Switch Mode

အပိုင်း(၆၃၉)

အာခီမီမြို့၏နံပါတ်၁ ပါရမီရှင်

တော်ဝင်ကျဲနန်းတော်၏ တပည့်များအားလုံး နောက်ဆုတ်ကြသည်။ သူတို့အားလုံးက ထိကန်း၏စွမ်းရည်ကို လက်တွေ့သိမြင်ပြီး ဖြစ်သည်။ ထိကန်းကား သူတို့ထက် အမှန်ပင် အားကောင်း၏။ သူ၏ဂုဏ်သတင်းက တကယ့်လက်တွေ့ စွမ်းရည်နှင့် လိုက်ဖက်ပေ၏။  သူ၏ မယုံကြည်နိုင်ဖွယ် တိုက်ခိုက်ရေး စွမ်းရည်က တော်ဝင်ကျဲနန်းတော် ပါရမီရှင်အဆင့်မှ လူများပင်လျှင် ခက်ခဲစွာ ရင်ဆိုင်ရမည် သေချာ၏။ လီဖူတုနှင့် ကွန်ဆွန်ရီတို့ကို ထိကန်းနှင့် နှိုင်းယှဉ်ကြသော်လည်း အမှန်တကယ်တမ်းအားဖြင့် ထိကန်းက သူတို့ နှစ်ယောက်ထက် များစွာ သာလွန်ပေသည်။

ထိကန်းက လေထဲတွင် ဝင့်ကြွားစွာ ရပ်ရင်းက ချီလျန်ကို တိုက်ခိုက်နေသော ရီဖူရှင်းကို တည်ငြိမ်စွာ ကြည့်သည်။ ချီလျန်ကား အာခီမီပြိုင်ပွဲ၌ အဆင့်၄ရခဲ့သူ ဖြစ်သည်။ သူ၏တိုက်ခိုက်အရေး စွမ်းရည်ကလည်း အလွန်မြင့်မားသည်။ သို့တိုင်အောင် ရီဖူရှင်းက သူ့အား အလွယ်တကူပင် အထက်စီးမှ တိုက်ခိုက်နိုင်နေသည်။

ချီလျန်ထံမှ မီးတောက် အလင်းများက ရူးသွပ်စွာ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ထံမှ မရေမတွက်နိုင်သော ရှေးဟောင်း သင်္ကေတများ ထွက်ပေါ် လာနေကြသည်။ ထိုသင်္ကေတများက အင်း အစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ အစီအရင်၏ အလယ်၌ ဧရာမ ဓားတစ်လက်ကို မြင်ကြရ၏။ ပတ်ဝန်းကျင် တစ်ခုလုံးကို ဓားအရှိန်အဝါက ရိုက်ခတ်သွားလျှင် ရွှေရောင်အလင်းနှင့် မီးလျှံမီးတောက်များက ပေါင်းစပ် သွားကြသည်။ ထိုအခိုက်တွင် နတ်ငှက် အလားသဏ္ဌာန် တစ်ခုက ချီလျန်၏ ခန္ဓာကိုယ်ပေါ်ကို ဆင်းသက်လာသည်တွင် သူ၏အနီးလေဟာနယ်ပင် အေးခဲသွားရသည်။ ထို့နောက်သူက အလွန် အားကောင်းသော ဖိအားတစ်ခုကို ခံစားရကာ ပတ်ဝန်းကျင် တစ်ခုလုံးက အေးခဲသွား၏။

ဘုန်း… ဘုန်း… ဘုန်း… အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသော မီးတောက်များ​ပေါက်ကွဲကြကာ သူ့အနီးမှ ဖိအား သီးသန့်နယ်ကို ဖျက်ဆီးရန် ကြိုးစားကြသည်။ သို့သော်လည်း အလွန်အမင်း လေးလံကာ ပြင်းထန် အေးစက်သော အားက သူ့အား လှုပ်ရှားနိုင်စွမ်း ကင်းမဲ့စေ၏။

ချီလျန်၏ မျက်လုံးများက အေးစက်သွားသည်။ ထိုအခိုက်တွင်ပင် သူ၏ဧရာမဓားထံမှ ပြင်းထန်စွာ တုန်ခါလာကာ လေဟာနယ်ကို ခွင်းလျက် သူ့ထံကို တိုးဝင်လာသော နတ်ငှက် အသွင်သဏ္ဌာန်ထံသို့ တိုးဝင်သွား၏။

ဝှီး…

ရွှေရောင်အလင်းတန်းက မြန်ဆန်စွာပင် ဧရာမဓားကို ဖြတ်ကျော် သွားသည်တွင် ဧရာမဓားကြီးက မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် ပြိုပျက်သွားကြသည်။ သူ၏မြန်ဆန်လွန်းသည့် လှုပ်ရှားဟန်များက ထိုအစိတ်အပိုင်းများကို ရှောင်ဖယ်နိုင်စွမ်း မရှိရကား ထိုသတ္တု အစိတ်အပိုင်းများက ရီဖူရှင်းနှင့် အဆက်မပြတ် ထိရိုက်မိကြသည်။ သို့သော်လည်း ရီဖူရှင်းကို ဗဟိုထားသော နတ္ထိနယ်ကား အလွန်အမင်း သိပ်သည်းသော အရံအတား တစ်ခုလည်းဖြစ်ရာ နတ္ထိနယ်ထဲကို ရောက်လာသမျှသော အရာတိုင်းက အစအနမကျန်အောင် ကြေပျက်ကြရသည်။ ရီဖူရှင်းက မကြာမီပင် ချီလျန်ထံသို့ ဆင်းသက် လာသည်။

ချီလျန်က မာန်သွင်းလိုက်သည်။ သူ၏ခန္ဓာကိုယ်ကို အခြေခံ တည်ဆောက်မှုအဖြစ် အသုံးပြုကာ မရေမတွက်နိုင်သော ရှေးဟောင်း သင်္ကေတများက စတင်၍ ပျံ့လွင့်လာသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်မှ ဧရာမဓားကဲ့သို့ ကြီးမားထက်ရှသော စွမ်းအင်များ ဖြာထွက်လာကာ ရောက်ရှိလာသော တိုက်ခိုက်မှုအား ခုခံရန် ကြိုးစားသည်။

ဒိန်း… အလွန်ပြင်းထန်သော လျှပ်စီးပေါက်ကွဲမှုတစ်ခုက လျှပ်စီးနတ်ဘုရား ကိုယ်တိုင်က ဒေါသတကြီး တိုက်ခိုက်သည့်အလား ထင်မှတ်ရသည်။ အက်ကွဲသံတစ်ခုနှင့်အတူ ဓားက စတင် ယိုယွင်းလာသည်။ ထို့နောက်တွင် ဧရာမဓားကြီးက အစိတ်စိတ် အပိုင်းပိုင်း ကွဲအက်သွားပြီး ချီလျန်လည်း နောက်ကို လွင့်စဉ်သွားသည်။ သူက လေထဲမှာပင် သွေးတစ်ပွက်အန်ကာ မျက်နှာက စက္ကူအလား ဖြူရော်သွား၏။

“ပထမတန်းစား နိုဘယ်ဖြစ်တဲ့ ချီလျန်တောင်မှ ရီဖူရှင်းရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိဘူး…” အားလုံးက ထိတ်လန့် အံ့အားသင့်ကြရသည်။ ယခု ထိကန်းမှအပ ရီဖူရှင်းကို တားဆီးနိုင်ဖွယ်လူ မရှိတော့။

“ဒီအကောင်…” စုချွဲက ရီဖူရှင်းကို ကြည့်က ရေရွတ်သည်။ သူက ချီလျန်နှင့် တိုက်ခိုက်ခဲ့ရာ ချီလျန်၏ စွမ်းရည်များကို သူက ကောင်းကောင်း သိသည်။ ချီလျန်၏ တိုက်ခိုက်မှုများကို သူက ခုခံနိုင်စွမ်း မရှိခဲ့ပေ။

၂နှစ်ခန့် မတိုက်ခိုက်ခဲ့သော အချိန်ကာလ တစ်ခုတွင် ရီဖူရှင်းက တော်ဝင်ကျဲ နန်းတော် ပါရမီရှင် အဆင့်ဇယား၌ နံပါတ်၁၀နေရာတွင် ရှိနေဆဲဖြစ်သည်။ သို့သော်လည်း သူက ယခင်ကတည်းက အဆင့်တက်သင့်နေပြီ ဖြစ်သည်ကို အားလုံးက သိကြသည်။

ယခု အာခီမီမြို့၏နံပါတ်၁ ပါရမီရှင် ထိကန်းက ရီဖူရှင်းကို မျက်နှာချင်း ဆိုင်ရပ်သည်။

“မင်းတို့ နောက်ဆုတ်ကြ…” ထိကန်းက ရီဖူရှင်း၏ တိုက်ခိုက်ခြင်း ခံနေရသူများကို ပြောသည်။ အားလုံးက ချက်ချင်း နောက်ဆုတ် လိုက်ကြသည်။ လီဖူတုပင် နောက်ဆုတ်၏။ ရီဖူရှင်းကသာ သူ့အား တိုက်ခိုက်ပါက မည်သို့မှ ခုခံနိုင်မည် မဟုတ်ပေ။ တော်ဝင် ကျဲနန်းတော်မှ တတိယတန်းစား နိုဘယ်ကား ဒီမွန်းနတ်ဘုရား တစ်ပါးအလား ထင်မှတ်ရသည်။ အားလုံးက နောက်ဆုတ်သည်တွင် စင်ပေါ်၌ ထိကန်းနှင့် ရီဖူရှင်းတို့ နှစ်ယောက်သာ ကျန်ရစ်သည်။

သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် စိုက်ကြည့် နေကြသည်။ ထိကန်းအား မီးငှက်၏ အလင်းများ ရစ်ပတ်ထားကာ ရီဖူရှင်းက နတ်ငှက်၏စွမ်းအားများကို ထုတ်လွှတ်ထားသည်။ သူတို့ နှစ်ယောက်လုံးက သားရဲသတ္တဝါများ၏ စွမ်းအားများကို အသုံးပြုထားကြ၏။ လာမည့် တိုက်ပွဲတွင်ကား ထိကန်းကို ရီဖူရှင်းက မည်ရွေ့မည်မျှ ယှဉ်တိုက်နိုင်မည် ဟူသော မေးခွန်းကို အားလုံးက သိကြရတော့မည် ဖြစ်သည်။

ထိကန်းက ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “မင်းက တတိယတန်းစား နိုဘယ်ဖြစ်တယ်… ဒါကြောင့် ငါက မင်းကို အနိုင်ကျင့်သလို ဖြစ်နေလိမ့်မယ်… ဒါပေမဲ့ မင်းက အင်ပါယာ မိသားစုကို လက်နက်တွေနဲ့ လာပြီးတော့ ကျူးကျော် တိုက်ခိုက်ခဲ့တယ်… ဒီအတွက် ငါက မင်းကို ကိုယ်တိုင် တိုက်ခိုက်ရုံကလွဲပြီး တခြားနည်း မရှိတော့ဘူး… ဒါပေမဲ့ ငါက မင်းကို မင်းရဲ့အပြုအမူအတွက် အပြစ်ပေးတဲ့အနေနဲ့ ဒီတိုက်ပွဲမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရအောင်ပဲ တိုက်ခိုက်မယ်… မင်းက ဒီထက် တန်ခိုး အဆင့်မြင့်လာတဲ့အခါ ငါ့ဆီကို ပြန်လာပြီး စိန်ခေါ်လို့ရတယ်…” ထိကန်းက အလွန် မောက်မာသော ဟန်ပင်ဖြင့် ပြောသည်။

ထိကန်းကား နိုဘယ်အဆင့် အမြင့်ဆုံး၌ ရှိသူဖြစ်ကာ ရှီအဆင့်ကို ရောက်ရန် တစ်ဆင့်အလို ဖြစ်၏။ သူ၏ပါရမီက တခြားလူများထက် သာလွန်ကာ သူ၏ တိုက်ရိုက်ခိုက်ရည်က မြင့်မားလွန်းသည်။ သူ၏သက်စောင့် ဝိညာဉ်ကလည်း အလွန်အမင်း အားကောင်းကာ သိုင်းပညာတွင်လည်း အမြင့်ဆုံးသော စွမ်းရည်ကို ပိုင်ဆိုင်၏။ ရီဖူရှင်းမှလွဲ၍ သူ့အား တကယ်တမ်း ယှဉ်နိုင်မည့်သူ မြေရိုင်းပြည်နယ် တစ်ခုလုံးတွင် အလွန်အမင်း ရှားပါးလွန်းပေမည်။

သူ၏စကားက မောက်မာခြင်း မဟုတ်ဘဲ ယုံကြည်မှု ရှိခြင်းဖြစ်သည်။ အကယ်၍ သူကသာ ပိုင်လွေလီနှင့် တန်ခိုးအဆင့် တူညီခဲ့ပါက သူတို့နှစ်ယောက်အကြား အလွန် ကောင်းမွန်သော တိုက်ပွဲတစ်ခု ဖြစ်လာနိုင်ပေသည်။

“အရင်တုန်းက မင်းလို သူမတူအောင် မောက်မာတဲ့လူတွေ ငါအများကြီး မြင်ဖူးတယ်… လွန်ခဲ့တဲ့သုံးနှစ် ဝင်ခွင့်စာမေးပွဲတုန်းက ပိုင်စီ၊ ဒီနေ့ ဒီနေရာကို ရောက်လာတဲ့ ယန်ချူ၊ သူတို့တွေ အကုန်လုံးက မင်းလိုပဲ… နောက်ဆုံး သူတို့ရဲ့မောက်မာမှု ရလဒ်က… သူတို့ကိုယ် သူတို့ ကောင်းကောင်း သိနားလည် သွားတာပဲ…” ရီဖူရှင်းက အတိုင်းသားပြောလျှင် လူအုပ်ထဲတွင် ရှိနေသော ယန်ချူက ရှက်ရွံ့သွားသည်။ ရီဖူရှင်းက သူ့အား ပစ်မှတ်ထားကာ ဥပမာပေး ပြောဆိုခြင်းက ယန်ချူအား အလွန် အရှက်ရစေသော်လည်း တစ်ဖက်တွင် ပိုင်လွေလီ၏ပုံစံက တည်ငြိမ်နေသည်။ ရီဖူရှင်းကား အမှန်ကို ပြောခြင်း ဖြစ်သည်။ ပိုင်စီ၏ အရည်အချင်းက ရီဖူရှင်းနှင့် ယှဉ်လျှင် အလွန်အမင်း ကွာခြားပေသည်။ သူက နန်းတော်ကို ပြန်သောအခါ သည်အချက်ကို ထောက်ပြ၍ ပိုင်စီကို ပိုမိုကြိုးစား လေ့ကျင့်ရန် ပြောဆိုရပေမည်။

“ငါ့ထက် တန်ခိုး အဆင့်မြင့်တာကိုတော့ စကားထဲ ထည့်ပြောနေဖို့တောင် မလိုဘူး… ငါတို့ကသာ တန်ခိုး အဆင့်အတူတူဆိုရင် မင်းက ဒီနေရာကိုတောင် ရောက်လာမှာ မဟုတ်ဘူး…” ရီဖူရှင်းက ထပ်ပြောသည်…” ငါနဲ့ တန်ခိုးအဆင့်တူတဲ့ လူတွေက ဘယ်တုန်းကမှ ငါနဲ့တိုက်ခိုက်ဖို့ အရည်အချင်း မရှိခဲ့ကြဘူး… သူတို့က ငါ့အတွက် ဘာမှမဟုတ်သလို ငါ့ကို စကားပြောဖို့ အခွင့်အရေးလည်း မရှိကြဘူး…”

“…” အားလုံးက ရီဖူရှင်း၏ စကားကို ကြားကာ ဆွံ့အရသည်။ ထိကန်းကား သူ၏ဂုဏ်ပုဒ်ကို ထုတ်ပြောသော အချိန်တွင် အလွန်အမင်း မောက်မာ ဝင့်ကြွားခဲ့သည်။ သို့သော် ရီဖူရှင်း၏တုံ့ပြန်မှုက ပိုမိုပြင်းထန်ပေ၏။ သူ့အား တန်ခိုးအဆင့်တူတွင် ယှဉ်တိုက်နိုင်သူ တစ်ဦးမှ မရှိဟု ဆိုသည်။ ဆိုလိုသည်က သူကား တန်ခိုးအဆင့်တူ အတွင်း၌ ပြိုင်ဘက်ကင်းပေသည်။ သည်စကားက တန်ခိုးရှင် လောကတွင် အဝင့်ကြွားဆိုးသော ကြွေးကြော်မှု ဖြစ်ပေလိမ့်မည်။

“မင်းက အရှက်မရှိ ကြွားဝါတာပဲ…” အင်ပါယာမိသားစုမှ ထိခိုင်က အေးစက်စွာ ပြောသည်… “လူငယ်မျိုးဆက်ထဲ ဒီလို လေကြီးတဲ့လူမျိုး ငါ တစ်ခါမှ မမြင်ဘူးသေးဘူး…”

“သူက တော်ဝင်ကျဲ နန်းတော်ဝင်ခွင့် ပထမကို နဝမတန်းစား နိုဘယ်အဆင့်နဲ့ ရခဲ့တယ်… သူက အာခီမီဒေသက ပါရမီရှင်တွေကို တတိယတန်းစား နိုဘယ်အဖြစ်နဲ့ ချိုးနှိမ်နိုင်တယ်… သူ အနိုင်ယူခဲ့တဲ့လူတွေက သူ့ထက် တန်ခိုး အဆင့်မြင့်တဲ့ သူတွေချည်းပဲ… သူနဲ့ တန်ခိုးအဆင့် တူတဲ့လူတွေက သေချာပေါက် အခွင့်အရေးရှိမှာ မဟုတ်ဘူး…” ချူကျိက စိတ်ဝင်စားသောဟန် အမူအရာဖြင့် ပြောသည်။

“ဟင်း…” ထိခိုင်က နှာခေါင်းရှုံ့သည်… “ဒီတိုက်ပွဲမှာ သူက သင်ခန်းစာ ရလိမ့်မယ်…”

ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါနှစ်ခုက ကွင်းထဲတွင် ကွဲပြားခြားနားသော နေရာနှစ်ခုမှ ထွက်ပေါ်လာနေသည်။ ထိကန်းက ဘာမှ မပြောတော့။ ယခုတွင် စကားဖြင့် ပြောခြင်းထက် အလုပ်ဖြင့် သက်သေပြချင်းက အကောင်းဆုံး ဖြစ်သည်။

ကြောက်မက်ဖွယ် ကောင်းသော သိုင်းပညာအသိ မွေးဖွားလာသည်။ ထိကန်းကား ရီဖူရှင်းနှင့် အတော်လှမ်းသော နေရာတွင် ရပ်နေခြင်း ဖြစ်သည်။ သို့သော်လည်း ထိကန်းက လက်ဝှေ့ယမ်း လိုက်သည်နှင့် ကောင်းကင်တွင် မီးငှက်တစ်ကောင် ပေါ်လာကာ ရီဖူရှင်းထံသို့ တိုးဝင်သွားကာ လက်သည်းဖြင့် ကုတ်ခြစ်သည်။

“နတ္ထိနယ်…” ကြယ်တာရာ အလင်းက ရီဖူရှင်း၏အနီး၌ ရစ်ပတ်သွားကာ နတ္ထိနယ်အဖြစ် ပြောင်းလဲသွားသည်။ ရွှေရောင်မီးငှက်က သူ့အား လာရောက် ကုတ်ခြစ်သောအခါ အလင်းမျက်နှာပြင်ကိုသာ ခြစ်မိကာ အရံအတားကို ကျော်ဖြတ်နိုင်စွမ်း မရှိပေ။ ရီဖူရှင်း၏အနီးမှ ကြယ်တာရာ အလင်းကား ထွင်းဖောက်၍ မရနိုင်ပေ။

“ကောင်းမွန်တဲ့ ခုခံမှုပဲ… ငါက သိုင်းပညာကို အဓိကထား လေ့ကျင့်ပြီးတော့ ရွှေရောင်မီးငှက်ချပ်ဝတ်ရဲ့ တိုက်ခိုက်ရေးနဲ့ ခုခံရေးကို တီထွင်ထားတယ်… မင်း အဆင်သင့် ဖြစ်ပြီလား…” ထိကန်းက ထိုသို့ပြောကာ မီးငှက်အလား မြန်ဆန်လွန်းစွာ ရီဖူရှင်းထံသို့ တန်းတန်းမတ်မတ် ပျံသန်းလာသည်။

“ကောင်းကင်အေးခဲခြင်း…” ရီဖူရှင်းက ပြောသည်။ အားကောင်းသော သီးသန့်နယ်က သူ၏အနီး လေဟာနယ်ကို ပျံ့လွင့်သွားကာ ထိကန်း၏ လှုပ်ရှားမှုက သိသိသာသာ နှေးကွေးသွားသည်။ ဤသို့သော အားကောင်းသော စွမ်းအားကို ခံစားမိသည်တွင် ထိကန်းက အံ့အားသင့်ရသည်။ ဤသို့သော အားစက်ကွင်းကို တည်ဆောက်ရန် မည်သို့သော ဓာတ်စွမ်းအားများ ပေါင်းစပ်ထားသည်ကို ပြောရန် ခက်ခဲပေသည်။ ဆိုလိုသည်က ရီဖူရှင်း၏ ထိုးထွင်းသိမြင် နားလည်မှုသည် သူ၏တန်ခိုးအဆင့်ထက် များစွာ မြင့်ကာ စွမ်းအား အသစ်အဆန်းများကို မွေးဖွားထားနိုင်ပြီး ဖြစ်သည်။ သူကား တခြားလူများနှင့် မတူဘဲ ပါရမီထူးသူ ဖြစ်သည်။ သို့သော်လည်း ဤသို့သော နည်းလမ်းက သူ့အပေါ်တွင် အလုပ်မဖြစ်ပေ။

ဝုန်း…

ရွှေရောင်မီးတောက် အတောင်ပံများက ဖြန့်ကားလျှင် ကြောက်မက်ဖွယ် ကောင်းသော မီးလျှံများ ကောင်းကင်တွင် ဖြစ်ပေါ်လာသည်။ ဧရာမ မီးငှက်ကြီးက ကောင်းကင်မှ ဆင်းသက်လာကာ အေးခဲနယ်ကို နှစ်ခြမ်းကွဲသွားစေလျက် ရီဖူရှင်းထံသို့ ဆင်းသက်လာသည်။

ကြီးမားသော ဖိအားနှင့်အတူ ထိကန်းက ရီဖူရှင်းထံသို့ ဝင့်ကြွားစွာ ဆင်းသက် လာသည်တွင် သူ၏ခန္ဓာကိုယ်ကို ကာရံထားသော မီးငှက်ချပ်ဝတ်ထံမှ အလွန်ထက်ရှသော လက်သည်းများ ရီဖူရှင်း၏ နတ္ထိနယ်ထဲကို တိုးဝင်လာသည်။ သိပ်သည်းသော ကြယ်တာရာ အလင်းများက ရီဖူရှင်းကို ကာကွယ်ထားသော်လည်း ထိကန်း၏ တိုက်ခိုက်မှုကလည်း အလွန်အမင်း အားကောင်းပေသည်။ အက်ကွဲသံများနှင့်အတူ နတ္ထိနယ်လည်း ပြိုပျက်သွားရသည်။ ရွှေရောင်မီးငှက်က ပြင်းထန်သော အရှိန်အဟုန်နှင့်အတူ ရီဖူရှင်းထံသို့ ဆက်လက် တိုးဝင်လာသည်။ မြန်ဆန်စွာပင် ရီဖူရှင်းထံမှ ရွှေရောင်နွယ်ပင်များ ပေါက်ကွဲထွက်လာကာ မီးငှက်ထံသို့ မြန်ဆန်စွာပင် တိုးဝင်သွားကြသည်။ နွယ်ပင်များက အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားသော အချိန်တွင် ရီဖူရှင်းကလည်း မြန်ဆန်စွာပင် နောက်ဆုတ်သည်။

“တခြားသူတွေနဲ့မတူ ထူးတဲ့ ပါရမီရှင်ဖြစ်ပေမဲ့လည်း… တန်ခိုးအဆင့် ကွာဟတာက ထိကန်းရဲ့ တိုက်ခိုက်မှုကို ခုခံဖို့ ခက်ခဲနေတုန်းပဲ…” တိုက်ပွဲကို ကြည့်ကာ လူအများအပြားက မှတ်ချက်ချကြသည်။ ထိကန်း၏ တိုက်ခိုက်ရေး စွမ်းအင်ကား အာခီမီမြို့တွင် ပြိုင်ဘက် ကင်းပေသည်။ မြေရိုင်းပြည်နယ်တွင်ပင် သူကဲ့သို့သောသူ နောက်တစ်ယောက် ရှာမတွေ့နိုင်ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset