ယဲ့ချိုးပိုင်ဟာ ဓားသွားပိုင်နက်နယ်မြေထဲတွင် ဓားသိုင်းတာအိုများ၏အုပ်စိုးသူအရှင်ပင်။ဓားသိုင်းကျင့်ကြံသူအားလုံး ယဲ့ချိုးပိုင်၏ဓားသိုင်းတာအိုထံမှဖိနှိပ်ခံရမည်ဖြစ်၏။
ထိုအခိုက်အတန့်မှာ ယဲ့ချိုးပိုင်၏ဓားသွားက ဓားသွားဘုရင်အလားပင်။ ဓားဆန္ဒမြစ်ပြင်ရှည်ကြီးက လေထဲသို့တလိပ်လိပ်တက်လာသည်။ ယဲဲ့ချိုးပိုင်ကလည်း ထိုမြစ်ပြင်ကြီးပေါ်ကို ခြေချလိုက်သည်။
ထို့နောက် သူ့လက်ထဲရှိ မှော်နက်မိစ္ဆာဓားဖြင့် တိုက်ခိုက်လေတော့သည်။
သတ္တမမြောက်သိုင်းကွက် မိစ္ဆာဆင်းသက်စေ
သက်ရှိအားလုံးကိုအညံ့ခံသွားစေလိုသည့်အလား မှော်နက်မိစ္ဆာအရှိန်အဝါတစ်ခု ထွက်ပြူလာချေသည်။
လှိုင်းလုံးများကလည်း မှော်နက်မိစ္ဆာဓားဖျားထက်သို့ တစ်ဟုန်ထိုးဆင်းသက်လာသည်။ မှော်နက်ဓားချက်တစ်ချက်ဟာ လေဟာပြင်ကိုဖြတ်သန်း၍ သံချပ်ကာဝတ်အမျိုးသားကိုတိုက်ခိုက်လေတော့သည်။
သံချပ်ကာဝတ်အမျိုးသားကလည်း နောက်ဆုတ်မည့်ဟန်မရှိပေ။ ကျင့်ကြံစဉ်အဆင့်ကွာဟချက်ကြောင့် သူ နောက်ဆုတ်ဖို့မဖြစ်နိုင်ပေ။
ရေအလျဉ်ပြည့်လျှံရေးအဆင့်မျှသာရှိသော လူငယ်ကျင့်ကြံသူလေးဆီက နေုက်ဆုတ်ဖို့ ဖိအားပေးခံလိုက်ရပါက သူဘာဖြစ်သွားမလဲ။
သူသည် သံချပ်ကာဝတ်အမျိုးသား၏လက်ထဲရှိဓားရှည်ကို ထိုးခွင်းပစ်လိုက်သည်။
ဓားသွားချင်းထိခတ်မှုမှတစ်ဆင့် လေပြင်းမုန်တိုင်းတစ်ခုကျရောက်လာသည်။ ထိုလေပြင်းမုန်တိုင်းကြောင့် ဓားဆန္ဒမှတစ်ဆင့် ဧရာမဓားတစ်လက် ပေါက်ဖွားလာသည်။
လေပြင်းမုန်တိုင်းဓားပင်တည်း။
ထိုဓားမှာ လေပြည်ဆန္ဒနှင့်ဓားဆန္ဒတို့ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာခြင်းပင်။ ၎င်း၏အရှိန်နှင့် ထက်ရှမှုက သာမန်ဓားသွားချီစွမ်းအင်များထက် ပိုသန်မာသည်။
ဤလှုပ်ရှားမှုကြောင့် သံချပ်ကာဝတ်အမျိုးသားနားရှိ ကျင့်ကြံစဉ်အဆင့်ချင်းတူကြသောလူပေါင်းမြောက်များစွာခမျာ ဝေဒနာခံစားလိုက်ကြရရှာသည်။ စစ်ပွဲစတင်ပါပြီဆိုကတည်းက သံချပ်ကာဝတ်အမျိုးသားက ခွန်အားလုံးဝထိန်ချန်ထားခြင်းမရှိ။
အလားတူပင် ယဲ့ချိုးပိုင်၏အဆင့်က သူ့ထက်များစွာနိမ့်ပါးနေ၍ ညှာတာပေးရမည်ဟူ၍လည်း မတွေးထားခဲ့ချေ။
ဤသည်မှာ စစ်ပွဲတစ်ခုဖြစ်ပြီး လက်ရည်စမ်းနေခြင်းမျိုးမဟုတ်ပေ။
စစ်ပွဲအတွင်းမှာ တစ်ဖက်လူကိုသက်ညှာပေးပြီး ခွန်အားထိန်ချန်ထားခြင်းမှာ ဦးနှောက်မရှိသောလုပ်ရပ်တစ်ခုပင်။
ဧရာမလေပြင်းမုန်တိုင်းဓားကြောင့် လေထုပင်လျှင် အပိုင်းပိုင်းအစစထိုးခွဲခံလိုက်ရသည့်အလားပင်။ ထို့နောက်မှာတော့ မှော်နက်ဓားချက်ဒဏ်ကို ခံလိုက်ရသည်။
ဝိညာဉ်ရေးရာချီစွမ်းအင်များကလည်း ချက်ချင်းဆိုသလိုခက်ထန်လာချေသည်။ အဆုံးမဲ့မှော်နက်အရှိန်အဝါများလည်း ကစဉ့်ကလျားစိမ့်ထွက်လာသည်။
လေပြင်းမုန်တိုင်းဓားကလည်း အလွန်အမင်းအစွမ်းထက်လှသည်။ သို့သော် ထိုအရာမှာ ဖိနှိပ်နှိမ်နင်းခံလိုက်ရသည်။
မိစ္ဆာဆင်းသက်လာလေသည်။
ဤဖိနှိပ်မှုအောက်မှာ ဓားထဲရှိဝိညာဉ်ရေးရာချီစွမ်းအင်က အရပ်မျက်နှာအနှံ့သို့ စိမ့်ထွက်လာသည်။ ယဲ့ချိုးပိုင်ဟာ သူ့အနေနှင့် ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓား၏ သတ္တမမြောက်ဓားသိုင်းဖြင့် တစ်ဖက်လူကိုရင်ဆိုင်နိုင်လိမ့်မည်ဟုလည်း တွေးမထားပါချေ။
အဆင့်ကွာခြားချက်ကို လိုက်မီရန်မှာ ခက်ခဲလှသည်။
လက်နက်၊ ကျင့်ကြံစဉ်။ ဆန္ဒဘုံအဆင့်နှင့် ဓားသိုင်းစွမ်းရည်တို့ မြင့်မားမှသာလျှင် အဆင့်ကွာဟချက်ကို လိုက်မီနိုင်မည်ဖြစ်၏။
ယဲ့ချိုးပိုင်ကတော့ ထိုအရာအားလုံးကိုလုပ်နိုင်စွမ်းရှိသည်မှာ သေချာပေါက်ပင်။
လက်နက်လား
မှော်နက်မိစ္ဆာဓားဆိုလျှင် ရေခဲဓားဝိညာဉ်နှင့်ပေါင်းစပ်ထားပြီး ကောင်းကင်ဘုံအထွတ်အထိပ်အဆင့်ရတနာအဖြစ်မှ ဝိညာဉ်ဓားတစ်လလက်အဖြစ် အသွင်ပြောင်းနိုင်ခဲ့သည်။
ကျင့်ကြံစဉ်လား…
အာဒိကပ္ပဓားသိုင်းကျမ်း၏အဆင့်ကား အတပ်မပြောနိုင်ပေ။ သို့သော် ဤကမ္ဘာပေါ်ရှိဓားသိုင်းကျင့်စဉ်များ ယှဉ်နိုင်သောအရာမဟုတ်ချေ။
ဆန္ဒဘုံအဆင့်လား…
ယဲ့ချိုးပိုင်၏ဓားဆန္ဒဘုံအဆင့်မှာ ဓားသိုင်းဘိုးဘေးအလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။
ဓားသိုင်းစွမ်းရည်လား…
ထိုအကြောင်းကိုပြောနေစရာပင်မလို။ ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားပင်ဖြစ်စေ ဓားသွားပိုင်နက်နယ်မြေပင်ဖြစ်စေ နှစ်ခုစလုံးမှာ ရှေးဟောင်းဓားသိုင်းပညာရှိများ၏အမွေအနှစ်ပင်ဖြစ်လေသည်။
ထို့ပြင် ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားမှာ လုချန်ရှန်းကိုယ်တိုင်အဆင့်မြှင့်ပေးထားခြင်းဖြစ်၏။
ဤအဆင့်မြှင့်မှုများဖြင့်ဆိုလျှင် ယဲ့ချိုးပိုင်အနေနှင့် သူ့ထက်အဆင့်မြင့်သောလူများကိုလည်း တိုက်ခိုက်နိုင်သည်။
ထို့ပြင် သူ့ထက်အဆင့်မြင့်သူများကို တိုက်ခိုက်ရချိန်တိုင်းတွင် သူသာအနိုင်ရစမြဲ။
ထိုအချိန်တွင် ဓားဆန္ဒမြစ်ပြင်ကြီးမှာ လေပြင်းမုန်တိုင်းဓားဆီသို့ တစ်ဟုန်ထိုးနှင်လာလေသည်။
မှော်နက်ဓားချက်ကြီး မပျောက်ကွယ်သွားသေးခင်မှာပင် သူက နောက်ထပ်တိုက်ခိုက်မှုတစ်ခုပြုလာ၏။
ဓားသွားပိုင်နက်နယ်မြေနှင့် ဓားဆန္ဒမြစ်ပြင်ကြီးတို့၏ဖိနှိပ်မှုအောက်မှာ ထိုမိုးသက်မုန်တိုင်းလေပြည်လည်း ဓားသွားပိုင်နက်နယ်မြေ၏နှိမ်နင်းခြင်းကို ခံလိုက်ရသည်။
ထိုအရာမှာ ဤလေထုထဲက လုံးဝပျောက်ကွယ်သွားလေတော့သည်။
သံချပ်ကာဝတ်အမျိုးသားလည်း အနည်းငယ်မှင်တက်သွားချေ၏။ ဤတိုက်ကွက်တွင် သူ့ဘက်က ခွန်အားကုန်ထုတ်သုံးထားသည်ဟုဆိုနိုင်ပေသည်။
သို့သော် သူ ယဲ့ချိုးပိုင်ကိုမသုတ်သင်နိုင်ခဲ့ရုံသာမက တစ်ဖက်လူက သူ့တိုက်ကွက်ကိုပင် တားဆီးလိုက်နိုင်သတဲ့လား။
ယဲ့ချိုးပိုင်၏အမူအရာကတော့ မပြောင်းမလဲသာ။ ဝိညာဉ်ရေးရာချီစွမ်းအသ်အတက်အကျကလည်း တည်ငြိမ်နေဆဲပင်။ သိသာသည့်အချက်မှာ တစ်ဖက်လူသည် လုံးဝဒဏ်ရာမရထားပေ။
ဘာကြောင့်လေလဲ။ သူ့အဆင့်မှာ ယဲ့ချိုးပိုင်ထက် တစ်ဆင့်ပိုမြင့်နေသောကြောင့်ပင်။
သံချပ်ကာဝတ်အမျိုးသားခမျာ မျက်နှာပျက်သွားလေသည်။ သူဟာ သူ့ဓားကိုကိုင်ထားပြီး ယဲ့ချိုးပိုင်ဆီသို့ ချီတက်လာလေတော့သည်။
တစ်ဖက်တွင်မူ နင်းချန်ရှင်းက ကောင်းကင်ဘုံစစ်သည်ကိုထိန်းချုပ်နေသည်။ ထိုစစ်သည်က ဂမ္ဘီရသံချပ်ကာကိုဝတ်ဆင်ထားပြီး ရွှေရောင်ကြေးခွံဂမ္ဘီရလှံတံကို ကိုင်စွဲထားလေသည်။ သူသည် ဘယ်ဘက်ခြမ်းနားတွင် တပ်မှူးနှင့်တိုက်ခိုက်နေ၏။
သူ့ခွန်အားကို သူ့တာအိုနှလုံးသားဖြင့် အကြိမ်အနည်းငယ်မျှသန့်စင်ထားပြီးဖြစ်ရာ ချန်းယွမ်အထွတ်အထိပ်အဆင့်ပညာရှင်များကို တိုက်ခိုက်ရန် အသင့်ဖြစ်နေလေပြီ။
သံချပ်ကာဝတ်အမျိုးသား၏ခွန်အားက အာကာသနတ်ဘုရားအလယ်အလတ်အဆင့်ကို ရောက်ထားသည်။ ထို့ကြောင့် နင်းချန်ရှင်းအနေနှင့်အေးအေးဆေးဆေးတိုက်ခိုက်နိုင်ခြင်းဖြစ်၏။
တစ်ဖက်လူက သူ့ကိုဘာမှလုပ်နိုင်မှာမဟုတ်ပေ။
ထိုအဖြစ်က သံချပ်ကာဝတ်အမျိုးသားကိုတော့ အံ့သြထိတ်လန့်သွားစေသည်။ တစ်ဖက်လူမှာ ဝိညာဉ်ရေးရာစွမ်းအင်အတက်အကျလည်းမရှိသည်မှာ သိသာလှသည်။ သူ့အနေနှင့် ထိုအရာကို ကွန်ဖြူးရှပ်တာအိုကျင့်ကြံရာမှ ရလာခဲ့ခြင်းဖြစ်၏။
ဒါ ဘယ်သူ့တပည့်လဲ…
အလယ်မှာတော့ ဟုန်ရင်နှင့်သံချပ်ကာဝတ်အမျိုးသားတို့ကြားရှိတိုက်ပွဲမှာ လူအပေါင်းကို ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။
ဖြစ်စဉ်အစအဆုံးတွင် သံချပ်ကာဝတ်အမျိုးသားကို ဟုန်ရင်ကဖိနှိပ်ထားသည်။ ဟုန်ရင်၏လက်ထဲရှိ လူဝင်စားရေးလှံတံမှာ မရေမတွက်နိုင်သောလှံတံအရိပ်များကိုဖြစ်ပေါ်လာစေပြီး သံချပ်ကာဝတ်အမျိုးသားကို ဆက်လက်တိုက်ခိုက်နေ၏။
ထိုလူခမျာ ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးပင်မရ။ ခုခံနေရုံသာတတ်နိုင်သည်။
အလောင်းကောင်ချီစွမ်းအင်များကို ကာကွယ်ထားဖို့ကြောင့်သာမဟုတ်ပါက ဟုန်ရင်၏လူဝင်စားရေးလှံတံက ထိုလူ့ကို ထိုးဖောက်ပစ်လိုက်ပြီသာ။
ယခင်ကလည်း သူ ထိုပုံစံအတိုင်း သေသွားခဲ့သည်။
ဟုန်ရင်လည်း ခပ်ဖျော့ဖျော့အော်ဟစ်လိုက်လေရာ လူဝင်စားရေးစွမ်းမားများက လူဝင်စားရေးလှတံတစ်ဝိုက် ရစ်ပတ်ထားလိုက်သည်။ သူ(မ)အနေနှင့် အချိန်ဆွဲဖို့စိတ်ကူးမရှိပေ။ မြန်မြန်ဖြေရှင်းပြီးမှသာ ဤစစ်ပွဲလည်း မြန်မြန်အဆုံးသတ်မည်ဖြစ်၏။
ဟုန်ရင့်လက်ထဲရှိလှံတံ၏အရှိန်အဝါကို အာရုံခံမိသောအခါ သံချပ်ကာဝတ်အမျိုးသား၏အမူအရာမှာ သိသိသာသာပြောင်းလဲသွားပေသည်။
ဤအရှိန်အဝါမှာ သံသယဖြစ်နေစရာပင်မလိုချေ။ ထိုလှံတံဖြင့်တိုက်ခိုက်ခံရပါက မည်မျှကြိုးစားခုခံနေပါစေ၊ အလောင်းကောင်ချီစွမ်းအင်ဖြင့် မည်မျှကာကွယ်ထားပါစေ ချက်ချင်းသုတ်သင်ခံရမည်သာ။
စိတ်ဝိညာဉ်ချေမှုန်းခြင်း..။ သူ ဘယ်တော့မှ လူပြန်ဝင်စားနိုင်တော့မည်မဟုတ်။
သံချပ်ကာဝတ်အမျိုးသား၏မျက်ဝန်းထဲမှာ ကြောက်ရွံ့မှုအရိပ်အယောင်များ ကိန်းအောင်းနေချေသည်။
အစက သူထင်ထားသည်မှာ ဤအုပ်စုထဲရှိ ခွန်အားအကြီးမားဆုံးလူမှာ လျှို့ဝှက်တာအိုပင်မကျောင်းတော်၏ လက်ထောက်ခေါင်းဆောင်တင်းယွင်ဟယ်ဟုပင်။
မျှော်လင့်မထားပေ။
သူ့ရှေ့ရှိ ပြိုင်ဘက်ကင်းအလှပဂေးလေးက အာကာသနတ်ဘုရားအလယ်အလတ်အဆင့်ရှိပညာရှင်တစ်ယောက်ကိုပင် ယှဉ်နိုင်စွမ်းရှိပေသည်။
သူဟာ သာမန်အာကာသနတ်ဘုရားအဆင့်ပညာရှင်များထက်ပင် ပိုသန်မာကောင်းသန်မာနိုင်သည်။
ပကတိအာကာသနတ်ဘုရားအဆင့်ပညာရှင်မပေါ်ထွက်လာသေးသရွေ့ ဤအလှပဂေးလေးကို မည်သူမှမယှဉ်နိုင်ပေ။
သို့သော် သူသည်လည်း နေမဝင်အင်ပါယာ၏တပ်မှူးသုံးယောက်ထဲတစ်ယောက်ဖြစ်၏။ သေခြင်းတရားနှင့်ရင်ဆိုင်နေရသည့်တိုင် သူ နောက်ပြန်မဆုတ်နိုင်ပေ။
ဘာကြောင့်လေလဲ။
အကြောင်းမှာ သူ နောက်ပြန်ဆုတ်လိုက်သည်နှင့် သူတို့စစ်တပ်ကြီး၏စိတ်ဓာတ်ခွန်အားလည်း ဒီရေကျသလို ကျသွားလိမ့်မည်သာ။ သို့ဖြစ်ပါက ဤစစ်ပွဲကြီး၏အနိုင်အရှုံးကလည်း အလှည့်အပြောင်းဖြစ်သွားပေလိမ့်မည်။
စိတ်ဓာတ်ခွန်အားက စစ်တပ်တစ်ခု၏ခွန်အားအပေါ် သက်ရောက်မှုရှိသည်။ ဤသည်မှာ ချဲ့ကားပြောဆိုနေခြင်းမဟုတ်။
အကြောက်အရွံ့ကင်းမဲ့ခြင်းကသာ ဤစစ်ပွဲကိုအောင်နိုင်စေမည်ဖြစ်၏။ ထို့ကြောင့် သူ နောက်ပြန်မဆုတ်နိုင်ချေ။ နောက်ပြန်ဆုတ်လိုက်ပါက အရှုံးနှင့်ရင်ဆိုင်ရပေလိမ့်မည်။
သံချပ်ကာဝတ်အမျိုးသား၏အမူအရာမှာ ကြမ်းတမ်းခက်ထန်သွားပြီး စိတ်ဝိညာဉ်အလံကိုထုတ်လိုက်သည်။ ထိုဝိညာဉ်အလံ၏ပတ်ပတ်လည်တွင် တစ္ဆေများလှည့်လည်နေချေသည်။
ဤသည်မှာ အိမ်ရှေ့စံမင်းသားက သူတို့ကိုပေးလိုက်သောအရာဖြစ်သည်။
သူက သတိပေးလိုက်သေးသည်။
“သေရေးရှင်ရေးအခြေအနေကျမှ အထဲကတစ္ဆေတွေကို မင်းတို့လွှတ်မှရမှာနော်”
ယခုကား အချိန်ကျလေပြီ။
သံချပ်ကာဝတ်အမျိုးသားလည်း တုံ့ဆိုင်းမနေပေ။ ခက်ထန်လှသောအမူအရာဖြင့် ဝိညာဉ်အလံထဲက တစ္ဆေများကိုလွှတ်လိုက်လေတော့သည်။
ချက်ချင်းဆိုသလိုပင် ထိုလူ၏အရေပြားအောက်ရှိ ယင်ဓာတ်ဝိညာဉ်များမှာ ဆူပူအုံကြွလာချေသည်။ သံချပ်ကာဝတ်အမျိုးသားလည်း နာကျင်စွာအော်ဟစ်လိုက်၏။
သူ့မျက်လုံးများလည်း လည်ထွက်နေပြီး မှော်နက်အရှိန်အဝါတစ်ခုကို သူ့နားထင်ဆီမှထုတ်လွှတ်နေလေသည်။
တစ်ပြိုင်တည်းမှာပင် ထိုလူ၏ကိုယ်ပေါ်ရှိ ဗိုလ်ချုပ်သံချပ်ကာက ကွဲကြေသွားလေတော့သည်။ သို့ဖြစ်လေရာ မီးခိုးရောင်ပြောင်းနေသောအရေပြားကို လှစ်ဟပြလိုက်သလိုဖြစ်သွားသည်။
ထိုအချိန်တွင် သူ၏အနက်ရောင်ဆံပင်ကလည်း မီးခိုးရောင်ပြောင်းသွားလေသည်။ သူ့အရှိန်အဝါလည်း အထက်သို့ဆန်တက်သွားသည်။
အဆင့်ဖြတ်ကျော်ထိုးဖောက်သွားခြင်းပင်။ အာကာသနတ်ဘုရားအလယ်တန်းဆင့်ကိုရောက်ရှိသွားပြီဖြစ်၏။
ထိုမြင်ကွင်းကို ဟုန်ရင်မြင်သောအခါ မျက်ဝန်းများမှောင်မိုက်သွားချေသည်။
“ယင်ဓာတ်အလောင်းကောင်အဘိုးကြီးရဲ့လျှို့ဝှက်ကျင့်စဉ်…”
သို့သော် လျှို့ဝှက်ကျင့်စဉ်ကိုအသက်သွင်းလိုက်ချိန် သူ့ခွန်အားများ အဆမတန်တိုးတက်လာခိုက်မှာ ထိုအရာက သူ့ခန္ဓာကိုယ်ထဲရှိကိုယ်တွင်းအင်္ဂါအားလုံးနှင့်စိတ်ဝိညာဉ်ကိုပါ လုံးဝဝါးမျိုစားသောက်ပစ်လိုက်ပြီး တစ်နာရီအတွင်းမှာပင် သူ့ကို ဖုတ်ကောင်တစ်ကောင်အဖြစ် လုံးလုံးလျားလျားပြောင်းလဲပစ်လိုက်မည်ဖြစ်၏။