Switch Mode

အပိုင်း(၆၃၆)

အဆုံးစွန်သော ခွန်အား

နှစ်ရက်ခန့် ကြာပြီးနောက် အာခီမီပြိုင်ပွဲ ကျင်းပ​သော နေရာ၌ မရေမတွက်နိုင်သော လူများ ရောက်ရှိလာကြသည်။ ယနေ့ ရီဖူရှင်းနှင့် ကွန်ဆွန်ရီတို့၏အသေတိုက်ပွဲနေ့လည်း ဖြစ်သည်။

ဆယ်နှစ်တစ်ကြိမ် ကျင်းပသော အာခီမီပြိုင်ပွဲ၏ ပထမဖြစ်သူ ကွန်ဆွန်ရီကား ချပ်ဝတ်လက်နက် ပြုလုပ်သူ တစ်ယောက်သာ မဟုတ်ဘဲ ကျင့်ကြံခြင်း၌လည်း အလွန်အမင်း အလားအလာ ကောင်းမွန်သူ ဖြစ်သည်။

ရီဖူရှင်းကား ကောင်းကင်ဘုံမှ ကောင်းချီးပေးရသော ရှားရှားပါးပါး ပေါ်ထွန်းသော တော်ဝင်ကျဲ နန်းတော်မှ ပါရမီရှင်ဖြစ်သည်။ သူက လွန်ခဲ့သောသုံးနှစ် တော်ဝင်ကျဲနန်းတော် ဝင်ခွင့်အား နဝမတန်းစား နိုဘယ်အဆင့်ဖြင့် ပထမ ရယူနိုင်ခဲ့သည်။ အနာဂတ် အလားအလာ ကောင်းမွန်မှု၌ နှိုင်းယှဉ်ပါက ရီဖူရှင်းက သေချာပေါက် ပိုမိုကောင်းမွန်သည် မှန်သော်လည်း လက်ရှိရီဖူရှင်း၏ တန်ခိုးအဆင့်က ကွန်ဆွန်ရီက များစွာ နိမ့်ပေသည်။ ထို့ကြောင့် ပြိုင်ပွဲရလဒ်ကို ခန့်မှန်းရန် ခက်ခဲလှသည်။

လက်ရှိတွင် အားလုံးက မိမိတို့၏ အမြင်များကို ဆွေးနွေးပြောဆို နေကြသည်။ ရီဖူရှင်းကား သူ၏အစ်ကိုကို ကယ်တင်ရန်အတွက် အင်ပါယာ မိသားစုထဲကို ဝင်ရောက် တိုက်ခိုက်ရဲသော ရုန့်ရင်းကြမ်းတမ်းသူ ဖြစ်သည်။ ထို့အပြင် သူက အင်ပါယာ မိသားစုထဲတွင်ပင် အာခီမီအဆင့်မှ ပါရမီရှင်များစွာကို ပြင်းပြင်းထန်ထန် ဒဏ်ရာ ရစေခဲ့သည်။ ထိုလူများထဲမှ အချို့ကား ယခုထိ သတိလည်လာခြင်း မရှိကြသေးပေ။ သို့တိုင်အောင် ထိုလူများ၏ နောက်ခံ အသိုင်းအဝိုင်းများက ရီဖူရှင်းနှင့် ထပ်မံရင်ဆိုင်လိုခြင်း မရှိကြတော့ပေ။ မည်သို့ဆိုစေ သူတို့က ရီဖူရှင်း၏ အစ်ကိုအား ဝိုင်းဝန်း အနိုင်ကျင့်ခဲ့ကြခြင်း မဟုတ်ပါလား။ အကယ်၍ ရီဖူရှင်းအပေါ် သူတို့၏ အကြီးအကဲများက ပြန်လည် တုံ့ပြန်လိုပါက ရီဖူရှင်း၏နောက်ခံ အသိုင်းအဝိုင်းကလည်း လက်ပိုက် ကြည့်နေမည် မဟုတ်သည်မှာ သေချာသည်။ သူတို့က ထိုမျှသော အကျိုးဆက်ကို လက်ခံနိုင်စွမ်း မရှိပေ။

ရီဖူရှင်းတို့ အုပ်စုအား အင်ပါယာ မိသားစု၏ ရှီတန်ခိုးရှင်များပင် မထိရဲပေ။ သူတို့က မည်သို့ ရီဖူရှင်းတို့ကို ရန်စရဲမည်နည်း။ ရီဖူရှင်းတို့ တစ်အုပ်စုလုံးတွင် ကြောက်မက်ဖွယ် ကောင်းသော နောက်ခံအင်အားများ ရှိနေကြသည်။

ကွန်ဆွန်ရီက စောစီးစွာ ရောက်နေခဲ့သည်။ သူက အာခီမီဖိုအိုးကြီးပေါ်တွင် ထိုင်ကာ တိတ်ဆိတ်စွာ စောင့်နေသည်။ သူရောက်နေမှတော့ ရီဖူရှင်းကလည်း မကြာမီ ရောက်ရှိလာတော့မည် ဖြစ်သည်။

သူ့ရှေ့မှ မြို့တော်ဝန် အိမ်တော်ကို ကြည့်လိုက်သည်။ ဤနေရာ ဤအဆောက်အဦကား သူ့ဘဝ တစ်သက်လုံးတွင် ဝင်ရောက်ရန် အိပ်မက်မက်ခဲ့ရသော နေရာ၊ အာခီမီလောက တစ်ခုလုံး၏ နာမည် အကျော်ကြားဆုံး ပုဂ္ဂိလ်ကြီးတစ်ဦး ဖြစ်လာရန် ခြေချရမည့်နေရာ အဖြစ်သည်။ သူကား ဤအိပ်မက်အတွက် အလွန်ကြိုးစားခဲ့ရကာ ယခု အရာအားလုံးက ပြီးပြည့်စုံတော့မည့် အခြေသို့ ရောက်လာပြီး ဖြစ်သည်။ သူကား မိမိကိုယ်ကို အကောင်းဆုံးဟူသော အရာများနှင့်သာ ထိုက်တန်သူဟု ယုံကြည်ခဲ့သလို သူရယူမည့် မိန်းမကလည်း ပြီးပြည့်စုံသော မိန်းကလေး ဖြစ်ရပေမည်။

မြို့တော်ဝန်၏ သမီးယူချီကား သူ၏ လက်တွဲဖော်ဖြစ်ရန် အလွန် သင့်တော်သူဟု အမြဲတမ်း ယူဆခဲ့သည်။ သို့သော်လည်း အာခီမီပြိုင်ပွဲမှ ဖြစ်ရပ်က သူ့အား အရှက်ရစေသလို ရွှီယီနှင့် ယူချီတို့၏ အပြန်အလှန် ပြောစကားများ ချစ်ခင်နှစ်သက်မှုကို ဖော်ပြသော အပြုအမူများက သူ၏မာနကို ကြီးစွာ ထိခိုက်စေခဲ့သည်။ ထို့ကြောင့် သူက ရွှီယီနှင့် ယူချီကို လက်စားချေ လိုသည်။ သူတို့၏ အပြုအမူအတွက် ပြန်လည် ပေးဆပ်စေရန် သူလိုလားသည်။

အင်ပါယာမိသားစု နန်းဆောင်တွင် သူက ရွှီယီကို ထောင်ချောက်ဆင်ကာ သူ၏တန်ခိုး အစွမ်းအား ဖျက်ဆီးပစ်လိုခဲ့သည်။ သို့သော်လည်း ရီဖူရှင်း ရောက်လာခြင်းက သူ၏မာနကို တစ်ဖန် ပျက်ပြားစေခဲ့ပြန်သည်။ တော်ဝင်ကျဲ နန်းတော်၏ တပည့်က အင်ပါယာ မိသားစုထဲကို မောက်မာ ဝင့်ကြွားစွာ ဝင်ရောက်လာကာ အရာခပ်သိမ်းကို လျစ်လျူရှုလျက် ရွှီယီကို ပြန်ခေါ်သွားခဲ့သည်။ ထို့နောက် သူ့ကိုလည်း သေရှင်းရှင်ခြင်း တိုက်ပွဲအတွက် စိန်ခေါ်ခဲ့၏။ သူ့တွင် ငြင်းပယ်ရန် အကြောင်းပြချက် မရှိပေ။ သူက ရီဖူရှင်းကို သတ်ပြီးနောက် ရွှီယီကိုလည်း အလွတ်ပေးမည် မဟုတ်ပေ။

အင်ပါယာမိသားစုမှ များစွာသော တန်ခိုးရှင်များကလည်း ရောက်ရှိလာကြကာ ထိုအထဲတွင် ထိကန်းလည်း ပါဝင်သည်။ ထိုနေ့က သူသည်လည်း တော်ဝင်ကျဲနန်းတော်မှ တပည့်များ၏ စွမ်းအားများကို လက်တွေ့ သိမြင်ခဲ့ရသည်။ သူတို့က အမှန်ပင် အားကောင်းကြသည်။ သို့သော်လည်း ရီဖူရှင်း၏ အစစ်အမှန် စွမ်းရည်ကို သူမမြင်ခဲ့ရပေ။ ရီဖူရှင်းက သူ၏စွမ်းအားမြင့် လက်နက်ကို အားပြုခဲ့ရာ သူ၏ပင်ကိုစွမ်းရည်ကို ခန့်မှန်းရန် ခက်ခဲပေသည်။ သူကိုယ်တိုင်ကလည်း တော်ဝင်ကျဲနန်းတော်မှ တောက်ပလာသော ကြယ်တစ်ပွင့်၏ စွမ်းရည်ကို စိတ်ဝင်စားပေသည်။

လီဖူတု၊ ယွီမိန်၊ ချီလျန်၊ စုဟောင်ချူနှင့် အာခီမီဒေသမှ ပါရမီရှင်များစွာလည်း ရောက်လာကြသည်။ ထို့နောက်တွင် ပုဂ္ဂိုလ်ကြီးများကလည်း ရောက်လာသလို အချို့ကလည်း လျှို့ဝှက် စောင့်ကြည့် နေကြသည်။

ပိုင်လွေလီက အာခီမီမြို့မှ ထွက်မသွားသေးပေ။ သူကလည်း သီးသန့်စင်မြင့်တွင် ရပ်ကာ တိုက်ပွဲကို စောင့်နေသည်။ နန်းတော်တွင် ရီဖူရှင်းက သူ၏ညီငယ်ကို လုံးဝ ချိုးနှိမ်ခဲ့သည်။ တော်ဝင်ကျဲနန်းတော် ရီဖူရှင်းအား အနာဂတ်တွင် ရှီနန်းတော်သို့ ဝင်ရောက် လေ့ကျင့်ခွင့်ပေးရန် စဉ်းစားနေပြီ ဖြစ်သည်။ ဆိုလိုသည်က ရီဖူရှင်းတွင် ဟွာဖန်းထက် မနိမ့်သော ပါရမီကို ပိုင်ဆိုင်ပေသည်။ ရှီနန်းတော်ကို ဝင်ရောက်ခြင်းက နောင်တွင် ရီဖူရှင်းကလည်း နန်းတော်၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာမည်ဟု ဆိုလိုသည်။ အနာဂတ်တွင် ရီဖူရှင်းက နန်းဆောင် သခင်ပင် ဖြစ်နိုင်ပေသည်။ သူက အာခီမီမြို့တွင် ရှိနေမှတော့ သည်တိုက်ပွဲကို သေချာပေါက် စောင့်ကြည့် သင့်ပေသည်။

ကျူးကော့မင်းယွီကား ရောက်နေသည်မှာ ကြာပြီ။

အင်ပါယာမိသားစုမှ ထိခိုင်၊ နတ်သမီးနန်းတော်မှ ချူကျိ၊ မီးတောက်အင်ပါယာ နန်းတော်မှ ယန်ကျွမ်နှင့် တခြား ပုဂ္ဂိုလ်ကြီးများကလည်း တိုက်ပွဲကို အလွတ်မပေးဘဲ လာကြည့်ကြသည်။ လူငယ် နှစ်ယောက်၏တိုက်ပွဲက သည်မျှ ဆွဲဆောင်မှုကြီးသည်ကို ပရိသတ်များပင် အံ့အားသင့်ရသည်။

“ရီဖူရှင်းနဲ့ ကွန်ဆွန်ရီတို့ တိုက်ပွဲက တော်ဝင်ကျဲ နန်းတော်ရဲ့ အတော်ဆုံး တပည့်ပျိုနဲ့ အာခီမီလောကရဲ့ အထွန်းတောက်ဆုံး ပါရမီရှင်တို့ရဲ့ တိုက်ပွဲလို့ ပြောလို့ရတယ်… ဒါက ထူးခြားတဲ့ ဂုဏ်ထူးဝိသေသကို ကိုယ်စားပြုနေတယ်…” ယန်ကျွမ်က ပြောသည်။ ရီဖူရှင်းက အလွယ်တကူ ရင်ဆိုင်နိုင်သောသူ မဟုတ်ဟု လီဖူတု၏ ပြောစကားကို သူကြားထားသည်။

“ရီဖူရှင်းက အင်ပါယာ မိသားစုထဲကို လွန်ခဲ့တဲ့နှစ်ရက်က အတင်း ဝင်ရောက်ခဲ့တယ်လို့ ကျုပ်ကြားတယ်… ထိခိုင်… ဒီကောင်လေးကို ရှင် ဘယ်လိုမြင်လဲ…” ချူကျိက ထိခိုင်ကို မေးသည်။

“ကောင်လေးက သိပ်မဆိုးဘူး…” ထိကန်းက တည်ငြိမ်စွာ ပြောသည်။

“ရှင့်အိမ်တော်က သူမထွက်သွားခင် ထိကန်းကိုတောင်မှ စိန်ခေါ် သွားသေးတယ်လို့ ကြားတယ်… ထိခိုင်နဲ့သူ ယှဉ်ရင် ဘယ်လိုနေမလဲ…” ချူကျိက ပြုံးလျက် ထပ်မေးသည်။

“ထိကန်းရဲ့ အနာဂတ်က ရှီအဆင့်မှာ မဟုတ်ဘူး… မြေရိုင်းပြည်နယ် တစ်ခုလုံးမှာ ထိကန်းရဲ့ ပါရမီကို ယှဉ်နိုင်တာ ပိုင်လွေလီပဲ ရှိမယ်…” ထိခိုင်က ထူးမခြားနားစွာ ပြောသည်…” ရီဖူရှင်းက ဒီအဆင့်ထဲ ရောက်ဖို့ သက်သေပြရဦးမယ်…”

“မြေရိုင်းပြည်နယ်မှာ ရှန့်ထိုမရှိတာ ဘယ်လောက် ကြာပြီလဲ… ဒါက ဘာကို ဆိုလိုတယ်ဆိုတာ ရှင်လည်း နားလည်သင့်တယ်…” ချူကျိက ပြုံးသည်။ အကယ်၍ ရှန့်ထိုတစ်ယောက် ပေါ်လာခဲ့လျှင် ထိုလူက မြေရိုင်းပြည်နယ် တစ်ခုလုံးကို အုပ်စိုးနိုင်ပေသည်။

“စောင့်ကြည့်ရအောင်…” ထိခိုင်က ထူးမခြားနားစွာ ပြောသည်။ သူက ထိကန်းအပေါ် လွန်စွာ ယုံကြည်ချက် ရှိပုံရသည်။

ချူကျိက ပြုံးသည်။ ရှန့်ထိုတဲ့လား…။ ထိုအဆင့်ကို မရေမတွက်နိုင်သော လူများက အိပ်မက် မက်ခဲ့ကြသည်။ တော်ဝင်ကျဲ နန်းတော်ကလည်း ထိုသို့သော တစ်စုံတစ်ယောက် ပေါ်ထွန်းလာရန် မည်မျှ အားထုတ်ခဲ့သနည်း။ ပိုင်လွေလီကား တော်ဝင်ကျဲနန်းတော်၌ တစ်ခေါက်မှာ တစ်ခါ ပေါ်လာသော ထိုအများတကာ အိပ်မက်မက်ရသော အဆင့်ကို ရောက်မည်ဟု သံသယရှိဖွယ် အလားအလာကို ပိုင်ဆိုင်သော တစ်ဦးတည်းသောသူ ဖြစ်သည်။ ထိကန်းက အမှန်တကယ်ရော ထိုသို့သော အလားအလာကို ပိုင်ဆိုင်ပါသလော…။

ထိုစဉ်မှာပင် လူတစ်စု ရောက်ရှိလာခြင်းနှင့်တစ်ခု လူအများက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ သူတို့ကား ရီဖူရှင်းတို့အုပ်စု ဖြစ်ကြသည်။

သူတို့ ရောက်ရှိ လာကြလေပြီ။ မရေမတွက်နိုင်သော အကြည့်များက ရီဖူရှင်းထံကို ရောက်လာသည်။ တော်ဝင်ကျဲနန်းတော်မှ တပည့်ကား ယနေ့ နန်းတော်အတွက် မဟုတ်ဘဲ သူ၏အစ်ကိုအတွက် တိုက်ခိုက်ရန် ရောက်လာသည်။ မည်သို့ဆိုစေ သူကား တော်ဝင်ကျဲ နန်းတော်၏ တပည့်ဟူသော ဂုဏ်ကို ပိုင်ဆိုင်ထားသည်။

“ရွှီယီလည်း ပါလာတယ်…” လူအများအပြားက ရီဖူရှင်း၏ဘေးမှ ရွှီယီကို ကြည့်ကြသည်။ သူ၏ကံကြမ္မာက ရီဖူရှင်းထံတွင် မူတည်နေသည်။

သည်တိုက်ပွဲ အဘယ်ကြောင့် ဖြစ်လာသည်ကို အားလုံးက နားလည်ကြသည်။

“ညီငယ်လေး…” ရွှီယီက အာခီမီဖိုအိုးကြီးပေါ်တွင် ထိုင်နေသော ကွန်ဆွန်ရီကို ကြည့်ကာ ရီဖူရှင်းကို ခေါ်လိုက်သည်။

“အစ်ကို၄… ခင်ဗျား မြို့တော်ဝန် အိမ်တော်ကို ဝင်တဲ့အခါ ကျွန်တော့်အတွက် လက်နက်တွေ လုပ်ပေးရမယ်…” ရီဖူရှင်းက ပြောသည်။

“…” ရွှီယီက မှင်တက်သွားပြီး လေးနက်သော ပုံဟန်လည်း ပျောက်ကွယ် သွားသည်။ တိုက်ပွဲကား စတင်တော့မည် ဖြစ်သည်။ သည်ကောင်လေးက ဘယ်အရာများကို စဉ်းစားနေသနည်း။

“ကိစ္စက မပြေလည်သေးဘူး… မင်းအစ်ကိုဆီက လက်နက်တွေ တောင်းနေပြီလား…” လျိုဖန်းက ရီဖူရှင်းကို ဆွံ့အစွာ ကြည့်သည်။

“ကျွန်တော်တို့ အာခီမီမြို့ကို လာတာ ဆရာရဲ့ အကြံပေးမှုကြောင့်ပဲ… တကယ်တမ်းက ကျွန်တော်တို့ ရည်ရွယ်ချက်က လက်နက်ကောင်းတွေ ရှာဖွေဖို့ပဲ… ကျွန်တော်တို့က အာခီမီ လောင်းကစားရုံကို သွားခဲ့ပေမဲ့ ယူချင်းနှင့် ကျွှန်တော်တို့အတွက် သင့်တော်တာ မတွေ့ခဲ့ဘူး… အခု ဒီကိစ္စက အစ်ကိုအပေါ် မူတည်သွားပြီ…” ရီဖူရှင်းက ရွှီယီ၏ပခုံးကို ပုတ်ကာ ပြောသည်။ အနာဂတ်တွင် သူ၏အစ်ကိုက မြို့တော်ဝန်၏သမက် ဖြစ်တော့မည်ဖြစ်ရာ သူကလည်း သေချာပေါက် မျိုးစေ့ကောင်းများ ချထားရန် လိုပေသည်။

“မြို့တော်ဝန်က အာခီမီပြိုင်ပွဲရဲ့ ထိပ်ဆုံး သုံးယောက်အတွက် သိဒ္ဓိဝင်ပစ္စည်းကို ကိုယ်တိုင် သွန်းလုပ်ပေးဖို့ ကတိပေးထားတယ်… မင်းက နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ဒါတွေကို မင်းရမယ်…” ရွှီယီက ရီဖူရှင်းကို သတိပေးသည်… “သတိထားပါ…”

“အစ်ကို… ကျွန်တော် သေသေချာချာ မှတ်ထားတယ်နော်… နောက်မှ နောင်တမရနဲ့…” ရီဖူရှင်းက လေးနက်စွာ ပြောသည်။ မြို့တော်ဝန် ကိုယ်တိုင် သွန်းလုပ်ပေးသော လက်နက်က အလွန် ကောင်းမွန်ရပေမည်။

သူ၏အစ်ကို၄ကား ယူချီကို လက်ထပ်ပြီးနောက် မြေရိုင်းပြည်နယ်၏ အကောင်းဆုံး ချပ်ဝတ်လက်နက် ပညာရှင်၏ သမက် ဖြစ်ပေတော့မည်။ ရွှီယီထံမှ ကတိက အလွန် တန်ဖိုးကြီးမား၏။

“နောင်တရစရာ မရှိဘူး…” ရွှီယီက ဆွံ့အစွာ ပြောသည်။ သည်ကောင်လေး…

“ဒါက လူကြီးလူကောင်း တစ်ယောက်ရဲ့ ကတိပဲ…” ရီဖူရှင်းက ပြုံးလျက် အာခီမီဖိုအိုးများ တင်ထားသော ကျောက်တိုင်ကြီးထက်ကို ခုန်တက်သွားသည်။

ရီဖူရှင်းက အာခီမီ ကျောက်တိုင်ကြီးများ ရှိရာသို့ ရောက်သွားသည်တွင် လူတစ်စုက မြို့တော်ဝန်ရုံးထဲမှ ထွက်လာကြ၏။ သူတို့ကား မြို့တော်ဝန်ယူစီနှင့် သူ၏သမီးယူချီတို့ ဖြစ်ကြသည်။ သို့သော်လည်း မြို့တော်ဝန်နှင့် သူ၏သမီးတို့က မည်သည့်ဘက်ကို အားပေးနေကြ မည်နည်းဟု လူအများက တွေးတော နေကြသည်။

ကွန်ဆွန်ရီကား အာခီမီပြိုင်ပွဲ ပထမဖြစ်ကာ ယူချီကို လက်ထပ်ခွင့် ရှိသည်။ သို့သော်လည်း ယူချီကား ကွန်ဆွန်ရီ ရှုံးနိမ့်သွားမည်ကို ဆုတောင်း နေလောက်ပေသည်။ မြို့တော်ဝန်၏ သဘောထားကိုမူကား မည်သူကမှ မခန့်မှန်းတတ်ကြပေ။

“ရီဖူရှင်းက စီနီယာယူကို နှုတ်ခွန်း ဆက်သပါတယ်…” ရီဖူရှင်းက ယူစီကို ဦးညွှတ်ဂါရဝပြုကာ ဆက်ပြောသည်…” ပြီးခဲ့တဲ့ ရက်အနည်းငယ်က အင်ပါယာ မိသားစုထဲမှာ ကွန်ဆွန်ရီတို့ အုပ်စုက ကျွန်တော့်အစ်ကိုကို ဝိုင်းဝန်း အနိုင်ကျင့် တိုက်ခိုက်ခဲ့ကြတယ်… ဒီနေ့ ကျွန်တော်က အစ်ကိုကိုယ်စား ကွန်ဆွန်ရီကို သေခြင်းရှင်ခြင်း တိုက်ပွဲအတွက် စိန်ခေါ်တယ်… တကယ်လို့ တိုက်ပွဲမှာ ကျွန်တော် သေသွားရင် ဒါက ကျွန်တော့်ရဲ့ အားနည်းချက် ဖြစ်ပြီးတော့ တော်ဝင်ကျဲနန်းတော်က ဝင်စွက်ဖက်မှာ မဟုတ်ဘူး… အစ်ကိုကလည်း အာခီမီမြို့က ထွက်သွားလိမ့်မယ်… စီနီယာက ဒီတိုက်ပွဲကို သက်သေပြု ပေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်…”

ယူစီက ရီဖူရှင်းကို ကြည့်သည်။ ကောင်လေးက အလွန် ယုံကြည်မှုရှိဟန် ရနေသည်။

“မင်းကရော…” ယူစီက ကွန်ဆွန်ရီကို မေးသည်။

“ကျွန်တော်က တိုက်ပွဲမှာ သေသွားရင် ဒါက ကျွန်တော် အားနည်းလို့ပဲ… ကျုပ် မိသားစုကလည်း ဒီအတွက် ဝင်စွက်ဖက်မှာ မဟုတ်ဘူး…” ကွန်ဆွန်ရီက ပြောသည်။

“ငါက ဒီတိုက်ပွဲကို သက်သေအဖြစ် နေပေးမယ်… စလို့ရပြီ…” ယူစီက အေးစက်စွာ ပြောသည်။ သူ၏အသံကို ကြားသည်တွင် ရီဖူရှင်းက အာခီမီ ကျောက်တိုင်ပေါ်တွင် ရပ်နေသော ကွန်ဆွန်ရီကို ကြည့်သည်။

ထိုအခိုက်တွင် ကွန်ဆွန်ရီ၏ နောက်ကျောမှ အလင်းပေါက်ကွဲမှု တစ်ခုကို မြင်လိုက်ကြရသည်။ သူ၏သက်စောင့် ဝိညာဉ်ကို ထုတ်လိုက်သည်တွင် ရွှေပေလွှာက ပတ်ဝန်းကျင်မှ သဘာဝ စွမ်းအင်များကို အားကောင်းစွာ စုပ်ယူသည်။ ပေလွှာပေါ်တွင်ကား ပုံရိပ်ယောင်များ ဖြစ်ပေါ်လာကာ ထိုပုံရိပ်များက အသက်ဝင်လာကြပြီး ကောင်းကင်မှ နတ်သတ္တဝါ ဆန်းများအလား ရီဖူရှင်းထံသို့ တိုးဝင်သွားကြသည်။ ချက်ချင်းပင် ဧရာမဗာမီလီယန်ငှက်ကြီး တစ်ကောင်က ရီဖူရှင်း၏ ခေါင်းပေါ်ကို ရောက်လာကာ လက်သည်းကြီးများဖြင့် ကုပ်ခြစ်သည်။ တစ်ချိန်တည်းမှာပင် သူက ပြင်းထန်သော မီးလျှံများ မှုတ်ထုတ်၏။

“နတ္ထိနယ်…”

ရီဖူရှင်းက တီးတိုးရေရွက်သည်။ သူ၏ခန္ဓာကိုယ် အနီးတွင် နတ်ဘုရား အလင်းက ရစ်ပတ်သွားကာ ကြယ်တာရာ သီးသန့်နယ်အဖြစ် ပြောင်းလဲသွားသည်။ ထိုအခိုက်တွင် အလင်းစက်များ သူ့အနီးတွင် လင်းလိုက်မှိတ်လိုက် ဖြစ်ပေါ်လာကြသည်။ ဗာမီလီယန်ငှက်က သူ့ထံသို့ အတောင်ပံဖြင့် ရိုက်ခတ်သော အခါတွင်ပင် အရာခပ်သိမ်းကို လောင်ကျွမ်းစေနိုင်သော မီးလျှံများ သူ့ထံကို ရိုက်ခတ်လာကြ သော်လည်း ကြယ်တာရာ အလင်းနံရံကို ထွင်းဖောက်နိုင်စွမ်း မရှိပေ။

