“ဒါ…”
မရေမတွက်နိုင်သော လူများက ရီဖူရှင်း၏ အသံကို ကြားကာ ထိတ်လန့် ကြရသည်။ ရီဖူရှင်းက လေကြီးမိုးကြီး ပြောနေခြင်းများလား…။ သို့မဟုတ်လျှင် ကွန်ဆွန်ရီက သူနှင့် အမှန်တကယ် မယှဉ်နိုင်သည်လား။
ကွန်ဆွန်ရီက အာခီမီ ကျောက်တိုင်ကြီးပေါ်တွင် ရပ်ကာ ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်။ ရီဖူရှင်းက သူ့ထံသို့ လျှောက်သွားသည်တွင် ခြေလှမ်းတိုင်းက ကြီးမားသော ဖိအားကို သယ်ဆောင်လာပြီး ကွန်ဆွန်ရီအပေါ် စိတ်စွမ်းအားတစ်မျိုး သက်ရောက်စေသည်။ သူကား ပထမတန်းစား နိုဘယ်ဖြစ်ကာ ရီဖူရှင်းကား တတိယတန်းစား နိုဘယ်မျှသာ ဖြစ်၏။ ရီဖူရှင်းက သူ့အား စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု ပြုလုပ်မည်ဟု လုံးဝမထင်ထား။ ဤသို့သော အပြုအမူကလည်း စောင်ကားခြင်းတစ်မျိုး ဖြစ်၏။
သို့သော်လည်း စိတ်စွမ်းအားက သူ့ထံကို ရောက်လာသည်တွင် သူကိုယ်တိုင်က လေဖြတ်သွားမတတ် ထိတ်လန့်ကြီးစွာ ဖြစ်ရ၏။ သူ၏စိတ်ထဲတွင် ပုံရိပ်ယောင်တစ်ခု ဖြစ်ပေါ်လာခြင်းနှင့်အတူ သူ၏ခန္ဓာကိုယ်ကလည်း တင်းကျပ်သော အင်အားတစ်ခုတွင် ပိတ်ဆို့ခြင်းခံရကာ လုံးဝ လှုပ်ရှားနိုင်စွမ်း မရှိတော့။ ကွန်ဆွန်ရီက လှုပ်ရှားနိုင်စွမ်း မရှိတော့သလို သွေးစီးဆင်းခြင်း ကလည်း ရပ်တန့် သွားသည်ဟု ခံစားရသည်။
ဘုန်း…
ပြင်းထန်သော မီးတောက်က ရုတ်တရက် ပွင့်ထွက်လာသည်။ ကွန်ဆွန်ရီ၏ စိတ်အသိက မီးတောက်နတ်ဘုရား တစ်ပါးအလား ပုံစံပြောင်းသွားကာ သူ့ပတ်ပတ်လည်မှ အရာခပ်သိမ်းကို လောင်ကျွမ်းရန် ကြိုးစားသည်။ ရီဖူရှင်းက သူ၏လက်ကို ဆန့်တန်းလိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသော စိတ်အသိနှင့် မှော်စွမ်းအင်တို့က တစ်ချိန်တည်းတွင် ဆင်းသက်လာသည်။ နိုဘယ်အသိများက ပတ်ဝန်းကျင်တွင် သူတို့နှင့် သက်ဆိုင်ရာ သက်ရောက်အား သီးသန့်နယ်များ ရှိသည်ဟု ရှီတန်ခိုးရှင် ထို့ကျန်းက ဟောပြောခဲ့ဖူးသည်။ အလွန် ဉာဏ်ထက်မြက်သော သူများက သူတို့၏ ကိုယ်ပိုင်အသိ သီးသန့်နယ်ကို ဖန်တီးနိုင်စွမ်းရှိကာ စွမ်းအား အမျိုးမျိုးကို ထိုသီးသန့်နယ်၌ ပေါင်းစပ်နိုင်ကြသည်။ ဤနည်းဖြင့် သူတို့ ထုတ်လွှတ်သော မှော်စွမ်းအားများက ပေါင်းစပ်အသိများ ပျော်ဝင်နေသော သီးသန့်နယ်မှ ဖြစ်ပေါ်လာခြင်း ဆိုပါက ကြီးစွာသော မဟာမှော်စွမ်းအားများ ဖြစ်ပေါ်လာတော့သည်။
