Switch Mode

အခန်း (၁၈၀)

မှတ်ဉာဏ်အပိုင်းအစ

မြောက်ပိုင်းဒေသ၏မြောက်ပိုင်းအစွန်ဆုံးဒေသမှာ ရေခဲလွင်ပြင်ကြီးဖြစ်၏။ ဤနေရာတွင် ဝိညာဉ်ရေးရာချီစွမ်အင်များက အလွန်ပါးလွှာပြီး လေထုထဲတွင် အေးစက်စက်မြူခိုးများ ရစ်သိုင်းနေချေသည်။

အပူချိန်ကလည်း အလွန်နည်းလှသည်။ သိုင်းပညာကျင့်ကြံသူများပင် ဤနေရာတွင် အကြာကြီးမနေနိုင်ပေ။

မရေမတွက်နိုင်သော ရေခဲဓာတ်မှော်ဝင်သားရဲများက ဤနေရာတွင် သောင်းကျန်းကြသည်။ ဤနေရာမှာ သက်ရှိများအတွက် တားမြစ်နယ်မြေဟုဆိုနိုင်သည်။

မြောက်ပိုင်းရေခဲလွင်ပြင်၏ဟိုးအနက်ဆုံးထဲတွင် လေအေများတိုက်ခတ်နေသည့်နေရာတစ်ခုရှိသည်။ ထိုနေရာရှိအပူချိန်က အပြင်ဘက်ရှိရေခဲလွင်ပြင်ထက် ပိုနိမ့်သည်။

ချန်းယွမ်အဆင့်ပညာရှင်တစ်ယောက်ပင်လျှင် ဤနေရာ၌ အကြာကြီးမနေနိုင်ချေ။

အပူချိန်လျော့ကျခြင်းကြောင့်ပင် ချန်းယွမ်အဆင့်ရှိသူများအနေနှင့် အသက်ရှင်သန်နိုင်ရန်မဖြစ်နိုင်ပေ။

ထိုနေရာမှာမည်မျှကြမ်းတမ်းကြောင်း သိနိုင်လေသည်။ သို့သော် အဝတ်ဗလာကျင်းနေသောအမျိုးသားတစ်ယောက်ကတော့ လေအေးဒဏ်ကိုခံစားရင်း ထိုနေရာမှာမတ်မတ်ရပ်နေလေသည်။

လေအေးများက ထက်ရှရှဓားသွားအလား အရိုးခိုက်အောင်စူးရှအေးစက်လှသည်။ ထိုအအေးဓာတ်များက အဝတ်ဗလာနှင့်အမျိုးသား၏ခန္ဓာကိုယ်ကို တိုက်စားနေလေသည်။

သူ့ခန္ဓာကိုယ်မျက်နှာပြင်ထက်မှာလည်း ရေခဲအလွှာပါးတစ်ချပ်ဖုံးအုပ်နေလေပြီ။ ရေခဲစခပ်ပါးပါးပေါ်ပေါက်လာသည်နှင့် ဓားသွားနှယ်ထက်ရှလာသောလေအေးက အပိုင်းပိုင်းအစစဖြစ်အောင်ဖယ်ရှားပစ်လိုက်သည်။

ရုပ်ပိုင်းဆိုင်ရာကိုထိခိုက်ရုံမျှသာဆိုပါက တော်သေးသည်။ လေအေးများမှာ အရိုးခိုက်မတတ်အေးလှပေသည်။ အရိုးတခိုက်ခိုက်အေးစက်နေခြင်းပင်။

သူ့ခန္ဓာကိုယ်ရှိသွေးစီးဆင်းမှုပင် နှေးကွေးသွားရသည်။

ဤနေရာမှာတစ်ယောက်ယောက်သာရှိနေပါက မြင်နိုင်ပေလိမ့်မည်။ အဝတ်ဗလာဖြစ်နေသောအမျိုးသား၏ခန္ဓာကိုယ်ပေါ်တွင် ရေခဲပြာရောင်ပုံစံများက အပြည့်ဖုံးလွှမ်းထားသည်။

အအေးစီးကြောင်းများက ရေခဲပြာရောင်ပုံစံအတွင်းမှာ စီးဆင်းနေချေသည်။ အရိုးခိုက်လုမတတ်သောလေအေးများက အဝတ်ဗလာဖြင့်အမျိုးသား၏ခန္ဓာကိုယ်ပေါ်သို့တိုက်ခတ်လိုက်သောအခါ ရေခဲပြာရောင်ပုံစံတို့က လေအေးများကိုစုပ်ယူပစ်လိုက်လေသည်။

စုပ်ယူလိုက်တိုင်းမှာ ပုံစံထဲရှိအအေးစီးကြောင်းများမှာ ပို၍ပင်ထူပျစ်လာသည်။ အဝတ်ဗလာဖြင့်အမျိုးသားက သူ့ခန္ဓာကိုယ်ကိုသန့်စင်ရန်အတွက် အလွန်အမင်းအေးခဲနေသောနေရာကို အသုံးပြုနေခြင်းဖြစ်၏။

ကိုယ့်ကိုယ်ကိုယ်ဒုက္ခပေးနေသလိုဖြစ်သော အထူးကျင့်ကြံစဉ်တစ်ခုကို ထိုလူက သူ့ခန္ဓာကိုယ်ကိုသန့်စင်ရန်အတွက်သုံးလေသည်။

သူ ဤနေရာတွင်ရှိနေသည်မှာ လအနည်းငယ်ကြာသွားလေပြီ။ ထိုလူမှာ ထာဝရမိစ္ဆာကိုယ်ထည်ကိုကျင့်ကြံနေသောမဟူရာပင်။

ယဲ့ချိုးပိုင်၊ ဟုန်ရင်နှင့် နင်းချန်ရှင်းတို့က စံအိမ်တော်မှာသာ သိုင်းကျင့်ကြံကြသည်။ သို့သော် မဟူရာကတော့ ထာဝရမိစ္ဆာကိုယ်ထည်က ဒုတိယအဆင့်ကိုတက်လှမ်းနိုင်ခဲ့ပြီဖြစ်လေရာ တောင်ပိုင်းနယ်မြေထဲတွင် အလွန်တရာအေးသောနေရာမျိုးမရှိသည့်အတွက် မြောက်ပိုင်နယ်မြေဆီသို့ထွက်လာခဲ့ခြင်းဖြစ်၏။

ပထမအဆင့်ကား သူ့ခန္ဓာကိုယ်ကိုသန့်စင်ရန်အတွက် အလွန်အမင်းပူသောနေရာကိုလိုအပ်သည်။ ဒုတိယအဆင့်မှာမူ အလွန်အမင်းအေးလှသောနေရာမျိုးကိုလိုအပ်လေသည်။ ထိုကဲ့သို့သောနေရာမျိုးက မြောက်ပိုင်းနယ်မြေအတွင်းမှာသာ ရှိသည်။

ထို့ကြောင့် မဟူရာက စံအိမ်တော်ကထွက်ခွာ၍ သူ့ခန္ဓာကိုယ်ကိုသန့်စင်ပြီး ထာဝရမိစ္ဆာကိုယ်ထည်၏ဒုတိယအဆင့်ကျင့်ကြံမှုကို ပြီးမြောက်အောင်ဆောင်ရွက်ရန်အတွက် အလွန်အမင်းအေးလှသောမြောက်ပိုင်းဒေသရောက်လာခဲ့ခြင်းဖြစ်၏။

လပေါင်းများစွာကြာမြင့်ပြီးနောက် မဟူရာ၏ခန္ဓာကိုယ်မျက်နှာပြင်ထက်တွင် ရေခဲပြာရောင်ပုံစံများဖြင့် ဖုံးလွှမ်းနေချေသည်။

မဟူရာ၏ထာဝရမိစ္ဆာကိုယ်ထည်မှာ ဒုတိယအဆင့်၏ကနဦးပိုင်းကိုရောက်လာပြီဟူသောအဓိပ္ပာယ်ပင်။ အာကာသနတ်ဘုရားအဆင့်ပညာရှင်တစ်ယောက်ပင်လျှင် မဟူရာ့ကိုထိပ်တိုက်မတွေ့ဝံ့ဟုဆိုနိုင်ပေသည်။

ဤအခိုက်အတန့်လေးမှာ မဟူရာ၏ခန္ဓာကိုယ်ထက်တွင် ရေခဲပြာရောင်ပုံံများဖြင့် ဖုံးအုပ်ခံထားရပြီဖြစ်၏။

ပြန့်ကျဲနေသောအတွေးတစ်ပိုင်းတစ်စတို့က သူ့အာရုံထဲထင်ဟပ်လာသည်။ ထိုမြင်ကွင်းတို့မှာ ပဟေဠိဆက်ပိုင်းမြောက်များစွာအလားပင်။

ပထမဆုံးပဟေဠိဆက်ပိုင်း၏ မြင်ကွင်းမှာ ပိန်းပိတ်အောင်မည်းမှောင်နေသောကောင်းကင်ထက်တွင် နေနှင့်လတို့တစ်ခုမှထွန်းလင်းမနေချေ။

မှော်နက်မိစ္ဆာချီစွမ်းအင်များက တိမ်တိုက်များအကြား ဆက်တိုက်ထိုးခွင်းနေလေသည်။ မြေပြင်ထက်မှာတော့ သွေးနီရောင်အတိ။ မြေပြင်၏အလယ်နားတွင် အရွယ်အစားအမျိုးမျိုးရှိသည့်နန်းတော်တစ်ခုပင်။

အဆုံးတွင် ထိုမြင်ကွင်းကား အလယ်နားရှိ အလွန်မြင့်မားလှသောအနက်ရောင်နန်းတော်ကြီး၌ ရပ်တန့်သွားသည်။

ဒုတိယပဟေဠိဆက်ပိုင်းမှာတော့ ဘာနန်းတော်မှမရှိချေ။ ထိုနေရာတွင် မြူခိုးဖြင့်ကာရန်ထားသည့်အလား မျက်နှာမမြင်ရသောလူအနည်းငယ်ရှိနေလေသည်။ ထိုလူငါးယောက်၏ဦးခေါင်းထက်မှာ ဦးချိုနှစ်ခုလည်းရှိနေ၏။

ချွန်မြမြဦးချိုမှာ အနက်ရောင်ဝဲဂယက်ပုံစံများဖြင့် ပြည့်နှက်နေချေသည်။ ထိုအရာက ကြောက်မက်ဖွယ်ကောင်းသောမိစ္ဆာဆန္ဒများကို ထုတ်လွှတ်နေချေသည်။

ထိုလူငါးယောက်ရှေ့တွင် အနက်ရောင်ဝတ်ရုံဝတ်ထားသောအမျိုးသားတစ်ယောက်ရှိသည်။

ထိုလူ၏မျက်နှာကို သေချာမမြင်ရသော်ငြား မဟူရာကတော့ ထိုအနက်ရောင်ဝတ်အမျိုးသား၏အရှိန်အဝါက သူနှင့်အတော်ဆင်တူကြောင်း သတိထားမိလိုက်သည်။ တကယ်တမ်းမှာ လုံးဝထပ်တူကျသည်ဟုပင်ဆိုနိုင်လေသည်။ အရင်းအမြစ်တစ်ခုတည်းက ပေါက်ဖွားလာသည့်အလားပင်။

အနက်ရောင်ဝတ်အမျိုးသားမှာ ထိုလူငါးယောက်နှင့်တိုက်ခိုက်ပေတော့သည်။ ဒုတိယပဟေဠိဆက်ပိုင်းကား ဤနေရာ၌ရပ်တန့်သွားသည်။

ထို့နောက် တတိယပဟေဠိဆက်ပိုင်းက မှောင်မည်းပြီးစိုထိုင်းသောနေရာတစ်ခုတွင် ဖြစ်၏။

သူ့ပတ်ပတ်လည်တွင် ကောင်းကင်ထိတိုင်ဆန်တက်နေသော အနက်ရောင်ကျောက်တိုင်ကြီးများရှိနေချေသည်။ ထိုကျောက်သားမျှော်စင်ကြီးများက စက်ဝိုင်းသဏ္ဌာန်ဖြစ်တည်နေခြင်းပင်။

ကျောက်သားတိုင်လုံးကြီးများ၏အလယ်၌ ခေါင်းငိုက်စိုက်ချထားသောအမျိုးသမီးတစ်ယောက်ရှိနေပြီး ထိုအမျိုးသမီး၏အနက်ရောင်ဆံနွယ်များမှာ လျော့တိလျော့ရဲဖြစ်နေလေသည်။

သူ(မ)၏မျက်နှာကိုတော့ မမြင်ရချေ။ ထိုအမျိုးသမီးစကားပြောနေသည့်အသံကို မဟူရာကြားနေရသည်။

အကြောင်းအရာကား…

“အစ်ကို.. ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိသေးသရွေ့ပြန်မလာပါနဲ့”

အကြောင်းအရာမှာ ရုတ်တရက်အဆုံးသတ်သွားလေသည်။

ထိုမြင်ကွင်းသုံးခုကိုကြည့်ပြီး မဟူရာလည်းမျက်မှောင်ကြုတ်လိုက်မိတော့သည်။ သူ့အသိဉာဏ်ပင်လယ်က ငလျင်လှုပ်ပြီး နှစ်ခြမ်းကွဲထွက်တော့မည့်အလား စတင်လှုပ်ခတ်လာသည်။

မဟူရာခမျာ သူ့ခေါင်းကိုအုပ်ကိုင်၍ နာကျင်စွာဟိန်းဟောက်လိုက်မိသည်။ ထို့နောက် မြေကြီးပေါ်ကိုလဲကျသွားပြီး ခြေထောက်များကိုယက်ကန်ယက်ကန်လုပ်နေသည်။ သူ့ခန္ဓာကိုယ်မှာ အဆက်မပြတ်တုန်ယင်နေချေသည်။

ထာဝရမိစ္ဆာကိုယ်ထည်ကိုကျင့်ကြံနေစဉ်အတောအတွင်းမှာပင် သူ့အနေနှင့် ယခုလိုနာနာကျင်ကျင်အော်မညည်းဖူးပေ။

သို့သော် ယခုတော့ဖြင့် သူ သည်းမခံနိုင်စွာအော်ဟစ်ညည်းညူမိသွားသည်။

“ဒါကဘာလဲယ”

“ဒီကိစ္စတွေက ဘာလို့ငါ့ခေါင်းထဲပေါ်လာတာလဲ”

မဟူရာခမျာ လက်နှစ်ဖက်ဖြင့် ခေါင်းကိုထောက်ကန်ထားပြီး လေအေးများအကြား လူးလိမ့်လိုက်မိသည်။

ဤကဲ့သို့သောနာကျင်မှုမျိုးမှာ ခွန်အားကြီးလှသောအစွမ်းပိုင်ရှင်ကိုပင် မခံမရပ်နိုင်အောင်ဖြစ်စေခဲ့သည်။

သူ့ခေါင်းကို ပုဆိန်ဖြင့်တစ်စစီခုတ်ပိုင်းခံလိုက်ရပြီဟုပင် သူထင်နေမိသည်။

သူ့အသိဉာဏ်ပင်လယ်ကလည်း ငလျင်ဒဏ်ကိုခံစားလိုက်ရပြီး အက်ကွဲထိရှသွားပုံပေါ်သည်။

စိတ်ဝိညာဉ်အတွင်းနက်နက်ထဲအထိထိုးဖောက်နိုင်သည့် ဤကဲ့သို့သောနာကျင်မှုမျိုးမှာ မခံမရပ်နိုင်လောက်အောင်ပင်။

ထိုအချိန်မှာ ဝံပုလွေဖြူကြီးသုံးကောင်က မဟူရာ့ဆီသို့ ဖြည်းဖြည်းချင်းချဉ်းကပ်လာသည်။ သူတို့၏ရေခဲပြာရောင်မျက်ဝန်းများထဲတွင် လောဘအရိပ်အယောင်များပြည့်နှက်နေချေသည်။

ကြည့်ရပုံထောက်သော် သူတို့ကမဟူရာ့ကိုသားကောင်အဖြစ်သဘောထားနေခြင်းပင်။

အအေးပိုင်းနယ်မြေနှင့်ရင်းနှီးကျွမ်းဝင်သူတွေကတော့ သူတို့ကိုမြင်လိုက်သည်နှင့် မှတိမိကြပေလိမ့်မည်။
ဤဝံပုလွေဖြူကြီးသုံးကောင်က မြောက်ပိုင်းရေခဲတောင်နယ်မြေတွင် အစွမ်းအထက်ဆုံးမှော်ဝင်သားရဲများထဲက ဖြစ်ပေသည်။

သူက ရေအလျဉ်ပြည့်လျှံရေးအဆင့်ဖြင့်မွေးဖွားလာခြင်းဖြစ်၏။ ဤဝံပုလွေဖြူသုံးကောင်ကတော့ အာကာသနတ်ဘုရားအလယ်တန်းအဆင့်ကို ရောက်ရှိထားပြီးဖြစ်၏။

ဝံပုလွေဖြူသုံးကောင်က လူးလိမ့်နေသောမဟူရာ့ကိုကြည့်၍ အခွင့်အရေးကိုချောင်းမြောင်းနေပေသည်။

မဟူရာက သူတို့ကိုသတိမထားမိကြောင်းသိလိုက်ရပြီးနောက် ဝံပုလွေဖြူသုံးကောင်က သူတို့၏ခြေထောက်များကို တစ်ပြိုင်တည်းလှုပ်ရှားလာကြသည်။

သူတို့က သွေးသံရဲရဲပါးစပ်ကြီးကိုဖွင့်ဟ၍ ချွန်ထက်ထက်သွားများကို လှစ်ဟပြလိုက်ချေသည်။

သူတို့ဟာ မဟူရာ့ဆီကိုချီတက်လာပြီး တစ်ဖက်လူသတိရှိနေသလားမရှိသလားဆိုသည်ကို ဝေခွဲမရဖြစ်နေချေ၏။

မဟူရာကလည်း အန္တရာယ်အငွေ့အသက်ကို အာရုံခံမိလိုက်ဟန်ပင်။ သူဟာ နာကျင်စွာဟိန်းဟောက်၍ ရုတ်ခြည်းမတ်တတ်ထရပ်လိုက်သည်။

ထို့နောက် ဝံပုလွေဖြူတစ်ကောင်ကို လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။ ပထမဆုံးလက်သီးချက်မှာ ပတ်ပတ်လည်ရှိလေအေးများကိုပင် လွင့်စဉ်သွားစေသည်။ ထို့နောက် ထိုဝံပုလွေကိုထိုးချလိုက်သည်။

အား!

အော်ဟစ်ညည်းညူသံတစ်ခု ထွက်ပေါ်လာသည်။

ဝံပုလွေဖြူ၏ခန္ဓာကိုယ်မှာ တစ်ခဏအတွင်း အသားတုံးကြီးတစ်ခုအဖြစ်ပြောင်းလဲသွားလေတော့သည်။ သွေးမိုးများကလည်း ရွာသွန်းလာ၏။ ထိုသွေးစက်တို့က မဟူရာ့ကိုယ်ပေါ်ကို ဖုံးသွားချေသည်။

မဟူရာ၏တိုက်ခိုက်မှုများကတော့ ရပ်တန့်မသွားပေ။

အနက်ရောင်အရှိန်အဝါတစ်ခု သူ့မျက်လုံးထဲတွင်လင်းလက်သွားရသည်။ ဒေါသပေါက်ကွဲသွားလေပြီ။ သူလည်း အရူးအမူးသတိလွတ်သွားချေပြီ။

မဟူရာက ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး ကြောက်မက်ဖွယ်ရာအော်သံတစ်ချက်ပေးလိုက်သည်။ တစ်ပြိုင်တည်းမှာပင် လက်သီးတစ်ချက်လည်းပစ်သွင်းလိုက်လေရာ လေထုကိုပင်ယမ်းခါသွားစေသည်။

ထိုအခိုက်အတန့်မှာ ကျန်နေသောဝံပုလွေဖြူနှစ်ကောင်လည်း အရိုးနှင့်အသားတစ်ခြားစီဖြစ်သွားပြီး သူတို့၏သွေးများကရေခဲပြင်ကြီးပေါ်၌ ပြန့်ကျဲနေလေတော့သည်။

အာကာသနတ်ဘုရားအလယ်တန်းအဆင့်ရှိသည့် အရွယ်ရောက်ပြီးဝံပုလွေဖြူနှစ်ကောင်မှာ မဟူရာ၏လက်သီးချက်ကြောင့် အပိုင်းပိုင်းအစစကြေမွသွားရှာလေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset