Switch Mode

အခန်း ( ၂၉၅ )

ရင်းနှီးသောမျက်နှာတစ်ခု

ဝမ်ပေါင်လဲ့သည် မြူခိုးတာအိုကျောင်း၏ လက်ထောက်ကျောင်းအုပ်ဖြစ်သဖြင့် သူသာလုပ်ချင်စိတ်ရှိလျှင် လုပ်စရာတစ်ပုံတစ်ပင်ဖြစ်သည်။ သို့သော် သူမလုပ်ချင်လျှင်လည်း အားလပ်ချိန်များစွာ ရအောင်လုပ်နိုင်ပေသည်။

ဒုတိယတစ်မျိုးသည် ဝမ်ပေါင်လဲ့လုပ်နေသောအရာဖြစ်သည်။ သူသည် သူ၏အဆောင်သို့ စောစောပြန်၍ သူ့နတ်ဘုရားရတနာများအား မည်သို့အဆင့်မြှင့်တင်ရမည်ကို သူ့ခေါင်းထဲတွင် အစီအစဉ်ချနေလေသည်။ သူသည် ညဉ့်နက်ပိုင်းသို့ရောက်သောအခါ သူ၏နတ်ဘုရားရတနာများအားလုံးအတွက် အစီအစဉ်ချပြီးသွားပေသည်။ ထိုအခါမှ သူသည် လက်တွေ့အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို စတင်လိုက်သည်။

ဝမ်ပေါင်လဲ့သည် အခြေတည်အဆင့်သို့ ရောက်ရှိပြီးနောက် ယခင်က သူအဆင့်လေးနတ်ဘုရားရတနာကို ပြုလုပ်ခဲ့စဉ်က ကြုံတွေ့ခဲ့ရသည့် အခက်အခဲများမရှိတော့ကြောင်း သိရှိခဲ့လေသည်။ ထို့ကြောင့် သူသည် သူ၏နတ်ဘုရားရတနာများကို စတင်အဆင့်မြှင့်တင်နေခြင်းဖြစ်သည်။

ထိုအဆင့်မြှင့်တင်ခြင်းလုပ်ငန်းသည် အကုန်အကျများပေသည်။ သို့သော် ကံအားလျော်စွာပင် ဝမ်ပေါင်လဲ့တွင် စုဆောင်းထားသည်များ အတော်အသင့်ရှိလေသည်။ သူသည် လိုအပ်သည့် ပစ္စည်းများ၏ တန်ဖိုးကို လျစ်လျူရှု၍ သူ၏နတ်ဘုရားရတနာများကို စတင်အဆင့်မြှင့်တင်လိုက်သည်။

သူသည် သူ၏ကျင့်ကြံခြင်းကိုလည်း မရပ်တန့်ခဲ့ပေ။ သူသည် လျှပ်စီးတာအို ပထမတွဲကို ဆက်လက်ကျင့်ကြံနေပြီး သူ့ညာခြေထောက်ရှိ လျှပ်စီးမင်ကြောင်သည် ပို၍သန်မာလာသည်ကို သူခံစားရပေသည်။ သူကန်လိုက်သည်နှင့် ထိုမင်ကြောင်သည် လျှပ်စီးများထုတ်လွှတ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

၎င်းသည် သူလျှပ်စီးနယ်မြေတွင်ရရှိခဲ့သော လျှပ်စီးမှော်ပညာရပ်များနှင့် ဆက်နွယ်မှုရှိနိုင်ပေသည်။ သူသည် လျှပ်စီးတာအို ပထမတွဲကို အတော်အတန်ခရီးပေါက်အောင် ကျင့်ကြံနိုင်ခဲ့ပြီဖြစ်သော်လည်း အမှောင်ပညာရပ်၏တိုးတက်နှုန်းသည် နှေးကွေးပေသည်။ သူသည် အမှောင်ပညာရပ်ကို ဇွတ်တရွတ် ကျင့်ကြံလိုက်တိုင်း သူ့ခန္ဓာကိုယ်တစ်ခုလုံး မခံမရပ်နိုင်အောင် နာကျင်လာသည်ကို သူခံစားရလေသည်။ သူ၏ အသွေးအသားများသည် တစ်စစီဖြစ်သွားသကဲ့သို့ ခံစားရသည်။ ထို့ကြောင့် သူသည် ရွေးစရာမရှိတော့ဘဲ ထိုအမှောင်ပညာရပ်အား ကျင့်ကြံမှုကို ရပ်ထားလိုက်ရတော့သည်။