ရီဖူရှင်းကား တော်ဝင်ကျဲ နန်းတော်တွင် သုံးနှစ်တာ ကာလမျှ လေ့ကျင့်ပြီးနောက် များစွာသော ပေါင်းစပ်စွမ်းအင်များကို ဖန်တီးနိုင်ခဲ့သည်။ သူက တတိယတန်းစား နိုဘယ်ကို တက်ရောက်နိုင်သောအခါ သူ၏သီးသန့် နယ်ကလည်း ပိုမိုအားကောင်းလာကာ ပထမတန်းစား နိုဘယ်များပင် ခံနိုင်ရည်မဲ့ရသည်။
ကွန်ဆွန်ရီကား အလွန်အမင်း နာမည် ကျော်ကြားသော်လည်း ထိုအရာက ချပ်ဝတ်လက်နက် ပညာတွင် ထူးချွန်ခြင်းကြောင့်သာ ဖြစ်သည်။ အာခီမီမြို့က ချပ်ဝတ်လက်နက် ပညာရပ်တွင် အဆင့်အမြင့်ဆုံး ပညာရပ်များကို ပိုင်ဆိုင်ကာ ကြွယ်ဝသော အထောက်အပံ့များကို ပိုင်ဆိုင်သည်။ ထို့ကြောင့် ချပ်ဝတ်လက်နက် ပညာရပ်တွင် သူ၏အရည်အချင်းကို မေးခွန်းထုတ်ရန် မလိုအုပ်ပေ။ သို့သော်လည်း သိုင်းပညာတွင်ကား ကွန်ဆွန်ရီက အကောင်းဆုံးထဲတွင် ပါဝင်သည်ဟု မဆိုနိုင်ပေ။ အနည်းဆုံး သူက ထိကန်းကဲ့သို့ အဆင့်ထဲတွင်ပင် မရှိပေ။
ကွန်ဆွန်ရီ၏ ပါရမီမြင့်မားသော ချပ်ဝတ်လက်နက် ပညာရပ်များက သူ့အား များစွာ မောက်မာ ဝင့်ကြွားစေကာ မိမိကိုယ်ကို အထင်ကြီး လွန်းစေခဲ့သည်။ သို့သော်လည်း သူက အာခီမီမြို့တော်ဝန် ယူစီကို နားလည်ခြင်း မရှိခဲ့ပေ။ မြို့တော်ဝန်ယူစီကား ကောင်းကင်မြေရိုင်း အဆင့်၈နေရာကို ချပ်ဝတ်လက်နက်ပညာရပ် တစ်ခုတည်းကြောင့် ရပ်တည်နိုင်ခြင်း မဟုတ်ပေ။ ယူစီကား အလွန်အားကောင်းသော သိုင်းပညာရှင်လည်း ဖြစ်သည်။ အကယ်၍ သူသာလျှင် ချပ်ဝတ်လက်နက် ပညာရပ်တွင် အချိန်များ ကုန်ဆုံးနေပါက ယနေ့လို အဆင့်အတန်းမျိုး ရောက်လာမည် မဟုတ်ဘဲ တခြားလူများ၏ လက်နက်ကို သွန်းလုပ်ပေးနေရသော အခိုင်းခံတစ်ယောက် ဖြစ်နေမည်မှာ သေချာပေသည်။ ကွန်ဆွန်ရီက ထိုအချက်ကို နားမလည်ခဲ့ပေ။
“အေးခဲစမ်း ”
ရီဖူရှင်းက ပြောလိုက်သည်။ ထိုအခိုက်တွင် ကွန်ဆွန်ရီက သူ၏ခန္ဓာကိုယ်သာ မဟုတ်တော့ဘဲ ပတ်ဝန်းကျင်ကပါ ရပ်တန့်သွားသည်ဟု ခံစားရသည်။ သူ၏ပတ်ဝန်းကျင်တွင် စီးဆင်းနေသော သဘာဝစွမ်းအင်များလည်း လှုပ်ရှားခြင်း မရှိကြတော့ပေ။ ထိုစိတ်စွမ်းအားကား အလွန်အမင်း အားကောင်းလွန်းလှသည်။
ကွန်ဆွန်ရီက ရှိရှိသမျှသော စွမ်းအားများကို စုစည်းကာ ထိုနေရာမှ လွတ်မြောက်ရန် ကြိုးစားသည်။ သို့သော်လည်း ထိုခဏမှာပင် သိပ်သည်းသော ရွှေရောင် နွယ်ပင်များစွာကို မြင်လိုက်ကာ သူမသိလိုက်မီတွင်ပင် ကွန်ဆွန်ရီကား လေထဲ၌ တွဲလောင်းချိတ်တွဲခံရ၏။ နွယ်ပင်များက ကွန်ဆွန်ရီကို အထပ်ထပ် ရစ်ပတ်သွားသည်တွင် ကွန်ဆွန်ရီကလည်း မျက်နှာများ ဖြူရော့သွားပြီး ထိတ်လန့်ခြင်း ကြီးစွာဖြင့် နွယ်ပင်များကို လောင်ကျွမ်းရန် ကြိုးစားသည်။ သို့သော် နွယ်ပင်များအား မီးတောက်များက ဘာမှ မလုပ်နိုင်။
မရေမတွက်နိုင်သော မျက်လုံးများက ထိုမြင်ကွင်းကို ကြည့်ကာ စိတ်လှုပ်ရှားခြင်းကြီးစွာ ဖြစ်ကြရသည်။ အချို့က တုန်လှုပ်ကြရသည်။ အာခီမီပြိုင်ပွဲ၌ ပထမရသူနှင့် တော်ဝင်ကျဲ နန်းတော်ဝင်ခွင့် ပထမတို့ တိုက်ခိုက်ကြရာတွင် ကွာဟချက်ကား မိုးနှင့်မြေပမာအလား မှတ်ရသည်။ တိုက်ပွဲက ဤသို့ ဖြစ်လာမည်ဟု မည်သူမှ မထင်ထား။
အာခီမီပြိုင်ပွဲ ပထမရသူ ကွန်ဆွန်ရီကား သူ့ထက် တန်ခိုးအဆင့်နိမ့်သူ ရီဖူရှင်းထံတွင် ဆိုးဝါးစွာ ရှုံးနိမ့်ခဲ့သည်။ ယခုတွင်ကား ဂုဏ်သိက္ခာ ကြီးမားလှသော အာခီမီအဆင့်တစ်ကား တော်ဝင်ကျဲနန်းတော်၏ ဂုဏ်ဆောင်သူ မျက်မှောက်၌ အလွန်အမင်း စျေးပေါလွန်းနေသည်။
ရွှီယီက ပြုံးရယ်ကာ တီးတိုးပြောသည်…
“မတွေ့ရတဲ့ နှစ်နည်းနည်းလေးမှာ ညီငယ်လေးက တော်တော် အားကောင်းလာတာပဲ…”
“အစ်ကို… ခင်ဗျား အလိမ်ခံရတာပဲ…”
လျိုဖန်းက ရေရွတ်သည်။ သူတို့၏ စိုးရိမ်ပူပန်မှုကား မူလကတည်းက မလိုအပ်ခဲ့ပေ။ ထို့အပြင် ရီဖူရှင်းက သိဒ္ဓိဝင် လက်နက်တောင်းခဲ့ခြင်း ကလည်း မျက်ကန်းထံမှ လုယက်ခြင်းနှင့် မခြားနားပေ။
“ငါ့အတွက်တော့ ဒါက ပြဿနာ မဟုတ်ဘူး…”
ရွှီယီက ပြုံးရွှင်စွာဖြင့် ပြောသည်။ သူ၏မျက်လုံးက သီးသန့်စင်မြင့်ထက်ကို ရောက်သွားသည်နှင့် ယူချီနှင့် အကြည့်ချင်း ဆုံသည်။ အရာအားလုံးက ပြီးဆုံးသွားပြီကို သိပြီးနောက် သူတို့နှစ်ယောက်လုံး စိတ်အေးသွားရပြီ ဖြစ်သည်။
ရီဖူရှင်းက ကွန်ဆွန်ရီ၏ ပြာနှမ်းနေသော မျက်နှာကို အာခီမီ ကျောက်တိုင်ပေါ်မှ စိန်ပြေနပြေ ကြည့်သည်။ သူနှင့် သူ၏စီနီယာများက ကွန်ဆွန်ရီကို နောက်ဆုတ်ပေးရန် အဆုံးစွန်သော တောင်းပန်မှုများ ပြုလုပ်ခဲ့ကြသည်။ သို့သော်လည်း ကွန်ဆွန်ရီက သူတို့ကို အမုန်းတရားဖြင့်သာ တုံ့ပြန်ခဲ့၏။ ကွန်ဆွန်ရီက အင်ပါယာ မိသားစုတွင် ရွှီယီ၏စွမ်းအားများကို ဖျက်ဆီးရန် အထိပင် ကြိုးပမ်းခဲ့၏။ ကွန်ဆွန်ရီကား ယူချီကို အမှန်တကယ်အားဖြင့် လက်ထပ်လိုခြင်း မဟုတ်ဘဲ သူ၏ လက်စားချေလိုစိတ်ဖြင့်သာ ဇွတ်တိုးနေခြင်း ဖြစ်သည်။ သူ၏ပြင်းထန်သော မာနတရားကြောင့် သူလုပ်လိုသည်၊ သူရယူလိုသည်အတွက် ကွန်ဆွန်ရီကား ဘာကိုမှ ထည့်မတွက်ခဲ့။
“ဘာလို့ ဒီလို ဖြစ်ရတာလဲ…”
ကွန်ဆွန်ရီက မိမိကိုယ်ကို မေးသည်။ ယခု ဖြစ်ပျက်နေသည်ကို သူကား ယုံကြည်ရန်ပင် ခက်ခဲနေသည်။ သူကား ရီဖူရှင်း၏တိုက်ခိုက်မှုကို မည်သို့မှ ခုခံနိုင်စွမ်း မရှိခဲ့။
“ဘာလို့လဲဆိုတော့…” ရီဖူရှင်းက ကွန်ဆွန်ရီကို စူးစူးရဲရဲကြည့်ကာ ပြောသည်… “မင်းက အားနည်းလို့ပဲ…” ရီဖူရှင်းက ကွန်ဆွန်ရီကို ကြည့်ကာ လက်ဝှေ့ယမ်း လိုက်သည်။ ချက်ချင်းပင် နွယ်ပင်များအကြား ကွန်ဆွန်ရီ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားပြီး တောင့်တင်းသွားသည်။
သူ့တွင် ပြန်လည် တိုက်ခိုက်နိုင်စွမ်းပင် မရှိပေ။
“ငါက အာခီမီပြိုင်ပွဲပထမပဲ… ငါက မြို့တော်ဝန် အိမ်တော်မှာ ချပ်ဝတ်လက်နက် ပညာကို လေ့လာရမယ်… ငါ့ကို လွှတ်ပေးပါ… ငါ နောက်ဆုတ်ပေးပါ့မယ်…” ကွန်ဆွန်ရီက ရီဖူရှင်းကို တောင်းပန်သည်။ လူအများအပြားက သူ့အား အံ့အားသင့်စွာ ကြည့်ကြသည်။ ထိုမျှ မာနတံခွန် မိုးထိုးနေသော ကွန်ဆွန်ရီပင် မည်သို့ တောင်းပန်ရမည်ကို သိသည်လား။
“သူက နောက်ဆုတ်ပေးမယ် ဆုံးဖြတ်ပြီးမှတော့ ဒီကိစ္စကို ပြေငြိမ်းလိုက်ရအောင်…” ကွန်ဆွန်မိသားစုမှ လူများက ပြောသည်။
“ရီဖူရှင်း… ကွန်ဆွန်ရီက အာခီမီပြိုင်ပွဲ ပထမရသူပဲ… မင်းလိုချင်တာလည်း ရပြီးပြီ… ရပ်လိုက်ကြရအောင်…” ထိကန်းက ပြောသည်။
ရီဖူရှင်း၏မျက်လုံးများ အရောင်လက်သွားသည်။ ထိုအခိုက်တွင်ပင် ရီဖူရှင်း၏နားထဲကို အသံတစ်သံ ရောက်လာသည်… “သူ့ကို သတ်…” ရီဖူရှင်း မှင်တက်သွားသည်။ ထိုအသံက မြို့တော်ဝန် ကိုယ်တိုင်ထံမှ လာခြင်းဖြစ်သည်။ ထိုအခါမှ ကွန်ဆွန်ရီကို မြို့တော်ဝန်က ညှိနှိုင်းရန် ကြိုးစားခဲ့စဉ်က သူ့အား မြို့တော်ဝန်က အလွန် စိတ်ဆိုးခဲ့သည်ကို ရီဖူရှင်း ရိပ်မိလိုက်သည်။
မြို့တော်ဝန်၏ စကားကို ကြားလိုက်သည်တွင် ရီဖူရှင်းကလည်း သူလုပ်သင့်သည်ကို လုပ်လိုက်သည်။ ရွှေရောင်နွယ်ပင်များ၏ ထက်ရှသော ဦးချွန်များက ကွန်ဆွန်ရီ၏ လည်ပင်းကို တင်းကျပ်စွာ ရစ်ပတ် လာကြတော့သည်… “မဟုတ်ဘူး…”
စွတ်…
အလွန်ထက်ရှသော နွယ်ပင်က သူ၏လည်ပင်းကို တိုးဝင် သွားတော့သည်။ မရေမတွက်နိုင်သော လူများက ထိုမြင်ကွင်းကို ထိတ်လန့်စွာ ကြည့်ကြသည်။ ကွန်ဆွန်ရီကား သူတို့မြင်ဖူးသော အာခီမီပြိုင်ပွဲ သမိုင်းတစ်လျှောက် သနားစရာ အကောင်းဆုံး ပြိုင်ပွဲပထမ ဖြစ်ပေတော့သည်။
ယူချီက ထိုမြင်ကွင်းကို ခံစားချက် ကင်းမဲ့စွာ ကြည့်သည်။ အားလုံးကို သူက သာတူညီမျှသော အခွင့်အရေးကို ပေးခဲ့၏။ ယူချီက ကွန်ဆွန်ရီကို ရွေးချယ်ခွင့်ပေးခဲ့စဉ်က အကယ်၍ ကွန်ဆွန်ရီကသာ သဘောတူခဲ့ပါက ရီဖူရှင်းစိတ်ထဲတွင် ရှိသလိုပင် ကွန်ဆွန်ရီအား သူ၏ လက်ရင်းတပည့်အဖြစ် လက်ခံကာ အကောင်းဆုံးများကိုသာ ပေးအပ်ခဲ့မည် ဖြစ်သည်။ သို့သော်လည်း ကွန်ဆွန်ရီကား တဇောက်ကန်း မာနပိုင်ရှင်ဖြစ်သည်။ သူက တခြားလူများပေးသော အခွင့်အရေးကို လျစ်လျူရှုကာ သူ၏မာနကို ဖက်တွယ်ထားမှတော့ ထိုအကျိုးဆက်ကို လက်ခံရပေမည်။
ကွန်ဆွန်ရီ၏ ခန္ဓာကိုယ်က မြေပြင်ပေါ်ကို အသက်ကင်းမဲ့စွာ ကျဆင်းလာသည်တွင် ကွန်ဆွန်ကလန်မှ လူများအားလုံးက ရီဖူရှင်းကို မုန်းတီးစွာ ကြည့်ကြသည်။
ရီဖူရှင်းက သူ၏ ကိုယ်ရောင်ကိုယ်ဝါကို ပြန်ရုပ်သိမ်းလိုက်သည်။ ယူစီက သူတို့အားလုံးကို အချိန်သုံးရက် ပေးခြင်းကား ရွှီယီကို အခွင့်အရေးပေးခြင်း ဖြစ်သလို ကွန်ဆွန်ရီကိုလည်း ရွေးချယ်မှု တစ်ခုပေးခဲ့ခြင်း ဖြစ်သည်။
အကယ်၍ အင်ပါယာ မိသားစုတွင် ရွှီယီ၏ တန်ခိုးကျင့်စဉ်များကို ကွန်ဆွန်ရီက ဖျက်ဆီးခဲ့လျှင် ယူစီက သူ့အား မည်သို့စီမံမည်ကို ရီဖူရှင်း မတွေးတတ်တော့ပေ။ သို့သော်လည်း ရီဖူရှင်းက ကောင်းကင်မြေရိုင်း အဆင့်၈တွင် ရှိသူ၏ စဉ်းစားတွေးခေါ်မှုများကို နားလည်နိုင်စွမ်း မရှိပေ။ အာခီမီလောက၏ အမှတ်သင်္ကေတ ဖြစ်သလို အာခီမီ မြို့တော်ဝန်လည်းဖြစ်သူ ယူစီက ဘိုးဘေးများ ချမှတ်ခဲ့သော ရိုးရာ အစဉ်အလာများကို လိုက်နာရန် လိုအပ်ပေသည်။ အာခီမီပြိုင်ပွဲ ပထမကလည်း သူ၏သမီးနှင့် အလွန် လိုက်ဖက်ပေသည်။ ထို့ကြောင့် သူ၏ရွေးချယ်မှုကို ကိုယ်တိုင် သံသယဝင်ခဲ့ခြင်း မရှိခဲ့ပေ။ သို့သော် ယူချီကား သူ၏သဘောထားကို ဆန့်ကျင်ခဲ့သည်။ သူ၏သမီးကို သူကလည်း မနိုင်ပေ။ ထို့ကြောင့် သူ၏သမီးနှင့် အစဉ်အလာ အကြားတွင် သူ၏ဒွိဟစိတ်ကို မည်သူက နားလည်အံ့နည်း။
ကွန်ဆွန်ရီကား အလွန် မောက်မာကာ မာနကြီးလွန်းသည်။ ယူစီက ကွန်ဆွန်ရီကို ဖျောင်းဖျရန် ကြိုးစားခဲ့သေးသည်။ သို့သော်လည်း ကွန်ဆွန်ရီကား လက်မခံခဲ့ပေ။ ထိုဆုံးဖြတ်ချက်ကပင် သူ့အား အဆုံးသတ်ကို ရောက်စေသည်။
ထိခိုင်က ယူစီကို ကြည့်သည်။ ယူစီ၏စိတ်ထဲတွင် ဘာရှိသည်ကို သူက စိတ်ဝင်စားမိသည်။ သူက အာခီမီပြိုင်ပွဲ ပထမသေဆုံးရသည့် အတွက် အနည်းငယ်မျှသော နှမြောတသစိတ် မဖြစ်ပေဘူးလား။
ထိကန်းကလည်း ရီဖူရှင်းကို ကြည့်နေသည်။ အင်ပါယာ မိသားစုက ကွန်ဆွန်ရီကို သိမ်းသွင်းရန် ကြိုးစားနေခဲ့ကြသည်။ ကွန်ဆွန်ရီက သည်တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးဖြစ်ရာ သူက မသေလျှင် အင်ပါယာ မိသားစုကို ဝင်မည်မှာ သေချာသလောက် ရှိသည်။ သို့သော်လည်း ရီဖူရှင်းကား သနားငဲ့ညှာခြင်း မရှိဘဲ သတ်ဖြတ်ခဲ့သည်။
“ပြီးခဲ့တဲ့ ရက်ပိုင်းက မင်းတို့တွေ အင်ပါယာမိသားစု အိမ်တော်ထဲကို အတင်း ကျူးကျော်ခဲ့ကြတယ်… မင်းတို့က လူတွေ အတော်များများကို ဒဏ်ရာရစေခဲ့တယ်… မင်းက ကွန်ဆွန်ရီနဲ့ သေခြင်းရှင်ခြင်း တိုက်ပွဲကို စိန်ခေါ်ခဲ့မှတော့ အင်ပါယာ မိသားစုက ဒါကို ဘာမှ ပြောစရာ မရှိဘူး…” ထိကန်းက ရီဖူရှင်းကို ဖြည်းညင်းစွာ ပြောသည်… “အခု အင်ပါယာမိသားစု အိမ်တော်ထဲကို ဝင်ရောက် တိုက်ခိုက်တဲ့ကိစ္စကို ဖြေရှင်းကြရအောင်…”
လူအများအပြားက ထိကန်းကို ကြည့်ကြသည်။ ကြည့်ရသည်မှာ ကွန်ဆွန်ရီအား ရီဖူရှင်းက သတ်ဖြတ်ခဲ့ခြင်းအပေါ် ထိကန်းက အလွန်အမင်း သဘောတကျ ဖြစ်နေဟန်ရသည်။
“ငါပြောပြီးပြီ… မင်းက ငါ့ကို စိန်ခေါ်မယ် ဆိုရင်လည်း ငါလက်ခံမယ်…” ရီဖူရှင်းက ထိကန်းကို ပြောသည်။ ပတ်ဝန်းကျင်က တစ်ဖန် တင်းမာသွားပြန်သည်။ ကောလာဟလများက အမှန်တကယ်ပင် ဖြစ်လာနေသည်။ ရီဖူရှင်းက ထိကန်းကို အကြောက်အလန့် ကင်းမဲ့စွာ စိန်ခေါ်ခြင်းက လူအများကို ထိတ်လန့် အံ့အားသင့်စေသည်။
ထိကန်းကား ကွန်ဆွန်ရီ မဟုတ်ပေ။ သူကား ချပ်ဝတ်လက်နက် ပညာရှင်မဟုတ်သလို သူ၏တိုက်ခိုက်ရေး စွမ်းအားကလည်း အလွန်အမင်း မြင့်မားပေသည်။
ထိကန်းက ရီဖူရှင်းကို ကြည့်ကာ အာခီမီ ထောက်တိုင်များ ရှိရာသို့ ပျံသန်းလာကာ ပြောသည်… “တော်ဝင်ကျဲ နန်းတော်က ပါရမီရှင်တွေက တကယ်ကော လူတွေ ပြောသလောက် ဟုတ်သလား ကြည့်ရအောင်… အင်ပါယာ မိသားစုထဲကို သိဒ္ဓိဝင်လက်နက် အားကိုးပြီး ဝင်တိုက်ခဲ့တဲ့သူတွေ အကုန်လုံးကို ကျုပ်စိန်ခေါ်တယ်… လက်နက်အားမကိုးဘဲ အစစ်အမှန် တိုက်ခိုက်ကြတာပေါ့… ”
ထိကန်းက တော်ဝင်ကျဲနန်းတော်မှ ပါရမီရှင်များ အားလုံးကို တိုက်ခိုက်ရန် ကြံနေသည်လား။ ထိကန်းကား အမှန်ပင် အာခီမီမြို့၏နံပါတ်တစ် ဖြစ်သည်။ သူကား ရီဖူရှင်း၏အစွမ်းကို မြင်ပြီးသည့်တိုင် အထက်စီး ဆန်နေဆဲဖြစ်သည်။
ဟောင်ကျူဂီနှင့် တခြားလူများ အားလုံး၏ အမူအရာများကလည်း လေးနက် သွားကြသည်။ ထိကန်းက အမှန်ပင် အားကောင်းသည်ဟု ယမန်နေ့ကတည်းက သူတို့သိပြီး ဖြစ်သည်။ သို့သော် သူတို့အားလုံးကို တိုက်ခိုက်မည်ဟူသော စကားက ဟာသတစ်ခုထက် မပိုပေ။
***
စာစဉ်(၄၃)ပြီးပါပြီ
ဆက်ပါဦးမည်။
***