်ကာ လျိုဖန်းနှင့် ယိရှောင်ရှီတို့သာ အထီးကျန်ပေရော့မည်။
“မင်းရဲ့ ရုပ်ရည်နဲ့ကတော့ သင့်တော်တဲ့လူတွေ့ဖို့ ခက်တယ်…” ရွှီယီက အရွှန်းဖောက်ကာ လျှောက်လာသည်။
“အစ်ကို… ခင်ဗျားက အရမ်းရိုင်းတာပဲ…” လျိုဖန်းက မကျေမနပ်ပြောသည်…“ကျုပ်က အစ်ကိုကို အများကြီး ကူညီခဲ့တယ်… အနည်းဆုံး ကျွန်တော့်ကို အရည်အသွေးမြင့် ရှီလက်နက်တချို့ ပေးသင့်တယ်…”
“နင်က ချပ်ဝတ်လက်နက် ပညာကို ဒီမှာ နေပြီး ဆက်လက် သင်ယူနိုင်တယ်…” ယူချီက ပြောသည်… “အဲဒါဆို သိဒ္ဓိဝင်လက်နက်တွေကို စိတ်ပူနေစရာ မလိုတော့ဘူး…”
“မဟုတ်ဘူး…” လျိုဖန်းက မြန်ဆန်စွာပင် ခေါင်းယမ်းသည်။ သူကား ဤနေရာတွင်ပင် ဆက်နေကာ သည်စုံတွဲ၏ယုယကြင်နေသော မြင်ကွင်းများကို ကြည့်မနေနိုင်။
“နင် ထွက်သွားရဲလား…” ယူချီက လျိုဖန်းကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ပြုံးသည်။
လျိုဖန်းက ယူချီကို ကြည့်ကာ မျက်လုံးပြူး သွားသည်… “မရီး… အဲဒီလို မလုပ်ရဘူးလေ…” သူမကား လက်မထပ်သေးမီပင် ဤသို့ဖြစ်နေပါက နောင်တွင် ဘာဖြစ်မည်ကို ခန့်မှန်း၍ ရနေလေပြီ။
“အဲဒီအကြံကောင်းတွေ အကုန်လုံးကို နင်ပေးခဲ့တာဆို…” ယူချီက ပြောသည်။
လျိုဖန်းက ရွှီယီကို ထိတ်လန့်စွာ ကြည့်သည်။
“အစ်ကို… ကောင်းတယ်….” လျိုဖန်းက အံကြိတ်သည်။
“ငါက မင်းကောင်းဖို့ပါပဲ… မင်းက ဒီမှာလည်း မိန်းမလှလေးတွေ ရှာလို့ရပါတယ်…” ရွှီယီက ပြုံးရယ်ကာ လျိုဖန်း၏ပခုံးကို ပုတ်သည်။
“မင်းတို့ နှစ်ယောက်လုံးက ဒီအတွက် တာဝန်ရှိတယ်…” ကျူးကော့မင်းယွီက ပြောသည်… “မင်းက ရွှီယီကို ပြိုင်ပွဲဝင်ဖို့ ကူညီခဲ့မှတော့ မင်းလည်း ဒီမှာ နေသင့်တယ်…”
“အစ်မ၂… ” လျိုဖန်းကား ငိုမဲ့မဲ့ ဖြစ်လာသည်။
“နေမလား … မနေဘူးလား…” ကျူးကော့မင်းယွီက မျက်နှာထား တည်တည်ဖြင့် မေးသည်တွင် လျိုဖန်း ထိတ်လန့် သွားသည်… “ အစ်မ၂… ကျွန်တော် နေမယ်…”
“ယူချီ… မင်းကို ရွှီယီက ဂရုမစိုက်ရင် ငါ့ကို ပြော… ငါသူ့ကို ဆုံးမပေးမယ်…” ကျူးကော့မင်းယွီက ပြုံးလျက် ပြောသည်။
ယူချီက ခေါင်းညိတ်သည့် အချိန်တွင် ရွှီယီ၏မျက်နှာက မည်းမှောင်သွားသည်။ ရီဖူရှင်းက ထိုမြင်ကွင်းကို ကြည့်ကာ ပြုံးနေသည်။
မြေရိုင်းပြည်နယ်ကား ကျယ်ပြောလွန်းသည်။ အာခီမီမြို့တော်ဝန် အိမ်တော်ကား မြေရိုင်းပြည်နယ်၌ ထိပ်သီးအင်အားစု တစ်ခုဖြစ်သည်။ သူ၏အစ်မ၂က လျိုဖန်းအား သည်နေရာတွင် နေစေသည်မှာ ရည်ရွယ်ချက် ကောင်းနှင့်လည်း ဖြစ်၏။ ယခု အစ်ကို၄က မြို့တော်ဝန်ယူစီ၏ သမက်ဖြစ်သွားရာ နောက်တွင် ရွှီယီနှင့် လျိုဖန်းတို့ နှစ်ယောက်လုံးက မြို့တော်ဝန်ရုံး၏ ကောင်းမွန်သော အထောက်အပံ့များကို ရရှိကြမည်မှာ သေချာသည်။
“အချိန်ကျပြီ…” ယူစီက လျှောက်လာသည်။
“စီနီယာ…” ရီဖူရှင်းတို့အုပ်စုက ဦးညွှတ်ကြသည်။
“မလိုဘူး…” ယူစီက ယူချီကို ကြည့်ကာ ပြောသည်…“မင်းက အခုသူ့ဇနီး ဖြစ်နေပြီ… နောက်ဆို သိပ်ပြီးတော့ ခေါင်းမမာနဲ့…”
“သမီး သိပါတယ်…” ယူချီက အသာအယာ ခေါင်းညိတ်သည်။ သူမ၏အဖေ လုပ်ခဲ့သည်များကို သဘောမကျသည့်တိုင် ယူစီကား သူမ၏အဖေအရင်း ဖြစ်သည်။ သူမက သူ့အားမည်သို့ မုန်းတီး နိုင်မည်နည်း။
“ရွှီယီ… ငါမင်းကို တကယ်ပဲ သတ်ချင်ခဲ့တယ်…” ယူစီက ပြောသည်… “ဒါပေမဲ့ အခုမင်းက ငါ့သမက်ဖြစ်သွားပြီ… ငါတတ်တာ အကုန်လုံး မင်းကို သင်ပေးမယ်… မင်းက ငါ့သမီးကို ကောင်းကောင်း ဂရုစိုက်ပါ… မဟုတ်ရင် ငါမင်းကို အလွတ်ပေးမှာ မဟုတ်ဘူး…”
“ကျွန်တော်… မလုပ်ရဲပါဘူး…” ရွှီယီက ရေရွတ်သည်။ ရွှီယီ၏စကားကို ကြားသည်တွင် ရီဖူရှင်းက တိတ်တခိုး သက်ပြင်းချသည်။ သူ၏အစ်ကို အခြေအနေက သိပ်ကောင်းမည့်ပုံမပေါ်။
“မင်းတို့ မေးထားတဲ့ သိဒ္ဓိဝင် လက်နက်တွေ ပြီးပြီ…” ယူချီက ရီဖူရှင်းနှင့် ယူချင်းကို ကြည့်ကာ ပြောသည်…“မင်းတို့ နှစ်ယောက်လုံးကို သိဒ္ဓိဝင် လက်နက်ပေးဖို့ ယူချီက ပြောခဲ့တယ်… ဒါကြောင့်ငါက နှစ်ခု လုပ်ခဲ့တယ်… ဒါက မင်းတို့ အတွက်ပဲ…” ထို့နောက် သူက သေးငယ်သော ရွှေရောင်စေတီလေး တစ်ဆူ ထုတ်ပေးသည်။ ရောင်စဉ် ရောင်ဝါများ စေတီမှ ဖြာထွက်နေ၏။ ယူစီက လက်ဝှေ့ယမ်းသည်တွင် စေတီက ဧရာမ ကြီးမားသော အသွင်ဖြစ်သွားကာ အားကောင်းသော အရှိန်အဝါများ လွင့်ပျံ့လာ၏။
“မင်တို့က ခန္ဓာကိုယ် လေ့ကျင့်တဲ့ပညာကို ရွေးချယ်မှတော့ ဒီစေတီလေးက မင်းတို့အတွက် သင့်တော်တယ်…” ယူစီက ပြောသည်… “ဒါက ကောင်းကင်တက်လှမ်း မျှော်စင်ကို ပုံတူကူးပြီး လုပ်ထားတာပဲ… ဒါက အားကောင်းသော ဖိအားတွေနဲ့ ကွဲပြားတဲ့ ဓာတ်ခုနစ်မျိုးလုံးက မင်းတို့ကို တိုက်ခိုက်အောင် လုပ်ထားတယ်… မင်းတို့က ဒါကို လက်နက်အနေနဲ့ ဖြစ်စေ ခန္ဓာကိုယ် လေ့ကျင့်တဲ့အရာ အနေနဲ့ဖြစ်စေ သုံးလို့ရတယ်…”
“ကျေးဇူးတင်ပါတယ်… စီနီယာ…” ရီဖူရှင်းက ပြုံးလျက် ယူစီကို ပြောသည်။ သူက သည်မျှလောက် မမျှော်လင့်ထားပေ။
“သူ့အတွက်ကတော့…” ယူစီက ယူချင်းကို ကြည့်ကာ ပြောသည်… “သူတိုက်ခိုက်ပုံကို ငါမြင်တယ်… သူက ရှီတန်ခိုးရှင် ထောင်ကျန်းရဲ့တပည့်ပဲ… သဘာဝအားဖြင့် ခန္ဓာကိုယ် လေ့ကျင့်တဲ့ပညာမှာ မင်းထက် သူက သင့်တော်တယ်… အမှန်က သူ့တိုက်ခိုက်ပုံနဲ့ဆို လက်နက်မလိုဘူး… ဒါကြောင့်ငါက သူ့အတွက် ချပ်ဝတ်တစ်ခု သွန်းလုပ် ပေးထားတယ်… ပိုပြီး အားကောင်းတဲ့ ရန်သူနဲ့တွေ့ရင် ဒီချပ်ဝတ်က သူ့ကို ကောင်းကောင်း ကာကွယ်ပေးလိမ့်မယ်…”
ယူစီက ချပ်ဝတ်တစ်စုံကို ထုတ်ကာ ယူချင်းကို ပေးသည်။
“သွားစို့…” ယူစီက ပြောကာ နောက်လှည့် သွားသည်။ ရွှီယီနှင့် ယူချီတို့အပြင် ရီဖူရှင်းတို့ အုပ်စုကလည်း သူ့နောက်မှ လိုက်ပါ သွားကြသည်။ လက်ထပ်ပွဲ ကျင်းပရန် အချိန်အခါ ကျလာပြီဖြစ်သည်။
***