Switch Mode

အခန်း ( ၂၉၆ )

တိုက်ပွဲဝင်ပုဆိန်ဟိုတယ်၏ရာဇဝင်

‘ မင်းက ငါ့ကိုတော့အထင်သေးပြီး ငါ့ဟိုတယ်ထဲကိုတော့ ဝင်ရဲသေးတယ်ပေါ့။ မင်း တော်တော်လွန်သွားပြီကွ ’
ဝမ်ပေါင်လဲ့ မကျေမနပ်နှာခေါင်းရှုံ့လိုက်ပြီး တိုက်ပွဲဝင်ပုဆိန်ဟိုတယ်၏ ဧည့်ကြိုဆောင်အတွင်းသို့ ဝင်သွားလိုက်သည်။

ဧည့်ကြိုဆောင်သည် လွန်စွာကျယ်ဝန်းပေသည်။ ထိုဟိုတယ်သည် အင်္ဂါဂြိုလ်ကိုလိုနီနယ်မြေတွင် အကောင်းဆုံးဟိုတယ်ဟု မဆိုနိုင်သော်လည်း စံချိန်မီ နာမည်ကြီးဟိုတယ်တစ်ခုဖြစ်ကြောင်း သိနိုင်ပေသည်။ ဧည့်ကြိုဆောင်၏ အတွင်းပိုင်းပုံစံသည် လွန်စွာခမ်းနားထည်ဝါပြီး စိတ်ကူးယဉ်နယ်မြေတစ်ခုအတွင်းသို့ ရောက်နေသည်ဟုပင် ထင်ရပေသည်။ ဟိုတယ်ဝန်ထမ်းတိုင်းသည် ကျား၊မ မရွေး တစ်ဆက်တည်းဖြစ်သည့် လက်ရှည်အင်္ကျီနှင့် ဘောင်းဘီရှည်ကိုဝတ်ဆင်ထားကြသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုသူများသည် သာမန်မဟုတ်ကြောင်း သိနိုင်ပေသည်။ အမှန်တွင် သူတို့အားလုံးသည် ရှေးဟောင်းသိုင်းအဆင့်တွင်ရှိသောသူများဖြစ်သည်။

ဧည့်ကြိုဆောင်တည့်တည့်ဝင်သွားလျှင် စာရင်းသွင်းကောင်တာသို့ ရောက်သွားပေမည်။ ဧည့်သည်များ အနားယူနိုင်ရန် ကောင်တာအရှေ့တွင် ဆိုဖာများရှိပြီး ဧည့်ကြိုဆောင်၏ လေးဘက်လေးတန်တွင်လည်း ဆိုဖာများ ရှိလေသည်။

ထို့ပြင် ဧည့်ကြိုဆောင်ထဲတွင် သားရဲအမျိုးမျိုး၏ ရုပ်တုများလည်းရှိပေသည်။ ထို့ကြောင့် တိုက်ပွဲဝင်ပုဆိန်ဟိုတယ်သည် အတန်ငယ် နိမိတ်မကောင်းသလိုခံစားရသည်။ သို့သော်လည်း ဟိုတယ်ထဲတွင် ဧည့်သည်အမြောက်အမြား ရှိနေဆဲဖြစ်သည်။ ဧည့်သည်များသည် ဝင်လာလိုက်၊ ထွက်သွားလိုက်နှင့် ရှိနေရာ ဟိုတယ်သည်လွန်စွာသက်ဝင်လှုပ်ရှားနေလေသည်။

‘ ဒါက ငါ့ရဲ့ဟိုတယ်ပဲ ’
ဝမ်ပေါင်လဲ့သည် ဧည့်ကြို‌ဆောင်ထဲတွင်ရပ်၍ သူ့ပတ်ပတ်လည်ကို ကြည့်နေရင်း လွန်စွာစိတ်အားတက်ကြွလာသည်။ သူ့ရှေ့မှ လီဝူချန်းသည် သူ့နောက်သို့ ဝမ်ပေါင်လဲ့လိုက်လာကြောင်းနှင့် ဝမ်ပေါင်လဲ့သည် ဘေးပတ်ဝန်းကျင်ကို ကြည့်နေကြောင်းကို သတိပြုမိလိုက်သည်။ လီဝူချန်းသည် ဝမ်ပေါင်လဲ့တစ်ယောက် တောသားမြို့ရောက်ပုံစံဖြစ်နေခြင်းကြောင့် စိတ်ထဲမှကြိတ်ရယ်လိုက်သည်။ သူသည် ဝမ်ပေါင်လဲ့ကို အရေးစိုက်မနေတော့ပေ။

တချိန်တည်းမှာပင် အဖြူရောင်ဝန်ထမ်းဝတ်စုံကိုဝင်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လီဝူချန်းကို သတိပြုမိသွားသောအခါ ကောင်တာနောက်မှ လျှောက်လာလေသည်။ သူသည် လီဝူချန်းကို အချိန်အတော်ကြာစောင့်နေသည့်ဟန်ဖြင့် ပြုံးကာကြိုဆိုလိုက်သည်။
“ ဆရာ… ဆရာက ကျောင်းအုပ်လီဝူချန်းပါလား ”

သူ၏အသံနှင့်အပြုံးသည် လီဝူချန်းသူ့နားသို့မရောက်လာခင်မှာပင် လီဝူချန်းထံသို့ ရောက်သွားလေသည်။ သူသည် ယဉ်ကျေးပျူငှာသောမျက်နှာထားဖြင့် လီဝူချန်းကို လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်လိုက်သည်။

ထိုသက်လတ်ပိုင်း အမျိုးသားသည် အခြားဝန်ထမ်းများနှင့် ကွဲပြားစွာဝတ်ဆင်ထားပြီး သူသည် အာနာပါနအဆင့်ရှိသူတစ်ယောက်ဖြစ်ပုံရလေသည်။ သူကောင်တာအပြင်သို့ လျှောက်လာသောအခါတွင် ပတ်ဝန်းကျင်ရှိ ဝန်ထမ်းများသည် သူ့ကို ဦးညွှတ်လိုက်ကြသည်။ သူသည် ဟိုတယ်၏အုပ်ချုပ်ရေးပိုင်းမှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ရာထူးကြီးကြောင်း ထင်ရှားပေသည်။

“ အာ… ခင်ဗျားက တာအိုရောင်းရင်းရွှီဖြစ်မယ်ထင်တယ်… ကျွန်တော်က လီဝူချန်းပါ ”
လီဝူချန်းသည် ထိုအသက်လတ်ပိုင်း အမျိုးသားကိုတွေ့သောအခါ ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

“ ဆရာ့ရဲ့ အကြောင်းကြားစာကိုရကတည်းက ကျွန်တော်ဒီမှာ ဆရာ့ကိုကြိုဆိုဖို့ စောင့်နေတာပါ။ ကြွပါ ကျောင်းအုပ်လီ..ဟိုနေရာမှာ ပြောကြတာပေါ့ ”
သက်လတ်ပိုင်း အမျိုးသားသည် ပြုံးရယ်နေသော်လည်း ရင်ထဲတွင် ဘဝင်ခိုက်နေလေသည်။ လီဝူချန်းသည် အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ကျောက်ထောက်နောက်ခံကောင်းသူတစ်ဦးဖြစ်ကြောင်း သူသိလေသည်။ သို့သော် ဤဟိုတယ်သည် သူ၏နယ်မြေဖြစ်ပေသည်။ လီဝူချန်းသည် ထိုဟိုတယ်အတွင်း၌ရှိနေလျှင် သူ့ကိုယဉ်ယဉ်ကျေးကျေးဆက်ဆံရန် လိုအပ်သေးပေသည်။

လီဝူချန်းသည် ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီး သက်လတ်ပိုင်း အမျိုးသားဖိတ်ခေါ်သည့်အတိုင်း အနီးရှိ အနားယူနေရာသို့ လိုက်သွားလိုက်သည်။ သူသည် ဝမ်ပေါင်လဲ့ကို အရေးမစိုက်ပေ။ ထို့ပြင် ရာထူးကြီးသော သက်လတ်ပိုင်း အမျိုးသားသည်လည်း ဝမ်ပေါင်လဲ့မည်သူဖြစ်ကြောင်း မသိချေ။ အခြားအချိန်တွင်ဆိုလျှင် သူသည် ဝမ်ပေါင်လဲ့၏ကျင့်ကြံခြင်းအဆင့်ကြောင့် ဝမ်ပေါင်လဲ့ကို ကိုယ်တိုင်ကြိုဆိုမည်ဖြစ်သော်လည်း ယခုတွင် သူ အဓိကအာရုံစိုက်ရမည့်လူသည် လီဝူချန်းဖြစ်လေသည်။

ထို့ပြင် ထိုဟိုတယ်တွင် ကျင့်ကြံသူအများအပြား အချိန်ပြည့်ဝင်ထွက်နေကြသည်။ ထို့ကြောင့် သက်လတ်ပိုင်း အမျိုးသားသည် ကျင့်ကြံသူအများအပြားကို တွေ့ခဲ့ဖူးပြီးဖြစ်သဖြင့် သိပ်၍အရေးမထားနေတော့ခြင်းဖြစ်သည်။ သို့ဖြင့် သူသည် အနားယူနေရာတွင် လီဝူချန်းကို ယဉ်ယဉ်ကျေးကျေး စကားပြောနေလေတော့သည်။

ဝမ်ပေါင်လဲ့သည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ မျက်ခုံးပင့်လိုက်ပြီး အနားယူရာနေရာသို့ လျှောက်သွားလိုက်သည်။ သူသည် လီဝူချန်းနှင့် အသက်လတ်ပိုင်း အမျိုးသားတို့အနီးတွင်ထိုင်လိုက်ပြီး သောက်စရာတစ်ခု မှာလိုက်လေသည်။ သူသည် မှာထားသောသောက်စရာကို သောက်၍ သူ၏ဟိုတယ်ကို လေ့လာနေရင်းဖြင့်ပင် သူတို့ပြောနေသည့်စကားများကို နားထောင်နေ၏။

လီဝူချန်းတွင် သူတို့အနီးတွင် ဝမ်ပေါင်လဲ့ရှိနေကြောင်းကို သတိပြုမိသွားသောအခါ စိတ်ထဲတွင် အတန်ငယ်စနိုးစနောင့်ဖြစ်သွားသည်။ သို့သော် သူ့တွင် ပို၍အရေးကြီးသောလုပ်စရာရှိနေသဖြင့် ဝမ်ပေါင်လဲ့ကို ထပ်မံလျစ်လျုရှုလိုက်ပြီး ခေါင်းပြန့်လှည့်ကာ သက်လတ်ပိုင်းအမျိုးသားနှင့် ဆက်ဆွေးနွေးလိုက်သည်။ တဒင်္ဂမျှကြာပြီးနောက် လီဝူချန်းသည် မကြည်မသာဖြစ်လာပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
“ တာအိုရောင်းရင်းရွှီ… ခင်ဗျား ကျွန်တော့်အတွက် ဒီကိစ္စကို ဒီနေ့ရှင်းပေးမှရမယ်။ ကျွန်တော် ဒီနေ့လာတာ ကျွန်တော့်အတွက်ပဲကိုယ်စားပြုပြီးလာတာမဟုတ်ဘူး… မီးဝိညာဉ်ကျောင်းတော်ကိုကိုယ်စားပြုပြီး လာတာပဲ ”

“ ကျောင်းအုပ်လီ… ဒီကိစ္စက တော်တော်လေးကြီးပါတယ်။ ဒီကိစ္စအတွက် ကျွန်တော်အကောင်းဆုံး ညှိနှိုင်းပေးမှာပါ… ဒါပေမဲ့ အချိန်မီညှိနှိုင်းနိုင်လိမ့်မယ်လို့တော့ ကျွန်တော်အာမမခံနိုင်ဘူး ”
သက်လတ်ပိုင်းအမျိုးသားသည် အားတင်းပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။

ဝမ်ပေါင်လဲ့သည် ထိုစကားများကို ကြားသောအခါ အနည်းငယ် ခေါင်းရှုပ်သွား၏။ အမှန်တွင် ဝမ်ပေါင်လဲ့သည် လီဝူချန်း၏အပြုအမူကိုကြည့်၍ သူသည် ထိုသက်လတ်ပိုင်းအမျိုးသားထံမှ အကူအညီတောင်းခံစရာတစ်ခုရှိနေသည်ဟု ထင်ခဲ့သည်။ ဝမ်ပေါင်လဲ့သည် စိတ်ဝင်စားလာသဖြင့် ပို၍တိုးကပ်နားထောင်လိုက်သည်။

ယခုတွင် သူသည် ထိုကိစ္စတစ်ခုလုံးကို နားမလည်သေးသော်လည်း လီဝူချန်း၏ ရာထူးအဆင့်အတန်းကို သူသိသွားပြီဖြစ်သည်။

‘ မီးဝိညာဉ်ကျောင်းတော်ရဲ့ လက်ထောက်ကျောင်းအုပ်လား။ အဲဒါက ငါ့ရဲ့အလုပ်နဲ့ အတူတူပဲ ’
ဝမ်‌ပေါင်လဲ့ အတန်ငယ် စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ သူသည် အဆင့်ငါးအရာရှိတစ်ဦးဖြစ်လာရန် များစွာစွမ်း‌ဆောင်ခဲ့ရလေသည်။ သို့သော် လီဝူချန်းသည် မည်သည့်စွမ်းဆောင်မှုမှ လောက်လောက်လားလားမရှိပါဘဲ သူနှင့်အဆင့်တူနေပေသည်။

ဝမ်ပေါင်လဲ့သည် မြူခိုးတာအိုကျောင်း‌တော်၏ လက်ထောက်ကျောင်းအုပ်ဖြစ်သော်လည်း လီဝူချန်းသည် သူနှင့်အဆင့်တူနေခြင်းကို သူမကျေနပ်ပေ။ ထို့ကြောင့် သူနှာခေါင်းရှုံ့လိုက်၏။

သူ ယခင်က လေ့လာခဲ့မှုများတွင် မီးဝိညာဉ်ကျောင်းတော်အကြောင်းလည်း ပါဝင်ပေသည်။ မီးဝိညာဉ်ကျောင်း‌တော်သည်လည်း မြူခိုးတာအိုကျောင်းတော်ကဲ့သို့ လူကုံထံသားသမီးများအတွက် ကျောင်းတော်ဖြစ်လေသည်။ ထိုကျောင်းတော်နှစ်ကျောင်းသည် ပြိုင်ဘက်များဖြစ်သည်ဟုပင် ဆိုနိုင်ပေသည်။

ဝမ်ပေါင်လဲ့ တွေးတောနေစဉ်တွင် လီဝူချန်းနှင့် သက်လတ်ပိုင်းအမျိုးသား၏အသံသည် ပို၍ကျယ်လောင်လာသည်။ လီဝူချန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်ဝန်းများထဲတွင် အလင်းခပ်ရေးရေး ပေါ်လာသည်။
“ တာအိုရောင်းရင်းရွှီ… ဒါက တိုက်ပွဲဝင်ပုဆိန်က ဘယ်ဘက်ကိုလှည့်နေလဲဆိုတဲ့ ပြဿနာလေးပါပဲ။ အဲဒါက သိပ်ပြီးဒုက္ခမများလောက်ပါဘူး… ပြီးတော့ တိုက်ပွဲဝင်ပုဆိန်ရဲ့ဦးတည်ရာကို အရင်ကလည်း မပြောင်းခဲ့ဖူးတာမှ မဟုတ်တာ ”

“ ‌ကျောင်းအုပ်လီ… ဆရာကတော့ အဲဒီလိုပြောနိုင်တာပေါ့..ဒါပေမဲ့ ကျွန်တော်က ဒီကိစ္စကို ဆုံးဖြတ်လို့ရတာမဟုတ်ဘူးလေ။ ဆရာ ရက်နည်းနည်းလောက် စောင့်ပေးလို့ရမလား။ ကျွန်တော် ဒီကိစ္စကို တင်ပြထားပြီးပါပြီ။ ပိုင်ရှင်ကပြောင်းသွားပြီဆိုပေမယ့် ဒီကိစ္စကို ရက်ပိုင်းအတွင်းမှာ အတည်ပြုပေးမယ်ဆိုတာ ကျွန်တော်သေချာပြောရဲပါတယ် ”
ဝမ်ပေါင်လဲ့သည် သူတို့၏စကားများကို နားထောင်၍ ပို၍သိလိုစိတ်ပြင်းပြလာလေတော့သည်။ မီးဝိညာဉ်ကျောင်းတော်၏ လက်ထောက်ကျောင်းအုပ်တစ်ယောက်သည် အဘယ်ကြောင့် တိုက်ပွဲဝင်ပုဆိန်ဟိုတယ်သို့လာ၍ အာနာပါနအဆင့်ကျင့်ကြံသူတစ်ဦးနှင့် တိုက်ပွဲဝင်ပုဆိန်၏ဦးတည်ရာနှင့်ပတ်သတ်သည့်ကိစ္စကို ဆွေးနွေးနေကြောင်းကို ဝမ်ပေါင်လဲ့ နားမလည်နိုင်ဖြစ်နေသည်။

ထိုဟိုတယ်သည် သူ၏ဟိုတယ်မဟုတ်လျှင် သူအရေးစိုက်မည်မဟုတ်ပေ။ သို့သော် ထိုဟိုတယ်သည် သူ၏ဟိုတယ်ဖြစ်နေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့သည် ပို၍ပင် စိတ်ဝင်စားလာသည်။ သူသည် ဝိညာဉ်ကွန်ရက်ကို ဖွင့်၍ တိုက်ပွဲဝင်ပုဆိန်နှင့် မီးဝိညာဉ်ကျောင်းတော်ဟူသော စာလုံးများရိုက်ကာ ရှာကြည့်လိုက်သည်။ ထိုရှာဖွေမှုသည် ဝမ်‌ပေါင်လဲ့ကို မျက်လုံးများပြူးသွားစေသည်။

တိုက်ပွဲဝင်ပုဆိန်ဟိုတယ်သည် မီးဝိညာဉ်ကျောင်းတော်တည့်တည့်တွင် တည်ဆောက်ထားခြင်းပင်။ ဟိုတယ်၏တည်နေရာသည် လွန်စွာကောင်းသောနေရာဖြစ်လေသည်။ ဟိုတယ်သည် ကျောင်းနှင့်လည်းနီးပြီး မြို့ထဲရပ်ကွက်နှင့်လည်း သိပ်မဝေးပေ။ ထို့ကြောင့် ဟိုတယ်၏စီးပွားရေးသည် အတော်လေးကောင်းမွန်ပေသည်။ သို့သော် ထိုဟိုတယ်သည် အတော်လေးထူးဆန်းပေသည်။

ထိုထူးဆန်းသည့်အချက်မှာ ယင်းဟိုတယ်သည် မီးဝိညာဉ်ကျောင်း‌တော်အတွက် နိမိတ်ဆိုးဖြစ်နေခြင်းမှလာသည်ဟု ထင်ရပေသည်။ အတိအကျဆိုရမည်ဆိုလျှင် တိုက်ပွဲဝင်ပုဆိန်ဟိုတယ်သည် မီးဝိညာဉ်ကျောင်းတော်အတွက် အမှန်ပင် နိမိတ်ဆိုးဖြစ်လေသည်။ ထိုနိမိတ်ဆိုးသည် ဟိုတယ်အဝင်ဝရှိ ဧရာမတိုက်ပွဲဝင်ပုဆိန်ကြီးဖြစ်ပုံရသည်။

မီးဝိညာဉ်ကျောင်းတော် တည်ဆောက်ပြီးစတွင် အရာအားလုံးသည် သာမန်သာဖြစ်သည်။ သို့သော် ကျောင်းတော်နှင့် မျက်နှာချင်းဆိုင်တွင် တိုက်ပွဲဝင်ပုဆိန်ဟိုတယ်ဖွင့်လှစ်လိုက်သောအခါ ထူးဆန်းသည့်ကိစ္စများဖြစ်လာလေတော့သည်။ ထိုဧရာမတိုက်ပွဲဝင်ပုဆိန်ကြီးသည် မီးဝိညာဉ်ကျောင်းတော်ဘက်သို့ ထိပ်တိုက်လှည့်ထား၏။ ထိုသို့ဖြင့် တစ်နှစ်မပြည့်မီမှာပင် မီးဝိညာဉ်ကျောင်းတော်မှ ထိုစဉ်က လက်ထောက်ကျောင်းအုပ်သည် ထူးထူးဆန်းဆန်းသေဆုံးသွားလေသည်။

မီးဝိညာဉ်ကျောင်းတော်၏ ဒုတိယမြောက် လက်ထောက်ကျောင်းအုပ်သည်လည်း ထိုသို့ပင် သေဆုံးသွားသည်။ ထိုလက်ထောက်ကျောင်းအုပ်သည် ကျင့်ကြံခြင်းအဆင့်မြင့်မားသလို နိမိတ်ဖတ်ရာတွင်လည်း ကျွမ်းကျင်လေသည်။ သူသည် ထိုတိုက်ပွဲဝင်ပုဆိန်ကြီးမှ ထွက်ပေါ်နေသော အငြိုးအတေးအရောင်အဝါများသည် လွန်စွာလေးလံသည်ဟု သူ နိမိတ်ဖတ်မိခဲ့သည်။ သို့သော် ထိုဟိုတယ်သည် လသုံးစင်းမဟာမိတ်မှ အထက်ပိုင်းအရာရှိများ၏ ပိုင်ဆိုင်မှုဖြစ်လေရာ သူအတင်းအကြပ်မလုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် တိုက်ပွဲဝင်ပုဆိန်ဟိုတယ်နှင့် ညှိနှိုင်းမှုပြုလုပ်ခဲ့ပြီး တိုက်ပွဲဝင်ပုဆိန်ကြီး၏အသွားကို မီးဝိညာဉ်ကျောင်းတော်ဘက်သို့ တိုက်ရိုက်မလှည့်ထားဘဲ အတန်ငယ်ဦးတည်ရာပြောင်းထားရန် ညှိနှိုင်းနိုင်ခဲ့သည်။

ထိုအရာသည် အမှန်ပင် အလုပ်ဖြစ်ခဲ့ရပေမည်။ တစ်နှစ်မပြည့်မီမှာပင် ထိုဒုတိယမြောက်လက်ထောက်ကျောင်းအုပ်သည် ရာထူးတိုးသွားပြီး ကမ္ဘာမြေသို့ ပြန်ခေါ်ခြင်းခံခဲ့ရလေသည်။ ယခုတွင် သူသည် ဝန်ကြီးဌာနကြီးတစ်ခု၌ လက်ထောက်ဝန်ကြီးဖြစ်နေပေပြီ။

သူရာထူးတိုးသွားသဖြင့် တတိယမြောက် လက်ထောက်ကျောင်းအုပ်ရောက်လာခဲ့သည်။ ထိုတတိယမြောက် လက်ထောက်ကျောင်းအုပ်သည် အတိတ်နိမိတ်များကို မယုံကြည်သဖြင့် ဟိုတယ်ကို ဂရုမထားခဲ့ချေ။ ထို့ကြောင့် ဟိုတယ်သည် တိုက်ပွဲဝင်ပုဆိန်ကြီး၏အသွားကို မီးဝိညာဉ်ကျောင်းတော်ဘက်သို့ တိုက်ရိုက်ပြန်လှည့်ခဲ့သည်။

ရလာဒ်အနေဖြင့် ထိုတတိယမြောက်ကျောင်းအုပ်၏ အကျင့်ပျက်ခြစားမှုကို ကိုလိုနီနယ်မြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ရှာဖွေတွေ့ရှိသွားပြီး သူသည် ချက်ချင်းအဖမ်းခံလိုက်ရတော့သည်။ သူသည် ယနေ့အထိ အင်္ဂါဂြိုလ်အကျဥ်းထောင်ထဲတွင် အဖမ်းခံထားရဆဲဖြစ်သည်။

ထိုအဖြစ်အပျက်သုံးခုကြောင့် တိုက်ပွဲဝင်ပုဆိန်ဟိုတယ်သည် နာမည်ကြီးသွားလေသည်။ ထိုအချိန်မှစ၍ မီးဝိညာဉ်ကျောင်းတော်၏ လက်ထောက်ကျောင်းအုပ်အသစ်များသည် အလုပ်အတွက်အစီရင်ခံချိန်တွင် ပထမဆုံးလုပ်ရသောအလုပ်သည် ဟိုတယ်နှင့်ဆက်သွယ်၍ တိုက်ပွဲဝင်ပုဆိန်၏ဦးတည်ရာကို ပြောင်းခိုင်းရခြင်းဖြစ်လေသည်။

ထိုကိစ္စသည် အတော်လေးထူးဆန်း၏။ သို့သော် လူများသည် ထိုကိစ္စကိုယုံကြည်ကြလေသည်။ ထိုကိစ္စကို မယုံကြည်ခဲ့သော လက်ထောက်ကျောင်းအုပ်များလည်း ရှိခဲ့၏။ သို့သော် သူတို့သည် နိမိတ်ဆိုးမှလွတ်မသွားကြပေ။ ထိုသူအများစုသည် ယခင်လက်ထောက်ကျောင်းအုပ်များကဲ့သို့ ခံသွားရသည်ချည်းသာ။ ထို့ကြောင့် မီးဝိညာဉ်ကျောင်းတော်၏ လက်ထောက်ကျောင်းအုပ်အသစ်ဖြစ်သော လီဝူချန်းသည် ဤနေရာသို့လာ၍ ဟိုတယ်နှင့်လာရောက်ညှိနှိုင်းခြင်းပင်။

‘ ဒီတော့ ငါအဲဒါကိုလုပ်လို့ရတာပေါ့… ’
ဝမ်ပေါင်လဲ့သည် သတင်းအချက်အလက်များကို ဖတ်ပြီးသွားသောအခါ လွန်စွာဝမ်းသာသွားလေသည်။ သူသည် ညို့မှိုင်းနေသောလီဝူချန်းကို ကြည့်လိုက်သောအခါ မျက်လုံးများ အရောင်တောက်လာပြီး နှုတ်ခမ်းစွန်းနှစ်ဖက်သည် ပြုံးသွားလေတော့သည်။

ထိုအခိုက်တွင် လီဝူချန်းသည် စိတ်မရှည်နိုင်ဖြစ်လာပုံပေါ်လေသည်။ သူထရပ်လိုက်ပြီး သက်လတ်ပိုင်းအမျိုးသားကို အေးစက်စက်ကြည့်လိုက်သည်။ သူ လေသံတိုးတိုးဖြင့် ပြောလိုက်၏။
“ တာအိုရောင်းရင်းရွှီ … ပိုင်ရှင်ပြောင်းသွားတာကို ကျွန်တော်ဂရုမစိုက်ဘူး။ ကျွန်တော် ဒီနေ့ပဲ အဖြေလိုချင်တယ် ”

“ ကျောင်းအုပ်လီ… ကျွန်တော် ဆရာ့ကို ရိုးရိုးသားသားပဲပြောပါမယ်… အစကတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာပြဿနာမှမရှိခဲ့ပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ဟိုတယ်ပိုင်ရှင်ပြောင်းသွားပြီဆိုတဲ့ အကြောင်းကြားချက်တစ်ခု ကျွန်တော်ရခဲ့တယ်။ ဒါကြောင့် ကျွန်တော်ဒီကိစ္စကို အချိန်မီ အတည်မပြုနိုင်ခဲ့တာပါ ”
သက်လတ်ပိုင်းအမျိုးသားသည်လည်း ထရပ်လိုက်ပြီး ဟန်လုပ်ပြုံး၍ပြောလိုက်သည်။
“ ကျေးဇူးပြုပြီးတော့ ကျွန်တော့်အတွက် ခက်ခဲအောင်မလုပ်ပါနဲ့ ကျောင်းအုပ်လီ။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ… ကျွန်တော် အခုမေးကြည့်လိုက်မယ်။ ကျွန်တော် ပိုင်ရှင်အသစ်ကိုတစ်ခါမှ မမြင်ဖူးသေးဘူးဆိုပေမယ့် သူ့ကိုဆက်သွယ်လို့ရမယ့်အချက်အလက်တွေကို ပိုင်ရှင်ဟောင်းက ကျွန်တော့်ကို ပေးထားပါတယ်။ ကျွန်တော် အခုမေးကြည့်လိုက်ပါမယ်။ စိတ်မပူပါနဲ့ ကျောင်းအုပ်လီ… ဒါက ကိစ္စကြီးမဟုတ်ပါဘူး.. ဘာပြဿနာမှရှိမှာ မဟုတ်ပါဘူး ”

လီဝူချန်းသည် ထိုစကားကိုကြားသောအခါ အတန်ငယ်စိတ်သက်သာရာရသွားပြီး ခေါင်းညိတ်ပြလိုက်လေသည်။ ထိုကိစ္စနှင့်ပတ်သတ်၍ မည်သည့်ပြဿနာမှမရှိနိုင်ဟု သူထင်နေသည်။ သူ့တွင် ကျောထောက်နောက်ခံအဖြစ် ကောင်းကင်တာအိုကျောင်းတော်ရှိနေသည်မဟုတ်ပေလော။ ဂိုဏ်းစောင့်အကြီးအကဲနှင့် အခြားသူများသည် ထိုကိစ္စအသေးလေးလောက်ဖြင့် သူ့ကိုအခက်တွေ့အောင်လုပ်လိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် သူသည် အသံလွှင့်လက်စွပ်ကိုထုတ်၍ ပိုင်ရှင်အသစ်ကိုဆက်သွယ်နေသည့် သက်လတ်ပိုင်းအမျိုးသားကို ဂရုပြုမနေတော့ပေ။ လီဝူချန်းသည် အသံလွှင့်လက်စွပ်နှင့် အလုပ်ရှုပ်နေသည့် ဝမ်ပေါင်လဲ့ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူသည် ဝမ်ပေါင်လဲ့၏ အတန်ငယ်ဘဝင်ခိုက်နေသော မျက်နှာထားကို တွေ့လိုက်ရသောအခါ ရွံရှာဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

‘ တောသား… တစ်နေ့တော့ မင်းမျိုချခဲ့တဲ့ ဝိညာဉ်သွေးတွေကို အတိုးနဲ့ပြန်အန်ရ‌အောင် ငါလုပ်ဦးမှာပါ ’
သူသည် စိတ်ထဲတွင် ထိုအကြောင်းကို တွေးနေစဉ်၌ ဝမ်ပေါင်လဲ့၏အသံလွှင့်လက်စွပ်သည် မြည်လာလေတော့သည်။

Comment

  1. thakinmagyigyi says:

    ချကြကွား

Leave a Reply

Options

not work with dark mode
Reset