အပိုင်း(၆၃၈)

ပြိုင်ဘက်ကင်းစွမ်းရည်

ရီဖူရှင်းက ထိကန်းကို ကြည့်ကာ ပြုံးသည်… “မင်းက တော်ဝင်ကျဲနန်းတော်က တပည့်တွေရဲ့ စွမ်းရည်တွေကို စမ်းသပ်လို့ရတယ်… ဒါပေမဲ့ မင်းတစ်ယောက်တည်းက ငါတို့အားလုံးကို တိုက်ခိုက်ဖို့ မလုံလောက်ဘူး … မင်းက ငါတို့အားလုံးကို တိုက်ခိုက်မယ်ဆိုရင် မင်းရဲ့လူတွေကိုလည်း ခေါ်လာဖို့လိုတယ်…”

ထိကန်းက စိတ်မဆိုးပေ။ သူက အမှန်ပင် အာခီမီအဆင့်မှ လူများကို ကြည့်ကာ ပြောသည်… “အာခီမီမြို့က လူငယ်တွေက တော်ဝင်ကျဲနန်းတော်က တပည့်တွေနဲ့ စမ်းသပ်ချင်တယ် ဆိုရင် ဘယ်သူမဆို ဝင်ပါလို့ရတယ်…”

“ကျုပ် စိတ်ပါတယ်…” အသံတစ်သံနှင့်အတူ လူတစ်ယောက် ကွင်းထဲကို ဝင်လာသည်။ သူကား လီဖူတု ဖြစ်သည်။ မီးတောက်အင်ပါယာ နန်းတော်မှ လီဖူတုကား ထိကန်းကဲ့သို့ နာမည် ကျော်ကြားကာ ထိကန်းထက် စွမ်းရည်ပိုင်းတွင် အနည်းငယ်သာ နိမ့်ကျပေသည်။ သူက အာခီမီ လောင်းကစားရုံ၌ တစ်ကြိမ်ရှုံးနိမ့်ခဲ့ပြီး ဖြစ်သော်လည်း ယခုတစ်ခေါက် ထပ်မံစမ်းကြည့် လိုနေဟန်ရသည်။

“ကျုပ်က ဒီနေရာကို အသေတိုက်ပွဲအတွက် လာခဲ့တာ မဟုတ်ဘူး… ကျုပ်ရဲ့ စွမ်းရည်ကိုပဲ စမ်းသပ် ကြည့်ချင်တာ…” လီဖူတုက ပြောသည်။ အာခီမီ လောင်းကစားရုံ၌ သူက မိမိကိုယ်ကို အားမလိုအားမရ ဖြစ်နေခဲ့သည်။ ထို့ကြောင့် ယခု အခွင့်အရေး ရလာသောအခါ နောက်တစ်ကြိမ် စမ်းကြည့်လိုသည်။

“ကျုပ်လည်း စိတ်ဝင်စားတယ်…” နောက်တစ်ယောက် ထွက်လာသည်။ သူကား ချီလျန်ဖြစ်သည်။ သူက အာခီမီအဆင့်တွင် နံပါတ်၄ဖြစ်သည်။ သူသည်လည်း အလွန် အားကောင်းပေသည်။ ထို့အတူ အာခီမီအဆင့်မှ နာမည်ကျော် ပါရမီရှင်များစွာကလည်း ကွင်းထဲကို ဝင်လာကြသည်။

“ကောင်းပြီ… ဒါဆိုရင်လည်း အာခီမီဒေသတစ်ဝိုက်က ပါရမီရှင်တွေရဲ့ စွမ်းရည်ကို ကြည့်ရတာပေါ့…” ရီဖူရှင်းက နောက်လှည့် ကြည့်သည်တွင် သူ့လူများကလည်း တစ်ယောက်ပြီး တစ်ယောက် ကွင်းထဲကို ဝင်လာကြသည်။ များစွာသော လူငယ် ပါရမီရှင်များက အစုအဖွဲ့ဖြင့် တိုက်ခိုက် ကြတော့မည်ကို မြင်သည်တွင် အားလုံးက စိတ်ဝင်စားစွာ ကြည့်နေကြသည်။

ဤတိုက်ပွဲက သေချာပေါက် ကြည့်ကောင်း ပေတော့မည်။ ဤသို့သော ပွဲကြီးပွဲကောင်း မြင်ကြရမည်ဟု မည်သူကမှ မထင်ထားခဲ့ကြပေ။

ထိကန်း၊ လီဖူတု၊ ချီလျန်နှင့် တခြားလူများက အာခီမီဒေသကို ကိုယ်စားပြုကြမည် ဖြစ်သလို ရီဖူရှင်းတို့ အုပ်စုကလည်း တော်ဝင်ကျဲနန်းတော်ကို ကိုယ်စားပြုကြမည် ဖြစ်သည်။ သည်တိုက်ပွဲကား အကောင်းဆုံးထဲမှ အကောင်းဆုံးများ၏ တိုက်ပွဲဖြစ်ကာ ကြီးမားသော အဓိပ္ပာယ်များ ပါဝင်ပတ်သက် နေပေသည်။

“စိတ်ဝင်စားစရာပဲ…” စုချွဲက မဲ့ပြုံးပြုံးသည်။ အာခီမီမြို့တွင် သူက အရည်အသွေးမြင့်သော ရှီလက်နက်များကို ရရှိခဲ့ရုံမျှမက အာခီမီဒေသမှ အကောင်းဆုံးဟု ခေါ်သော လူများနှင့်လည်း လက်ရည်စမ်းခွင့် ရပေတော့မည်။ သူက နန်းတော်ကို ပြန်ပြီးနောက်တွင် ပါရမီရှင်အဆင့်၌ ပိုမိုမြင့်မားသော နေရာတစ်ခုသို့ တက်ရောက်ရန် ကြိုးစားမည် ဖြစ်သည်။ သူက ပထမတန်းစား နိုဘယ်ဖြစ်လာပြီးနောက် ရှီအဆင့်ကို တက်လှမ်းရန် ဆက်လက် ကြိုးစားပေမည်။

ဟောင်ကျူဂီကလည်း စိတ်လှုပ်ရှားနေသည်။ သူက တော်ဝင်ကျဲနန်းတော်ကို မဝင်ရောက်ခဲ့သော်လည်း သူ၏စိတ်က အမြဲတမ်း ထိပ်သီး ပါရမီရှင်များနှင့် ပြိုင်ဆိုင်ရသည်ကို သဘောကျ နှစ်ခြိုက်ပေသည်။

အားလုံးသော သူများက မိမိတို့၏ ကိုယ်ရောင်ကိုယ်ဝါကို ထုတ်လွှတ်လိုက်ကြကာ မိမိတို့၏တန်ခိုးအဆင့်နှင့် တူညီသော အဆင့်ရှိသောသူများနှင့် ရွေးချယ်၍ တိုက်ခိုက်ကြသည်။

လီဖူတုက ရှေ့ကို တက်လာသည်။ နောက်တစ်ယောက်ကလည်း သူ့ထံကို လှမ်းလာသည်။ သူကား ဟောင်ကျူဂီ ဖြစ်၏။

ချီလျန်ကလည်း ရှေ့ကို တက်လာသည်တွင် သူ့အား စုချွဲက သွားရောက်တိုက်ခိုက်သည်။

သူတို့အားလုံးက မိမိတို့၏ပြိုင်ဘက်ကိုယ်စီကို ရွေးချယ်ခဲ့ကြသည်။ ထို့နောက်တွင် အာခီမီကွင်းထဲ၌ ပြင်းထန်သော တိုက်ပွဲများ စတင် ဖြစ်ပေါ်တော့သည်။

“ထိကန်း မလှုပ်ရှားဘူး…” လူအများအပြားက ထိကန်းကို လှမ်းကြည့်ကြသည်။ သူကား လေထဲတွင် ဝင့်ကြွားစွာ ရပ်ကာ ကိုယ်တိုင် ဝင်ရောက် တိုက်ခိုက်ခြင်း မရှိပေ။ ရီဖူရှင်းကလည်း လေထဲတွင် တိတ်ဆိတ်စွာ ရပ်ကာ တိုက်ခိုက်ခြင်း မရှိပေ။

“ရီဖူရှင်းက ကု့ချင်းကိုသုံးပြီး တခြားလူတွေရဲ့ စိတ်နဲ့ပေါင်းစပ်နိုင်တယ်… ဒါက သူတို့အဖွဲ့တစ်ခုလုံးကို ပိုမိုအားကောင်းစေတယ်… ဒါပေမဲ့ ဒီနေ့တော့ သူက အဲဒီလို လုပ်တာ မတွေ့ရဘူး… သူတို့က တစ်ယောက်ချင်းစီပဲ ကိုယ်စီ တိုက်ခိုက်နေကြတယ်…”

“ထိကန်းဘက်ကလည်း ဒီအတိုင်းပဲ… ဘာဝင်္ကပါအစီအရင်မှ မမြင်ရဘူး… အားလုံးက ကိုယ်ပိုင်စွမ်းရည်ကိုပဲ အားကိုးနေကြပုံပဲ… ပြီးတော့ ထိကန်းနဲ့ ရီဖူရှင်းတို့က တခြားလူတွေနဲ့ သီးသန့် ထွက်နေသလိုပဲ…” အားလုံးက သူတို့နှစ်ယောက်ကို စိတ်ဝင်စားစွာ ကြည့်နေကြသည်။ သူတို့နှစ်ယောက်က အလွန်အမင်း မာနကြီးဟန်ရ၏။

ကွင်းထဲတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။ လီဖူတုက ဗာမီလီယန်မီးငှက်နှင့် ပေါင်းစပ်ကာ တိုက်ခိုက်သလို ဟောင်ကျူဂီကလည်း ရန်ဟောင်၏မျိုးဆက်နှင့် သဏ္ဌာန်တူလှသည်။ နှစ်ယောက်လုံးက ကြမ်းတမ်းစွာ တိုက်ခိုက်နေကြ၏။

ချီလျန်ကား ဓားသမားဖြစ်ကာ သူ၏မဟာဓားက ကြီးစွာသော အားအင်ကို ပိုင်ဆိုင်ပြီး လက်နှစ်ဖက်ဖြင့် ကိုင်စွဲ တိုက်ခိုက်ရသည်။ သူ၏ ဓားဝှေ့ယမ်းမှု အောက်တွင် ကြီးမားသော အားအဟုန်က အရာအားလုံးကို ပိုင်းဖြတ်နိုင်စွမ်း ရှိသည်။ သို့သော်လည်း စုချွဲကား အရိပ်ကဲ့သို့ ဖမ်းရခက်လှသည်။

ယူချင်း၊ ကျွေ့ချိန်ချူ၊ ရီဝူချင်း၊ ဖီးနစ်နှင့် တခြားလူများကလည်း မိမိတို့၏ ပြိုင်ဘက်များကို ရှာဖွေတွေ့ရှိကာ ရင်ဆိုင် တိုက်ခိုက်ကြသည်။ အထူးသဖြင့် ယူချင်းနှင့် ထိကျိုးတို့တိုက်ပွဲက ရုန့်ရင်း ကြမ်းတမ်းလွန်းသည်။ ထိကျိုးကိုယ်တိုင်က ထူးချွန်သောသူ ဖြစ်သော်လည်း ယူချင်း၏လက်ဝါး ရိုက်ချက် အနည်းငယ်မျှကို ရင်ဆိုင်မိသည်တွင် အဝေးကို လွင့်စဉ်က သွေးများ အန်ကျသည်။ သူ၏ညီငယ်၏ အောက်စည်းရောက်မှုကို မြင်သည့်တိုင် ထိကန်းကား မလှုပ်ပေ။ သူက ဖြစ်ပျက်နေသည်များကိုသာ တိတ်ဆိတ်စွာ ကြည့်နေသည်။

“တော်ဝင်ကျဲနန်းတော်က မြေရိုင်းပြည်နယ်မှာ ကျင့်ကြံခြင်း ကောင်းကင်ဘုံလို့ တင်စားရတဲ့နေရာပဲ… အဲဒီနေရာက ထွက်ပေါ်လာတဲ့ သူတွေကလည်း အကောင်းဆုံးတွေပဲ…” တိုက်ပွဲများကို ကြည့်ကာ လူအများအပြားက ရေရွတ်ကြသည်။ တော်ဝင်ကျဲ နန်းတော်မှ တပည့်များက တန်ခိုးအဆင့်အရ နိမ့်ကျသော်လည်း တိုက်ပွဲတွင် အထက်စီးမှ တိုက်ခိုက်နိုင်ကြသည်။ ဟောင်ကျူဂီကလည်း အလွန်အမင်း အားကောင်းသည်မှာ သံသယရှိစရာ မလိုပေ။ သူက လီဖူတုကို ဒုတိယတန်းစား နိုဘယ်အဆင့်မျှဖြင့် ယှဉ်တိုက်နိုင်သည်။ သူကား လွန်ခဲ့သော သုံးနှစ် နန်းတော်ဝင်ခွင့်တွင် ဒုတိယရသူ ဖြစ်သည်။ သူ၏ပြည့်ဝသော စွမ်းရည်အား တိုက်ပွဲတွင် သေသေချာချာ မြင်နိုင်သည်။

တိုက်ပွဲဖြစ်လျှင် အာခီမီဒေသမှ လူများက စတင် အရေးနိမ့်လာကြကာ တောင့်ခံနိုင်ရုံ အခြေအနေမျှသာ ရှိတော့သည်။ ထိုစဉ်မှာပင် လေထဲတွင် တိတ်ဆိတ်စွာ ရပ်နေသော ထိကန်းက ကွင်းထဲကို ဝင်လာသည်။ သူ၏ခန္ဓာကိုယ်မှ အလင်းရောင်များ ဖြာထွက်လာကာ ရွှေရောင်မီးငှက်ချပ်ဝတ် ပေါ်လာသည်။ မီးငှက်က နေမင်းကို လှည့်ပတ်သည်တွင် အသက်ရှူမှားဖွယ် မြင်ကွင်းကို တွေ့ကြရသည်။

ထိုအခိုက်တွင် ထိကန်း၏ ခန္ဓာကိုယ်က အဆင့်လွန် စွမ်းအားများ ရစ်ပတ်ထားသည်။ အလင်းတန်းများက နေမင်းရောင်ခြည်များအလား ထွက်ပေါ်နေကာ ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းလျက် အားလုံးသော သူများထံသို့ ကြီးစွာသော ဖိအားများ သယ်ဆောင် လာသည်။

“ရွှေမီးငှက်ချပ်ဝတ်…” လူအများအပြားက ထိကန်းကို ကြည့်ကြသည်။ သူ၏ရွှေမီးငှက် ချပ်ဝတ်ကား အလွန်ကြီးမြတ်ကာ ဂုဏ်ယူဝင့်ကြွားဟန် ရှိသည်။ သည်တိုက်ကွက်က ထိကန်းကိုယ်တိုင် သူ၏ သက်စောင့်ဝိညာဉ်ကို အသုံးပြု၍ တီထွင်ထားခြင်း ဖြစ်သည်။ သည်တိုက်ကွက်က အကန့်အသတ်မဲ့ခြင်း၏ ပုံစံဖြစ်ကာ ပြိုင်ဘက်ကင်းစေသည်။ ဤကဲ့သို့ တိုက်ခိုက်ရေး ပုံစံရရန် အတွက် သူက ဒီမွန်းလောကထဲကို သွားကာ ရွှေမီးငှက်ကို ကိုယ်တိုင် သွားရောက် ရှာဖွေခဲ့သည်ဟု ကောလာဟလများက ဆိုသည်။

အာခီမီမြို့မှ နံပါတ်၁ပါရမီရှင်ကား သူ၏နာမည်နှင့် လိုက်ဖက်ပေသည်။

“အားလုံး… နောက်ဆုတ်ကြ…” ထိကန်းက အမိန့်ပေးလိုက်သည်။ ရွှေရောင် အလင်းတန်းများက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ဟောင်ကျူဂီနှင့် တော်ဝင်ကျဲနန်းတော်မှ တပည့်များထံသို့ တိုးဝင်သွားသည်။ အားလုံးက သူ၏တိုက်ခိုက်မှုကို ခုခံကြရတော့သည်။ ထိကန်း၏စကားကို ကြားသော သူ့လူများအားလုံးက လူစုခွဲလိုက်ကြသည်။ လီဖူတုက မျက်မှောင်ကြုတ် လိုက်သည်။ သူက ဟောင်ကျူဂီနှင့် ဆက်လက် တိုက်ခိုက်လိုသော်လည်း ထိကန်းက သူ့အား ထိုသို့ အခွင့်အရေး မပေးတော့ပေ။

ထိကန်းက သူ၏ပြိုင်ဘက်များထံသို့ နတ်ဘုရား ငှက်တစ်ကောင်လို ဆင်းသက်လာသည်။ သူက လက်မြှောက်ကာ ဟောင်ကျူဂီထံသို့ တိုက်ရိုက် ချဉ်းကပ်လာ၏။ ထိုအခိုက်တွင် ဟောင်ကျူဂီက နေမင်း၏အစစ်အမှန် နတ်သတ္တဝါဆန်းနှင့် ရင်ဆိုင်တွေ့ရသလို ခံစားလိုက်ရသည်။ အားကောင်းသော နတ်ငှက်က သူ့အပေါ်မှ ဆင်းသက်လာသည်တွင် လီဖူတု၏ ဗာမီလီယန်ထက် ပိုမိုသာလွန်သော အားအဟုန်ကို ခံစားရ၏။

အရာခပ်သိမ်းကို ဆုတ်ဖြဲနိုင်စွမ်းသော ရွှေမီးငှက်၏ လက်သည်းများက ဟောင်ကျူဂီထံကို ရောက်လာသည်။ ဟောင်ကျူဂီက မြန်ဆန်စွာ နောက်ဆုတ်သော်လည်း နတ်ဘုရားငှက်က သူ့နောက်ကို ထက်ချပ်မကွာ လိုက်ပါလာသည်ကို မြင်ရရာ မည်သို့မှ​ မတတ်နိုင်တော့ဘဲ မျက်နှာချင်းဆိုင် တိုက်ခိုက်ရတော့သည်။ သူက ရန်ဟောင်ဓားကို ဆင့်ခေါ်ကာ နတ်ဘုရားငှက်အား နှစ်ခြမ်းခွဲရန် ကြိုးစားသည်။ သို့သော်လည်း သူ့ရှေ့မှ နတ်ဘုရားငှက်ကား အလွန်အမင်း မာကျောသည်။ ရန်ဟောင်ဓားက နတ်ငှက်ကို ထိမိသည်တွင် သတ္တုချင်း ထိရိုက်သံနှင့်အတူ ဟောင်ကျူဂီက နောက်ကို လွင့်သွား၏။

ဝုန်း…

အတောင်ပံခတ်သံ တစ်ချက်နှင့်အတူ ထိကန်း၏ခန္ဓာကိုယ် ပျောက်ကွယ်သွားသည်။ သူက ဖီးနစ်ရှိရာ နောက်တစ်နေရာသို့ ပျံသန်းသွားသည်။ အလွန်ကြီးမားသော နတ်ငှက်က အတောင်ပံကို ဖြန့်လျက် ဆင်းသက်လာသည်။ ရောင်စဉ်များ ဖြာထွက်လာသည်တွင် ဖီးနစ်၏ အရံအတားများက အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်သွား၏။ ထို့နောက်တွင် ဒုတိယတန်းစား အဆင့်တွင်ရှိသော ဖီးနစ်ကား ထူးဆန်းသော တိုက်ခိုက်မှုတစ်ခုက သူမကို ထွင်းဖောက် သွားသည်ဟု ခံစားလိုက်ရကာ သွေးအန်ကျသည်။

ထိကန်းက တိုက်ခိုက်မှုအပြီး နောက်ထပ် တစ်ဖန် ပျောက်ကွယ် သွားပြန်သည်။ ယူချင်း၊ ရီဝူချင်း၊ ကျောင်းလီနှင့် တခြားလူများ အားလုံးက တိုက်ခိုက်ခံရကာ အချို့က ဒဏ်ရာရပြီး အချို့က နောက်ဆုတ် ပေးကြရသည်။ ထိကန်း၏ မယုံကြည်နိုင်ဖွယ် လှုပ်ရှားမှုများက လိုက်ဖမ်းရန် ဖြစ်နိုင်ဖွယ်ပင် မရှိပေ။

“ဘယ်လောက် အံ့ဩစရာ ကောင်းလိုက်တဲ့ စွမ်းအားလဲ…” လူအများအပြားက ထိုမြင်ကွင်းကို ကြည့်ကာ ငေးမော မှင်တက်ရသည်။ ထိကန်းကား မြေရိုင်းပြည်နယ် အနောက်ဘက်ဒေသ၏ နံပါတ်၁ ဂုဏ်ပုဒ်နှင့် ထိုက်တန်လှပေသည်။ ထိကန်းကား အားကောင်းလွန်းရကား သူ၏ပြိုင်ဘက်တိုင်းက သူ၏ပြိုင်ဘက်ကင်း စွမ်းရည်၏ အစမ်းသပ်ခံ ဖြစ်ကြရသည်။

လူအများအပြားက အလွန်အမင်း စိတ်လှုပ်ရှား ကြသည်။ အာခီမီဒေသမှ ပါရမီရှင်များအား တော်ဝင်ကျဲနန်းတော်မှ တပည့်များက အသာစီးရအောင် တိုက်ခိုက်နိုင်သည့်တိုင် ထိကန်း၏ တည်ရှိခြင်းက အာခီမီဒေသ တစ်ခုလုံးအတွက် အလွန်အမင်း ဂုဏ်ယူဝင့်ကြွားဖွယ်ရာ ဖြစ်လာသည်။

ထိကန်းက တော်ဝင်ကျဲနန်းတော်မှ တပည့်များ အားလုံးကို အဘယ်ကြောင့် တိုက်ခိုက်ခိုင်းသည်ကို အားလုံးက နားလည် လိုက်ကြသည်။ အာခီမီဒေသမှ လူများကိုလည်း တိုက်ပွဲတွင် ပါဝင်စေသော်လည်း ထိကန်းက သူတို့၏အကူအညီကို စိုးစဉ်းမျှ ရယူရန် ဆန္ဒမရှိခဲ့ပေ။ သူကား အစကတည်းက တော်ဝင်ကျဲနန်းတော်မှ တပည့်များကို တစ်ယောက်တည်း ကြီးစိုးအနိုင်ယူကာ အာခီမီမြို့၏ နံပါတ်၁ဟူသော ကြီးမြတ်သော ဂုဏ်ပုဒ်နှင့် သင့်တော်ကြောင်းကို ထုတ်ဖော်ပြသရန် စဉ်းစားထားပြီး ဖြစ်သည်။ သည်အရာက ရီဖူရှင်းတို့အဖွဲ့ အင်ပါယာ မိသားစုထဲကို ကျူးကျော်ခြင်း၏ ပြစ်ဒဏ်လည်း ဖြစ်သည်။

အာခီမီမြို့မှ လူများအားလုံး စိတ်လှုပ်ရှား ကြရသည်။ ထိကန်း၏ အထက်စီးဆန်သော တိုက်ခိုက်ဟန်က သူတို့၏ အသွေးအသားများကို ဆူပွက်စေသည်။

“ထိခိုင်… မင်းသားက တစ်ခုခုပဲ…” ယန်ကျွမ်က ပြောသည်။ သူ၏သားလီဖူတုကလည်း ထိပ်သီးပါရမီရှင် တစ်ယောက် ဖြစ်သော်လည်း ထိကန်း၏ လှုပ်ရှားဟန်များကို မြင်သည်တွင် သူတို့နှစ်ယောက် အကြား ကြီးမားသော ကွာဟချက်အား ဝန်ခံရသည်။

“ငါပြောခဲ့သလိုပဲ… ထိကန်းက တစ်နေ့ ရှန့်ထိုဖြစ်လိမ့်မယ်… တော်ဝင်ကျဲနန်းတော်က ပါရမီရှင်အဆင့် ၁ လာရင်တောင်မှ ဘာမှ ထူးခြားမှာ မဟုတ်ဘူး… ပိုင်လွေလီတစ်ယောက်ပဲ သူနဲ့ ယှဉ်နိုင်လိမ့်မယ်… ဒီနန်းတော် တပည့်တွေကတော့ ထိကန်းရဲ့ ပြိုင်ဘက်တွေ မဟုတ်ဘူး…” ထိခိုင်က ဂုဏ်ယူစွာ ပြောသည်။ ဤကဲ့သို့ ဆက်ခံသူ တစ်ယောက်ရှိခြင်းက သူ့အားမည်မျှ ဂုဏ်ယူစေသည်ကို ပြောနေစရာပင် မလိုတော့ပေ။

သူက တိုက်ပွဲကို ကြည့်နေသော ပိုင်လွေလီကို တစ်ချက် လှမ်းအကဲခတ်သည်။ တစ်နေ့ ထိကန်းက ရှီအဆင့်ကို တက်လှမ်းသော အခါတွင် ထိကန်းက သူ့အား စိန်ခေါ်ကာ မည်သူက ပိုသာသည်ကို ဆုံးဖြတ်စေမည်။

ယူစီကလည်းတိုက်ပွဲကို ကြည့်နေသည်။ ထိကန်း၏ပါရမီကား အာခီမီမြို့တွင် အမှန် ပြိုင်ဘက်ကင်းပေသည်။ အနာဂတ်တွင် ထိကန်းက ကြီးမားသော အောင်မြင်မှုများကို ရမည်မှာ သေချာသလောက် ရှိနေသည်။

ကွန်ဆွန်ရီနှင့် တိုက်ခိုက်ခဲ့စဉ်က ပြိုင်ဘက်ကင်း ပါရမီကို ရီဖူရှင်းက ထုတ်ပြခဲ့သည်။ သို့သော် ထိကန်းကို သူက မည်သို့ ရင်ဆိုင်မည်နည်း။

ထိုအခိုက်တွင် ရီဖူရှင်းထံမှလည်း အလွန် လင်းလက်သော ရောင်စဉ်များ ဖြာထွက်လာသည်။ နတ်ငှက်၏ အတောင်ပံများကို ဖြန့်ကာ သူ့လူများကို ပြောသည်… “မင်းတို့အားလုံး နောက်ဆုတ်လိုက်ကြ… ငါ့တာဝန်ထား…” သူက လျှပ်တစ်ပြက် ပျောက်ကွယ်သွားကာ ထိုခဏတွင်ပင် အာခီမီမြို့မှ ပါရမီရှင် တစ်ယောက်၏ရှေ့ကို ရောက်လာသည်။ ထိုလူငယ်က နောက်ဆုတ်ရန် ကြိုးစားသော်လည်း အလွန် အားကောင်းသော ဖိအားတစ်ခုက သူ့အား လှုပ်မရအောင် ချုပ်ကိုင်ထားသည်။ နောက်စက္ကန့်ပိုင်းတွင်ပင် ထိုလူငယ်ကား အဝေးကို လွင့်စဉ်သွားသည်။

ဝုန်း…

အတောင်ပံခတ်သံ တစ်ချက်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ်က အလင်းတန်းအလား ဟိုမှ သည်မှ ခုန်ကူးကာ တစ်ယောက်ပြီး တစ်ယောက်က အဝေးကို လွင့်စဉ်သွားစေသည်။ တစ်ခေါက်တွင် ရီဖူရှင်းက ထိကျိုးရှေ့ကို ရောက်လာသည်။ ထိကျိုးက ရီဖူရှင်းကို မြင်သည်တွင် ထိတ်လန့်စွာဖြင့် ခုခံကာကွယ်သည်။ သို့သော်လည်း လက်ဝါးရိုက်ချက် တစ်ချက်မျှက ထိကျိုးအား မြေပြင်ပေါ်ကို ကျဆင်းကာ အာခီမီ ကျောက်တိုင်ကြီးဖြင့် ထိရိုက်စေသည်။ သူ၏ပါးစပ်မှ သွေးများ စီးကျလာကာ မထနိုင်တော့။

နတ်ငှက်အသွင် သဏ္ဌာန်တစ်ခုက လေထဲတွင် အလင်းတန်းအလား လှည့်ပတ်သွားပြီး အာခီမီမြို့မှ လူငယ်များ တစ်ယောက်ပြီး တစ်ယောက် မြေပေါ်ကို ကျသွားသည်ကို အားလုံးက မြင်ကြရသည်။ အာခီမီမြိုမှ ပါရမီရှင်များက ရီဖူရှင်းကို မည်သို့မှ ရင်ဆိုင်နိုင်ခြင်း မရှိသည်ကို တွေ့မြင်ကြကာ အားလုံးက ထိတ်လန့် တုန်လှုပ်ရသည်။ ထိကန်းလုပ်သလို သူကလည်း လုပ်နိုင်ကြောင်းကို ရီဖူရှင်းက ပြောပြနေ သယောင်ယောင် ထင်ရ၏။

“အင်ပါယာမိသားစု ခေါင်းဆောင်က ကောက်ချက်ချတာ မြန်နေသလိုပဲ… ကောင်လေးက တတိယတန်းစား နိုဘယ်ပဲ ရှိသေးပေမဲ့ ထိကန်းလုပ်သလို လုပ်နိုင်တယ်…” ချူကျိက ပြုံးလျက် ပြောသည်။

ထိခိုင်ကာ တိုက်ပွဲနေရာကို ကြည့်ပြီး လေးနက်စွာ ပြောသည်… “ထိကန်းက သူ့ကို အဆုံးသတ် ပေးလိမ့်မယ်…”

***


Comment

Leave a Reply

Options

not work with dark mode
Reset