‘ ဘာလို့ ဒီအမှောင်ပညာရပ်က ကျင့်ကြံဖို့ ဒီ‌လောက်ခက်ရတာလဲ ’
ဝမ်ပေါင်လဲ့ ခေါင်းကိုက်လာ၏။ သူသည် အမှောင်ပညာရပ်ကို ဘေးဖယ်ထားပြီး လျှပ်စီးတာအို ပထမတွဲကိုသာ အာရုံစိုက်ထားရပေမည်။ သူသည် နောက်သုံးရက်လုံးလုံး လျှပ်စီးတာအို ပထမတွဲကို ကျင့်ကြံခဲ့သည်။

သုံးရက်ကြာပြီးနောက် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းသည် ပြီးဆုံးသွား၏။ သူသည် လျှပ်စီးတာအို ပထမတွဲ၏ ပထမဆင့်ကို ကျွမ်းကျင်သွားပြီဖြစ်သည်။ သူသည် နတ်ဘုရားရတနာများကို အဆင့်မြှင့်တင်ရန် လိုအပ်သည့် ပစ္စည်းများကို အကုန်သုံးလိုက်ပြီဖြစ်သဖြင့် ပစ္စည်းများ ထပ်မံဝယ်ရန် လိုအပ်နေပေပြီ။

ဝမ်ပေါင်လဲ့သည် ဝိညာဉ်ကွန်ရက်ပေါ်သို့ တက်လိုက်ပြီး အင်္ဂါဂြိုလ်မြို့တော်အကြောင်းကို အသေးစိတ်ရှာဖွေလိုက်သည်။ သူသည် ပစ္စည်းမျိုးစုံရောင်းသော ဆိုင်ကိုသိလိုနေခြင်းပင်။ ထိုမှသာ သူလိုအပ်သည်များကို တစ်နေရာတည်းတွင် ဝယ်နိုင်မည်ဖြစ်သည်။ သူရှာနေသောပစ္စည်းများသည် သူ၏ဓားအိမ်ကို အဆင့်မြှင့်တင်ရာတွင် သုံးရမည့်ပစ္စည်းများဖြစ်သည်။

‘ ငါ လက်နက်သဲကို ထုတ်လုပ်ဖို့ဆိုရင် ဝိညာဉ်ကျောက်တုံးတွေအများကြီးလိုတယ် ’
ဝမ်ပေါင်လဲ့သည် သူ၏ဓားအိမ်ကို အဆင့်မြှင့်တင်ရန် လက်နက်သဲမည်မျှလိုကြောင်းကို တွေးမိသွားသောအခါ ခေါင်းကိုက်လာလေတော့သည်။ သို့သော် ထိုအရာသည် သူလုပ်ရမည့်အရာတစ်ခုဖြစ်ပေသည်။ သူ လကမ္ဘာပေါ်တွင် ရရှိခဲ့သောအတွေ့အကြုံများကြောင့် သူ၏ဓားအိမ်သည် မည်မျှထူးခြားသောပစ္စည်းတစ်ခုဖြစ်ကြောင်း သူသိရှိခဲ့ပြီဖြစ်သည်။ သူသည် ဓားအိမ်အတွင်းမှ မီးခိုးရောင်ခြင်ကိုသာ ဆိုလိုခြင်းမဟုတ်ပေ။ သူသည် ခြင်နက်နှင့် ခရမ်းရောင်ခြင်တို့ကိုလည်း တွေးနေခြင်းပင်။ သူသာ ထိုခြင်များကို ထိန်းချုပ်နိုင်လာသည်နှင့် သူ၏အစွမ်းများ မည်မျှတိုးတက်လာမည်ကို သူတွေး‌တောလုနီးပါးပင်။

‘ ငါ ဓားအိမ်ကို မြန်မြန် အဆင့်မြှင့်တင်ရမယ် ’
ဝမ်ပေါင်လဲ့ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ သူသည် ဝိညာဉ်ကွန်ရက်ပေါ်တွင် ဆက်လက်ရှာဖွေလိုက်ပြီး သူလိုသည့်ပစ္စည်းများရှိသော ဆိုင်တစ်ဆိုင်ကို တွေ့သွားသောအခါ သူ၏သင်္ဘောပျံကို ထုတ်ယူလိုက်ပြီး ကျောင်းတော်မှ ထွက်ခွာသွားလေသည်။ သူသည် ထိုဆိုင်သို့ ဦးတည်သွားလိုက်သည်။

အင်္ဂါဂြိုလ်ကိုလိုနီနယ်မြေတွင် ပျံသန်းခြင်းအတွက် ကန့်သတ်ချက်များမရှိပေ။ ထို့ကြောင့် မြို့တော်ထဲတွင် သင်္ဘောပျံအများအပြား ပျံသန်းနေလေသည်။ ဝမ်ပေါင်လဲ့၏သင်္ဘောပျံသည် အရည်အသွေးကောင်းသော သင်္ဘောပျံတစ်စင်းဖြစ်သည်။ သို့သော် ထိုသင်္ဘောပျံသည် အင်္ဂါဂြိုလ်ပေါ်ရှိသင်္ဘောပျံများကြားထဲတွင် မျက်နှာငယ်နေရလေသည်။ သူသည် အင်္ဂါဂြိုလ်ကိုလိုနီနယ်မြေ မည်မျှကြွယ်ဝကြောင်းကို ထပ်မံညီးညူလိုက်၏။ ထိုစဉ် သူသည် သူရှာနေသောဆိုင်ကိုတွေ့လိုက်၏။ ရုတ်တရက် ကောင်းကင်ထက်တွင် ကမ္ပည်းစာလှိုင်းတစ်ခု ပြန့်ကားလာ၏။

လူအားလုံးသည် ပြန့်ကားလာသော လှိုင်းတွန့်ကို ကြည့်လိုက်ကြ၏။ ထိုလှိုင်းနှင့်ထိသွားသော သင်္ဘောပျံတိုင်း ချက်ချင်းချွတ်ယွင်းသွားကြသည်။ သင်္ဘောပျံများ၏ ထိန်းချုပ်ပဲ့များသည် မောင်းနှင်သူများထံမှ လုယူခံလိုက်ရပုံပေါ်နေပြီး သင်္ဘောပျံများသည် လေထဲတွင် ရပ်တန့်သွားလေသည်။

ဝမ်ပေါင်လဲ့၏သင်္ဘောပျံသည်လည်း ထိုသို့ပင်။ သူသည် အံ့ဩမှင်တက်သွားပြီး အရှေ့သို့ စိတ်ဝင်တစားကြည့်လိုက်သည်။ သူ့ဘေးပတ်ပတ်လည်မှ သင်္ဘောပျံများပေါ်ရှိ လူများမှာ ထိုဖြစ်ရပ်သည် တွေ့ကြုံနေကျဖြစ်ရပ်တစ်ခုကဲ့သို့ အေးအေးလူလူရှိနေကြသည်။ တချို့သည် သူတို့၏သင်္ဘောပျံအတွင်းမှ ထွက်လာကြသော်လည်း အများစုသည် သူတို့၏သင်္ဘောပျံအတွင်း၌သာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေပေသည်။

လေထုထဲတွင် တီးတိုးဆွေးနွေးသံများ ပျံ့နှံ့သွားသည်။
“ ဒီရက်ပိုင်းမှာ ဘာတွေဖြစ်နေတာလဲ။ ကိုလိုနီနယ်မြေရဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ရှောင်တခင်ရှာဖွေတာတွေကို ပိုလုပ်နေသလိုပဲ ”

“ ကြည့်ရတာ တစ်ခုခုတော့ ထပ်ဖြစ်နေပြီနေမယ်။ မကြာသေးခင်တုန်းက မိစ္ဆာလမ်းစဉ်ကို ကျင့်ကြံတဲ့သူတစ်ယောက်ရောက်လာတယ်လို့ ငါကြားမိတယ်… ”
ဝမ်ပေါင်လဲ့သည် သင်္ဘောပျံအပြင်သို့ ထွက်လိုက်သောအခါ ထိုဆွေးနွေးမှုများကို ကြားလိုက်ရသည်။ သူသည် ကိုလိုနီနယ်မြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဟူသော အသံကိုကြားလိုက်ရသဖြင့် စိတ်ဝင်စားသွားသည်။ မကြာမီ သူသည် တစ်စင်းလုံးနက်မှောင်နေသော သင်္ဘောပျံ ခုနစ်စင်း၊ ရှစ်စင်းကို တွေ့လိုက်ရသည်။ ၎င်းတို့သည် စိတ်ထင့်ဖွယ်အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ထိုသင်္ဘောပျံများ၏ နက်မှောင်သောအရောင်တွင် ညှိုးငယ်သည့်အငွေ့အသက်များ၊ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ရှိနေပေသည်။ ၎င်းတို့သည် တစ်စုံတစ်ခုကို လိုက်ရှာနေပုံပေါ်လေသည်။ ၎င်းတို့သည် တစ်ခဏမျှကြာသောအခါ ပြန်ထွက်ခွာသွားကြသည်။

ထိုအနက်ရောင် သင်္ဘောပျံများ ထွက်ခွာသွားသောအခါ ကမ္ပည်းစာလှိုင်းသည်လည်း ပျောက်ကွယ်သွားလေသည်။ သင်္ဘောပျံများ ပြန်လည်အလုပ်လုပ်လာလေတော့သည်။ ဝမ်ပေါင်လဲ့သည် သူ့လမ်းသူဆက်သွားလိုက်၏။ သို့သော် သူ၏မျက်လုံးသည် အဝေးရှိ အနက်ရောင်သင်္ဘောပျံများကိုကြည့်နေ၏။ သူ၏မျက်ဝန်းများထဲတွင် မနာလိုသောအရိပ်အယောင်များ ကြီးထွားလာလေသည်။

‘ ကိုလိုနီနယ်မြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဆိုပါလား… ဒါက အင်္ဂါဂြိုလ်ရဲ့ အဓိကဌာနကြီးသုံးခုထဲက တစ်ခုပဲ ’
ဝမ်ပေါင်လဲ့ သက်ပြင်းချလိုက်သည်။ ထိုဌာနသည် သူတာဝန်အထမ်းဆောင်လိုဆုံး ဌာနဖြစ်သည်။ သူသည် အင်္ဂါဂြိုလ်သို့မလာခင်က အင်္ဂါဂြိုလ်၏အစိုးရဖွဲ့စည်းပုံကို သေချာလေ့လာခဲ့လေသည်။ အင်္ဂါဂြိုလ်တွင် စစ်ဘက်ရေးရာကောင်စီ၊ မြို့တော်အုပ်ချုပ်ရေးဌာနနှင့် ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဟူ၍ အဓိကဌာနကြီးသုံးခုရှိ၏။

စစ်ဘက်ရေးရာကောင်စီသည် အင်္ဂါဂြိုလ်၏ စစ်တပ်ဖြစ်ပြီး မြို့တော်အုပ်ချုပ်ရေးဌာနသည် ပြည်ထောင်စုအစိုးရကဲ့သို့ တာဝန်ထမ်းဆောင်ပြီး အင်္ဂါဂြိုလ်ကိုလိုနီမြို့ကို အုပ်ချုပ်ရန် တာဝန်ယူရလေသည်။ ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှာမူ ရဲများကဲ့သို့ဖြစ်ပြီး မြို့တော်ဥပဒေများကို ထိန်းသိမ်းရပေသည်။

ထိုအဓိကဌာနကြီးသုံးခုမှနေ၍ ဌာနခွဲအသေးလေးများ၊ အဖွဲ့အသေးလေးများ များစွာရှိပေသေးသည်။ ထိုအဓိကဌာနကြီးသုံးခုအထက်တွင် လက်ထောက်ဘုရင်ခံနှင့် ဘုရင်ခံတို့ရှိလေသည်။

ထိုဖွဲ့စည်းပုံသည် တဲ့တိုးဆန်၍ ရိုးရှင်းသည်ဟု ထင်ရသော်လည်း အတွင်းပိုင်းတွင် ရှုပ်ထွေးသော နိုင်ငံရေးဖွဲ့စည်းပုံများနှင့် ကွန်ရက်များစွာ ရှိပေသည်။ ထိုဖွဲ့စည်းပုံများ၊ ကွန်ရက်များသည် ပေါင်းစည်း၍ ရှုပ်ထွေးသော မျိုးတူစုကွန်ရက်များဖြစ်လာပြီး အင်္ဂါဂြိုလ်ကိုလိုနီနယ်မြေတစ်ခုလုံးကို အုပ်ချုပ်လေသည်။

အင်္ဂါဂြိုလ်ကိုလိုနီနယ်မြေ၏ဘုရင်ခံသည် ပြည်ထောင်စုတွင် မကျော်ကြားသော်လည်း ဝမ်ပေါင်လဲ့သည် ကောင်းကင်တာအိုကျောင်း‌တော်၏ သိမ်းဆည်းထားသောအချက်အလက်များမှနေ၍ ထိုဘုရင်ခံ၏အကြောင်းကို သိခဲ့ရပေသည်။ သူသည် ထိုဘုရင်ခံ၏အကြောင်းကို သိလိုက်သောအခါ အံ့အားသင့်သွားခဲ့၏။ အင်္ဂါဂြိုလ်ကိုလိုနီနယ်မြေ၏ဘုရင်ခံသည် အကျော်ဇေယျတစ်ဦးဖြစ်လေသည်။

ဘုရင်ခံသည် အမျိုးသားမဟုတ်ဘဲ အမျိုးသမီးကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူမသည် သဘာဝဝိညာဉ်ခန္ဓာကိုယ်ရှိပြီး အမြုတေအထွတ်အထပ်အဆင့်ရှိသူတစ်ဦးဖြစ်ပေသည်။ သူမသည် ပြည်ထောင်စုတစ်ခုလုံးတွင် အစွမ်းအကြီးဆုံးသူတစ်ဦးဖြစ်ပြီး ဒုပဏာမအဆင့်တစ်အရာရှိ တစ်ဦးလည်းဖြစ်လေသည်။ ကောင်းကင်တာအိုကျောင်းတော်၏ သိမ်းဆည်းထား‌သောအချက်အလက်များထဲတွင် အင်္ဂါဂြိုလ်ကိုလိုနီနယ်မြေဘုရင်ခံ၏ အကြောင်းများ အကျယ်တဝံ့ရှိလေသည်။

ထိုအထဲမှ အပိုဒ်တစ်ပိုဒ်ကို ဝမ်ပေါင်လဲ့ မျက်စိကျခဲ့၏။ သူမ၏ အင်္ဂါဂြိုလ်ကိုလိုနီဘုရင်ခံဆိုသော ရာထူးအပြင်… သူမသည် နောက်တက်မည့် ပြည်ထောင်စုဥက္ကဋ္ဌရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ချေရှိသူတစ်ဦးလည်းဖြစ်ပေသည်။

ကောင်းကင်မြစ်တာအိုကျောင်းဆင်းတစ်ဦးသည် နောက်တက်မည့် ပြည်ထောင်စုဥက္ကဋ္ဌဖြစ်နိုင်ချေများလေသည်။ သူမသည် အထင်ကြီးဖွယ် ကျောထောက်နောက်ခံရှိရုံသာမက အင်္ဂါဂြိုလ်ကိုလိုနီနယ်မြေ၏ ဘုရင်ခံတစ်ဦးလည်း ဖြစ်နေပေသေးသည်။ သူမသည် အရည်အချင်းပြည့်စုံပြီး ကျင့်ကြံခြင်းအဆင့်လည်းမြင့်မားကာ အဆက်အသွယ်လည်းကောင်းပေသည်။

သူမ၏ခင်ပွန်းသည်လည်း ထင်ရှားသောသူတစ်ယောက်ဖြစ်သည်။ သူသည် ပြည်ထောင်စုရှိ အဓိကဌာနအနည်းငယ်မှ ဝိညာဉ်သိပ္ပံဌာနခွဲများကို ဦးဆောင်နေသူတစ်ဦးဖြစ်သည်။ သူသည် ပဏာမအဆင့်သုံးအရာရှိတစ်ဦးဖြစ်သည့်အပြင် ဝိညာဉ်ချီနှင့် သိပ္ပံပညာကို ပေါင်းစည်းရန် ‌ရှေ့ဆောင်လမ်းပြခဲ့သူများထဲမှ တစ်ဦးဖြစ်လေသည်။

ထိုကဲ့သို့ အထင်ကြီးဖွယ် ကျောက်ထောက်နောက်ခံနှင့် ဩဇာအာဏာများကြောင့် ဝမ်ပေါင်လဲ့သည် ထိုသတင်းအချက်အလက်များကို ဖတ်နေရင်း စိတ်ဖိစီးလာလေတော့သည်။ သူသည် သူမကို သူ၏အနာဂတ်ပြိုင်ဘက်တစ်ဦးအဖြစ် သ‌ဘောထားသည်။ သူသည် အတန်ငယ်တွေးတောဆင်ခြင်ပြီးနောက် သူမ၏ ဥက္ကဋ္ဌသက်တမ်းကုန်ဆုံးသွားခါမှ သူ၏အခွင့်အရေးအတွက် ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်လေသည်။

သူထိုသို့တွေးလိုက်သောအခါ သူ့ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ကိုလိုနီနယ်မြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ သင်္ဘောပျံများကို မြင်လိုက်ရသောအခါ ထိုကိစ္စများကို ပြန်တွေးတောမိသွားသည်။ သူသည် အတွေးထဲစိတ်ရောက်နေစဉ်မှာပင် ဆိုင်သို့ရောက်ရှိလာလေတော့သည်။ သူသည် သူလိုအပ်သည့်ပစ္စည်းများကို ဝယ်ယူပြီးသွားနောက် ပြန်ရန်ဟန်ပြင်လိုက်စဉ်တွင် သူ၏ရုပ်သေးရုပ်နှင့်လဲလှယ်ထားသည့် ဟိုတယ်သည် ထိုတစ်ဝိုက်တွင်ရှိကြောင်း သိသွား၏။

‘ ငါ့ရဲ့ဟိုတယ်ကို တစ်ချက်သွားကြည့်တာပေါ့ ’
ဝမ်ပေါင်လဲ့သည် ထိုရုတ်တရက်ပေါ်လာသောအတွေးအတိုင်း သူ့သင်္ဘောပျံကို အဝေးသို့မောင်းနှင်လိုက်လေသည်။

သူသည် ပိုင်ဆိုင်မှုစာချုပ်ကိုထုတ်လိုက်ပြီး ဟိုတယ်၏တည်နေရာကို အတည်ပြုလိုက်သည်။ ဟိုတယ်သည် အခြားအထက်တန်းလွှာကျောင်းတော်တစ်ကျောင်းဖြစ်သော မီးဝိညာဉ်ကျောင်းတော်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိပေသည်။

‘ တိုက်ပွဲဝင်ပုဆိန် ဟိုတယ် ဟုတ်လား ’
ဝမ်ပေါင်လဲ့သည် ဟိုတယ်အမည်ကို ကြည့်လိုက်ပြီး အလန်းစားအမည်တစ်ခုဖြစ်ကြောင်း တွေးလိုက်သည်။ ထိုဟိုတယ်သည် ပထမဆုံး သူ၏အမည်ပေါက် ပိုင်ဆိုင်မှုတစ်ခုဖြစ်ကြောင်း သူတွေးမိလိုက်သည်။ သူ၏စိတ်များတက်ကြွသွားပြီး သူသည် ဟိုတယ်ဆီသို့ လျင်မြန်စွာသွားလိုက်လေသည်။

မကြာမီတွင် သူသည် အရှေ့ ခပ်လှမ်းလှမ်းတွင် အထပ်လေးဆယ်ကျော်သည့် မိုးထိုးနေသည့်စံအိမ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုစံအိမ်ကြီးသည် အတော်လေးကြီးမား၍ ထည်ဝါသော အငွေ့အသက်များရှိလေသည်။ ထို ကြီးမားခမ်းနားသော စံအိမ်ကြီး၏အရှေ့တွင် လွန်စွာအထင်ကြီးဖွယ်ကောင်းသည့် ဧရာမတိုက်ပွဲဝင်ပုဆိန်ကြီးတစ်ခုရှိလေသည်။

ထိုပုဆိန်ကြီး၏အောက်တွင် သင်္ဘောပျံများစွာ ရပ်ထား၏။ အမျိုးသမီး၊ အမျိုးသားများသည် ဟိုတယ်အတွင်း ဝင်ထွက်သွားလာနေကြသည်။ ထိုဟိုတယ်သည် စည်ကားကာ စီးပွားဖြစ်နေပေသည်။

ဝမ်ပေါင်လဲ့သည် ထိုမြင်ကွင်းကြောင့် မှင်တက်သွားသည်။ ဟိုတယ်၏အရွယ်အစားနှင့် ဟိုတယ်အရှေ့ရှိ ဧရာမတိုက်ပွဲဝင်ပုဆိန်ကြီးတို့သည် သူ့ကိုအံ့အားသင့်သွားစေလေသည်။ သူသည် သူ့မျက်လုံးကိုပင် သူမယုံနိုင်အောင် ဖြစ်နေ၏။ ထိုဟိုတယ်ကြီးသည် သူ၏ရုပ်သေးရုပ်လေးနှင့် လဲလှယ်ခဲ့သောအရာပင်။

‘ အဲဒါကြောင့် ငါက လူ့ဘော်ကြော့လေးတွေနဲ့ မိတ်ဆွေဖွဲ့ရတာကို ကြိုက်တာ ’
ဝမ်ပေါင်လဲ့သည် ချက်ချင်းပင် ခံစားချက်များ အလွန်အမင်းကောင်းလာတော့သည်။ သူသည် သူ၏သင်္ဘောပျံကို အလျင်အမြန်ရပ်လိုက်ပြီး သင်္ဘောပျံအတွင်းမှ ထွက်လာလိုက်သည်။ သူသည် ဟိုတယ်အတွင်းသို့ ဝင်ရန်ခြေလှမ်းလိုက်ပြီး စီးပွားရေးအခြေအနေမည်မျှကောင်းနေသည်ကို ကြည့်နေစဉ် တစ်စုံတစ်ယောက်သည် သူ့အား အဝေးမှနေ၍ကြည့်နေကြောင်း ခံစားမိလိုက်သည်။ သူ လှည့်ကြည့်လိုက်ရာ သူ့ကိုပြန်ကြည့်နေသော မျက်နှာသေနှင့် ထိပ်ပြောင်တစ်ဦးကို တွေ့လိုက်ရလေသည်။

‘ ငါက ဘယ်ကများ အလင်းပြန်နေတာပါလဲလို့… အဲ့ထိပ်ပြောင်ဆီကကိုး… ’
ဝမ်ပေါင်လဲ့သည် ထိပ်ပြောင်ကို တွေ့လိုက်သောအခါ အံ့အားသင့်သွားသည်။ ထိုမျက်နှာကို သူရင်းနှီးနေပေသည်။

ထိုထိပ်ပြောင်သည် ကောင်းကင်တာအိုကျောင်းတော်၏ ဂိုဏ်းစောင့်အကြီးအကဲ၏တပည့် လီဝူချန်းဖြစ်လေသည်။

လီဝူချန်းသည် လွန်ခဲ့သည့်နှစ်အနည်းငယ်က သိုင်းပညာအဆောင်ပြိုင်ပွဲတွင် ဝမ်ပေါင်လဲ့နှင့်တိုက်ခိုက်ကာ ရှုံးနိမ့်ခဲ့သောသူဖြစ်သည်။ သူသည် ထိုနေရာတွင် ဝမ်ပေါင်လဲ့ကို တွေ့ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူသည် ဝမ်ပေါင်လဲ့ကို မြင်လိုက်ရသောအခါ သူ၏အဖိုးတန် ဝိညာဉ်သွေးများအား မည်ကဲ့သို့ ဆုံရှုံးခဲ့ရသည်ကို ပြန်အမှတ်ရသွားသည်။ သူသည် အကြည့်လွှဲလိုက်ပြီး ဝမ်ပေါင်လဲ့ကို မမြင်ချင်ယောင်ဆောင်လိုက်သည်။

“ ထိပ်ပြောင်ချန်း… တစ်ရပ်တစ်ကျေးမှာ မျက်နှာသိနဲ့ တွေ့တယ်ဆိုတာ ဒါပေါ့ဗျာ… မင်းက ဘာလို့ အင်္ဂါဂြိုလ်ပေါ်ကို ရောက်နေရတာလဲ ”
ဝမ်ပေါင်လဲ့သည်လည်း လီဝူချန်းကို ထိုနေရာတွင် တွေ့ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။ သူသည် ရယ်မော၍ လက်ပြနှုတ်ဆက်လိုက်သည်။

“ ဘာလို့လဲ.. ဒီဂြိုလ်တစ်ခုလုံးက မင်းရဲ့အိမ်မလို့လား။ ငါအလည်လာတာကို ဘာလို့ မင်းကို အကြောင်းကြားနေရမှာလဲ ”
လီဝူချန်းသည် အေးစက်စက်ပြန်ပြောလိုက်သည်။ သူသည် ကျောင်းတော်မှ ထွက်လာသည်မှာအတော်ကြာပြီဖြစ်၍ အဘယ်ကြောင့် ဝမ်ပေါင်လဲ့ အင်္ဂါဂြိုလ်ပေါ်သို့ ရောက်နေခြင်းဖြစ်ကြောင်းကို သူမသိပေ။ သူသည် လကမ္ဘာပေါ်တွင် ဖြစ်ပျက်ခဲ့သည်များကိုတော့ ကြားခဲ့လေသည်။ သူသည် သူ၏လက်ရှိရာထူးကို အမှတ်ရသွားသဖြင့် မျက်ဝန်းများထဲတွင် ဝင့်ဝါသောအရိပ်အယောင်တစ်ချက် လက်သွားသည်။ သူသည် ဝမ်ပေါင်လဲ့ကို လျစ်လျူရှုလိုက်ပြီး တိုက်ပွဲဝင်ပုဆိန်ဟိုတယ်အတွင်းသို့ ဝင်သွားလိုက်၏။

‘ သူက ငါ့ကိုအထင်သေးနေတာလား ’
ဝမ်ပေါင်လဲ့ စူးစူးဝါးဝါးကြည့်လိုက်သည်။ သူသည် သူ၏ဟိုတယ်အတွင်းသို့ ဝင်သွားသည့် လူငယ်လေးကိုကြည့်လိုက်ပြီး မျက်ခုံးတစ်ဖက်ပင့်လိုက်လေတော့သည်။

Comment

  1. uuzin557 says:

    ၀ယ်လို့မရဘူးဖြစ်နေတယ်22က

Leave a Reply

Options

not work with dark mode
Reset