Switch Mode

အပိုင်း(၆၄၁)

အလှည့်

သည်နှစ်နှစ်ကာလ အတွင်း၌ ရီဖူရှင်းက ပညာရပ်များစွာကို တီထွင်ခဲ့သည်။ မီးတောက်ဖြူ၊ လျှပ်စီးနတ်ဘုရား၏ဒေါသ၊ ကောင်းကင်အေးခဲ ပညာရပ်၊ နတ္ထိနယ်တို့က သူကိုယ်တိုင် တီထွင်ထားသော ပညာများ ဖြစ်ကြသည်။

ပုံမှန်အားဖြင့် ရီဖူရှင်းက သိုင်းပညာတွင် များစွာ သိနားလည်ခြင်း မရှိပေ။ သူက ကောင်းကင်ဘုံကိုးဆင့် ရိုက်ချက်ကိုသာ အဓိကထား လေ့ကျင့်ပြီး ထိုပညာရပ်ကလည်း အကောင်းဆုံးသော သိုင်းပညာဖြစ်သည်။ သူက ကောင်းကင်ဘုံကိုးဆင့် ပညာရပ်အား နားလည်ဆင်ခြင်ရန် တစ်ခုတည်းသာ လိုအပ်ပေသည်။

ကြယ်ကြွေလက်ဝါးကား ရှီတန်ခိုးရှင် ထောင်ကျန်းထံမှ သင်ယူခဲ့သော သိုင်းပညာများကို နားလည်ဆင်ခြင်ကာ အသစ် တီထွင်ထားသော ပညာရပ်တစ်ခုလည်း ဖြစ်သည်။ သိုင်းပညာစွမ်းအားက ထိုလက်ဝါးရိုက်ချက်တွင် ပေါင်းစပ်ပါဝင်နေသည်။ ကြယ်တာရာ ကောင်းကင်တွင် သူ၏ လက်ဝါးရိုက်ချက်တိုင်းက ကြယ်ကြွေတစ်စင်းလို ရန်သူထံသို့ ပစ်လွင့်သွားသည်။

ထိကန်း ဆင့်ခေါ်ထားသော နတ်ငှက်အား အလွန် အားကောင်းသော တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားရာ သူ့ထံ ကျဆင်းလာသော ကြယ်ကြွယ်လက်ဝါးများကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်စေသည်။ သို့သော်လည်း လက်ဝါးရိုက်ချက်များ ကလည်း မဆုံးနိုင်သော ရေလှိုင်းများလို ဝင်လာနေသည်။

ထိကန်းက မျက်မှောင်ကြုတ်ကာ ရှေ့ကို အလင်းတန်း အသွင်ဖြင့် တိုးဝင်သွားသည်။ ရီဖူရှင်းက မည်မျှ အားကောင်းသည်က ပြဿနာမရှိပေ။ ထိကန်း၏ လမ်းကြောင်းတစ်လျှောက် ကြယ်ကြွယ်လက်ဝါးများ အားလုံးက ပြိုပျက်ရသည်။

ထိုစဉ်မှာပင် ရီဖူရှင်း၏နောက်မှ ဧရာမ သက်စောင့်ဝိညာဉ်တစ်ခု ပေါ်လာသည်။ ထိုအရာကား နတ်လူဝံကြီးဖြစ်၏။ မာန်သွင်းသံ တစ်ချက်က ကောင်းကင်တစ်ခွင်ကို လှုပ်ယမ်းသွားစေသည်။ ထိုအခိုက်မှာပင် ရီဖူရှင်းက လက်သီးများကို တင်းတင်းဆုပ်၍ ရှေ့ကို တိုးဝင်သွားသည်။ နတ်လူဝံကလည်း သူ့နောက်မှ လိုက်သည်တွင် လေဟာနယ်ကပါ ဝုန်းဒိုင်းကြဲကာ ပြိုလဲရ၏။ ရီဖူရှင်းက လက်ဝါးဖြင့် ရိုက်ထုတ်သည်တွင် တကယ့်ကြယ်တာရာ အစစ်အမှန်က ရီဖူရှင်းထံမှ ထွက်ပေါ်လာသည့်အလား ထင်မှတ်ရသည်။ ထိကန်းကလည်း ကြယ်ကြွယ်လက်ဝါးကို သူ၏လက်ဖြင့် ဆီး၍ ဖမ်းသည်။ ဝုန်းခနဲမြည်သံနှင့်အတူ ထိကန်းက နောက်ကို ဆယ်ပေခန့် လွင့်စဉ်သွား၏။ မျက်မှောင်ကြုတ်ကာ ထိကန်းက ဟန်ချက်ကို ထိန်းလိုက်သည်။ ပရိသတ်များ အားလုံးက တိတ်ဆိတ် သွားကြသည်။ ထိကန်းအား ရီဖူရှင်းက အမှန်ပင် လွင့်စဉ်အောင် တိုက်ခိုက်ခဲ့သည်။

လွန်စွာ မြင့်မားသော စွမ်းဆောင်ရည်နှင့် လူငယ်ကား ထိုနေရာတွင် ရပ်နေလျှင် မရေမတွက်နိုင်သော လူများက သူ့ကို အထင်ကြီး လေးစားစွာ ကြည့်ကြသည်။ ရီဖူရှင်းက တန်ခိုးအဆင့် တက်သွားသည့်တိုင် သူကား တတိယတန်းစား နိုဘယ်မျှသာ ရှိသေးသည်။ သို့သော်လည်း ရီဖူရှင်းက ထိကန်းကို နောက်ဆုတ်အောင် တိုက်ခိုက်နိုင်စွမ်း ရှိနေသည်။

ထိကန်း၏ အမူအရာကလည်း ပြောင်းလဲသွားသည်။ သည်ပွဲက ရီဖူရှင်းကို အလွယ်တကူ နင်းခြေကာ ပြီးဆုံးသွားမည်ဟု သူယူဆခဲ့သည်။ ယခုကဲ့သို့ တဖြည်းဖြည်း ခက်ခဲလာမည်ဟု သူလုံးဝ မထင်ထားပေ။

ယူစီက တိုက်ပွဲကို တိတ်ဆိတ်စွာ ကြည့်နေသည်။ အာခီမီမြို့ကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာသည့် အလျောက် သိုင်းပညာက အရာခပ်သိမ်း၏ အုတ်မြစ်ဟု သူကိုယ်တိုင်လည်း ယုံကြည်ထားသည်။ ယခု တော်ဝင်ကျဲနန်းတော်မှ တပည့်တစ်ယောက်က အာခီမီမြို့ကို စွမ်းအားကြီးစွာ ရောက်လာကာ ထိကန်းပင်လျှင် ထိုလူငယ်ကြောင့် တုန်လှုပ်ရသည်။

ထိကန်းက ခေါင်းမော့ကာ ရီဖူရှင်းကို ပြောသည်… “အခုကစပြီး မင်းက ဒုတိယ အခွင့်အရေး ရတော့မှာ မဟုတ်ဘူး…” သူက ထိုသို့ပြောလျှင် သူ့နောက်၌ ရွှေရောင် သီးသန့်နယ်တစ်ခု ဖြစ်လာသည်။ ထိုအရာက သူ၏ သက်စောင့်ဝိညာဉ်လည်း ဖြစ်၏။ အားလုံးက ထိကန်း၏စကားကို နားလည်ကြသည်။ သူက တိုက်ပွဲကို အမှန်တကယ် အားထုတ်၍​ တိုက်ခိုက်တော့မည်။ သည်မတိုင်ခင် သူက သိပ်အလေးအနက် မထားခဲ့ဟု ဆိုလိုသည်။ တတိယတန်းစား နိုဘယ်က သူ၏ရှိရှိသမျှသော စွမ်းအားများကို ထုတ်သုံးရအောင် တွန်းအားပေး နိုင်ခဲ့မည်ဟု ထိကန်းလည်း မထင်ထားခဲ့ပေ။

“မင်းက အစကတည်းက ဘာအခွင့်အရေးမှ မရှိခဲ့ဘူး…” ရီဖူရှင်းကတည်း တူညီစွာပင် ပြန်ပြောသည်။ စကားအားဖြင့် ကြွားဝါခြင်းကား လွယ်သည်။

ရွှေရောင်သီးသန့်နယ်တွင် အလွန်လင်းလက်သော နေမင်း စစ်ရထားတစ်စင်း ပေါ်လာသည်။ ချက်ချင်းပင် အလွန်ထက်ရှသော စွမ်းအင်များ လေဟာနယ်ကို ဖုံးလွှမ်းသွား၏။ စစ်နန်ရထားက နတ်ဘုရား၏ လက်မောင်းများဖြင့် တည်ဆောက်ထားဟန်ရကာ နောက်တွင် နေမင်းက ထွန်းလင်းနေပြီး သေသေချာချာ ကြည့်ပါက နေမင်းအား နတ်မီးငှက်က ဗဟိုပြု တောက်လောင် နေသည်ကို မြင်ကြရမည် ဖြစ်သည်။

“သွား…” ထိကန်းက ပြောသည်တွင် သူ၏ သက်စောင့်ဝိညာဉ်က မီးလျှံများ ဖုံးလွှမ်းသွားသည်။ သိုင်းပညာအသိက သီးသန့်နယ်တွင် ပေါ်လာကာ အာခီမီကွင်းက ရှေးဟောင်းစစ်မြေပြင် အဖြစ် ပြောင်းလဲသွားသည်။ ကောင်းကင်တွင် နေမင်းပေါ်လာပြီး နေမင်း၏မီးငှက်က အော်ဟစ်သည်။ ပြန့်ကျဲခြောက်သွေ့နေသော စစ်မြေပြင်က အရာခပ်သိမ်းကို ဖျက်ဆီးနိုင်သော ခံစားချက်ကို ပေးသည်။ တစ်ချိန်တည်းမှာပင် ရီဖူရှင်းထံသို့ စစ်ရထား အများအပြား တိုးဝင်သွားကြသည်။ ထိကန်းက ဖျက်ဆီးနိုင်သော သိုင်းပညာအသိ စွမ်းအားတစ်ခုကို ဖန်ဆင်းခဲ့သည်။

ထိကန်းအား ကြည့်နေရင်း ရီဖူရှင်း၏ ခန္ဓာကိုယ်တွင် နတ်ဘုရား အလင်းတန်းသုံးခု ဖြစ်ပေါ်လာသည်။ ချက်ချင်းပင် နေမင်းနှင့် လမင်းတို့က ကောင်းကင်တွင် ကြယ်တာရာများနှင့်အတူ ပေါ်လာသည်။ နတ်ငှက်အပါအဝင် များပြားသော သက်စောင့် ဝိညာဉ်များကို ကြည့်ကာ အားလုံးက ထိတ်လန့်ကြရသည်။ သူ့တွင် သက်စောင့်ဝိညာဉ် မည်မျှရှိသနည်း။

လီဖူတုကလည်းက စိတ်လှုပ်ရှားစွာ ကြည့်သည်။ ရီဖူရှင်းက ကု့ချင်းဝိညာဉ်ကိုလည်း ထုတ်လွှတ်ဖူးသည်။ ရီဖူရှင်းက ဓာတ်စွမ်းအားမျိုးစုံ၏ သက်စောင့်ဝိညာဉ်များကို ပိုင်ဆိုင်ထားသည် များလား…။

မဆုံးနိုင်​သော ရွှေရောင်မီးတောက်များ သူ့ထံသို့ လှမ်းလာသည်ကို ရီဖူရှင်းမြင်သည်။ နေမင်း၊ လမင်းနှင့် ကြယ်များက သူ့နောက်တွင် ထွန်းလင်းကာ သူ့အပေါ်ကို ဖျန်းပက်လျှင် ထူးဆန်းသော စိတ်စွမ်းအား တစ်ခုကို ပေးသည်။ ရီဖူရှင်းက အလင်း၏ဗဟိုချက်မတွင် တည်ရှိကာ သန့်စင်သော မီးတောက်ဖြူက စတင် လောင်ကျွမ်းသည်။ မီးတောက်ဖြူကား သူ့ထံကို စီးဆင်းလာသော ရွှေရောင်မီးလျှံများကို ဖမ်းဆီးကာ ရီဖူရှင်းထံကို ကျဆင်းလာခြင်းမှ ကာကွယ် တားဆီးပေးသည်။

စစ်ရထားများက ရီဖူရှင်းထံသို့ ဖျက်ဆီးအား ကောင်းစွာဖြင့် အဆက်မပြတ် ကျဆင်း လာနေကြသော်လည်း မီးတောက်ဖြူ၏ လက်အောက်တွင် ပြာမှုန့်ဘဝသို့ ပြောင်းသွားကြရသည်။ သို့သော်လည်း အစစ်အမှန် စစ်ရထား ဆင်းသက် လာသောအခါ ကောင်းကင်ကပင် ပြိုဆင်းလာသည်ဟု ထင်မှတ်ရသည်။ ထိကန်းကား စစ်ရထားကို ကိုယ်တိုင် မောင်းနှင်လာကာ နေမင်း၏ မီးငှက်ဝိညာဉ်က သူ့နောက်တွင် ပါလာသည်။ အလင်းတန်းက ရီဖူရှင်းအပေါ်ကို ကျဆင်းလာကာ ရီဖူရှင်း၏ အရံအတားများကို ဖျက်ဆီးရန် ကြိုးစားကြသည်။

ထိုမျှကြောက်မက်ဖွယ် စွမ်းအား ဆင်းသက်လာသည်တွင် သူ့ထံကို မရောက်သေးသော်လည်း ရီဖူရှင်းက ကြောက်မက်ဖွယ် ကောင်းသော ဖျက်ဆီးအားကို ခံစားမိသည်။ သူကလည်း အရံအတားကို အဆုံးစွန်အထိ မြှင့်တင်ကာ လက်ဝါးဖြင့် အဆက်မပြတ် ရိုက်လိုက်သည်။ သူ၏လက်ဝါး တစ်ချက်တိုင်းက ပတ်ဝန်းကျင်၏ နယ်ပယ်အသိနှင့် ပေါင်းစပ်ကာ အားကောင်းသော အရှိန်အဟုန်ကို တည်စေပြီး ဧကရာဇ်တစ်ပါး၏သိုင်းပညာသိနှင့် သဏ္ဌာန်တူသော တစ်စုံတစ်ခုအား ဖြစ်ပေါ်စေသည်။

နတ်လူဝံထံမှ ပိုမိုအားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာနေသည်။ စစ်ရထားက ကောင်းကင်မှ​ ဆင်းသက်လာသည်တွင် နတ်လူဝံကလည်း ပတ်ဝန်းကျင်မှ စွမ်းအားများကို စုစည်းလျက် ကြယ်ကြွေလက်ဝါးဖြင့် ရိုက်သည်။ ကြယ်ကြွယ်ဟန် အလင်းတန်းများက သူ့ထံ ဆင်းသက်လာသော စစ်ရထားကို တိုက်ရိုက် တိုးဝင်သွားကြကာ တစ်ချိန်တည်းမှာပင် အလွန်ကြီးမားသော လက်ဝါးတံဆိပ်တော် တစ်ခုလည်း နောက်မှ လိုက်ပါသွားသည်။ ကြယ်ကြွေများစွာက စစ်ရထားနှင့် ရင်ဆိုင်မိသည်တွင် ပေါက်ကွဲမှုများစွာ ဖြစ်ပေါ်သည်။ နောက်ဆုံး လက်ဝါးတံဆိပ်တော်နှင့် စစ်ရထားတို့ ရင်ဆိုင်မိသည်တွင် စူးရှသော အလင်းပေါက်ကွဲမှု တစ်ခုနှင့်အတူ ကောင်းကင်တစ်ခွင်လုံး ပေါက်ကွဲ လောင်ကျွမ်းသည်။ ပရိသတ်များကား အလွန်အမင်း ထိတ်လန့်ကြရသည်။ သည်ကဲ့သို့ အဆင့်မြင့်တိုက်ပွဲကို ကြည့်ကာ သူတို့အားလုံး မှင်တက်ငေးမော ကြရသည်။ ပထမတန်းစား နိုဘယ်များပင် သည်နှစ်ယောက်ကဲ့သို့ အားကောင်းမည် မဟုတ်ပေ။

စစ်ရထားက ပျက်စီးသွားကာ ထိကန်းကား နောက်ကို တစ်ဖန် ပြန်လည် လွင့်စဉ်သွားသည်။ သူက ခေါင်းမော့ကာ ရီဖူရှင်းကို ကြည့်သည်။ တိုက်ပွဲမစမီက မည်သည့်နိုဘယ်ကမှ သူ့ကို မယှဉ်နိုင်ဟု မောက်မာစွာ ကြွေးကြော်ခဲ့ဖူးသည်။ ထိုအရာက မျက်ကန်းယုံကြည်မှု တစ်ခုမဟုတ်ဘဲ မိမိကိုယ်ကို သိနားလည်သော ယုံကြည်ခြင်းမျိုး ဖြစ်သည်။ သို့သော်လည်း တော်ဝင်ကျဲနန်းတော်မှ တပည့်ကား သူ၏ယုံကြည်မှုကို တဖြည်းဖြည်း ပျက်ပြားလာအောင် စွမ်းဆောင်နေသည်။ ထိကန်းသာမဟုတ် အားလုံးက မထင်မှတ်ထားသော အခြေအနေကို လက်ခံနေရသည်။ စုချွဲနှင့် တခြားလူများပင် ရီဖူရှင်း ဤမျှ စွမ်းနိုင်မည်ဟု မထင်ကြပေ။

“၂နှစ်တာ ကာလအတွင်းမှာ သူက တော်ဝင်ကျဲနန်းတော်ရဲ့ လျှို့ဝှက်ဘုံတွေ၊ ရှေးဟောင်း နယ်မြေတွေကို ဖွင့်လှစ်ခဲ့ပြီးတော့ ဘယ်စိန်ခေါ်ပွဲကိုမှ လက်မခံခဲ့ဘူး…” ကျောင်းလီက ထိတ်လန့်စွာ ပြောသည်… “ရှေးဟောင်းနယ်မြေနဲ့ ပတ်သက်ရင် သူ ကျွမ်းကျင်တာကို အားလုံးက သိကြတယ်… ဒါကြောင့် လူသစ်တွေတော်မှ သူ့ဆီက အကြံအဉာဏ်တွေ အတွေးအကြံတွေ သွားရောက် တောင်းခံကြရတယ်… ဒါပေမဲ့ သူက ဒီလောက် အားကောင်းလာတယ် ဆိုတာကတော့ မယုံကြည်နိုင်စရာပဲ…” သူကိုယ်တိုင်ကလည်း ရီဖူရှင်းထံကို သွားရောက် အကြံတောင်းခံ သူများထဲတွင် ပါသည်။ ဖီးနစ်ကလည်း ထိုနည်းတူပင်။ ထို့ကြောင့်ပင် သူတို့အကြား ရင်းနှီး ကျွမ်းဝင်ခဲ့ကြသည်။

“သူ့မှာ ဒီလို များပြားလှတဲ့ စွမ်းရည်တွေအပြင် ထောင်ကျန်းခန္ဓာနဲ့ ကိုယ်တိုင်ရှာဖွေ တွေ့ရှိထားတဲ့ နားလည်မှုတွေကို သူ့စွမ်းအားတွေထဲ ပေါင်းစပ် ထားနိုင်သေးတယ်…” ကျွေ့ချိန်ချူက ပြောသည်။ အားလုံးက သဘောတူကြသည်။ ရီဖူရှင်းက သူ၏ကိုယ်ပိုင် သီးသန့်နယ်များကို ပေါင်းစပ်ကာ ပိုမိုဆန်းသစ်ကာ အားကောင်းသော သီးသန့်နယ် အသစ်များအား တည်ဆောက်နိုင်ခဲ့ပုံ ရသည်။ ထို့အတူ သူ၏ကြယ်တာရာ စွမ်းအားနှင့် လိုက်လျောညီထွေသော တိုက်ခိုက်ရေး ပညာရပ်များကိုလည်း တီထွင်ထား၏။

ဤသို့သော ပါရမီကား အကောင်းဆုံးထဲတွင် ရှိသည်။ သူက စီမင်ဟန်ကျင့်နှင့်ပင် ယှဉ်နိုင်လောက်ပေပြီ။ ထိကန်း ထုတ်ဖော်သော စွမ်းရည်ကား စီမင်ဟန်ကျင့်ထက် မနိမ့်ပေ။

သည်တိုက်ပွဲကို ကြည့်ကာ ကျန်းကျိချင်၊ ပိုင်ရီနှင့် ယန်ချူတို့ အားလုံးက ဆွံ့အကြရသည်။ ရီဖူရှင်းက ဤမျှ အားကောင်း လာမည်ဟု မထင်ထားကြပေ။

“ထိကန်းက ခက်ခက်ခဲခဲ တိုက်ခိုက်နေရတဲ့ပုံပဲ…” ချူကျိက ရယ်မောကာ မှတ်ချက်ချသည်။ ထိခိုင်၏အမူအရာက အနည်းငယ် အရုပ်ဆိုးသွားကာ သူကိုယ်တိုင်ကလည်း ထူးဆန်းသော ခံစားချက်ကို ရနေသည်။ ရီဖူရှင်းကား သူထင်ထားသည်ထက် အားကောင်းနေသည်။ ရီဖူရှင်းထံမှ ထုတ်လွှတ်သော စွမ်းအားများက တတိယတန်းစား နိုဘယ်တစ်ယောက်တွင် ရှိသင့်သော စွမ်းအားများ မဟုတ်ပေ။ ပထမတန်းစား နိုဘယ်ပင် ထိုမျှ အားမကောင်းနိုင်။ သို့သော်လည်း နောက်ဆုံး အနိုင်ရသူက ထိကန်းဖြစ်မည်ဟု သူယုံသည်။

“ဒါက မင်းယုံကြည်မှု ရှိနေတာပေါ့… ဟုတ်လား…” ရီဖူရှင်းက ထိကန်းကို မေးသည်။ ထိကန်းက ရီဖူရှင်းကို ဒေါသတကြီး ကြည့်သည်တွင် ရီဖူရှင်းက ဆက်ပြောသည်…”မင်းက ငါနဲ့ တန်ခိုးအဆင့်တူဆိုရင် ငါ့ပြိုင်ဘက်တောင် ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ ယုံပြီလား… အခု ငါ့အလှည့်ပဲ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset