Switch Mode

အပိုင်း(၆၄၀)

ဖိအားကိုအသုံးပြု၍ အဆင့်တက်ခြင်း

ထိကန်းက ကောင်းကင်တွင် ဝင့်ကြွားစွာ ရပ်နေသည်။ ကြောက်မက်ဖွယ် ကောင်းသော ပြိုင်ဘက်ကင်း တိုက်ခိုက်ရေး စွမ်းအားနှင့် ခုခံရေး စွမ်းအားတို့ကို ပိုင်ဆိုင်သော မီးရွှေငှက်ရှိသည်။ ထို့အပြင် တိုက်ခိုက်စဉ် မီးရွှေငှက်က အရာခပ်သိမ်းကို ကုတ်ခြစ် ဆုပ်ဖြဲနိုင်စွမ်း ရှိသည်။ ထို့ကြောင့် ထိကန်းက ရီဖူရှင်း၏ခိုင်ခံ့ပါသည် ဟူသော ကြယ်တာရာသီးသန့် နယ်ကိုပင် ထွင်းဖောက်နိုင်ခြင်း ဖြစ်သည်။

ထိကန်းက ရှေ့ကို ဆက်လက် တိုးဝင်သွားသည်။ ထိုစဉ်မှာပင် စွမ်းအားလှိုင်းတစ်ခု ရီဖူရှင်းထံမှ ဖြာထွက်လာကာ အလင်းတန်းလေးခု အဖြစ် ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်ကို စီးဆင်း လှည့်ပတ်သွားသည်။ သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားသော စွမ်းအားများကလည်း ယခင်ကထက် ပိုမိုအားကောင်း လာနေသည်။

“ဒါက ရှီတန်ခိုးရှင် ထောင်ကျန်းရဲ့ ခန္ဓာကိုယ် လေ့ကျင့်နည်းစနစ်ပဲ… ဒါ ခန္ဓာကိုယ်ရဲ့ ဖြစ်နိုင်ဖွယ် စွမ်းအားတွေကို နိုးထစေတယ်…” ယန်ကျွမ်က ရီဖူရှင်းကို ကြည့်ကာ ရှင်းပြသည်။ ရှီတန်ခိုးရှင် ထောင်ကျန်းကား ကောင်းကင်မြေရိုင်း အဆင့်၇တွင်ရှိကာ မြေရိုင်းပြည်နယ်၏ အတော်ဆုံး ခန္ဓာကိုယ် လေ့ကျင့်သော ပညာရှင်ဖြစ်သည်။ ရီဖူရှင်းနှင့် ယူချင်းတို့က သူ၏တပည့်များ ဖြစ်ကြသည်။

မာန်သွင်းသံ တစ်ချက်နှင့်အတူ အလင်းတန်းလေးခုက ရီဖူရှင်း၏ ခန္ဓာကိုယ်ထဲမှ ထွက်လာကြသည်။ သွေးကြောမလေးခုက တစ်ချိန်တည်းမှာပင် အသက်ဝင် လာကြသည်။ ချက်ချင်းပင် ပတ်ဝန်းကျင်မှ စွမ်းအားများ အားလုံးက ပိုမိုအားကောင်း လာနေသည်။ ရီဖူရှင်းကား လွန်ခဲ့သော သုံးနှစ်ကတည်းက စိတ်စွမ်းအား သီးသန့်နယ်များကို ပေါင်းစပ်နိုင်စွမ်း ရှိနေပြီး ဖြစ်သည်။ ထိုသီးသန့်နယ်များကား သိုင်းပညာနှင့် မှော်ပညာကို ပေါင်းစပ် ဖန်တီးထားခြင်း ဖြစ်သည်။ သူက သွေးကြောမလေးခုကို ဖွင့်လှစ် အသက်ဝင်စေသောအခါ ရီဖူရှင်း၏ ခန္ဓာကိုယ်က အဆုံးစွန်သော စွမ်းအားကို ပိုင်ဆိုင်ရသည်။ သူ၏လက်များနှင့် ခြေများက ကြီးမားသော ခွန်အားကို ရရှိကာ သူကား ထိုခွန်အားများကို တစ်နေရာရာတွင် ပေါက်ကွဲလိုသော စိတ်ဆန္ဒများကြီးစွာ ဖြစ်ပေါ်လာနေသည်။

ထိကန်းက ရီဖူရှင်းကို အေးစက်စွာ ကြည့်သည်။ ခံစားချက် ကင်းမဲ့စွာဖြင့် သူက ရွှေရောင် အလင်းတစ်ချက်နှင့်အတူ ခုန်လွှားလာသည်။

“ကောင်းကင်အေးခဲ ပညာရပ်… နတ္ထိနယ်…” ရီဖူရှင်းက ကြိမ်းဝါးသည်တွင် ချက်ချင်း ကျယ်ပြောသော လေဟာနယ်က ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားကာ သဘာဝ စွမ်းအင်များက ရုန့်ရင်းစွာ လှည့်ပတ်ကြသည်။ တိုက်ပွဲကွင်းပြင် တစ်ခုလုံးက ရီဖူရှင်း၏ စိတ်အသိနယ်ထဲကို ကျဆင်းသွားဟန်ရကာ ကောင်းကင် တစ်ခွင်လုံးက တင်းမာသွား၏။

“ကွဲစမ်း…” ထိကန်းက အေးစက်စွာ ပြောသည်။ ထိပ်သီးနိုဘယ် တစ်ယောက်ဖြစ်သော ထိကန်း၏ စိတ်စွမ်းအားက ကြီးမားပေ၏။ မီးနတ်ငှက်က ကောင်းကင်ကို ထက်ခြမ်းခွဲကာ တိုက်ပွဲကွင်းပြင် တစ်ခုလုံးကို ဖုံးအုပ်သွားသည်။ အဆုံးမဲ့သော မီးတောက် အတောင်ပံများက တိုက်ပွဲကွင်း အတွင်းမှ အရပ်ခပ်သိမ်းကို အစိတ်စိတ် အပိုင်းပိုင်း ဖြစ်စေ၏။ မီးငှက်က ရီဖူရှင်းထံကို တိုက်ရိုက် ဆင်းသက်လာသည်။ ရီဖူရှင်းက ကြောက်မက်ဖွယ် ကောင်းသော နိုဘယ်အသိကို ပိုင်ဆိုင်ထားသည့်တိုင် ထိကန်းအတွက် ကြီးမားသော သက်ရောက်ခြင်း မရှိပေ။

ရီဖူရှင်းက နဂါးတစ်ကောင်၏ သန်စွမ်းမှု၊ လူဝံကြီး၏ ကြံ့ခိုင်သန်မာမှုနှင့်ခွန်အား၊ နတ်ငှက်၏ မြန်ဆန်မှုတို့ကို ပိုင်ဆိုင်သည်။ ထိကန်း၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် လျှပ်စီးများက ရီဖူရှင်း၏ ခန္ဓာကိုယ်ကို စီးဆင်းသွားပြီး အက်ကွဲသံ တစ်ချက်နှင့်အတူ ရွှေရောင်နွယ်ပင်များက ထိကန်းထံကို တိုးဝင်သွားသည်။ သို့သော်လည်း ထိကန်းက နွယ်ပင်များကို အစိတ်စိတ် အပိုင်းပိုင်း ဖြတ်တောက်ကာ ဆက်လက် တိုးဝင်လာသည်။ ထိကန်းက အလွန် အားကောင်းသည်မှာ သေချာ၏။

နတ်ငှက်၏အတောင်ပံများ လှုပ်ခတ်မှုနှင့်အတူ ရီဖူရှင်းက ထိကန်းထံသို့ ခုန်ဝင်သွားသည်။ သူ၏ခန္ဓာကိုယ်ကလည်း ကြီးမားသော စွမ်းအားများကို သယ်ဆောင်လာ၏။ သူက ထိကန်းထံသို့ မာန်တစ်ချက်သွင်းကာ လက်သီးဖြင့် ထိုးနှက်သည်တွင် လျှပ်စီးနတ်ဘုရား၏ စွမ်းအားများက အလွန်အမင်း ထိတ်လန့်ဖွယ် ကောင်းလှ၏။

သူက အမှန်ပင် ထိကန်းနှင့် မျက်နှာချင်းဆိုင် တိုက်ခိုက်နေသည်။ လူအုပ်က အံ့အားသင့်ကြရသည်။ သူတို့၏ အသည်းစိုင်များ လှုပ်ခတ်ကြရ၏။ ရီဖူရှင်းက မိမိကိုယ်ကို ကြုံကြည်မှု ရှိလွန်းဟန် ရသော်လည်း သူ၏စွမ်းအားကလည်း အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူထုတ်လွှတ်သော စွမ်းအားက ပထမတန်းစား နိုဘယ်များထက်ပင် အားကောင်းပေသည်။

“နတ်သမီးနန်းတော်မှ ချူကျိက ပြုံးလျက်ပြောသည်…” သူက သူ့ရဲ့ ကိုယ်ပိုင်သီးသန့် နယ်အသိကို ဖန်တီးခဲ့ပြီးတော့ ကိုယ်ပိုင်မှော်ပညာနဲ့ သိုင်းပညာကို ရှီတန်ခိုးရှင် ထောင်ကျန်းရဲ့ ခန္ဓာကိုယ် လေ့ကျင့်နည်းစနစ်နဲ့ လိုက်ဖက်ညီအောင် အသုံးပြုနိုင်တယ်… ကြည့်ရတာ တော်ဝင်ကျဲနန်းတော်မှာ ပိုင်လွေလီလိုပဲ နောက်ထပ် ကြောက်စရာကောင်းတဲ့ ပါရမီရှင်တစ်ယောက် ထပ်ပေါ်လာတာပဲ… မြေရိုင်းပြည်နယ်ရဲ့ အကောင်းဆုံး ပညာသင်လေ့ကျင့်ရာ နယ်မြေဖြစ်နေတာ မထူးဆန်းပါဘူး…” သူမ၏တန်ခိုးအဆင့်ဖြင့် တိုက်ပွဲထဲတွင် ဖြစ်ပျက်နေသည်များကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပေသည်။

သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုက ပြင်းထန်စွာ ဆုံတွေ့ကြသည်။ ရွှေမီးငှက်နှင့် နတ်ငှက်တို့က ရုန့်ရင်းကြမ်းတမ်းစွာ တိုက်ခိုက်ကြသည်။ မီးတောက်များက အရာခပ်သိမ်းကို လောင်ကျွမ်းသော အချိန်တွင် လျှပ်စီးနတ်ဘုရား၏ စွမ်းအားများက ထိကန်းအား အဆက်မပြတ် တိုးဝင်လာကြသည်။ ထိကန်းအား ရွှေမီးငှက်ချပ်ဝတ်က ကာကွယ်ထား၏။ သူ၏နေရာတွင် ကွန်ဆွန်ရီ ဆိုပါက တစ်ချက်မှပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ဒုန်းခနဲ ခြေဆောင့်ကာ ရီဖူရှင်းက နောက်ကို ခုန်ဆုတ်သည်။ ထိကန်း၏ လက်မောင်းကလည်း လက်သီးချက်ကြောင့် တုန်ခါသွားသည်။ အလင်းများ ထိကန်း၏ ခန္ဓာကိုယ်ကို စီးဆင်းသွားကာ ရီဖူရှင်း၏လျှပ်စီးဓာတ်များကို ပြေပျောက် သွားစေသည်။

နတ်ငှက် အတောင်ပံများကို ဖြန့်လျက်ပင် ရီဖူရှင်းကလည်း နောက်ဆုတ်ရန် စိတ်ကူးမရှိဘဲ ထိကန်းထံကို ခုန်ဝင်လာသည်။ သူက လက်ကို မြှောက်လိုက်သည်တွင် အလင်းတန်းတစ်ခု ဖြစ်ပေါ်လာသည်။ နှစ်ယောက်သား ရင်ဆိုင်မိသည်တွင် ကောင်းကင်က တဝုန်းဝုန်းမြည်ကာ ရီဖူရှင်းက နောက်ကို ပြန်ကန်သွား၏။ သည်တစ်ခေါက် ထိကန်းက ရပ်နေခြင်းမရှိဘဲ ပြန်လည်၍ တိုက်ခိုက်သည်။ ရီဖူရှင်းက သူနှင့် တိုက်ရိုက် ရင်ဆိုင်တိုက်ခိုက်ရာတွင် မည်မျှ တောင့်ခံနိုင်မည်ကို သူသိလိုသည်။

ကောင်းကင်တွင် အလင်းတန်းနှစ်ခုက ရင်ဆိုင်တိုက်ခိုက် နေသည်ကိုသာ ပရိသတ်များက မြင်ကြကာ လေထုက တဝုန်းဝုန်း ပေါက်ကွဲပြီး အားလှိုင်းများက ပတ်ဝန်းကျင်ကိုပင် ပြင်းထန်စွာ ရိုက်ခတ် လာနေကြသည်။

ထိကန်း၏ တိုက်ခိုက်မှုကြောင့် အကြိမ်ကြိမ် ပြန်လည် တွန်းကန်ခြင်း ခံရသော ရီဖူရှင်း၏ခန္ဓာကိုယ်မှ သွေးများ ပိုမိုဆူပွက်လာနေပြီး အရိုးအဆစ်များ ကျိုးသံ တဖျောက်ဖျောက် မြည်လာသည်။ သူ၏ အလွန်မာကျောသော ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက သည်ကဲ့သို့သော တိုက်ခိုက်မှုအတွက် အခရာဖြစ်သည်။

“ရီဖူရှင်းက ထိကန်းနဲ့ တကယ်ပဲ ဒီလောက်အထိ ယှဉ်တိုက်နိုင်တယ်…” လူအများအပြားက ချီးကျူးလေးစား ကြရသည်။

ထိုစဉ်မှာပင် ထိကန်းက သူ၏တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။ သူ၏ အတောင်ပံများကို ဖြန့်ကာ ရီဖူရှင်းအား စိုက်ကြည့်လျက်ပင် ထိကန်းက ပြောသည်… “မင်းက ငါ့တိုက်ခိုက်မှုကို ဒီလောက်အထိ သည်းခံနိုင်တာ တော်တော် အားကောင်းတယ် ပြောရမယ်… မင်းက မောက်မာဖို့ အကြောင်းပြချက် ကောင်းတွေ ရှိတယ်… ဒါပေမဲ့ ငါ့ကို မီဖို့တော့ တော်တော် လိုသေးတယ်…”

သူ၏စကား ဆုံးသည်နှင့် ထိကန်းတွင် များစွာသော မီးငှက်များ ပေါ်လာကြသည်။ ကျယ်လောင်စွာ အော်ဟစ်သံ တစ်ချက်နှင့်အတူ မီးငှက်က ကောင်းကင်မှ ပျံဝဲဆင်းလာကာ ရီဖူရှင်းထံသို့ ပြေးဝင်လာသည်။ ရီဖူရှင်း၏နောက်မှ နတ်ငှက်ကလည်း ကောင်းကင်ပေါ်ကို ကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သို့သော်လည်း ဧရာမမီးငှက်၏ လက်သည်းများက နတ်ငှက်၏ အတောင်ပံအပေါ်ကို ကျဆင်းလာကာ ရီဖူရှင်းအား ချုပ်နှောင်သည်။ တစ်ချိန်တည်းမှာပင် မီးငှက်၏ အတောင်ပံများက ဖြန့်ကြက်လာကာ ရီဖူရှင်းအား လေဟာနယ်နှင့် သီးသန့်ဖြစ်စေသည်။ ထိကန်းက ရီဖူရှင်းရှေ့ကို ဖျတ်ခနဲရောက်လာကာ ပြင်းထန်စွာဖြင့် အဆက်မပြတ် တိုက်ခိုက်သည်။ ရိုက်ချက် တစ်ချက်စီတိုင်းက ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေကာ ရီဖူရှင်းက သူ၏တစ်ကိုယ်လုံး အပိုင်းပိုင်း ပြတ်တောက် သွားတော့မည်ကဲ့သို့ ခံစားရသည်။

“ကိုးဆင့်တိုက်ကွက်…” ထိကန်းက အော်လိုက်ကာ နောက်ဆုံး ရိုက်ချက်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး အနောက်ကို လွင့်စဉ်သွား၏။

အားလုံးက ထိုမြင်ကွင်းကို အသက်ပင် ဝဝမရှူရဲဘဲ ကြည့်နေကြသည်။ ပုဂ္ဂိုလ်ကြီးများကလည်း တိုက်ပွဲကို စူးစိုက် ကြည့်နေကြသည်။ သည်တိုက်ကွက်ကား ရီဖူရှင်းကို ဒဏ်ရာ ကြီးကြီးမားမား ရစေမည်မှာ သေချာသည်။ ရီဖူရှင်းကား ကွင်း၏ထောင့်စွန်းနားသို့ အထိ လွင့်စဉ်သွား၏။ သို့သော် သူ၏ခန္ဓာကိုယ်မှ ထူးဆန်းစွာပင် ရွှေရောင် အလင်းတန်းများ ဖြာထွက် လာနေသည်။

ယူချင်း၏မျက်လုံးများ အရောင်လက် သွားသည်။ ဒါက…

ကွန်ဆွန်မိသားစုကလည်း ထိုမြင်ကွင်းကို အေးစက်စွာ ကြည့်နေကြသည်။ ရီဖူရှင်း အသတ်ခံရရန် သူတို့ လိုလားကြသည်။ သို့သော်လည်း သူတို့၏ အမူအရာများ ပြောင်းလဲ သွားကြသည်။ သည်တိုက်ခိုက်မှု အပြီးတွင် ရီဖူရှင်းက အဘယ်ကြောင့် ထရပ်နိုင်သနည်း။

“အခုလို ကူညီတာ ကျေးဇူးပဲ…” တိုးညင်းသော အသံတစ်သံ ထွက်ပေါ်လာကာ ရီဖူရှင်းက ခေါင်းမော့ကြည့်သည်။ ရှေ့ကို တစ်လှမ်း တက်လိုက်သည်တွင် အလွန်အမင်း ပြင်းထန်သော ကိုယ်ရောင်ကိုယ်ဝါ ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်မှ အလင်းတန်း ငါးခုကလည်း ပတ်ဝန်းကျင်ကို ခွဲဖြာ၍ ထွက်နေသည်။ သူ၏ခန္ဓာကိုယ်မှ ငါးခုမြောက် သွေးမကြောဖြစ်သော တာ့ယိုသွေးကြောမ ပွင့်သွားခြင်း ဖြစ်သည်။ ယခု ရီဖူရှင်းက သွေးကြောမငါးခုကို အသက်သွင်းလိုက်ပြီး ဖြစ်သည်။ ထို့အပြင် သူ၏ခန္ဓာကိုယ်မှ သိုင်းပညာ စွမ်းအင်ကလည်း တစ်ဆင့်မြင့်သွားကာ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်များ သူ၏ခန္ဓာကိုယ်တွင် ဖြစ်ပေါ်လာနေသည်။

“သူက သိုင်းပညာမှာ အဆင့်တက်သွားတယ်…” လူအများအပြားက ရီဖူရှင်းကို အံ့အားသင့်စွာ ကြည့်ကြသည်။ ရီဖူရှင်းက သိုင်းပညာနှင့် မှော်ပညာနှစ်ခုလုံးတွင် ထူးချွန်သည်မှာ သေချာသည်။ ယခု သူ့ထံမှ ထွက်ပေါ်လာသော နိုဘယ် အရောင်အဝါများအရ သိုင်းပညာနှင့် မှော်ပညာ နှစ်ခုလုံးတွင် တတိယတန်းစား အဆင့်သို့ တက်လှမ်းသွားပြီဟု ပြော၍ ရသည်။

ရီဖူရှင်းက မပြည့်စုံသော ကောင်းကင်ဘုံကျမ်းအား လေ့ကျင့်သည်။ တော်ဝင်ကျဲ နန်းတော်တွင် သူက ရှေးဟောင်း နယ်မြေများကို အသုံးပြု၍ သူ၏ခန္ဓာကိုယ်ကို လေ့ကျင့်ရာ သူ၏ခန္ဓာကိုယ်ကား အလွန်အမင်း သန်မာသည်။ ယခု သူက ခန္ဓာကိုယ်၏ အကန့်အသတ်ကို ကျော်လွန်ကာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ သူက ထိကန်းကဲ့သို့သော ပြိုင်ဘက်နှင့် တွေ့ဆုံသောအခါ သူ၏အားကောင်းသော တိုက်ခိုက်မှုများအား လေ့ကျင့်မှုအဖြစ် သဘောထား၍ ခံယူခဲ့ကာ ယခု အောင်မြင်ခဲ့သည်။

ထိကန်းက ရီဖူရှင်းကို ကြည့်ကာ သူ၏မျက်လုံးများထဲ၌ အေးစိမ့်သော အငွေ့အသက်များ ဖြတ်သန်းသွားသည်။ ရီဖူရှင်းက နောက်တစ်ဆင့်ကို တက်လှမ်းသွားသည်။ သည်ကိစ္စက တိုက်ဆိုင်သည် မဟုတ်ပေ။ ရီဖူရှင်းက တမင် ကြံစည်ခဲ့ခြင်း ဖြစ်သည်။

“ရပါတယ်… အဆုံးသတ်ကတော့ အတူတူပါပဲ…” ထိကန်းက အေးစက်စွာ ပြန်ပြောသည်။ ဧရာမမီးငှက်ကြီးက အစစ်အမှန်ပုံစံကို ပြောင်းလဲသွားသည်။ သည်ပုံစံက နတ်မီးငှက်ချပ်ဝတ်၏ နောက်ဆုံးပုံစံလည်း ဖြစ်၏။ ထိကန်းက ရီဖူရှင်းနှင့် ထပ်မံ၍ အချိန် မဖြုန်းလိုတော့ပေ။ အဆုံးအစမဲ့သော မီးတောက်များက ကောင်းကင်တွင် စတင် လောင်ကျွမ်းလာသည်။

“မှန်တာပေါ့… အဆုံးသတ်က ဘာမှ ထူးခြားမှာ မဟုတ်ဘူး…” ရီဖူရှင်းကလည်း တည်ငြိမ်စွာ ပြောသည်။ တိုက်ပွဲက မည်သို့ အဆုံးသတ်မည်ကို သူတို့နှစ်ယောက်က မတူညီသောပုံစံဖြင့် တွေးထားကြ၏။

ထိုအခိုက်တွင် ရီဖူရှင်း၏ခေါင်းထက်မှ နတ်ငှက်ကလည်း အစစ်အမှန် နတ်ဘုရားငှက်တစ်ပါး ဖြစ်သွားသည်။ တစ်ချိန်တည်းမှာပင် ဧရာမပုံရိပ်ယောင် တစ်ခုကလည်း နတ်ငှက်အတွင်း၌ ပေါ်လာသည်။ ထိုပုံရိပ်ကို ရီဖူရှင်း ဖန်တီးထားခြင်း ဖြစ်ကာ နတ်ငှက်နှင့် ပေါင်းစပ်သွားသည်။ သို့သော်လည်း တကယ့်ရီဖူရှင်းကား ရောင်စဉ်ရောင်ဝါများ တောက်ပလျက် ရှိနေဆဲဖြစ်သည်။

“ဒါက ဓမ္မခန္ဓာပဲ…” တစ်ယောက်က ပြောသည်။

“အဲဒါ ရှီတန်ခိုးရှင် ထောင်ကျန်းရဲ့ပညာဖြစ်တဲ့ ထောင်ကျန်းခန္ဓာပဲ…” ပိုမို သိနားလည်သော တစ်ယောက်က ရှင်းပြသည်။

အမှန်ပင် သည်ပညာကား ထောင်ကျန်း ခန္ဓာဖြစ်၏။ ထောင်ကျန်းခန္ဓာ၏ အခြေခံအကျဆုံးပုံစံက သက်စောင့်ဝိညာဉ်အပေါ် မှီတွယ်၍ ဖန်တီးခြင်းဖြစ်သည်။ လောကနှင့် ပိုမိုဆက်စပ် သိမြင်လေလေ သူ၏စိတ် အသိနယ်ပယ်ကလည်း ပိုမိုအားကောင်းလေ ဖြစ်သည်။

ထိကန်းက ရီဖူရှင်း၏ ထောင်ကျန်း ခန္ဓာကိုယ်ကို အေးစက်စွာ ကြည့်သည်။ တစ်ဖန် ဧရာမမီးငှက်ကြီးက ရီဖူရှင်းကို ကုတ်ခြစ်သည်။ ရီဖူရှင်း၏ ထောင်ကျန်းခန္ဓာ နတ်ငှက်ကလည်း ပြန်လည်၍ ကုတ်ခြစ်သည်တွင် တိုက်ခိုက်မှုနှစ်ခုက လေထဲတွင်ပင် ဆုံတွေ့ကြသည်။ သို့သော်လည်း ရီဖူရှင်း၏ ထောင်ကျန်းခန္ဓာကိုယ်မှ ကြယ်တာရာ အလင်းတန်းများ ဖြာထွက်လာသည်တွင် မဆုံးနိုင်သော အားအင်များ စုစည်းလာနေသည်။ ထိကန်းက သူ့ထံကို တိုးဝင်လာသည်ကို မြင်လျှင် သူကလည်း လက်နှစ်ဖက်လုံးဖြင့် လက်ဝါးရိုက်ချက်များ ထုတ်သည်။ ချက်ချင်းပင် မရေမတွက်နိုင်သော လက်ဝါးပုံရိပ်များ လေဟာနယ်တွင် ဖြစ်ပေါ်လာကာ နှစ်ယောက်သား ပြင်းထန်စွာ ရင်ဆိုင်မိသည်။

လူအများအပြားက ကောင်းကင်ကို ထိတ်လန့်စွာ ကြည့်ကြသည်။ ကြယ်တာရာ သီးသန့်နယ်ထဲတွင် လက်ဝါးပုံရိပ်များက ကြယ်ကြွယ် အလင်းများလိုပင် ထိကန်းထံသို့ တိုးဝင်နေကြသည်။ သည်ပညာကား ရီဖူရှင်း လေ့လာ တီထွင်ထားသော တိုက်ခိုက်ရေးပညာ တစ်ခုလည်း ဖြစ်သည်။ ထိုအထဲတွင် ရီဖူရှင်းက အလွန် အားကောင်းသော စိတ်အသိများ ထည့်သွင်းထားကာ သူ၏စွမ်းအား ကြီးမားသော ခန္ဓာကိုယ်ကို အခြေခံ၍ ထုတ်လွှတ်ထားခြင်း ဖြစ်သည်။ ရီဖူရှင်းက သည်ပညာအား ‘ကြယ်ကြွေလက်ဝါး’ဟု အမည်ပေးထားသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset