Switch Mode

အခန်း (၁၇၅)

အနည်းငယ်ပိုသာခြင်း

နေမဝင်အင်ပါယာ၏အကြီးအကဲများနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့၏အကြီးအကဲများမှာ သဘောတူညီမှုတစ်ခုရသွားဟန်ပင်။

သူတို့၏လက်ကိုလေထဲတွင်ဝှေ့ယမ်းလိုက်လေရာ မြေလွှာကျွံချိုင့်ဝှမ်း၏အထက်နားဆီ၌ ဝိညာဉ်ရေးရာချီစွမ်းအင်တန်းကြီးတစ်ခု စုစည်းရောက်ရှိလာ၏။ ဝိညာဉ်ရေးရာချီစွမ်းအင်တံတားများ လေထဲလွင့်နေချေသည်။

ညာဘက်ရှိ ဗိုလ်ချုပ်သံချပ်ကာဝတ်အမျိုးသားက စစ်တပ်ကြီးကို ချီတက်ရန်အမိန့်ပေးလိုက်သည်။ ဝူဒီရှီ၏တပ်မှူးကတော့ ယွင်ကျင်းဖြစ်သည်။ နင်းချန်ရှင်ကလည်း သူတို့အဖွဲ့၌ရှိနေလေသည်။ ယွင်ကျင်းကလည်း သူ့စစ်တပ်ကို တိုက်ခိုက်ရန်အမိန့်ပေးလိုက်သည်။

နှစ်ဖက်စလုံး ရင်ဆိုင်ရပ်တည်လိုက်ကြသည်။

ထိုအခိုက်အတန့်လေးမှာ ကောင်းကင်ကြီး နှစ်ခြမ်းကွဲသွားသည်။ အလောင်းကောင်ချီစွမ်းအင်များမှာ ကြီးကျယ်ခမ်းနားပြီး တစ္ဆေများကလည်း ဟိန်းဟောက်နေလေသည်။ တစ်ဖက်တွင်မူ ဝိညာဉ်ရေးရာချီစွမ်းအင်အမျိုးမျိုး ထွက်ပေါ်နေပေသည်။

ထို့နောက် ဝိညာဉ်ရေးရာချီစွမ်းအင်တံတားပေါ်တွင် နှစ်ဖက်စလုံးတိုက်ခိုက်ကြလေတော့သည်။ မြေရိုင်းလွင်ပြင်ဆီမှ ဖုန်မှုန့်များလိပ်တက်လာသည်။

ကောင်းကင်ထက်မှာတော့ တိမ်တိုက်များပင် လမ်းဖယ်သွားကြလေပြီ။

ထိုအခိုက်အတန့်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့မှလူလေးယောက် လေထဲသို့ပျံတက်လာသည်။ သူတို့က သူတို့၏သိုလှောင်ရေးလက်စွပ်ထဲမှ အဆောင်မန္တန်များကိုထုတ်ပြီး အရပ်မျက်နှာအနှံ့တွင်နေရာချလိုက်သည်။

ထို့နောက် သူတို့လေးယောက်သားလည်း အော်ဟစ်လိုက်လေရာ အလင်းပြင်ညီတစ်ခုက ဝိညာဉ်ရေးရာချီစွမ်းအင်တံတားကြီးကို လွှမ်းခြုံပစ်လိုက်လေတော့သည်။

လျှပ်တပြက်ဆိုသလိုပင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ရှိလူများမှာ သူတို့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ရေးရာစွမ်းအင်များ တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာကြောင့် ခံစားလိုက်ရသည်။ တိုက်ခိုက်မှုစွမ်းအားကလည်း အနည်းငယ်တိုးတက်လာသည်။

ဤသည်မှာ တိုက်ပွဲအစီအရင်တစ်ခု၏တိုးချဲ့ရေးအစီအရင်တစ်ခုဖြစ်သည်။ ထိုတိုက်ပွဲအစီအရင်ကြောင့် မူလကပိတ်မိနေခဲ့သောအခြေအနေကို မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ ထိန်းချုပ်ထားနိုင်ခဲ့သည်။

နေမဝင်အင်ပါယာ၏စစ်တပ်ဘက်က ရှုံးနိမ့်နေသည့်အရိပ်အယောင်များ စတင်ပြသလာသည်။

ဗိုလ်ချုပ်သံချပ်ကာဝတ်အမျိုးသားက ထိုအခြင်းအရာကိုမြင်သော် အနည်းငယ်မျက်မှောင်ကြုတ်လိုက်လေသည်။ ဤအစီအရင်က လေးနက်ခမ်းနားသောအစီအရင်တစ်ခုမဟုတ်သော်လည်း ခွန်အားကွာခြားမှုသိပ်မရှိသောစစ်ပွဲများတွင်မူ အလွန်အသုံးဝင်လှပေသည်။

အနည်းငယ်မျှအသာစီးရနေသည်ဆိုစေဦးတော့ ထိုအရာလေးကပင် စစ်ပွဲမှာအောင်နိုင်ဖို့အကြောင်ပြချက်တစ်ခုဖြစ်သွားနိုင်သည်။

ထိုအကြောင်းကိုတွေးမိသဖြင့် ဗိုလ်ချုပ်သံချပ်ကာဝတ်အမျိုးသားက သူ့လက်ကိုဝှေ့ယမ်းလိုက်ချေသည်။ အနောက်နားရှိ ချန်းယွမ်အထွတ်အထိပ်အဆင့်ပညာရှင်တစ်ဦးက ခေါင်းညိတ်ပြပြီး လေထဲပျံသွားလေသည်။ ထို့နောက် သူ့လက်ထဲရှိအသွားနှစ်ဖက်ပါသောပုဆိန်ကို လွှဲယမ်းပစ်လိုက်သည်။

လေထုထဲတွင် အက်ကွဲကြောင်းသေးသေးလေးများ အမှန်တကယ်ပေါ်ပေါက်လာသည်။ သို့သော် ထိုသေးသေးလေးကပင် လေထုကိုတုန်ခါသွားအောင်လုပ််နိုင်ခဲ့သည်။

ထိုတိုက်ခိုက်မှုက လေထဲတွင် အစီအရင်ဖန်ဆင်းနေသောလူလေးဦးကို ဦးတည်လိုက်ခြင်းပင်။ ထိုလူလေးယောက်မှာ ရေအလျဉ်ပြည့်လျှံရေးအဆင့်မျှသာရှိသေးသည်။ ကြောက်မက်ဖွယ်ကောင်းလှသော ထိုတိုက်ခိုက်မှုကြီးကိုခံစားလိုက်ရပါက သူတို့ ချက်ချင်းဇီဝိန်ချုပ်သွားလိမ့်မည်သာ။

ဝူဒီရှီက ထိုအခြင်းအရာကိုမြင်သောအခါ နှာမှုတ်၍ လက်ဝါးစောင်းဖြင့်ရိုက်ချလိုက်သည်။ ဖိနှိပ်ရေးဆန္ဒတစ်ခုကိန်းဝပ်နေသော မိုးပြာရောင်လက်ဝါးရာကြီးက တိုက်ခိုက်မှုကိုကြိုလင့်နေပေသည်။

အုန်း..

တိုက်ကွက်နှစ်ခု ထိခတ်မိကြလေရာ နေရာအနှံ့ လေပြင်းများတိုက်ခတ်လာသည်။ ဝိညာဉ်ရေးရာချီစွမ်းအင်များလည်း ရုပ်လုံးပေါ်လာပြီးနောက် အရပ်မျက်နှာအဖက်ဖက်သို့ ပျံ့နှံ့သွားချေသည်။ လိပ်တက်လာသောလှိုင်းလုံးကြီးတစ်ခုကလည်း နေရာအနှံ့ထွက်ပေါ်လာသည်။

တိုက်ခိုက်မှုနောက်ဆက်တွဲလှုပ်ခတ်မှုကြောင့် ဝိညာဉ်ရေးရာချီစွမ်းအင်တံတားပေါ်ရှိစစ်တပ်နှစ်ခု၏ရုပ်အလောင်းများပင် တုန်ခါသွားလေသည်။ သူတို့၏အသက်ရှူသံများ မတည်ငြိမ်တော့ပေ။ ထို့ကြောင့်လည်း အကြီးအကဲများက လွယ်လင့်တကူမတိုက်ခိုက်ခြင်းပင်။

ထိုအခြင်းအရာကိုမြင်သော် အသွားနှစ်ဖက်ပါသောပုဆိန်ကိုကိုင်စွဲထားသည့် ချန်းယွမ်အဆင့်ပညာရှင်က ပြုံးလိုက်ပြီး စကားဆိုလာချေသည်။

“ခေါင်းဆောင်ဝူ… ကျုပ်တို့မတိုက်ခိုက်ရတာတောင် တော်တော်ကြာသွားပြီ။ ခင်ဗျားတိုက်ချင်သေးလား”

ဝူဒီရှီက စကားပြန်မပြောပေ။ သူ့ခန္ဓာကိုယ်ကိုသာအနည်းငယ်လှုပ်ရှားလိုက်ပြီး ကောင်းကင်ထက်သို့ပျံတက်သွားလိုက်သည်။ ထိုအဖြစ်ကိုမြင်သောအခါ ထိုလူကနှာမှုတ်၍ နောက်ကလိုက်သွားလေသည်။

ဗိုလ်ချုပ်သံချပ်ကာဝတ်အမျိုးသားက ရင်ဆိုင်တိုက်ခိုက်ခြင်းမပြုတာကိုမြင်လိုက်ရသည့်အခါ သူ့စစ်တပ်ကြီးကလည်း နောက်ဆုတ်သွားကြသည်။

“ဒီလိုဆိုရင် မင်းတို့နှစ်ယောက်သွားကြ”

သူ့ဘေးနားရှိ ချန်းယွမ်အလယ်အလတ်အဆင့်ပညာရှင်တစ်ယောက်နှင့် ချန်းယွမ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူတစ်ယောက်က ခေါင်းညိတ်ပြပြီး အစီအရင်ဖန်ဆင်းနေသောလူလေးယောက်ရှိရာဆီကို အပြင်းနှင်သွားကြသည်။

ယွင်ကျင်း မျက်မှောင်ကြုတ်လိုက်မိသည်။

သူနှင့်မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်တို့က ဗိုလ်ချုပ်သံချပ်ကာဝတ်အမျိုးသားနှင့် အာကာသနတ်ဘုရားအဆင့်ဖုတ်ကောင်ကြီးကို စောင့်ကြည့်နေရသည်။ သူတို့ လွယ်လင့်တကူလှုပ်ရှား၍မရချေ။

သူတို့ဘက်မှာလည်း ချန်းယွမ်အဆင့်ပညာရှင်များရှိနေသေးသော်လည်း သူဟာ ကနဦးအဆင့်သာရှိသေးသောကြောင့် ထိုလူနှစ်ယောက်ကိုမယှဉ်နိုင်သည်မှာ သိသာလှသည်။

အနားတွင် နင်းချန်ရှင်းက ယွင်ကျင်း၏အတွေးများကို ဖောက်ထွင်းမြင်လိုက်ရပုံပင်။ သူက ရှေ့ကိုခြေတစ်လှမ်းတိုးသွားပြီးနောက် ပြုံးလိုက်သည်။

“ကျွန်တော်လုပ်လိုက်မယ်”

မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်က နင်းချန်ရှင်းကိုကြည့်၍ တည်ငြိမ်စွာစကားစလာသည်။

“ဟိုဘက်ကလူတွေက ချန်းယွမ်အလယ်အလတ်အဆင့်နဲ့အထွတ်အထိပ်အဆင့်ကျင့်ကြံသူတွေနော်။ မင်း သူတို့ကိုတားနိုင်လို့လား”

နင်းချန်ရှင်း အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။

“ကြိုးစားကြည့်ပါရစေ”

ထိုအခြင်းအရာကြောင့် မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်လည်း ယခုအချိန်မှာ ပိုကောင်းသည့်နည်းလမ်းတစ်ခုပင်မရှိကြောင်း သိလိုက်သည်။ ထို့ကြောင့် ခေါင်းညိတ်ပြ၍ပြောလိုက်သည်။

“ဒါဆို အဲ့ဒီနှစ်ယောက်ကိုသွားတားထားလိုက်။ တတ်နိုင်သလောက် အချိန်ဆွဲထားလိုက်”

ယွင်ကျင်းကတော့ ပူပန်မှုမရှိပေ။ နင်းချန်ရှင်းကလည်း ထိုစီနီယာ၏တပည့်ဖြစ်နေသည်သာ။ သူလုပ်နိုင်သည်ဟုဆိုလာပါက သူ သေချာပေါက်လုပ်နိုင်သည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ယွင်ကျင်းသံသယမဖြစ်မိပေ။

သူက “ဂရုစိုက်ဦး”ဟုသာ ပြောလိုက်သည်။

နင်းချန်ရှင်းကလည်း ခေါင်းညိတ်ပြလာသည်။ ထို့နောက် လက်ထဲတွင် တာအိုသိုင်းကျမ်းကိုကိုင်စွဲ၍ ရှေ့ကိုခြေတစ်လှမ်းတိုးကာ ထိုလူနှစ်ယောက်ရှေ့ကိုရောက်ချသွားသည်။

တစ်ဖက်တွင်မူ ဟုန်ရင်နှင့်ယဲ့ချိုးပိုင်တို့လည်း နင်းချန်ရှင်းကိုမြင်နေရသည်။

“တတိယဆရာတူညီလေး လှုပ်ရှားပြီလား”

“ကြည့်ရတာ အဲ့ဒီဘက်မှာ အခြေအနေတော်တော်တင်းမာနေပုံပဲ”

သူတို့နှစ်ယောက်ကလည်း ပူပန်မရှိချေ။ နင်းချန်ရှင်း မည်မျှသန်မာကြောင်း သူတို့သိထားပြီဖြစ်၏။

ချန်းယွမ်အဆင့်ပညာရှင်နှစ်ဦးမှာ သူတို့ရှေ့ရှိစာပေပညာရှင်လေးကိုကြည့်လိုက်မိကြသည်။ ထို့နောက် ပြုံးလျက်စကားဆိုလာ၏။

“မင်းက ငါတို့ကိုတားချင်တယ်ပေါ့”

နင်းချန်ရှင်၏ခန္ဓာကိုယ်ထက်တွင် မည်သည့်အဆင့်ရှိအရှိန်အဝါမျိုးမှ ဖြာထွက်မနေချေ။ အကယ်၍ အရှိန်အဝါကိုဖုံးကွယ်ထားပါက နင်းချန်ရှင်းက သူတို့နှစ်ယောက်မရိပ်မိနိုင်လောက်အောင် ဖုံးကွယ်နိုင်စွမ်းရှိသောအာကာသနတ်ဘုရားအဆင့်ပညာရှင်တစ်ဦးပင်ဖြစ်ရမည်။

သို့သော်ငြား ဤမျှငယ်ငယ်ရွယ်ရွယ်လေးနှင့် အာကာသနတ်ဘုရားအဆင့်ကို ဘယ်လိုရောက်နိုင်လေမလဲ။ ထို့ပြင် တစ်ဖက်လူကသာ အာကာသနတ်ဘုရားအဆင့်ဆိုပါက ဤစစ်ပွဲကိုတိုက်ခိုက်ဖို့လိုနေဦးမည်လား။ မည်သို့ပင်ဖြစ်စေ ဤနေရာကိုစောင့်ကြပ်နေသည့်လူများထဲမှာ အာကာသနတ်ဘုရားအဆင့်တစ်ယောက်မှမပါပေ။

နင်းချန်ရှင်က ဘာမှပြန်မပြောပေ။ တာအိုသိုင်းကျမ်းကိုသာဖွင့်၍ ညင်သာစွာပြုံးလျက် စကားတစ်ခွန်းကိုရွတ်လိုက်သည်။

“ဖိနှိပ်စေ”

သူ့လေသံကား တိုးဖျော့ကာ ခပ်နှေးနှေးပင်။ သို့သော် ထိုအသံကတင် မိုးကြိုးထစ်ချုန်းသံအလားထင်မှတ်မှားစေသည်။ ဖိနှိပ်နိုင်စွမ်းအားကြီးပြီး ရွှေရောင်အလင်းတန်းတစ်ခုကိုထုတ်လွှတ်နေသော မှော်ဝင်စာလုံးတစ်လုံးက သူတို့နှစ်ယောက်ကိုတိုက်ခိုက်ဖိနှိပ်လေတော့သည်။ သူတို့ ထိုအရှိန်အဝါကိုခံစားလိုက်ရသောအခါ အမူအရာများ သိသိသာသာပြောင်းလဲသွားရသည်။

ဤဖိနှိပ်ရေးအရှိန်အဝါသည် အလွန်ကြောက်မက်ဖွယ်ရာကောင်းလှသည်။ သူတို့ ရန်သူကိုလျှော့တွက်မိလိုက်ပြီဖြစ်ကြောင်း သိလိုက်ရသည်။

သူတို့နှစ်ယောက်လည်း ဒေါသတကြီးဟိန်းဟောက်၍ အင်အားထိမ်ချန်မထားရဲပေ။ သူတို့၏ခွန်အားများကလည်း မခြွင်းမချန်အလုံးစုံထွက်ပေါ်လာ၏။

လက်ဝါးရာကြီးနှစ်ခုက ဖိနှိပ်ရေးအဆောင်မန္တန်ဆီသို့ ပေါက်ကွဲလုမတတ်အပြင်းနှင်လာလေသည်။ တိမ်တိုက်များ လိပ်တက်လာပြီး ဖုန်မှုန့်များကလည်း နေရာအနှံ့ဝဲပျံနေချေသည်။ မြေရိုင်းလွင်ပြင်ထဲရှိကျောက်တုံးများမှာ လေပြင်းကြောင့်လွင့်ထွက်ကြကုန်၏။

လေထဲမှာတော့ ထိုအရာများဟာ ပြင်းထန်လှသောဝိညာဉ်ရေးရာချီစွမ်းအင်အတက်အကျကြီးကြောင့် ပြာမှုန်များအဖြစ် ပြောင်းလဲသွားရှာသည်။ လျှပ်တပြက်အတွင်းမှာပင် လက်ဝါးရာနှစ်ခုဖျက်ဆီးခံလိုက်ရသည်။ ဖိနှိပ်ရေးအဆောင်မန္တန်လည်း ပျောက်ကွယ်သွားသည်။

သို့သော် ထိုလူနှစ်ယောက်မှာ အနောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်ပြီး ညည်းညူလိုက်မိကြသည်။ ဤနေရာရှိတိုက်ပွဲက နေမဝင်အင်ပါယာ၏အလယ်တွင်ရှိနေသော ဗိုလ်ချုပ်သံချပ်ကာဝတ်အမျိုးသား၏အာရုံကို ဆွဲဆောင်လိုက်နိုင်လေသည်။ သူက ပတ်ပတ်လည်ကိုကြည့်လိုက်လေရာ နင်းချန်ရှင်းကိုမြင်လိုက်ရပြီးနောက် အမူအရာလည်းသိသိသာသာပြောင်းလဲသွားလေသည်။

သူ ချက်ချင်းအော်ဟစ်ပစ်လိုက်သည်။

“နောက်ဆုတ်ကြ”

ဤလူငယ်စာပေပညာရှင်လေးမှာ ချန်းယွမ်အဆင့်ပညာရှင်ဆယ်ဦးကျော်ကို တားဆီးနိုင်စွမ်းရှိပေသည်။ တားဆီးနိုင်ရုံသာမက ဖိနှိပ်နိုင်စွမ်းပင်ရှိသည်။

အဆုံးမှာတော့ နင်းချန်ရှင်းကိုဖိနှိပ်ရန်အတွက် သူ့အဆင့်ကိုမြှင့်ရန်ဝိညာဉ်အလံ၏လျှို့ဝှက်ကျင့်စဉ်ကိုပါ ထုတ်သုံးခဲ့ရသည်။

သို့ဖြစ်လေရာ ချန်းယွမ်အဆင့်ပညာရှင်လေးနှစ်ယောက်က ဘယ်လိုလုပ် နင်းချန်ရှင်းကိုယှဉ်နိုင်မှာတဲ့လဲ…

သို့သော် ဗိုလ်ချုပ်သံချပ်ကာဝတ်အမျိုးသား၏အသံကို လက်ခံရရှိရန် နောက်ကျသွားလေပြီ။

နင်းချန်ရှင်း အရဲကိုးလိုက်လေသည်။ သူ့ပါးစပ်ကိုအနည်းငယ်ဖွင့်ဟလျက်..

“တိုက်ခိုက်ရေးစစ်သည် ဆင်းသက်လော့”

သူသည် စကားတစ်လုံးချင်းစီကို မိုးကြိုးထစ်ချုန်းသံအလားရွတ်ဆိုလိုက်၏။

ဂမ္ဘီရသံချပ်ကာကိုဝတ်ဆင်ထားသော ဧရာမကောင်းကင်ဘုံစစ်သည်ကြီးဟာ သူ့လက်ထဲရှိ ဂမ္ဘီရလှံတံကြီးဖြင့် ချန်းယွမ်အဆင့်ပညာရှင်နှစ်ဦးကို လွှဲရိုက်ချလိုက်သည်။ ထိုလူတို့၏အမူအရာများ ပြောင်းလဲသွားချေသည်။ ထို့နောက် သူတို့ နောက်ပြန်ဆုတ်၍ လက်နှစ်ဖက်ဖြင့်ခုခံတားဆီးလိုက်သည်။

သူတို့နှစ်ယောက်ရှေ့တွင် ဝိညာဉ်ရေးရာချီစွမ်းအင်အကာအကွယ်တံတိုင်းတစ်ခု ပေါ်ပေါက်လာသည်။

သို့သော် အလျင်စလိုဖန်တီးလိုက်ရသော ဤအကာအကွယ်တံတိုင်းမှာ ကောင်းကင်ဘုံစစ်သည်၏တိုက်ခိုက်မှုကို မည်သို့နှယ်တားဆီးနိုင်မည်လဲ။ ကောင်းကင်ဘုံစစ်သည်ကြီးက ကမ္ဘာမြေပေါ်သို့သက်ဆင်းလာသော ဂမ္ဘီရလက်နက်တစ်ခုအလားပင်။ ထို့နောက် သူ့လက်ထဲရှိဂမ္ဘီရလှံတံကြီး တုန်ခါလာချေသည်။ ထိုလှံတံက အကာအကွယ်တံတိုင်းကိုထိုးခွင်း၍ ခြေမွှပစ်လိုက်သည်။

ထို့နောက်မှာတော့ ထိုလက်ချက်ကြောင် ချန်းယွမ်အဆင့်ပညာရှင်နှစ်ဦးလည်း အရိုးတစ်ခြား အသားတစ်ခြားဖြစ်သွားလေသည်။

ထိုမြင်ကွင်းကိုမြင်လိုက်ရသူအပေါင်း တုန်လှုပ်အံ့ဩသွားကြကုန်၏။ မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်ခများ ခါးသက်သက်အမူအရာမျိုးဖြစ်နေလေသည်။

ဒီကလေးတွေက ဘယ်သူတွေပါလိမ့်။ တစ်ယောက်က ယဲ့ချိုးပိုင်၊ နောက်တစ်ယောက်ကဟုန်ရင်… အခုလည်း နင်းချန်ရှင်း လာပြန်ပြီ။ သူတို့အားလုံး တစ်ဂိုဏ်းတည်းကချည်းပဲ။

ဤကဲ့သို့သောတပည့်များကို ပြုစုသင်ကြားပေးနိုင်သောဆရာသခင်မှာ မည်သူလေလဲ။

Comment

Leave a Reply

Options

not work with dark mode
Reset