“ကောင်လေးရဲ့ ခုခံမှု ပညာရပ်က တော်တော် အားကောင်းတယ်…”

ချူကျိက တိုးညင်းစွာ ပြောသည်။ သိုင်းပညာ အသိများ ပေါင်းစပ်ထားပုံ ထောက်လျှင် သည်ပညာက ရှီတန်ခိုးရှင် ထောင်ကျန်း၏ပညာ ဟုတ်ပုံမရပေ။

ရီဖူရှင်းက လေထဲကို ဖြည်းညင်းစွာ ပျံတက်လာသည်။ ဗာမီလီယန်ငှက်က သူ့အား ပြင်းထန်စွာ တိုက်ခိုက် နေသော်လည်း သူ့ကို ခြစ်ရာမျှပင် မထင်ပေ။ ထို့နောက်တွင် ရီဖူရှင်းက ကွန်ဆွန်ရီနှင့် တန်းတူအမြင့်သို့ ရောက်လာ၏။

ကွန်ဆွန်ရီ၏ အမူအရာက ပြာနှမ်းသွားသည်။ သူ၏ရွှေပေလွှာက ကောင်းကင်ထက်ကို ပျံတက်သွားကာ အလင်းတန်းများ ဖြာထွက်လာသည်။ ထိုအခိုက်တွင် ရွှေပေလွှာမှ ကြောက်မက်ဖွယ် ကောင်းသော အင်း အစီအရံတစ်ခု ထွက်ပေါ်လာပြီး များစွာသော အလင်းပြစ်ဒဏ်များ အဖြစ် ပြောင်းလဲသွားသည်။ ထိုအခိုက်တွင်ပင် အလင်းပြစ်ဒဏ်၏ ရောင်ခြည်များက ရီဖူရှင်း၏ ခန္ဓာကိုယ်ကို အပိုင်းအပိုင်းအစစ် ဖြစ်စေရန် ဆင်းသက် တိုက်ခိုက်ကြသည်။

ရီဖူရှင်းက လေထဲကို ကြည့်လိုက်သည်တွင် သူ၏မျက်လုံးထဲ၌ လျှပ်စီးများ လက်လက် ထသွားသည်။ ထိုအခိုက်တွင် ခရမ်းရောင်၊ ရွှေရောင်နှင့် အစိမ်းရောင် လျှပ်စီး အလင်းတန်းများက လေထဲကို ထိုးတက်သွားသည်။ သည်တိုက်ကွက်၏ အမည်ကား လျှပ်စီးနတ်ဘုရား၏ ဒေါသဖြစ်သည်။ သတ်ဖြတ်ခြင်း ရောင်ခြည်များနှင့် လျှပ်စီးတန်းများ ရင်ဆိုင်မိသည်တွင် ကြောက်မက်ဖွယ် ပျက်စီးခြင်း မြင်ကွင်း ဖြစ်လာ၏။ ရောက်ခြည်များက မိုးစက်မိုးပေါက်များလို ဆက်လက် ဆင်းသက် လာသော်လည်း ရီဖူရှင်း၏ အရံအတားကို မကျော်ဖြတ်နိုင်ပေ။

“ချပ်ဝတ်လက်နက် ပညာရပ်မှာ ငါက မသိနားမလည်ဘူး… ဒါပေမဲ့ သိုင်းပညာမှာတော့ မင်းက ငါ့ကို မှီဖို့ အများကြီး လိုသေးတယ်…”

ရီဖူရှင်းက ထိုသို့ပြောကာ ကွန်ဆွန်ရီထံသို့ လှမ်းသွားလိုက်သည်။ သူ၏ဝင့်ကြွားသော ဟန်ပင်က အာခီမီပြိုင်ပွဲ ပထမသည်ပင် သူနှင့်တိုက်ခိုက်ရန် အဆင့်မမီဟု ထင်မြင်ရစေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset