Switch Mode

အခန်း (၁၇၉)

ဗုဒ္ဒဂိုဏ်းတော်၏ဝင်ရောက်စွက်ဖက်မှု

ရွှေရောင်ဗုဒ္ဓရောင်ခြည်က တိမ်တိုက်များအကြားမှ ထိုးဖောက်ဝင်ရောက်လာသည်။ ၎င်းမှာ နေရောင်ခြည်အလား လူတိုင်း၏ခန္ဓာကိုယ်ပေါ်တွင်ဖြာကျနေပြီး အဘိုးကြီးတစ်ယောက်၏အသံကလည်း ယှဉ်တွဲထွက်ပေါ်လာသည်။

ဗုဒ္ဓရောင်ခြည်ထဲမှာတော့ သင်္ကန်းဝတ်ထားသောယောက်ျားနှစ်ယောက် လေထဲဝဲပျံနေလေသည်။

ဖုတ်ကောင်များကိုတိုက်ခိုက်နေသော တင်းယွင်ဟယ်လည်း ဤမြင်ကွင်းကိုမြင်လိုက်ရချိန်မှာ အနည်းငယ်မှင်တက်သွားချေသည်။

“ဗုဒ္ဓဂိုဏ်းတော်လား”

ဗုဒ္ဓဂိုဏ်းတော်မှာ အနောက်ပိုင်းနယ်မြေထဲရှိ ထိပ်သီးဂိုဏ်းတစ်ခုဖြစ်သည်။ သူတို့၏တပည့်တပန်းများမှာ တိုက်နယ်အနှံ့၌ရှိကြသည်။ သူတို့၏ခွန်အားမှာ ပို၍ပင်ဆန်းကြယ်သေးသည်။

ဗုဒ္ဓဂိုဏ်းတော်တိုက်ခိုက်နေတာကို မည်သူမှမမြင်ဖူးသော်ငြား ဗုဒ္ဓဂိုဏ်းတော်ကို မည်သူကမှရန်မစရဲကြပေ။

ပထမဦးဆုံးအချက်အနေနှင့် သူတို့က အလွန်ဆန်းကြယ်လှသည်။ ဒုတိယမှာ ဗုဒ္ဓဂိုဏ်းတော်က ဂိုဏ်းတော်များနှင့်တော်ဝင်မိသားစုများအကြားရှိသဘောထားကွဲလွဲမှုများတွင် ပါဝင်ပတ်သက်လေ့မရှိပေ။

တတိယအချက်ကတော့ ဗုဒ္ဓဂိုဏ်းတော်က ဤတိုက်နယ်တွင်တည်ရှိနေခဲ့သည်မှာ ရှေးယခင်ခေတ်များကတည်းကဖြစ်သည်။ ထိုအချက်တစ်ချက်တည်းနှင့်တင် ပြောနေစရာမလိုလောက်အောင် အမျိုးမျိုးသောဂိုဏ်းဂဏများနှင့် တော်ဝင်မိသားစုများက သူတို့ဟာ အနန္တစွမ်းအားရှင်များဖြစ်ကြောင့် သိထားကြသည်။

သူတို့ ယခုအချိန်ထိရပ်တည်နေနိုင်သည့် အကြောင်းအရင်းတစ်ခုလည်းရှိ၏။ ထိုအချက်ကြောင့်လည်း ဗုဒ္ဓဂိုဏ်းတော်ကို မည်သူတစ်ဦးတစ်ယောက်ကမှ ရန်မစရဲကြခြင်းပင်။

သို့သော် ဗုဒ္ဓဂိုဏ်းတော်က ဤနေရာသို့ကြွလာပေသည်။

တိုက်နယ်တစ်ခုလုံး ဒုက္ခမရောက်ရလေအောင် စစ်ပွဲကို အမှန်တကယ်လာတားပြီး ငြိမ်းချမ်းရေးယူစေချင်လေသလား။သူ ထိုသို့ပြောလိုက်လျှင်ပင် မည်သူမှ သူ့ကိုယုံကြလိမ့်မည်မဟုတ်။

နင်းချန်ရှင်းက အေးစက်စက်အကြည့်များဖြင့်စိုက်ကြည့်လိုက်သည်။ ဗုဒ္ဓဂိုဏ်းတော်၏သရုပ်မှန်ကို သူသိထားသည်။ သူတို့က သိုးရေခြုံထားသောဝံပုလွေများပင်။

သဘောထားကွဲလွဲသူများကိုရှင်းထုတ်ပစ်ဖို့ဆိုလျှင် ဘာမဆိုလုပ်လိမ့်မည်သာ။ သူတို့ ဘာမဆိုလုပ်ကြလိမ့်မည်။

ယခုလည်း ဗုဒ္ဓဂိုဏ်းတော်က သူတို့ကို ရင်ကြားစေ့ရန်ရောက်လာပြန်သည်။ သူတို့ကို နင်းချန်ရှင်း ဘယ်တော့မှယုံကြည်လိမ့်မည်မဟုတ်ပေ။

သို့သော် သူတို့ ဤနေရာကို ဘာလို့ရောက်လာကြလေသလဲ။

ဧကန္တ….

မြောက်ပိုင်းမဟာမိတ်အဖွဲ့၏အကြီးအကဲများလည်း ထိုအကြောင်းကိုမတွေးကြည့်ရဲပေ။ သူတို့ထင်သလိုသာ တကယ်ဖြစ်နေပါက ဤစစ်ပွဲကား တစ်ဖန်ရှုပ်ထွေးလာပြန်ဦးမည်ဖြစ်၏။

အားလုံးဟာ ခေါင်းမော့၍ ဗုဒ္ဓရောင်ခြည်အောက်တွင် ဝဲပျံနေသောအဘိုးကြီးနှစ်ယောက်ကို ကြည့်လိုက်သည်။

မုတ်ဆိတ်ရှည်နှင့်အဘိုးကြီးတစ်ယောက်က လက်အုပ်ချီ၍ သာမန်ကာလျှံကာပြောလာလေသည်။

“အားလုံးပဲ ဒီနေရာမှာတင်ရပ်လိုက်ကြရအောင်”

ဖုတ်ကောင်သုံးကောင်က စစ်မြေပြင်ထဲကထွက်သွားပြီး နေမဝင်အင်ပါယာ၏စစ်စခန်းဆီသို့ ပြန်လှည့်သွားသည်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ခေါင်းဆောင်ဖြစ်သူ ဝူဒီရှီကတော့ မတ်တတ်ထရပ်လိုက်ပြီး ထိုအကြီးအကဲနှစ်ယောက်ကိုကြည့်လိုက်သည်။

“ဗုဒ္ဓဂိုဏ်းတော်က ဒီစစ်ပွဲကိုဘာလို့ကြားဝင်နှောင့်ယှက်ရတာလဲ”

မုတ်ဆိတ်ရှည်နှင့်အဘိုးကြီးက ကြင်နာသောအပြုံးတစ်ပွင့်ကို လှစ်ဟပြလာပြီး မျက်ဝန်းထဲတွင်လည်း ကမ္ဘာမြေကြီးကိုသနားကရုဏာသက်သောအရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။

“မြေလွှာကျွံချိုင့်ဝှမ််းစစ်ပွဲမှာ လူတွေအများကြီးသေသွားခဲ့ရပြီလေ။ ဗုဒ္ဓဂိုဏ်းတော်ဘက်ကလည်း ထိခိုက်သေကြေသူတွေထပ်မပေါ်လာစေချင်တော့ဘူး။ အဲ့ဒါကြောင့် ကြားဝင်ဖျန်ဖြေရတော့တာပေါ့”

ဝူဒီရှီက မျက်မှောင်ကြုတ်လျက်မေးလိုက်လေသည်။

“စစ်ပွဲစပါပြီဆိုကတည်းက နေမဝင်အင်ပါယာက လူတွေဘယ်နှယောက်လောက်များသတ်ခဲ့ပြီးပြီလဲ”

“အဲ့ဒီထဲမှာ လျှို့ဝှက်ကျင့်ကြံသူတွေအများကြီးနဲ့ အပြစ်မဲ့ပြည်သူတွေအများကြီးလည်းပါတယ်”

“ဗုဒ္ဓဂိုဏ်းတော်က ကြားဝင်ဖျန်ဖြေချင်တယ်ဆိုရင်လည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဘက်ကရပ်တည်ပြီး နေမဝင်အင်ပါယာကိုဆန့်ကျင်ရမှာမဟုတ်ဘူးလား”

ဗုဒ္ဓဂိုဏ်းတော်မှအဘိုးကြီးနှစ်ယောက်က နေမဝင်အင်ပါယာ၏အထက်နားတွင်ရပ်နေပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို အပြစ်တင်နေသည့်အလားဖြစ်နေပေသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကိုဖြစ်ပေါ်စေပြီး စစ်ပွဲကိုစတင်ခဲ့သည်ဟုထင်နေသလားဟု ထင်မှတ်ရသည်။

မုတ်ဆိတ်ရှည်နှင့်အဘိုးကြီးက လုံးဝဒေါသထွက်မသွားဘဲ အပြုံးလေးဖြင့်ပြောလာချေသည်။

“အဲ့ဒါတွေက အတိတ်ကအရာတွေဖြစ်ပြီး ကယ်တင်လို့မရတော့ဘူး။ အခု ဒီစစ်ပွဲကိုတားနေရတာကလည်း ပိုများတဲ့အသက်တွေကိုကယ်ဖို့ပဲမလား”

လျှို့ဝှက်တာအိုကျောင်းတော်ရုံးချုပ်၏ လက်ထောက်ခေါင်းဆောင်တင်းယွင်ဟယ်ကလည်း မတ်တတ်ရပ်၍နှာမှုတ်လိုက်လေသည်။

“ဒါဆို အရင်ကတည်းက ဘာလို့ရှေ့ထွက်မလာခဲ့တာလဲ”

“အခု ကျုပ်တို့က စစ်ပွဲကိုနိုင်တော့မှာလေ”

“အဲ့ဒါ နည်းနည်းတော့ရှက်ဖို့ကောင်းမနေဘူးလား”

လျှို့ဝှက်တာအိုကျောင်းတော်ဆိုသည်မှာ အလယ်ပိုင်းဒေသတွင် အထင်ကရဂိုဏ်းတော်တစ်ခုဖြစ်သည်။

သူတို့အနေနှင့် ဗုဒ္ဓဂိုဏ်းတော်ကို အရင်ရနစလိမ့်မည်မဟုတ်သော်ငြား လျှို့ဝှက်တာအိုကျောင်းတော်ဘက်က သူတို့ကိုကြောက်ရွံ့နေလိမ့်မည်တော့မဟုတ်။

အဘိုးကြီးကမျက်မှောင်ကြုတ်လျက် အော်ဟစ်လာသည်။

“ဗုဒ္ဓဂိုဏ်းတော်မှာလည်း ဒီလိုလုပ်ရတဲ့အကြောင်းအရင်းတွေရှိပါတယ်”

“ပြီးတော့ အခုလောလောတယ်သတ်ဖြတ်နေတာက မင်းတို့ပဲလေ”

လျှို့ဝှက်ဓားဂိုဏ်း၏ဂိုဏ်းခေါင်းဆောင် စွန်းလျှို့က နှာမှုတ်လိုက်ချေသည်။

“ဗုဒ္ဓဂိုဏ်းတော်တဲ့လား။ နောက်ဆုံးကျတော့လည်း နေမဝင်အင်ပါယာဘက်ကပါတာပါပဲ”

“အဲ့လိုဆိုမှတော့ ခင်ဗျားတို့တေံ ဘာလို့တအားဟိတ်ဟန်ကြီးပြနေရတာလဲ”

မုတ်ဆိတ်ရှည်နှင့်အဘိုးကြီးက ပြုံးလျက်ပြောလာလေသည်။

“ဗုဒ္ဓဂိုဏ်းတော်က ဘယ်သူ့ဘက်မှာမှမရပ်တည်ဘူး။ ကျိုးကြောင်းဆင်ခြင်တတ်ရုံပဲ”

“မင်းတို့ဘက်ကတိုက်ခိုက်လာမယ်ဆိုရင်တော့ ငါတို့ကလည်း မင်းတို့ကိုတားနုင်ပါတယ်”

သူ့စကားအဆုံးတွင် ရွှေရောင်အလင်းတန်းများက ထိုအဘိုးကြီးနှစ်ယောက်၏ပတ်ပတ်လည်တွင်ဖြာထွက်နေချေသည်။

အာကာသနတ်ဘုရားအဆင့်အရှိန်အဝါများက ယုံမှားသံသယကင်းစွာထွက်ပေါ်လာလေသည်။

လူတိုင်း၏အမူအရာများလည်း ပြောင်းလဲသွားချေသည်။ ဤဗုဒ္ဓအကြီးအကဲနှစ်ယောက်မှာ အာကာသနတ်ဘုရားအဆင့်များဖြစ်ကြသည်။

ဗုဒ္ဓဂိုဏ်းတော်၏အခြေခံအုတ်မြစ်က ဤမျှနက်ရှိုင်းလေသလား။

သို့သော်ငြား အာကာသနတ်ဘုရားအဆင့်ပညာရှင်တစ်ယောက် လှုပ်ရှားလာပါက မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေနှင့် ဘာမှမလုပ်နိုင်ပေ။

သူတို့နှစ်ယောက်ကိုမဆိုထားနှင့်။ အာကာသနတ်ဘုရားအဆင့်သို့ရောက်သွားပါက ထိုလူသည် ဤတိုက်နယ်ထဲရှိအရာခပ်သိမ်းကို ကျော်လွန်သွားသောတိုက်ခိုက်ရေးစွမ်းအားများပိုင်ဆိုင်လိုက်ပြီဟူသောအဓိပ္ပါယ်ပင်။

လျှို့ဝှက်တာအိုကျောင်းတော်ပင်ဖြစ်သေ လျှို့ဝှက်ဓားဂိုဏ်းပင်ဖြစ်စေ ကျောင်းတော်၏ခေါင်းဆောင်နှင့်ဂိုဏ်းခေါင်းဆောင်တို့သာ ထိုအဆင့်ကိုရောက်ထားကြခြင်းဖြစ်သည်။ သူတို့တွင် လျှို့ဝှက်စွမ်းအားများရှိတာကတော့ သေချာပေါက်ပင်။

ဗုဒ္ဓအကြီးအကဲ၏လုပ်ရပ်အရဆိုလျှင် သူက သူတို့စကားကိုလက်မခံဘဲ တိုက်ခိုက်တော့မည်ဆိုသည်မှာ သိသာလှသည်။

အာကာသနတ်ဘုရားအဆင့်ပညာရှင်များ တိုက်ခိုက်လာပါက မြောက်ပိုင်းမဟာမိတ်အဖွဲ့လည်း မခုခံနိုင်ပေ။

ဝူဒီရှီကား မျက်နှာပျက်သွားပေသည်။ အောင်နိုင်မှုမှာ မျက်စိရှေ့တွင်သာရှိနေခဲ့သော်လည်း ဗုဒ္ဓဂိုဏ်းတော်က ကြားဝင်နှောင့်ယှက်လာသည်။

နေမဝင်အင်ပါယာက ဗုဒ္ဓဂိုဏ်းတော်လှုပ်ရှားလာအောင် မည်သို့ဆွဲဆောင်လိုက်လေသလဲ။ ဗုဒ္ဓဂိုဏ်းတော်၏အာကာသနတ်ဘုရားအဆင့်ပညာရှင်တစ်ဦးကိုယ်တိုင်လှုပ်ရှားလာအောင် ဘာများလုပ်လိုက်လေသလဲ။

ဝူဒီရှီ စကားပြောတော့မည့်ဆဲဆဲမှာပင် အရှိန်အဝါနှစ်ခုက ကောင်းကင်ထက်မှဆင်းသက်လာ၏။

ယွင်ဟယ်နှင့်စွန်းလျှို့တို့လည်း ဝမ်းသာလုံးဆို့သွားကြသည်။ ထိုအရှိန်အဝါနှစ်ခုကလည်း အာကာသနတ်ဘုရားအဆင့်များပင်ဖြစ်သည်။

ထိုလူတို့မှာ လျှို့ဝှက်တာအိုကျောင်းတော်၏ခေါင်းဆောင်ယန်နှင့် လျှို့ဝှက်ဓားဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်လင်းရူဖုန်းတို့ပင်။

ခေါင်းဆောင်ယန်က သာမန်ကာလျှံကာပြောလာလေသည်။

“ဗုဒ္ဓဂိုဏ်းတော်က ဘယ်တုန်းက ဒီလောက်တောင်အရှက်မဲ့သွားရတာလဲ”

လင်းရူဖုန်းကလည်း တခစ်ခစ်ရယ်မောလိုက်သည်။

“ကြည့်ရတာ ဗုဒ္ဓဂိုဏ်းတော်က နှစ်ပေါင်းများစွာခပ်လျှိုလျှိုနေလာခဲ့ပြီး တစ်ခုခုကိုအစီအစဉ်ချနေခဲ့တာထင်တယ်”

“အခု ငါလည်းငြိမ်မနေနိုင်တော့ဘူး။ ပြိုင်ပွဲကြိုးဝိုင်းထဲကိုဝင်ဖို့ပြင်ရတော့မယ်”

မုတ်ဆိတ်ရှည်နှင့်အဘိုးကြီးက ထိုအခြင်းအရာကိုမြင်လိုက်ရသည့်တိုင် အံ့သြမသွားပေ။ သူကပြုံးသာပြုံးလျက်ပြောလာလေသည်။

“ဗုဒ္ဓဂိုဏ်းတော်မှာ ဘာအစီအစဉ်ရှိရမှာလဲ။ ဘယ်သူမှထပ်သေတာမမြင်ချင်ရုံပါ”

ထိုအချိန်တွင် ခေါင်းဆောင်ယန်ကပြုံးလိုက်၏။

“ကြည့်ရတာ ဗုဒ္ဓဂိုဏ်းတော်က နေမဝင်အင်ပါယာဘက်ကရပ်တည်ဖို့ဆုံးဖြတ်လိုက်ပုံပဲ”

မုတ်ဆိတ်ရှည်နှင့်အဘိုးကြီးက ပြုံးပြုံးလေးစကားဆိုလာပြန်သည်။

“ဗုဒ္ဓဂိုဏ်းတော်က ဘယ်ဘက်ကိုမှမရပ်တည်ဘူး။ အဲ့လိုလုပ်စရာလည်းမလိုဘူး”

ကြီးကျယ်လိုက်တဲ့စကား…

သို့သော် ထိုအရာမှာ အမှန်တရားဖြစ်နေသည့်အတွက် မည်သူကမှမငြင်းဆန်ကြပေ။

ဗုဒ္ဓဂိုဏ်းတော်တွင် ထိိုသို့ပြောနိုင်သောခွန်အားမျိုးရှိသည်။

အာကာသနတ်ဘုရားအဆင့်ရှိသော ဤလူနှစ်ယောက်ကိုကြည့်ရုံမျှဖြင့် ဗုဒ္ဓဂိုဏ်းတော်၏အခြေခံအုတ်မြစ်မှာ မည်မျှနက်ရှိုင်းလေကြောင်း သိနိုင်ပေသည်။

လင်းရူဖုန်းက ထိုလူနှစ်ယောက်ကို နက်နက်နဲနဲစိုက်ကြည့်လိုက်ပြီးနောက် ဝူဒီရှီကိုလှည့်ကြည့်၍ ပြောလိုက်သည်။

“အရင်ဆုံးတပ်ပြန်ဆုတ်ကြရအောင်”

ထိုစကားကိုကြားသော် ဝူဒီရှီခမျာ မခံမရပ်နိုင်ဖြစ်သွားချေသည်။

သို့သော် အံတင်းတင်းကြိတ်၍ လက်ခံလိုက်ရသည်။ ခေါင်းဆောင်ယန်နှင့်လင်းရူဖုန်းတို့ပင် အာကာသနတ်ဘုရားအဆင့်ပညာရှင်တစ်ယောက်ကို ထိန်းမထားနိုင်ချေ။

အကယ်၍ တစ်ဖက်လူကသာ သုတ်သင်လိုပါက ဤနေရာရှိလူတိုင်း လွတ်မြောက်နိုင်မည်မဟုတ်။

ထိုသို့တွေးမိပြီး ဝူဒီရှီလည်း သူ့လက်ကိုဝှေ့ယမ်းလိုက်ရသည်။

“မြောက်ပိုင်းမဟာမိတ်အဖွဲ့ကလူတွေအားလုံး နားထောင်ကြ။ ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းကို ပြန်ကြမယ်”

အားလုံးလည်း ရွေးချယ်စရာမရှိဘဲ တပ်ပြန်ဆုတ်ကြရတော့သည်။ သို့သော် သူတို့၏အမူအရာများတွင် မလိုလားဟန်များဖြင့်ပြည့်နှက်နေကြသည်။ ဤသည်မှာ သဘာကျပါသည်။ အောင်နိုင်ဖို့မှာ လက်တစ်ကမ်းသာလိုတော့သည်ဖြစ်သော်လည်း ဗုဒ္ဓဂိုဏ်းတော်က ကြားဝင်နှောင့်ယှက်လာသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ တပ်ပြန်ဆုတ်သွားသောအခါ မုတ်ဆိတ်ရှည်နှင့်အဘိုးကြီးက ယဲ့ချိုးပိုင်၊ ဟုန်ရင်နှင့်နင်းချန်ရှင်းတို့ကိုစိုက်ကြည့်လိုက်သည်။

ထို့နောက် ပြုံးလျက် စကားဆိုလာလေသည်။

“အကျိုးတော်ဆောင်နင်း.. နောက်ပိုင်းကျရင် မင်းကို ဗုဒ္ဓဂိုဏ်းတော်ကိုလာရောက်ဖို့ဖိတ်ကြားချင်ပါတယ်”

“အဲ့ဒီအချိန်ကျရင် ကျုပ်တို့ မင်းရဲ့သံသယတွေကိုသေချာပေါက်ရှင်းလင်းပေးပါ့မယ်”

နင်းချန်ရှင်း၏မျက်ဝန်းအစုံမှာ အေးစက်နေပြီး စကားလည်းမပြန်ချေ။ ယဲ့ချိုးပိုင်နှင့်ဟုန်ရင်တို့ကတော့ အတွေးနက်နေရလေသည်။

ဗုဒ္ဓဂိုဏ်းတော်က သူတို့ကို ဘာလို့ပစ်မှတ်ထားနေရတာလဲ။

မြောက်ပိုင်းမဟာမိတ်အဖွဲ့မှလူတိုင်း ထွက်ခွါသွားကြသောအခါ သံချပ်ကာဝတ်အမျိုးသားက ထိုအဘိုးကြီးကိုမေးလိုက်သည်။

“စီနီယာ သူတို့ကိုဘာလို့သွားခိုင်းလိုက်တာလဲ”

မုတ်ဆိတ်ရှည်နှင့်အဘိုးကြီးက ပြန်မဖြေပေ။

သူတို့အနေနှင့် နင်းချန်ရှင်းတို့သုံးယောက်၏ဆရာသခင်ကိုကြောက်ရွံ့နေကြခြင်းဖြစ်၏။ အကယ်၍ တစ်ဖက်လူက အမှောင်ထဲမှာပုန်းအောင်းနေသည်ဆိုပါက ကိစ္စများဟာ ကိုင်တွယ်ရလွယ်ကူလိမ့်မည်မဟုတ်။

Comment

Leave a Reply

Options

not work with dark mode
Reset