Switch Mode

အခန်း (၁၇၄)

စုပေါင်းတိုက်ခိုက်မှုကြီးစတင်လေပြီ

မိုးပြာရောင်ကောင်းကင်တောင်တန်းနယ်မြေမှာ တိမ်လွှာများအကြားထိတိုင် မြင့်သွန်းနေလေသည်။

အထက်ကိုတက်သွားလေလေ ဝိညာဉ်ရေးရာချီစွမ်းအင် ပါးလွှာလေလေပင်။ ထိုနေရာတွင် အလွန်အမင်းအစွမ်းထက်သောမှော်ဝင်သားရဲများလည်း နေထိုင်ကြသည်။

အာကာသနတ်ဘုရားအဆင့်ပညာရှင်များပင် မိုးပြာရောင်ကောင်းကင်တောင်တန်းနယ်မြေကို အလွယ်လေးဖြတ်မသွားရဲကြပေ။ သူတို့ဟာ ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းကသာ ဖြတ်သွားရဲကြသည်။

သို့ဖြစ်လေရာ မိုးပြာရောင်ကောင်းကင်တောင်တန်းနယ်မြေမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့အတွက် သဘာဝခုခံရေးစည်းတစ်ခုဖြစ်လာခြင်းပင်။

ထိုနေရာမှာ ခုခံဖို့လွယ်ကူပြီး တိုက်ခိုက်ဖို့ခက်ခဲလှသည်။

သို့သော် ယခုတော့….

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဘက်က နှစ်ကြိမ်မျှလက်ဦးမှုရယူ၍တိုက်ခိုက်ခဲ့ပြီး နေမဝင်အင်ပါယာ၏စစ်တပ်သုံးခုကို ကြီးမားလှစွာသောထိခိုက်နစ်နာမှုများဖြစ်ပေါ်စေခဲ့သည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့၏စိတ်ဓာတ်ခွန်အားများလည်း ပိုမြင့်လာချေပြီ။

ရှေ့ဆက်ဖြစ်လာသောကိစ္စများကာ လူတိုင်းကို ပို၍ပင်စိတ်လှုပ်ရှားစေသည်။

ထိုနေ့တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့က အစည်းအဝေးခန်းမထဲ၌ နောက်ထပ်စတင်မည့်ခြေလှမ်းကို တိုင်ပင်ဆွေးနွေးကြတော့သည်။

မြောက်ပိုင်းဒေသ၏ကောင်းကင်ထက်မှာ စစ်သင်္ဘောပေါင်းများစွာဆိုက်ရောက်လာသည်။ အားလုံးလည်း သူတို့ကိုသောင်းသောင်းဖြဖြကြိုဆိုကြသည်။

ထိုသင်္ဘောများကိုကြည့်လိုက်ပြီးနောက် သူတို့တော်တော်အံ့သြသွားကြသည်။

“ပင်မကျောင်းတော်ကလူတွေ နောက်ဆုံးတော့ရောက်လာပြီ”

ပထမသင်္ဘောနှစ်စင်းမှာ လျှို့ဝှက်တာအိုပင်မကျောင်းတော်မှဖြစ်၏။ ရှေ့ဆုံးကဦးဆောင်လာသူကား တင်းယွင်ဟယ်ပင်။ တင်းယွင်ဟယ်၏ခွန်အားမှာ အလယ်ပိုင်းဒေသတွင် ထိပ်ဆုံးနေရာ၌ ဗိုလ်စွဲလေသည်။

သူသည် အာကာသနတ်ဘုရားအဆင့်ရောက်လုနီးနီးဖြစ်နေလေပြီ။ သူ့နောက်မှာတော့ ဥပဒေပြဌာန်းရေးခန်းမအရှင်နှင့် အကြီးအကဲများစွာဖြစ်လေသည်။ ကျောင်းသားများလည်း အများကြီးလိုက်ပါလာသည်။

“အာ.. ကျန်တဲ့နှစ်စင်းကရောဘယ်ကလဲ”

တစ်စုံတစ်ယောက်က မေးခွန်းထုတ်လာပေသည်။

ယွင်ကျင်းလည်း ရှေ့ကိုလျှောက်သွားလိုက်ပြီး သူ့နောက်ရှိသင်္ဘောနှစ်စင်းကိုမော့ကြည့်လိုက်သည်။

ထိုသင်္ဘောနှစ်စင်းမှာ အခြားသင်္ဘောများနှင့်မတူချေ။ ၎င်းမှာ ဂမ္ဘီရဓားသွားသဏ္ဍာန်ပေါက်နေလေသည်။

ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ ယွင်ကျင်းလည်း အနည်းငယ်မှင်တက်သွားရလေသည်။

“လျှို့ဝှက်ဓားသွားဂိုဏ်လား။ သူတို့ ဘာလို့ဒီကိုရောက်လာတာလဲ”

အမှန်ပင်တည်း။ အနောက်နားရှိသင်္ဘောနှစ်စင်းမှာ လျှို့ဝှက်ဓားသွားဂိုဏ်းမှဖြစ်၏။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ကလည်း ကြက်သေသေသွားချေသည်။

လျှို့ဝှက်ဓားသွားဂိုဏ်းနှင့် လျှို့ဝှက်တာအိုကျောင်းတော်မှာ မည်သည့်ပတ်သက်မျိုးမှမရှိပေ။ လျှို့ဝှက်တာအိုကျောင်းတော်ရှိ မည်သည့်အရာကမှ လျှို့ဝှက်ဓားသွားဂိုဏ်းကို ဆွဲဆောာင်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ဤအင်အားစုနှစ်စု၏အခြေခံအုတ်မြစ်မှာ သိပ်မကွာလှပေ။ တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းကတော့ ခြွင်းချက်ပင်….။

သို့သော် ဤသည်မှာ လျှို့ဝှက်တာအိုကျောင်းတော်၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ဘယ်လိုများလက်လွှဲပေးနိုင်မည်တဲ့လဲ။

ဝူဒီရှီနှင့်ယွင်ကျင်းလည်း သူတို့ကိုကြိုဆိုဖို့ ရှေ့တက်လာကြသည်။ ပသင်္ဘောလေးစင်းမှာ ကွင်းပြင်တစ်ခု၌ရပ်တန့်လိုက်သည်။

သင်္ဘောပေါ်မှလူများက အောက်ကိုခုန်ဆင်းလာပြီး ဝူဒီရှီဆီသို့လျှောက်လာလေသည်။

ဝူဒီရှီကလည်း လက်ကိုဆန့်ထုတ်၍ပြုံးလိုက်၏။

“ခေါင်းဆောင်တင်း… နောက်ဆုံးတော့ရောက်လာပြီပဲ”

တင်းယွင်ဟယ်လည်း လက်ဆွဲနှုတ်ဆက်လိုက်သည်။

“ဒါတွေအကုန် လျှို့ဝှက်ဓားသွားဂိုဏ်းရဲ့ကျေးဇူးတွေပါပဲ”

အိုး…

ဝူဒီရှီလည်း လျှို့ဝှက်ဓားသွားဂိုဏ်းမှလူများကို တအံ့တသြကြည့်လိုက်မိကြသည်။

လျှို့ဝှက်ဓားသွားဂိုဏ်းကိုခေါင်းဆောင်လာသူမှာ လက်ထောက်ဂိုဏ်းခေါင်းဆောင် စွန်းလျှို့ပင်။

သူ့နောက်ရှိပုဂ္ဂိုလ်ကတော့ ဓားတစ်လက်ကိုကိုင်စွဲထားသောအမျိုးသားတစ်ဦးဖြစ်သည်။

ဤဓားသမားက ပတ်ပတ်လည်ကိုလိုက်ကြည့်နေပြီးနောက် မျက်ဝန်းများအရောင်လက်သွားကာ မဟာမိတ်စခန်းဆီသို့ လျှောက်သွားလေတော့သည်။

သူသည် ယဲ့ချိုးပိုင်ရှေ့သို့လျှောက်သွားခြင်းဖြစ်၏။

“အစ်ကိုယဲ့… ဒီမှာ နောက်ထပ်ကိစ္စကြီးတစ်ခုထမ်းဆောင်ခဲ့ပြန်ပြီလို့ကြားထားတယ်”

ဓားကိုင်ထားသောအမျိုးသားမှာ လျှို့ဝှက်ဓားသွားဂိုဏ်းခေါင်းဆောင်၏သီးသန့်တပည့်ဖြစ်သူ လျန်ဖန်းပင်။

ယဲ့ချိုးပိုင်လည်း အပြုံးလေးဖြင့်ပြန်ပြောလိုက်သည်။

“ငါတစ်ယောက်တည်းလုပ်တာမဟုတ်ပါဘူး”

လျှို့ဝှက်ဓားသွားဂိုဏ်း၏လက်ထောက်ခေါင်းဆောင်စွန်းလျှို့ကလည်း ဝူဒီရှီကိုနှုတ်ဆက်လိုက်ပြီး ယဲ့ချိုးပိုင်ရှေ့သို့လျှောက်သွားလိုက်သည်။

ထို့နောက် သူ့ကိုသေချာအကဲခတ်လိုက်ပြီး အပြုံးတစ်ပွင့်ဆင်မြန်းလျက် စကားဆိုလာလေသည်။

“လျန်ဖန်းက မင်းအကြောင်းမကြာခဏပြောနေလို့ ကြားဖူးထားတာကြာပြီ။ အခုလိုတွေ့လိုက်ရတော့လည်း မင်းက တကယ့်ကိုရဲစွမ်းသတ္တိရှိတဲ့လူငယ်လေးပါပဲ”

ယဲ့ချိုးပိုင်က လက်နှစ်ဖက်ကိုယှက်၍ ပြောလိုက်သည်။

“ခေါင်းဆောင်…မြှောက်ပင့်လွန်းနေပါပြီ”

စွန်းလျှီု့က သူ့လက်ကိုခါယမ်း၍ပြောလာပြန်သည်။

“ငါမင်းကိုမြှောင်နေတာမဟုတ်ပါဘူး။ ငါတို့ဓားသိုင်းကျင့်ကြံသူတွေက ငါတို့စိတ်ထဲရှိတဲ့အတိုင်းပဲပြောကြတယ်လေ”

ဓားသိုင်းကျင့်ကြံသူများမှာ တဲ့တိုးဆန်ကြသည်။ ကွေ့ပတ်ပြီးဝေ့လည်ကြောင်ပတ်လုပ်ခြင်းမျိုးလည်း မရှိကြချေ။

လှည့်ကွက်များများစားစားဖန်တီးနေပါက သူတို့စိတ်နှလုံးထဲရှိဓားသိုင်းမှာ သန့်စင်တော့မည်မဟုတ်။ ဤသည်မှာ ဓားသိုင်းကျင့်ကြံသူများအဖို့ ကြီးလေးသောပြစ်မှုတစ်ရပ်ပင်။

အခြားလူများလည်း ထိုမြင်ကွင်းကိုမြင်သောအခါ လျှို့ဝှက်ဓားသွားဂိုဏ်းက ဤမျှအတိုင်းအတာအထိ သူတို့ကိုကူညီပေးရသည့်အကြောင်းအရင်းမှာ ယဲ့ချိုးပိုင်ကိုမျက်စိကျနေသောကြောင့်ဖြစ်ကြောင်း သဘောပေါက်လိုက်လေသည်။

သူတို့က ဤကလေး၏အနာဂတ်ကို အများကြီးမျှော်လင့်ထားကြခြင်းပင်။

ဝူဒီရှီနှင့်ယွင်ကျင်းတို့ကလည်း နောင်အနာဂတ်မှာ ယဲ့ချိုးပိုင်က အထွတ်အထိပ်ကိုတက်လှမ်းနိုင်လိမ့်မည်ဖြစ်ကြောင်း ခြွင်းချက်မရှိယုံကြည်ထားကြသည်။

“ကောင်းပြီ။ အားလုံးနဲ့ကူညီမှုနဲ့အတူ ငါတို့ဘက်ကလက်ဦးမှုယူပြီးစတင်တိုက်ခိုက်ဖို့အချိန်ကျပြီ”

အားလုံးလည်း မည်သို့တိုက်ခိုက်ရမလဲဆိုသည့်ဗျူဟာများကို ဆွေးနွေးတိုင်ပင်ရန်အတွက် အစည်းအဝေးခန်းမထဲကို လျှောက်လာလိုက်ကြသည်။

အဆုံးမှာတော့ သူတို့ အုပ်စုသုံးခုခွဲ၍ နေမဝင်အင်ပါယာ၏စစ်ကြောင်းသုံးခုကို တိုက်ခိုက်ပစ်ရန် ဆုံးဖြတ်လိုက်သည်။

ဘယ်တောင်ပံအပိုင်းကိုတော့ ယွင်ကျင်း၊ ပင်မကျောင်းတော်၏ဥပဒေပြဌာန်းရေးခန်းမအရှင်၊ ဝူဒီရှီနှင့် မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်တို့က ဦးဆောင်ကြသည်။

ညာဘက်မှာတော့ စွန်းလျှို့နှင့်လျှို့ဝှက်ဓားသွားဂိုဏ်း၏လက်ထောက်ခေါင်းဆောင်တို့က အဖွဲ့ကိုဦးဆောင်ကြသည်။

အလယ်ကမူ အရေးကြီးဆုံးလမ်းကြောင်းဖြစ်သည်။ သူတို့အနေနှင့် ရန်သူ့စစ်တပ်ကို မြန်မြန်ဆန်ဆန်တိုက်ခိုက်ရမည့်အပြင် ဘယ်ဘက်နှင့်ညာဘက်အဖွဲ့ကိုလည်း အသာစီးရအောင်ကူညီတိုက်ခိုက်ပေးရဦးမည်ဖြစ်၏။ သို့မှသာ အောင်ပွဲကိုဦးတည်နိုင်မည်ဖြစ်၏။

ထို့ကြောင့် အလယ်ပိုင်းအသင်းအနေနှင့် ခွန်အားပိုဖြည့်ရန်လိုအပ်ပေသည်။ ပင်မကျောင်းတော်၏လက်ထောက်ခေါင်းဆောင် တင်းယွင်ဟယ်က အသင်းကိုဦးဆောင်လေသည်။

သူတို့သုံးယောက်ထဲမှာ ဟုန်ရင်က ခွန်အားအသန်မာဆုံးဖြစ်လေရာ တင်းယွင်ဟယ်၏အသင်းကို ပါဝင်အားဖြည့်ရလေသည်။

ယဲ့ချိုးပိုင်နှင့်နင်းချန်ရှင်းတို့က ဘယ်ဘက်နှင့်ညာဘက်အသင်းအသီးသီး၌ ပါဝင်ကြရသည်။

ဗျူဟာကိုအတည်ပြုပြီးနောက် ထောက်ပံ့ရေးကိုပြင်ဆင်၊ အသင်းကိုနေရာချထားပြီး ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်း၏အပြင်နားတွင် လူစုလိုက်ကြသည်။

တန်ပြန်တိုက်ခိုက်ဖို့ပြင်ဆင်ထားလေပြီ။

မဟာမိတ်အဖွဲ့၏ခေါင်းဆောင်ဖြစ်သော ဝူဒီရှီမှာ ရှေ့ဆုံးတွင်မတ်တတ်ရပ်၍ ရှင်းလင်းပြတ်သားလှသောအသံဖြင့် မိန့်ခွန်းပြောကြားလေသည်။

“အချင်းချင်းအစေးမကပ်ကြတဲ့လူတွေရှိနေပေမဲ့..”

“ဂိုဏ်းဂဏတွေအများကြီးဟာ ပေါ်တင်တစ်မျိုး ခိုးကြောင်ခိုးဝှက်တစ်မျိုး တိုက်ခိုက်ပြိုင်ဆိုင်နေကြပေမဲ့”

“နေမဝင်အင်ပါယာက ငါတို့တွေကိုပေါင်းစည်းစေခဲ့ပြီး အရမ်းလည်းရက်စက်ယုတ်မာခဲ့တယ်။ အခု သူတို့က မြောက်ပိုင်းနယ်မြေကိုဖျက်ဆီးနေကြပြီ”

“ဒါကြောင့်ပဲ ဒီမဟာမိတ်အဖွဲ့ကြီးဖြစ်ပေါ်လာတယ်။ အခု… ချုံခိုတိုက်ခိုက်မှုနဲ့ စုံစမ်းထောက်လှမ်းရေးအစီအစဉ်တွေအောင်မြင်ခဲ့ပြီ။ စစ်ကူတွေလည်းရောက်လာပြီး ရာသီဥတုက ငါတို့ဘက်ပါလာပြီ”

“အခုအချိန်က တန်ပြန်တိုက်စစ်ဆင်ရမဲ့အချိန်ပဲ”

လူတိုင်းဟာ ဝူဒီရှီကိုကြည့်လိုက်ကြပြီး စိတ်ဓာတ်ခွန်အားများ မြင့်တက်စပြုလာလေသည်။

ဝူဒီရှီကလည်း ပတ်ပတ်လည်ကိုအကဲခတ်လိုက်ပြီးနောက် စကားပြန်မဆက်ခင် သူ့လက်နှစ်ဖက်ကိုဖြန့်ကားလိုက်သည်။

“မြောက်ပိုင်းနယ်မြေဆိုတာ ငါတို့အားလုံးပိုင်တဲ့နယ်မြေပဲ။ ဒီမြေရဲ့မျိုးရိုးနာမည်က “နေမဝင်”ဆိုပြီးပေးထားတာမဟုတ်ဘူး”

“မြောက်ပိုင်းနယ်မြေထဲက အပြစ်မဲ့ပြည်သူတွေအတွက်နဲ့ ငါတို့နယ်မြေကိုပြန်လည်သိမ်းပိုက်ဖို့အတွက် နေမဝင်အင်ပါယာကိုဖျက်စီးရမဲ့အချိန်ရောက်လာပြီ”

သူ့စကားအဆုံးတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကြီးက လက်ခုပ်သြဘာပေး၍အားပေးလေတော့သည်။

တင်းယွင်ဟယ်က ထိုမြင်ကွင်းကိုကြည့်ပြီး တစ်ကိုယ်တည်းခေါင်းညိတ်လိုက်မိသည်။

ဝူဒီရှီက မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်၏ခေါင်းဆောင်ဖြစ်လာနိုင်ပေသည်။ သူ့မှာ အနှိုင်းမဲ့ခွန်အားမျိုးရှိရုံသာမက လူအများကိုလှုံ့ဆော်နိုင်စွမ်းလည်းရှိသည်။

ထို့နောက်မှာတော့ အားလုံးထွက်ခွာလာခဲ့ကြပြီး မြေလွှာကျွံချိုင့်ဝှမ်းဆီသို့ ချီတက်လာခဲ့လိုက်ကြသည်။

ထိုအခိုက်အတန့်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာ သူတို့၏အရိပ်အယောင်ကိုဖုံးကွယ်မထားတော့ဘဖြင့် ရှေ့နားမှာရှိသောကင်းထောက်များလည်း သတိပြုမိသွားကြလေသည်။

ကင်းထောက်များမှာ အလျင်စလိုသတင်းပို့လိုက်ကြရသည်။ နေမဝင်အင်ပါယာ၏စစ်ကြောင်းသုံးခုစလုံး ထိုသတင်းကိုရလိုက်သည်။

ဗိုလ်ချုပ်သံချပ်ကာဝတ်အမျိုးသားသုံးယောက် မတ်တတ်ထလာကြသည်။

သူတို့သည် ကိုယ့်အသင်းကိုစုဝေး၍ မြောက်ပိုင်းမဟာမိတ်အဖွဲ့၏တိုက်ခိုက်မှုကို ရင်ဆိုင်ရန်အသင့်ပြင်လိုက်ကြသည်။

ပထမတစ်ချီကား အသေအကြေတိုက်ပွဲပင်ဖြစ်၏။ တိုက်ပွဲအရှိန်ကား ပေါက်ကွဲထွက်မတတ်ပင်။

နာရီဝက်အတွင်းမှာပင် မြေလွှာကျွံချိုင့်ဝှမ်း၏တစ်ဖက်တစ်ချက်စီ၌ နေမဝင်အင်ပါယာ၏တပ်မကြီးနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့က တစ်ဖက်ကိုတစ်ဖက်မျက်နှာချင်းဆိုင်ရပ်နေကြလေသည်။

ဖုတ်ကောင်ကြီးများမှာလည်း ကြောက်မက်ဖွယ်ရာအလောင်းကောင်ချီစွမ်းအင်များဖြင့်ပြည့်နေလေသည်။ စစ်တပ်ကြီးတစ်ခုလုံးကိုလည်း အနက်ရောင်အငွေ့များဖြင့် ဝန်းရံထားသည်။

တစ္ဆေအော်သံများကလည်း နေမဝင်အင်ပါယာကြီးတစ်ခုလုံးကို ပဲ့တင်ထပ်သွားချေ၏။ ၎င်းမှာ တစ္ဆေတစ်ကောင် ငရဲပြည်မှတွားတက်လာသည့်အလား အလွန်အမင်းကြောက်မက်ဖွယ်ကောင်းလှသည်။

ထိုအချိန်၌ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဘက်တွင် စိတ်ဓာတ်ခွန်အားများ တလူလူမြင့်တက်လျက်ရှိသည်။ မည်သူ့မှာမှ အကြောက်တရား၏အရိပ်အယောင်မျိုးရှိမနေချေ။

အလယ်ပိုင်းဒေသ၏ထွဋ်ခေါင်၊ လျှို့ဝှက်ဓားသွားဂိုဏ်းနှင့် လျှို့ဝှက်တာအိုကျောင်းတော်၏ဌာနချုပ်တို့လည်း ရောက်ရှိနေချေပြီ။

အထွတ်အထိပ်အဆင့်တိုက်ခိုက်ရေးခွန်အားအရာမှာလည်း ကွာခြားမှုမရှိတော့ပေ။

ဝူဒီရှီနှင့်ကျန်ခေါင်းဆောင်များမှာ ကောင်းကင်ထက်သို့ပျံတက်သွားပြီး လေထဲဝဲပျံနေလိုက်သည်။

တစ်ဖက်တွင်မူ နေမဝင်အင်ပါယာဘက်က ဗိုလ်ချုပ်သံချပ်ကာဝတ်အမျိုးသားသုံးယောက်နှင့် စစ်တပ်၏အမြီးပိုင်းကိုကာကွယ်ပေးနေကြသောဖုတ်ကောင်သုံးကောင်တို့ရှိလေသည်။

စစ်ပွဲအတွင်း၌ အထွတ်အထိပ်အဆင့်ပညာရှင်များက အလွယ်တကူမလှုပ်ရှားကြပေ။ အကြောင်းမှာ သူတို့ စတင်လှုပ်ရှားလိုက်သည်နှင့် အောက်ဘက်ရှိစစ်တပ်ကြီးအပေါ် ကြီးမားလှသောထိုးနှက်တစ်ခုပေါ်ပေါက်လာလိမ့်မည်သာ။

ထိုကိစ္စနှင့်ပတ်သက်ပြီး မည်သူမှလောင်းကြေးမထပ်ရဲကြပေ။

ညာဘက်ရှိ ဗိုလ်ချုပ်သံချပ်ကာဝတ်အမျိုးသားက နှာမှုတ်လိုက်သည်။

“စစ်ကူတွေရောက်လာတော့ရောဘာဖြစ်လဲ”

“တပ်သားတွေနားထောင်ကြ… တိုက်ခိုက်ဖို့အသင့်ပြင်”

စုပေါင်းတိုက်ပွဲကြီးကား စတင်ပေတော့မည်။

Comment

Leave a Reply

Options

not work with dark mode
Reset