သိုင်းပညာဌာနမှ ကျောင်းသားအားလုံးနီးပါးက စိမ်းကားသော အကြည့်များဖြင့် ကြည့်နေကြသည်။ သူတို့၏မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များဖြင့် တောက်လောင်နေသည့်အလားပင်။ ချန်းကျစ်ဟန်၏ မျက်နှာထားပင် တင်းမာနေပြီး သူ၏အမူအရာ အလွန် တည်ကြည်သွား၏။
ကျိုးရိဖန်မှာလည်း ထိုနည်းတူပင်။ သူသည် လက်သီးများကို ဆုပ်ကာ လှောင်ပြုံးပြုံးလိုက်တော့သည်။
သိုင်းပညာဌာနမှ ဆရာပင် ဝမ်ပေါင်လဲ့အား စူးရှစွာ စိုက်ကြည့်နေတော့သည်။
ခန္ဓာကိုယ် တုတ်ခိုင်ကြီးမားသော ယောက်ျားပေါင်း ရာပေါင်းများစွာက သူ့အား စိုက်ကြည့်နေကြသည့် ထူးဆန်းသောမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့ ကျောချမ်းသွားရတော့သည်။ သူသည် တစ်ခုခု လွဲနေကြောင်း ရိပ်မိလိုက်၏။
” ဒီသိုင်းပညာဌာနက လူတွေက လေ့ကျင့်ခန်းတွေ လုပ်ပြီးတော့များ ရူးကြောင်ကြောင် ဖြစ်သွားကြတာလား ”
ဝမ်ပေါင်လဲ့သည် မသိစိတ်မှနေ၍ နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်မိလိုက်ပြီး မသင်္ကာဖြစ်သွား၏။ သူသည် ပြေးလွှားနေခဲ့စဉ်က စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားခဲ့သည်ဖြစ်ပြီး သူ၏ ပတ်ပတ်လည်တွင် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို လျစ်လျူရှုထားခဲ့သည်။ သူ၏အသိစိတ်ကို စိုးမိုးထားခဲ့သည့် တစ်ခုတည်းသောအရာမှာ ဖက်တီးဘိုးဘေးကြီးများက သူ၏နောက်သို့လိုက်နေသည့် ပုံရိပ်ပင်ဖြစ်သည်။ ထို့ကြောင့် သူသည် သိုင်းပညာဌာနမှ ကျောင်းသားများနှင့် သူတို့ကြုံခဲ့ရသည့် ဒုက္ခများကို သတိမထားမိခဲ့ပေ။
” အကုန်လုံးက ကောင်းကင်တာအိုကျောင်းရဲ့ အဖွဲ့ဝင်တွေပဲလေ။ ဟဲဟဲ … ဆရာတို့က ဒီနေရာမှာ သီးသန့်လေ့ကျင့်ချင်မှတော့ ကျနော် တခြားနေရာပဲ သွားလိုက်ပါမယ် ”
ဝမ်ပေါင်လဲ့သည် သူ၏ရှေ့မှ အခြေအနေကို မြင်လိုက်ရသောအခါ ရှုံ့မဲ့မဲ့၍ပြုံးပြလိုက်၏။ ထို့နောက် သူသည် ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် သိုင်းပညာဌာနမှ ကျောင်းသားများက ရှေ့သို့ပြေးထွက်လာကြပြီး သူ့အား ဝိုင်းထားလိုက်ကြသဖြင့် သူသည် ထွက်မသွားနိုင်ဘဲ ဖြစ်သွားရတော့သည်။
” မင်းတို့တွေ ဘာလုပ်တာလဲ။ ဒါ ကောင်းကင်တာအိုကျောင်းနော်။ ငါက ဓမ္မလက်နက်ဌာနက အထူးဝင်ခွင့်ရ ကျောင်းသားတစ်ယောက်ကွ ”
ဝမ်ပေါင်လဲ့မှာ ကြောက်ရွံ့ထိတ်လန့်သွားပြီး သူတို့အား ချက်ခြင်းပင် ပြန်၍ စိုက်ကြည့်လိုက်သည်။
သိုင်းပညာဌာနမှ ဆရာ၏ မျက်နှာပေါ်တွင်မူ အဓိပ္ပါယ်ပါသော အပြုံးတစ်စ ရှိနေ၏။ သူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် လှမ်းလာပြီး ဝမ်ပေါင်လဲ့အား ဆုပ်ကိုင်ကာ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
” ကျောင်းသား ဝမ်ပေါင်လဲ့။ ဘာမှ ကြောက်နေစရာမလိုပါဘူး။ လာပါ။ ငါတို့ရဲ့ သိုင်းပညာဌာနနဲ့ အတူတူလေ့ကျင့်ကြတာပေါ့ ”
သူသည် စိတ်ထဲတွင်ကြိတ်၍ ပျော်ရွှင်ဝမ်းမြောက်နေသောကြောင့် ကျေနပ်နေသည့်အမူအရာဖြင့် ပြုံးပြကာ ဖိတ်ခေါ်လိုက်၏။ ဝမ်ပေါင်လဲ့မှာ အပြေးမြန်လျှင်တောင် ခွန်အားပိုင်းတွင်မူ သိုင်းပညာဌာနအား လုံးဝယှဉ်နိုင်မည် မဟုတ်ပေ။
သိုင်းပညာဌာနမှ အဖွဲ့ဝင်အားလုံး သူတို့၏ အချိန်အားလုံးနီးပါးကို ခန္ဓာကိုယ်များအား လေ့ကျင့်ရာတွင် ကုန်ဆုံးစေခဲ့သည် မဟုတ်ပါလော။ သူတို့သည် ခွန်အားနှင့်ပတ်သက်လာလျှင် အပြတ်အသတ် အသာစီးရရှိထားသည်။ ဝမ်ပေါင်လဲ့ကိုယ်တိုင် သူတို့ရှေ့သို့ ရောက်မလာခဲ့လျှင် မည်သည့်အရာမှ ဖြစ်မည်မဟုတ်သော်လည်း ယခုတွင် သူ ရောက်ရှိလာခဲ့ပြီဖြစ်ရာ အဘယ့်ကြောင့် သူ့အား ချမ်းသာပေးနိုင်ပါမည်နည်း။
” ငါတို့ဒေါသတွေကို ကောင်းကောင်း ဖြေဖျောက်ပစ်ရမယ်။ သိုင်းပညာဌာနက ဘယ်လောက်အင်အားကြီးသလဲဆိုတာ သူ့ကို ပြရမယ် ”
ဆရာဖြစ်သူက ပြုံးပြကာ ဝမ်ပေါင်လဲ့အား လေ့ကျင့်ရေးကွင်းဆီသို့ တန်း၍ ခေါ်သွားလိုက်သည်။ ပြီးနောက် သူသည် မြေပြင်ပေါ်ရှိ ရာပေါင်းများစွာသော ဧရာမ အလေးတုံးကြီးများကို ညွှန်ပြကာ ပြုံး၍ ဆိုလိုက်၏။
” ဝမ်ပေါင်လဲ့။ လာ လာ လာ။ ဒီအလေးတုံးတွေကို မင်း စိတ်ကြိုက်မ,လို့ရတယ် ”
ဆရာဖြစ်သူက ထိုသို့ဆိုလိုက်ပြီး သိုင်းပညာဌာနမှ အခြားကျောင်းသားများကို ကြည့်ကာ အော်ပြောလိုက်၏။
” မင်းတို့ အကုန်လုံး ချက်ချင်း လေ့ကျင့်ခန်းစကြစမ်း ”
ဝမ်ပေါင်လဲ့မှာမူ ခေတ္တမျှ တွေဝေသွား၏။ သူသည် စကားပြောရန် ပြင်လိုက်စဉ်မှာပင် သိုင်းပညာဌာနမှ ကျောင်းသားများမှာ ကျားနှင့် ဝံပုလွေများကဲ့သို့ ထိုအလေးတုံးများထံ သွားလိုက်ကြတော့သည်။ သူတို့အားလုံး အလေးတုံးတစ်တုံးချင်းစီကို မ၍ ဝမ်ပေါင်လဲ့အား စိန်ခေါ်သောအကြည့်ဖြင့် စိုက်ကြည့်လိုက်ကြ၏။
” တစ်ခုခုတော့ မှားနေပြီ ”
ဝမ်ပေါင်လဲ့က သတိ နှင့် နေလိုက်ပါသော်လည်း ထိုကဲ့သို့ စိန်ခေါ်သောအကြည့်များဖြင့် ပြည့်နှက်နေသည့် မျက်ဝန်းများကြောင့် ဘာမှ ပြန်မလုပ်နိုင်ပေ။ ထို့ကြောင့် သူသည် မျက်လုံးပြူးကြီးများဖြင့် ရှေ့သို့ လျှောက်လှမ်းသွားလိုက်ပြီး အလေးတုံးတစ်တုံးကို ဆုပ်ကိုင်လိုက်သည်။ ပြီးနောက် အသက်ပြင်းပြင်း ရှူလိုက်ပြီး ညည်းညူကာ ထိုအလေးတုံးကြီးအား ကောက်၍ မလိုက်တော့သည်။
ဝမ်ပေါင်လဲ့က ထိုအလေးတုံးကြီးကို မလိုက်သည်နှင့် တစ်ပြိုင်နက် ဆရာဖြစ်သူမှာ အလွန် ကျေနပ်သွားရတော့သည်။ ထို့နောက် သူက အော်ပြောလိုက်၏။
” အချိန် စရေပြီ။ မင်းတို့ကောင်တွေ အကုန်လုံး အားကုန် ထုတ်ကြစမ်း ”
ဆရာက စိတ်လှုပ်တရှားဖြစ်နေစဉ် ကျောင်းသားများမှာမူ ညည်းညူသံများကြားတွင် တမူထူးခြားသော ပြိုင်ပွဲတစ်ခုကို စတင်လိုက်တော့သည်။ လူအားလုံးနီးပါး အလေးတုံးများကို မ,ရာတွင် ညည်းညူကြရသည်ဖြစ်ပြီး အထူးသဖြင့် ချန်းကျစ်ဟန်နှင့် ကျိုးရိဖန်တို့ပင် ဖြစ်သည်။ သူတို့သည် ရှေးဟောင်းသိုင်းအဆင့်၏ ဒုတိယအဆင့်သို့ ရောက်နေပြီဖြစ်ရာ သူတို့၏အလေးတုံးများက အလွန် လေးလံပါသော်လည်း သူတို့ မ,နိုင်သည့် အနေအထားတွင် ရှိနေ၏။
” သူတို့က ငါနဲ့ယှဉ်ဖို့ ကြိုးစားနေကြတာပဲ ”
ဝမ်ပေါင်လဲ့ကလည်း အရှုံးကို လက်မခံပေ။ သူသည် ထိုအလေးတုံးအား မကြည့်လိုက်သောအခါ ၎င်းမှာ ထင်ထားသလောက် လေးလံမနေကြာင်း သိလိုက်ရသည်။ သူသည်လည်း သူ၏ခွန်အားကို အသုံးပြု၍ ၎င်းအား မ,နိုင်လိုက်သည်။
ချက်ချင်းဆိုသလိုပင် လေ့ကျင့်ရေးကွင်းထဲရှိ လူတိုင်းထံမှ လေးလံသော အသက်ရှူသံများ ထွက်ပေါ်လာကြတော့သည်။
” ဆယ်ခါ၊ အခါ နှစ်ဆယ်၊ အခါသုံးဆယ်။ မင်းတို့တွေ ထမင်းရော စားခဲ့ကြရဲ့လား ။ အားပိုစိုက်စမ်းပါ ”
ဆရာက မြည်တွန်တောက်တီးနေသဖြင့် သူ၏အသံသာ အဆက်မပြတ် ပဲ့တင်ထပ်နေ၏။ တဖြည်းဖြည်း ကျောင်းသားအားလုံး အနည်းဆုံး အကြိမ်ငါးဆယ်ခန့်အထိ အလေးမပြီးသွားကြပြီး လူများမှာလည်း ဒယိမ်းဒယိုင် ဖြစ်လာကြတော့သည် ။ အလေးတုံးများ၏ အလေးချိန်ကြောင့် သာမန်လူတစ်ယောက်ကသာ ၎င်းအား ငါးကြိမ်အထိ မနိုင်ပါက ထိုလူမှာ အလွန် သန်မာသည်ဟု ဆိုနိုင်ပေသည်။
ထိုအခိုက် လူအားလုံးနီးပါး အကြိမ်ငါးဆယ်တိတိ အလေးမနိုင်ခဲ့သည်။ သူတို့အတွက်ပင် ၎င်းမှာ ထူးခြားသော အောင်မြင်မှုတစ်ခု ဖြစ်နေပြီဖြစ်သည်။ ထိုအချိန်တွင် သူတို့က ဆက်၍ မ,မနိုင်တော့သည့်အလား သူတို့၏ ခန္ဓာကိုယ်များ တုန်ရီလာကြတော့သည်။
” တကယ်ကို အဲဒီလောက်ကြီး လေးလို့လား ”
ဝမ်ပေါင်လဲ့ အတန်ငယ် ဇဝေဇဝါဖြစ်သွား၏။ သူသည် အကြိမ်အရေအတွက် ငါးဆယ်တိတိ အလေးမခဲ့ပါသော်လည်း ၎င်းမှာ သူ့အတွက် မခံရပ်နိုင်လောက်အောင် ဖြစ်နေသည့် အလေးချိန်မျိုး မဟုတ်ပေ။ ပို၍ အရေးကြီးသည့်အချက်မှာ သူ ထိုသို့ အလေးမနေစဉ် အတောအတွင်း သူ၏ခန္ဓာကိုယ်ထဲမှ ဝိညာဉ်အဆီများ လျင်မြန်စွာ ကုန်ခမ်းသွားပြီး ဝိညာဉ်ချီများအဖြစ် ပြောင်းလဲကာ သူ၏ခန္ဓာကိုယ်အား အာဟာရပြုနေခြင်းပင် ဖြစ်သည်။ သူသည် မောပန်းနွမ်းနယ်ခြင်း မရှိရုံသာမက ပို၍ပင် တက်ကြွဖျတ်လတ်လာတော့သည်။
သို့သော် ဝမ်ပေါင်လဲ့က လူအုပ်ကြီး၏ ဒေါသထွက်နေသော အကြည့်များကို သတိထားမိလိုက်သည်။ ထို့ကြောင့် သူသည် စိတ်ထဲတွင်ကြိတ်၍ ညည်းညူလိုက်ပြီး အချိန်မရွေး ကျရှုံးသွားနိုင်သည့်အမူအရာဖြင့် သူ၏ခန္ဓာကိုယ်အား တမင်သက်သက် တုန်ရီသွားအောင် ပြုလုပ်လိုက်သည်။ သူသည် သက်ပြင်းအရှည်ကြီးပင် ချလိုက်၏။
” ငါ နောက်ဆုံးတစ်ခေါက် ထပ်မချင်သေးတယ် ”
သူသည် ထိုသို့ရေရွတ်လိုက်သောအခါ လက်လျှော့ရန်ပြင်နေသည့် ကျောင်းသားများမှာ သူ၏စကားများကြောင့် ခွန်အားအသစ်များ ရရှိလိုက်သကဲ့သို့ ဖြစ်သွား၏။ သူတို့က အံကြိတ်ကာ အော်ဟစ်မြည်တမ်းလိုက်ပြီး အလေးတုံးများကို နောက်ထပ်တစ်ကြိမ်ထပ်၍ အတင်းအကြပ် မလိုက်ပြန်သည်။ သို့သော် သူတို့က ဝမ်ပေါင်လဲ့အား ကြည့်လိုက်ကြသောအခါ သူသည်လည်း သူ၏အလေးတုံးအား ကတုန်ကယင်ဖြင့် မ,ခဲ့လိုက်သည်ဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူတို့မှာ ချက်ချင်းပင် စိုးရိမ်ကြောင့်ကြမှုများဖြင့် ပြည့်နှက်သွားရတော့သည်။
” ငါ တကယ် နောက်ဆုံးတစ်ကြိမ် ထပ်ပြီးတော့ မ,ချင်သေးတယ် ”
ဝမ်ပေါင်လဲ့မှာ အချိန်မရွေး ပုံခနဲ လဲကျသွားတော့မည့်အလား အမောတကောဖြင့် ရေရွတ်လိုက်၏။ သူသည် နီမြန်းနေသော မျက်နှာကြီးဖြင့် ထိုသို့ ရေရွတ်လိုက်ခြင်းဖြစ်သည်။
ထိုအခါ အခြားကျောင်းသားများမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ အံကြိတ်လိုက်ကြပါသော်လည်း သူတို့ အားအင်ကုန်ခမ်းသွားကြပြီ ဖြစ်သည်။ ကျောင်းသားတစ်ဝက်လောက်မှာ ဆက်၍ မ,မနိုင်ကြတော့ဘဲ သူတို့၏ အလေးတုံးများကို ဘုန်းခနဲ လွှတ်ချလိုက်ကြတော့သည်။ သို့သော် လုံခြုံဘေးကင်းမှုဆိုင်ရာ ကြိုတင်ကာကွယ်မှုများကြောင့် သူတို့ ဒဏ်ရာမရလိုက်ပေ။
ကျောင်းသား အယောက်တစ်ရာကျော်က ဆက်လက်တောင့်ခံထားဆဲပင်။ သူတို့အားလုံး အသက်များကိုအောင့်ကာ သူတို့၏ အလေးတုံးများကို နောက်ထပ်တစ်ကြိမ် မလိုက်၏။ သိပ်မကြာခင် ဝမ်ပေါင်လဲ့မှာ ထိုစကားတစ်ခွန်းတည်းကိုသာ ပြော၍ သူ၏ အလေးတုံးကို မ,လိုက်သည် ဖြစ်ကြောင်း သိလိုက်ရတော့သည်။
” မင်းတို့အားလုံး တောင့်ထားကြ ”
” သူ အကြာကြီး တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး ”
အားပြတ်နေသည့် ကျောင်းသားများက မြေကြီးပေါ်တွင် လဲလျောင်းနေကြပါသော်လည်း သူတို့၏ ဌာနမှ မိတ်ဆွေများကို အားပေးနေကြဆဲပင်။ သို့သော် သူတို့၏ အားပေးသံများက တဖြည်းဖြည်းနှင့် တိုးသွားပြီး နောက်ဆုံးတွင် သူတို့ အံများကိုသာ ကြိတ်နေရတော့သည်။
ဝမ်ပေါင်လဲ့မှာ ယခုအကြိမ်သည် နောက်ဆုံးအခကြိမ်ဖြစ်ကြောင်း ဆက်တိုက်ပြောဆိုနေခဲ့ပါသော်လည်း တစ်ကြိမ်ကလေးပင် ယိမ်းယိုင်မသွားခဲ့ပေ။ ကျန်ရှိနေသေးသည့် ကျောင်းသားအယောက်တစ်ရာကျော်သာလျှင် ဒေါသအမျက်ချောင်းချောင်း ထွက်နေကြပါသော်လည်း တစ်ယောက်ပြီးတစ်ယောက် လက်လျှော့သွားကြတော့သည်။ နောက်ဆုံးတွင် ကတုန်ကယင်နှင့် တောင့်ခံနေကြသည့် ကျောင်းသားအရေအတွက်မှာ ဆယ်ယောက်ပင် မကျန်တော့ပေ။
သူတို့သည်လည်း အားအင်ကုန်ခန်းနေကြပြီ ဖြစ်သည်။ သို့သော် သူတို့က အရှုံးပေးမည်ဟု ကြံလိုက်တိုင်း ဝမ်ပေါင်လဲ့၏ တုန်ရီနေသောခန္ဓာကိုယ်အား မြင်လိုက်ရသောကြောင့် ယခုအကြိမ်မှာ ဝမ်ပေါင်လဲ့၏ နောက်ဆုံးအကြိမ် ဖြစ်လိမ့်မည်ဟု တွေးမိလိုက်ကြ၏။
သို့သော် သူတို့ တစ်ခေါက်ပြီးတစ်ခေါက် မျှော်လင့်ချက် ကင်းမဲ့မှုများကိုသာ ကြုံတွေ့ခံစားလိုက်ကြရသည်။ ချန်းကျစ်ဟန်နှင့် ကျိုးရိဖန်တို့သာ ကျန်ရစ်ခဲ့တော့သည်။ သို့သော်လည်း ဝမ်ပေါင်လဲ့မှာ ကတုန်ကယင်နှင့် အလေးတုံးကို ဆက်၍ မ,နေဆဲပင်။
” ငါ နည်းနည်းလေးပိုပြီးတော့ တောင့်ခံနိုင်ပါသေးတယ်။ ဒီတစ်ခေါက်က တကယ်နောက်ဆုံးပဲ ”
ဝမ်ပေါင်လဲ့မှာ ဒယိမ်းဒယိုင်ဖြင့် နောက်သို့ခြေတစ်လှမ်း ဆုတ်လိုက်၏။ ပြီးနောက် သူသည် ကြိုးစား၍ မတ်မတ်ရပ်လိုက်ပြီး အမောတကောဖြင့် အလေးတုံးကို ထပ်၍ မ,လိုက်ပြန်သည်။
” အရှက်မရှိလိုက်တာ ”
” တော်တော်ကို တရားလွန်နေပြီ ”
ဘေးပတ်ပတ်လည်မှ ကျောင်းသားများမှာ မနေနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်ကြတော့သည်။ သိုင်းပညာဌာနမှ ဆရာပင် စိတ်ထဲတွင် ကျိန်ဆဲနေမိတော့သည်။ ဝမ်ပေါင်လဲ့၏ အစကတည်းက ဟန်ဆောင်ခဲ့သည့် အမူအရာမှာ သူ၏အမြင်တွင် အလွန် အရှက်မဲ့လှသည်ဟု ခံစားနေရတော့သည်။
” ချန်းကျစ်ဟန်၊ ကျိုးရိဖန် … ဓမ္မလက်နက်ဌာနကို ပြေးတဲ့နေရာမှာ ရှုံးခဲ့တာကို ငါ လက်ခံနိုင်သေးတယ်။ ဒါပေမဲ့ မင်းတို့က အလေးမတဲ့ နေရာမှာပါ ရှုံးတော့မှာလားကွ ”
သူတို့၏ဆရာက အော်ဟစ်မေးမြန်းလိုက်သည်။
ထိုအခါ ချန်းကျစ်ဟန်၏ မျက်လုံးများ နီမြန်းသွားပြီး ကျန်ရှိနေသေးသည့် ကျောင်းသားနှစ်ယောက်က အားကုန်ထုတ်လိုက်ကြတော့သည်။ သူတို့က အံ့များကိုကြိတ်ကာ အလေးတုံးများကို နောက်ထပ်တစ်ကြိမ် မ,လိုက်၏။ ချန်းကျစ်ဟန်မှာ နောက်ထပ်အကြိမ် တစ်ရာကျော် ဆက်၍ မ,လိုက်ပြီးနောက် ဆက်၍ အလေးမ,နိုင်နေဆဲဖြစ်သည့် ကတုန်ကယင်ဖြစ်နေသော ဝမ်ပေါင်လဲ့အား လှမ်း၍ကြည့်လိုက်သည်။ ထို့နောက် သူသည် စိတ်ထဲတွင် ဝမ်းနည်းပူဆွေးစွာ အော်ဟစ်မြည်တန်းလိုက်ပြီး အားအင်ချိနဲ့ကာ ပုံခနဲ လဲကျသွားတော့သည်။
နောက်ဆုံးတွင် ကျိုးရိဖန်ပင် အားအင်ကုန်ခမ်းသွားရတော့သည်။ သူသည် သူ၏ အားအကုန်လုံးကို ထုတ်သုံးခဲ့ပြီးဖြစ်သည်။ သူသည် တုန်တုန်ရီရီနှင့် အလေးတုံးကို မ,ရန် ကြိုးစားလိုက်သောအခါ ချာချာလည်သွားရတော့သည်။ ထို့ကြောင့် သူသည်လည်း ဆက်၍ အလေးမ,မနိုင်တော့ပေ။
ဝမ်ပေါင်လဲ့မှာလည်း ထိုကဲ့သို့ ဖြစ်နေသည့်အမူအရာဖြင့် လှမ်း၍ကြည့်လိုက်၏။ သူ၏ ခန္ဓာကိုယ်မှာ ယိမ်းယိုင်နေပြီး သူသည်လည်း ထိုအလေးတုံးကို ထပ်၍ မ,မနိုင်တော့မည့်ပုံ ပေါက်သွား၏။ ထိုအခါ ကျိုးရိဖန်မှာ ချက်ချင်းဆိုသလိုပင် မျှော်လင့်ချက်များ ရှင်သန်လာသလို အခြားကျောင်းသားများမှာလည်း စိတ်လှုပ်ရှားသွားကြတော့သည်။
” ဖက်တီးဘိုးဘေးကြီးများ … ကျနော့်ကို အင်အားတွေ ပေးသနားပါ ”
ဝမ်ပေါင်လဲ့၏ တစ်ကိုယ်လုံး ချွေးများရွှဲနေ၏။ သူသည် ထိုသို့အော်ဟစ်လိုက်ပြီး အလေးတုံးကို ဖြည်းဖြည်းချင်း မ,လိုက်ချိန်တွင် ဆရာအပါအဝင် ကျောင်းသားများအားလုံး သူတို့၏စိတ်ထဲတွင် သူ၏လက်ထဲမှ ထိုအလေးတုံး ပြုတ်ကျသွားစေရန် ဆုတောင်းနေကြတော့သည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် လူတိုင်း ဒေါသတကြီး စိုက်ကြည့်လိုက်ကြ၏။ ကျိုးရိဖန်၏ မျက်လုံးများမှာ ပို၍ပင်နီမြန်းလာပြီး ထိုအခြေအနေကို လက်မခံနိုင်တော့ပေ။ သို့ဖြစ်၍ သူသည် အလေးတုံးကို နောက်ထပ်တစ်ကြိမ် မ,ရန် ကြိုးစားလိုက်ပါသော်လည်း ခွန်အားအနည်းငယ်ပင် မကျန်တော့သောကြောင့် ပုံခနဲ လဲကျသွားတော့သည်။
သူ၏မျက်လုံးများမှာ အလင်းရောင်များ ကင်းမဲ့သွားပြီး နှလုံးသားထဲမှ စိတ်မချမ်းမြေ့ဖွယ်ရာ ခံစားချက်ကြီးကို ဖော်ပြ၍ပင် မရနိုင်တော့ပေ။
ထိုအခိုက်အတန့်တွင် လေ့ကျင့်ရေးကွင်းထဲရှိ လူတိုင်း၏ အမူအရာမှာ အရုပ်ဆိုးနေကြတော့သည်။ သူတို့က တစ်ယောက်တည်းသာ ကျန်ရှိတော့သည့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြသည်။ ဝမ်ပေါင်လဲ့ကမူ အဆုံးမရှိသည့်အလား သူ၏အလေးတုံးကို ထပ်ခါထပ်ခါ မ,နေတော့သည်။
နှစ်နာရီ၊ လေးနာရီ၊ ခြောက်နာရီ၊ ရှစ်နာရီ… အထိ ကုန်ဆုံးသွား၏။
သူတို့ အနားယူနေစဉ် ဝမ်ပေါင်လဲ့က အလေးတုံးများကို ဆက်၍မ,နေဆဲပင်။ သူတို့က အားအင်ပြန်လည်ပြည့်ဖြိုးလာပြီး ပြန်၍ အလေးမ,လိုက်ကြသည့် အချိန်မှာလည်း ဝမ်ပေါင်လဲ့က ဆက်၍ မ,နေဆဲပင်။ သူတို့ ထမင်းစားရန် ထွက်သွားကြသည့် အချိန်တွင်လည်း ဝမ်ပေါင်လဲ့မှာ ဆက်လက် မ,နေဆဲပင်။ တတိယမြောက်နေ့မှသာ သူတို့ ထွက်ခွာသွားကြတော့သည်။ သို့သော် ဝမ်ပေါင်လဲ့မှာမူ လရောင်အောက်တွင် ဆက်၍ အလေးမ,နေဆဲပင်။
နောက်ဆုံးတွင် သူတို့အားလုံး ဆွံ့အမှင်တက်သွားကြတော့သည်။ သူသည် အလေးတုံးကို သာမန်အတိုင်းသာ မ,နေမည်ဆိုပါက သူတို့ သည်းခံနိုင်ဦးမည် ဖြစ်သော်လည်း သူသည် အကြိမ်တိုင်း အကြိမ်တိုင်းတွင် ယခုအခေါက်မှာ နောက်ဆုံးအခေါက်ဖြစ်ကြောင်း အော်ဟစ်နေခဲ့သည်။ သူသည် ထိုမျှလောက် ကြာမြင့်စွာ အော်ဟစ်နေပါသော်လည်း အသံဝင်မသွားသေးပေ။
” ဒီကလိမ်ကကျစ်ကောင်က တော်တော်ကို မာယာများတာပဲ ”
” တောက် … သူ ဒီလောက်အကြာကြီး အော်ဟစ်နေရတာ မမောဘူးလား မသိဘူး ”
လူတိုင်း စိတ်ပျက်လက်ပျက် ဖြစ်နေကြတော့သည်။ သိုင်းပညာဌာနမှ ဆရာမှာလည်း စိတ်ဓာတ်များကျဆင်းကာ အလဲထိုးခံလိုက်ရသလို ခံစားနေရ၏။ သူသည် သူ၏ ကျောင်းသားများနှင့်အတူ ထွက်ခွာသွားရန် ပြင်ဆင်လိုက်ပြီး ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည့်အခါတိုင်း အပြင်ဘက်၌လုပ်ရသည့် လေ့ကျင့်ခန်းများကို မလုပ်တော့ရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။
သို့သော် သူတို့ ထိုသို့ ထွက်ခွာသွားရန် ပြင်လိုက်သည့် အခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ တမူထူးခြားသော အငွေ့အသက်တစ်ခု ရုတ်တရက် အရှိန်ပြင်းစွာ ထိုးထွက်လာ၏။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်က မီးတောက်များနှင့် ဆင်တူသော အနီရောင်အလင်းတန်းများကို ထုတ်လွှတ်နေသည့် အတိုင်းပင်။ ထိုအနီရောင် အလင်းတန်းက သူ၏ အရေပြားကိုဖြတ်၍ သူ၏ခန္ဓာကိုယ်ထဲမှ ထိုးထွက်လာပြီး သူ၏ရှေ့တွင် ရှိနေသည့် လူအားလုံး၏ အမြင်အာရုံများကို ဖုံးလွှမ်းသွားတော့သည်။
၎င်းမှာ ကောင်းကင်ကြီးကိုပင် လှုပ်ခါသွားစေနိုင်သည့် သွေးချီများ ဖြစ်ကြသည်။
အလွန် ထူထဲသော သွေးချီများက နေရာအနှံ့မှနေ၍ အရှိန်အဟုန်ပြင်းစွာ ရောက်ရှိလာကြသည်။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာလည်း လျင်မြန်စွာ ကြုံ့ဝင်သွားပြီး နဂိုမူလ အရွယ်အစားဆီသို့ ပြန်ရောက်သွားသည်။ ထိုအခိုက် ဝိညာဉ်ချီအားလုံး လောင်ကျွမ်းသွားပြီး သူ့အား သွေးချီအဆင့်သို့ ရောက်ရှိရန်လိုအပ်သည့် စွမ်းအင်များကို ထောက်ပံ့ပေးလိုက်တော့သည်။
ထိုမြင်ကွင်းကြောင့် ထွက်ခွာရန်ပြင်နေကြသည့် လူများ၏ အတွေးများ ယောက်ယက်ခက်သွားကြတော့သည်။ သူတို့သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ မှင်တက်သွားကြပြီး ငူငူကြီး ရပ်နေမိကြတော့သည်။
” ငါ အောင်မြင်သွားပြီကွ ”
ဝမ်ပေါင်လဲ့မှာ အလေးတုံးကို စိတ်လှုပ်တရှားဖြင့် ဘေးသို့ပစ်လိုက်၏။ ထို့နောက် သူ၏ နဂိုအတိုင်း ပြန်ဖြစ်သွားသော ခန္ဓာကိုယ်အား မြင်လိုက်ရသောအခါ ကျယ်လောင်စွာ အော်ရယ်လိုက်တော့သည်။ ထို့အပြင် သူသည် သွေးချီအဆင့်ကိုပါ ရောက်ရှိသွားသည်ကို သတိထားမိလိုက်သဖြင့် ပို၍ ကျေနပ်အားရသွားပြီး အံ့အားသင့်သွား၏။ ထို့ကြောင့် သူသည် အလျင်အမြန်ပင် ရွှင်မြူးတက်ကြွစွာ ပြေးထွက်သွားတော့သည်။
သူ ထွက်ခွာသွားသည်မှာ အချိန်အတော်အတန် ကြာသွားသည့်တိုင်အောင် လေ့ကျင့်ရေးကွင်းထဲတွင် ရှိနေသည့် သိုင်းပညာဌာနမှ လူအုပ်ကြီးမှာ မိန်းမောတွေဝေနေရာမှ ရုန်းထွက်လာနိုင်ခြင်း မရှိသေးပေ။ အတန်ငယ် ကြာသောအခါမှသာ ပင့်သက်ရှိုက်သံများ ဆက်တိုက်ပေါ်ထွက်လာရတော့သည်။
” သူ…သူက တကယ်ကို ဖောက်ထွက်သွားခဲ့တာလား ”
” သောက်ကျိုးနည်း … သူက ဓမ္မလက်နက်ဌာနက ဖြစ်တာတောင် သွေးချီအဆင့်ကို ငါတို့ထက်အရင် ရောက်သွားခဲ့တာပဲ ”
” ငါ အမြင်တွေများ မှားနေတာလား။ သူက … အလေးမ,ရင်းနဲ့ အဆင့်တက်သွားခဲ့တာလား ”
မယုံသင်္ကာမှုများဖြင့် ပြည့်နှက်နေကြသည့် တအံ့တဩ ရေရွတ်သံများနှင့် ဆွေးနွေးငြင်းခုန်နေကြသည့် အသံများဖြင့် ကျောင်းသားအုပ်ကြီးထဲတွင် ဆူညံနေကြ၏။ သူတို့မြင်လိုက်ရသည့် မြင်ကွင်းကြီးကြောင့် သူတို့ ကသောင်းကနင်း ဖြစ်သွားကြတော့သည်။ သူတို့က ဝမ်ပေါင်လဲ့အား နှစ်ကြိမ်တိတိ ရှုံးနိမ့်ခဲ့ရုံမျှဆိုလျှင် ကိစ္စမရှိပါသော်လည်း သူ ဖောက်ထွက်သွားနိုင်ခဲ့သည်ကို ကြည့်လိုက်ရသောကြောင့် သူတို့ မနာလိုဖြစ်ကာ ကျန်ခဲ့ရတော့သည်။
သိုင်းပညာဌာနမှ ဆရာပင် နာကျည်းချက်များကြောင့် တစ်ရက်လုံးလုံး စိတ်ဖောက်ပြားနေရ၏။ သူက နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ပေါက်ကွဲပစ်လိုက်တော့သည်။
” အသုံးမကျတဲ့ ကောင်တွေ ”
” မင်းတို့ အိပ်ဖို့ စဉ်းစားမနေနဲ့တော့။ သူက ဓမ္မလက်နက်ဌာနက ဖြစ်နေတာတောင် အလေးမ,ပြီးတော့ ဖောက်ထွက်သွားနိုင်သေးတာ။ မင်းတို့အကုန်လုံးကရော။ ဆက်ပြီးတော့ လေ့ကျင့်နေကြစမ်း။ မဖောက်ထွက်မချင်း မရပ်ကြနဲ့ ”
ယခုအကြိမ်တွင်မူ မည်သည့် ကျောင်းသားကမှ စောဒက တက်မနေကြပေ။ ထို့အပြင် သူတို့၏ မျက်လုံးများမှာ ဝင်းလက်တောက်ပလာ၏။ ထိုနည်းလမ်းမှာ ဖောက်ထွက်နိုင်ရန်အတွက် အမှန်တကယ်ပင် အထောက်အကူပြုသည့် နည်းလမ်းတစ်ခု ဖြစ်နိုင်ကြောင်း သူတို့ ခံစားလိုက်ရသည်။ ထို့ကြောင့် သူတို့အားလုံး အသက်ရှူသံများ မြန်ဆန်လာပြီး လေ့ကျင့်ရန် ပြေးထွက်သွားကြတော့သည်။
အလေးမ,ခြင်းမှာ အမှန်တကယ်ပင် အကျိုးသက်ရောက်မှု ရှိသောကြောင့်လား၊ သူတို့ကြုံတွေ့ခဲ့ရသည့် ကြီးမားသော တုန်လှုပ်ချောက်ချားဖွယ်ရာ ကိစ္စကြီးကြောင့်လားတော့မသိပေ။ ထိုညတွင် သိုင်းပညာဌာနမှ ကျောင်းသားတစ်ယောက်မှာ အလေးမ,ခြင်းဖြင့် အမှန်တကယ်ပင် ဖောက်ထွက်သွားနိုင်ခဲ့သည်။
ထိုကိစ္စမှာ သိုင်းပညာဌာနတစ်ခွင် ရုတ်ရုတ်သဲသဲဖြစ်သွား၏။ ၎င်းမှာ ဒဏ္ဍာရီတစ်ခုကဲ့သို့ပင်။ ထို့ကြောင့် ထိုကိစ္စကြီး ပြီးဆုံးသွားပြီး အချိန်အတော်အတန် ကြာသွားသည့်တိုင်အောင် ကံစမ်းလိုသောကြောင့် ထိုနေရာသို့သွား၍ အလေးမ,နေကြသည့် သိုင်းပညာဌာနမှလူများ ရှိနေကြဆဲပင်။