အနောက်ပိုင်းဗုဒ္ဓဂိုဏ်းတော်မှာ ဤတိုက်နယ်ကြီးပေါ်တွင် အဆန်းကြယ်ဆုံးသောအင်အားစုတစ်ခုဖြစ်သည်။ သူတို့၏တပည့်များမှာလည်း တိုက်နယ်တစ်ခုလုံးအနှံ့တွင်ရှိပြီး သူတို့က အလွန်အမင်းခပ်လျှိုလျှိုနေကြသည်သာ။ ထို့ကြောင့် အလယ်ပိုင်းဒေသရှိ ပင်မအင်အားစုများပင်လျှင် ဗုဒ္ဓဂိုဏ်းတော်ကို အလျင်စလိုရန်မစရဲကြချေ။
ထိုအချိန်တွင် အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက်က သာမန်ဆန်သည်ဟုထင်ရသောယပ်တောင်လေးတစ်ခုကိုကိုင်၍ ရောက်လာသည်။
အဘိုးအိုခြောက်ယောက်ကလည်း သူ့မျက်နှာချင်းဆိုင်တွင်မတ်တတ်ရပ်နေလေသည်။ သို့သော် သူတို့ထံတွင် အံ့အားသင့်နေဟန်တို့ ကြိုဆိုနေသောအရိပ်အယောင်တို့ကိုမတွေ့ရပေ။
ထိုခြောက်ယောက်ကိုတွေ့လိုက်သူတိုင်း ထိတ်လန့်သွားကြပေလိမ့်မည်။ အဘိုးအိုခြောက်ယောက်က ရိုသေသမှုရှိသောအမူအရာများဖြင့် လက်အုပ်ချီလိုက်ကြသည်။
“အောမီတော်ဖော…. ဒီကိုဘာလို့ရောက်လာရလဲဆိုတာသိနိုင်မလား”
အဆင့်မြင့်တမန်တော်..။ သူတို့က ဤလူငယ်လေးကို “အဆင့်မြင့်တမန်တော်”ဟုသမုတ်ကြသည်။
လူငယ်လေးက ခပ်ဖျော့ဖျော့ပြုံး၍ ပြောလိုက်သည်။
“ဒီတစ်ခေါက် ခင်ဗျားတို့ကိုခိုင်းမဲ့အရာက အရမ်းအရေးကြီးတယ်”
အဘိုးအိုတစ်ယောက်က မှင်တက်သွားပြီးနောက် စိတ်လှုပ်ရှားစွာဖြင့်စကားဆိုလာလေသည်။
“ပြောရမယ်ဆိုရင် ဒီကိစ္စဆောင်ရွက်ပြီးတာနဲ့ ငါတို့တွေ ဘုန်းကြီးအိုတွေနဲ့ကျန်တဲ့လူတွေကို အထက်ကမ္ဘာကိုစေလွှတ်လို့ရပြီလား”
လူငယ်လေးက ခေါင်းညိတ်ပြလေသည်။
အတည်ပြုချက်ကိုရပြီးနောက်တွင် အဘိုးကြီးခြောက်ယောက်လည်း ဝမ်းသာလုံးဆို့သွားကြသည်။
သူတို့၏ဗုဒ္ဓဂိုဏ်းတော်မှာ ဤအခိုက်အတန့်လေးကိုစောင့်ဆိုင်းနေခဲ့တာ ကြာလှရှိချေပြီ။ နှိမ့်ချလှသောအပြုအမူကြောင့် အရာအားလုံးဖြစ်မြောက်လာလေပြီ။ ထိုသို့နေရခြင်းမှာ နောင်အနာဂတ်တွင် အထက်ကမ္ဘာသို့တက်လှမ်းနိုင်ရန်မျှော်ကိုးမိသောကြောင့်ပင်။
မည်သိုပင်ဖြစ်စေ ဤဘုံထဲတွင် ကောင်းကင်ဘုံတာအိုပြိုလဲနေပြီး ဝိညာဉ်ရေးရာချီစွမ်းအင်ကလည်း ပါးလျလွန်းသည်။ သိုင်းပညာလည်း ပိုမိုဆိတ်သုဉ်းနေချေသည်။
သည့်ထက်ပိုပြီးအဆင့်တက်လှမ်းလိုပါက အထက်ကမ္ဘာဆီသို့ သွားမှဖြစ်ပေမည်။ သို့မဟုတ်ပါက သူတို့ကိုစောင့်ဆိုင်းနေသောအရာမှာ သေခြင်းတရားပေတည်း။
ဗုဒ္ဓဘာသာဝင်များ၏ကျင့်ကြံမှုက ဘဝသက်တမ်းပိုမိုရှည်ကြာရေးအတွက်ပင်။
အဘိုးကြီးတစ်ယောက်က လက်အုပ်ချီထားပြီး ဩရှရှလေသံဖြင့်စကားဆိုလာလေသည်။
“ဒါဆို ကျွန်တော်တို့ဘာလုပ်ရမှာပါလဲ အဆင့်မြင့်တမန်တော်”
လူငယ်လေးက ရှေ့ကိုလျှောက်လာပြီး လက်အုပ်ချီကာ ရွှေရောင်ဗုဒ္ဓဆင်းတုကို အနည်းငယ်ဦးညွှတ်၍အရိုအသေပေးလိုက်သည်။ ထို့နောက် ပြုံးလျက်ပြောလာသည်။
“သိတဲ့အတိုင်းပဲ အထက်ကလူကြီးတွေက အစီအစဉ်တစ်ခုကိုပြင်ဆင်နေတာတော်တော်ကြာပြီ”
“အဲ့ဒီတုန်းက တိမ်လွှာဖီးနစ်အင်ပါယာက ကောင်းကင်ဘုံလမ်းမကိုတိုက်ခိုက်ခဲ့လို့ ငါတို့ရဲ့အစီအစဉ်နှောင့်နှေးခဲ့ရတာ”
“အခုတော့ အဲ့ဒီအရာပေါက်ဖွားလာတော့မယ်။ ဒါ ငါတို့ရဲ့နောက်ဆုံးအခွင့်အရေးပဲ။ ဒါကြောင့် ဘာအမှားမှထပ်လုပ်လို့မရတော့ဘူး”
အဘိုးကြီးခြောက်ယောက်လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြသည်။
အထက်ကမ္ဘာမှအကြီးအကဲများက အဆင့်နိမ့်ကမ္ဘာလေးကို ဘာကြောင့်မျက်စိကျနေရသလဲဆိုသည်ကို သူတို့သိကြသည်။ ထိုဂမ္ဘီရပစ္စည်းကြောင့်ပင်။
ထိုဂမ္ဘီရပစ္စည်းက ဘာလဲဆိုတာကို သူတို့မသိသော်ငြား ၎င်းမှာ ဗုဒ္ဓဂိုဏ်းတော်ကို အထက်ကမ္ဘာသို့တက်လှမ်းနိုင်အောင် ကူညီပေးမည့်အရာဖြစ်သည်။ သို့ဖြစ်လေရာ သူတို့ ဘာမဆိုပေးဆပ်ရဲသည်။
မုတ်ဆိတ်ရှည်အဘိုးကြီးက မေးလာလေသည်။
“အထက်ကမ္ဘာကိုတားဆီးနိုင်တဲ့လူတစ်ယောက်ယောက်များ ဒီကမ္ဘာမှာရှိလို့လား”
“တိမ်လွှာဖီးနစ်အင်ပါယာလည်း ပျက်စီးသွားတာနှစ်တွေအတော်ကြာပြီ။ ဒီဘုံရဲ့အဆင့်ကလည်း အားနည်းသထက်အားနည်းလာပြီ။ အထက်ကမ္ဘာကိုနှောင့်ယှက်နိုင်တဲ့လူလည်းမရှိတော့ဘူးလေ”
လူငယ်လေးက ခေါင်းခါယမ်း၍ ပြောလာ၏။
“တိမ်လွှာဖီးနစ်အင်ပါယာ ပြန်လည်မွေးဖွားလာပြီ”
“ဟင်”
ထိုအဘိုးကြီးခြောက်ယောက်၏အမူအရာမှာ သိသိသာသာပြောင်းလဲသွားသည်။
တိမ်လွှာဖီးနစ်အင်ပါယာ၏ နောက်ဆုံးဧကရီက နောက်ဆုံးအုပ်ချုပ်သူဖြစ်ပြီး အသန်မားဆုံးသောဖြစ်တည်မှုလည်းဖြစ်၏။
သူ(မ) ပြန်လည်မွေးဖွားလာပြီလား။
လူငယ်လေးက ဩရှရှအသံဖြင့် ပြောလာလေသည်။
“အရင်တုန်းက ငါ့ဆရာက တိမ်လွှာဖီးနစ်ဧကရီကိုတိုက်ခိုက်ဖို့ ဒီနေရာကိုပုံရိပ်ယောင်ဖန်ဆင်းပြီးရောက်လာခဲ့သေးတယ်”
“ဒါပေမဲ့ သူ့ကို ဆန်းကြယ်တဲ့လူတစ်ယောက်က တားဆီးခဲ့တာ”
“အဲ့ဒီနောက်တော့ ဂိုဏ်းခေါင်းဆောင်တို့သုံးယောက်လည်း ဒီကိုကိုယ်တိုင်ရောက်ချလာပြန်ရော။ ဒါပေမဲ့ သူတို့ရဲ့ပုံရိပ်ယောင်ကလည်း အဲ့ဒီလူကြောင့်ပဲပျက်စီးသွားတာ”
ထိုစကားကိုကြားပြီးနောက် အဘိုးကြီးခြောက်ယောက်၏မျက်ဝန်းထဲတွင် ထိတ်လန့်မှုတို့အထင်းသား။
ထိုဂိုဏ်းခေါင်းဆောင်ခြောက်ဦးမှာ အထက်ကမ္ဘာတွင် အစွမ်းထက်ဆုံးဖြစ်တည်မှုများပင်။ ပုံရိပ်ယောင်မျှသာဆိုသော်ငြား ထိုအရာမှာ ဤကမ္ဘာရှိလူများတားဆီးနိုင်သောအရာမဟုတ်ပေ။
သို့သော် ဤလူငယ်လေး၏ပြောစကားအရဆိုလျှင် ဆန်းကြယ်သောထိုလူက ပုံရိပ်ယောင်များကို တစ်ယောက်တည်းဖျက်ဆီးခဲ့သတဲ့လား။
လူတစ်ယောက်ကို သူတို့ပြေးသတိရမိလိုက်သည်။ ထိုလူကလည်း ပုံရိပ်ယောင်တစ်ခုမျှသာဖြစ်၏။ ထိုအဖြစ်က ဗုဒ္ဓဂိုဏ်းတော်ကို ကူကယ်ရာမဲ့သွားစေသည်။
သူတို့ခြောက်ယောက်ပေါင်း၍တိုက်ခိုက်လျှင်ပင် ထိုပုဂ္ဂိုလ်ကို သူတို့မယှဉ်နိုင်ချေ။
သူများဖြစ်နေလေမလား။
လူငယ်လေးက စကားဆိုလာသည်။
“အထက်ကလူကြီးတွေက အဲ့ဒီဆန်းကြယ်တဲ့လူအကြောင်းကို ထပ်စုံစမ်းပေးစေချင်နေတာ”
“အဲ့ဒီဂမ္ဘီရပစ္စည်းနဲ့ပတ်သက်ပြီး သူ့မှာဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်ရှိမရှိစုံစမ်းပေး”
“သေချာတာပေါ့။ ခင်ဗျားတို့ သူ့ကိုရန်သွားစဖို့မလိုဘူး။ ငါ့ဆရာတောင် သူ့ကိုမတိုက်ခိုက်နိုင်မှတော့ ခင်ဗျားတို့ဆိုတာ သူ့ကိုယှဉ်နိုင်မှာတောင်မဟုတ်ဘူး”
ဤသည်မှာ အမှန်တရားပင်တည်း။ ထို့ကြောင့် အဘိုးကြီးခြောက်ယောက် လုံးဝဒေါသမထွက်မိကြပေ။ ထိုအစား စိတ်သက်သာရာရဟန်ဖြင့်သက်ပြင်းချလိုက်မိကြသည်။
သူတို့၏ခွန်အားမှာ လုံလောက်မှုမရှိ။ မိုက်ရူးရဲဆန်ခြင်းမှာ သေမင်းကိုလက်ယပ်ခေါ်နေသလိုသာဖြစ်ပေလိမ့်မည်။
လူငယ်လေးကလည်း ထိုလူခြောက်ယောက်၏အမူအရာကိုမြင်သောအခါ မျက်ခုံးပင့်မိသည်။
“အိုး.. ခင်ဗျားတို့မှာသဲလွန်စတစ်ခုခုများရှိလို့လား”
အဘိုကြီးတစ်ယောက်က ခဏမျှတွေးတောပြီးနောက် သူ့စိတ်ထဲသံသယဖြစ်နေသည့်အကြောင်းကို ပြောပြလိုက်သည်။ လူငယ်လေးလည်း ထိုအကြောင်းကို နားထောင်ကြည့်လိုက်သည်။
“အိုး.. ခင်ဗျားတို့ပြောသလိုဆိုရင် အဲ့ဒီလူပဲဖြစ်ရမယ်”
“ခင်ဗျားတို့တွေရဲ့ခွန်အားက သိပ်မလုံလောက်ဘူးဆိုပေမဲ့ ခင်ဗျားတို့အင်အားပူးပေါင်းတာတောင် မယှဉ်နိုင်ဘူးဆိုတဲ့လူက ဒီကမ္ဘာမှာများများစားစားမရှိလောက်ဘူး”
“ဒီလိုဆိုရင်…”
မုတ်ဆိတ်ရှည်အဘိုးကြီးက ချင့်ချိန်တွေးဆကြည့်လိုက်သည်။
“သူ့တပည့်ကနေစလိုက်ရင်ကောင်းမလား”
“ဟမ်”
လူငယ်လေးက သူ့ကိုလှမ်းကြည့်လာပြီး စိတ်ဝင်တစားဟန်ဖြင့်ပြောလာ၏။
“ကျုပ်ကို အဲ့ဒီအကြောင်းပြောပြစမ်းပါ”
ထိုအခြင်းအရာကိုမြင်သော် မုတ်ဆိတ်ရှည်အဘိုးကြီးကလည်း ရှင်းပြလိုက်သည်။
“သူ့တပည့်က နင်းချန်ရှင်းတဲ့။ ဒါပေမဲ့ မြောက်ပိုင်းဒေသရဲ့တိုက်ပွဲတွင်းကကြားရတဲ့စကားအရဆိုရင် နင်းချန်ရှင်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့ထဲကိုရောက်နေပါတယ်။ လက်ရှိမှာ ရေပန်းစားနာမည်ကြီးနေတဲ့ယဲ့ချိုးပိုင်ဆိုတဲ့တစ်ယောက်နဲ့ အနီရောင်ဝတ်ရုံနဲ့မိန်းကလေးတို့က သူ့ရဲ့ဆရာတူအစ်ကိုအစ်မတွေပါ”
“သူ့တပည့်တွေကိုထိန်းချုပ်နိုင်မယ်ဆိုရင် ဒီကိစ္စကလည်း ကိုင်တွယ်ဖို့လွယ်ကူသွားမှာပါ”
ထိုအကြောင်းကိုကြားသော် လူငယ်လေးကခေါင်းညိတ်ပြလိုက်သည်။
“အရမ်းကောင်းတယ်။ ဒါဆိုလည်း လုပ်ကြတာပေါ့”
“ဒါပေမဲ့ တစ်ဖက်လူက ဂမ္ဘီရပစ္စည်းကို နောက်ယောင်ခံနေတာဟုတ်မဟုတ်အတည်မပြုခင်မှာ သူ့ကိုသွားရန်စလို့မဖြစ်ဘူး”
မုတ်ဆိတ်ရှည်အဘိုးကြီးက ခေါင်းညိတ်ပြသည်။
“နားလည်ပါပြီ။ ကျွန်တော်တို့တွေ မြောက်ပိုင်းဒေသရဲ့စစ်ပွဲကို ကြားဖြတ်နှောင့်ယှက်ပြီး နေမဝင်အင်ပါယာအနိုင်ရအောင်တိတ်တဆိတ်ကူညီပေးလိုက်ပါ့မယ်”
“ဒါဆို နေမဝင်အင်ပါယာကနေတစ်ဆင့် သူ့တပည့်တွေကိုထိန်းချုပ်လို့ရသွားပြီလေ”
လူငယ်လေးက ထိုစကားကိုကြားသောအခါ စိတ်ကျေနပ်မှုအပြည့်ဖြင့် ခေါင်းညိတ်ပြသည်။
“ကောင်းတယ်”
“နေမဝင်အင်ပါယာကဘယ်မှာလဲ။ ကျုပ်ကိုယ်တိုင်သွားလိုက်မယ်”
“ကောင်းပါပြီ။ အချိန်ကျလာရင် ကျွန်တော် သံတမန်ကြီးကိုလိုက်ပို့ပါ့မယ်”
အစီအစဉ်ကိုအတည်ပြုပြီးနောက်မှာ ဗုဒ္ဓဘုန်းကြီးကျောင်းများကလည်း မြောက်ပိုင်းနယ်မြေရှိစစ်ပွဲထဲကို တရားဝင်ပါဝင်လာသည်။
တစ်ချိန်တည်းမှာပင် အလယ်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်ထဲတွင်…
ဘုရင်အိုကြီးကလည်း ထိုသတင်းကိုကြားလိုက်ရပြီးဖြစ်၏။ သူ့အမူအရာကား အနည်းငယ်မှုန်မှိုင်းသွားချေသည်။ ခေါင်းဆောင်ယန်က ပြုံးလျက်ပြောလာသည်။
“စစ်ပွဲရဲ့ဟန်ချက်တိမ်းစောင်းသွားလောက်ပြီထင်တယ်”
ဘုရင်အိုကြီးမှာ အေးတိအေးစက်နှာမှုတ်လိုက်လေသည်။
“ကျုပ်တို့ဘာမှမသိရသေးပါဘူး။ ကျုပ် ခင်ဗျားတို့ကိုဆက်ထိန်းထားရဦးမယ်”
“အိုး ခင်ဗျားထိန်းထားနိုင်ပါ့မလား”
ထိုအခိုက်အတန့်လေးမှာ ခေါင်းဆောင်ယန်က ကောင်းကင်ကိုမော့ကြည့်လိုက်သည်။
ခေါင်းဆောင်ယန်ပြုံးလိုက်မိသည်။ ဘုရင်အိုကြီးကတော့ မျက်နှာပျက်သွားချေသည်။
သက်လတ်ပိုင်းအမျိုးသားတစ်ယောက် ဓားပျံစီးနင်း၍ရောက်ချလာသည်။
သူ့ခန္ဓာကိုယ်မှထွက်ပေါ်လာသောဓားဆန္ဒများအရ ထိုလူမှာ ဓားဂိုဏ်းတစ်ခုခုကလူဖြစ်ကြောင်းသိလိုက်ရသည်။
“လင်းရူဖုန်း.. ခင်ဗျားလည်း ဒီစစ်ပွဲမှာဝင်ပါမလို့လား”
ဤဧည့်သည်က အလယ်ပိုင်းဒေသရှိ အကြီးမြတ်ဆုံးဂိုဏ်းသုံးခုထဲက တစ်ခုအပါအဝင်ဖြစ်သော လျှို့ဝှက်ဓားသွားဂိုဏ်းကဖြစ်၏။
ဂိုဏ်းခေါင်းဆောင်လင်းရူဖုန်းပင်တည်း။
သူကလည်း အာကာသနတ်ဘုရားကနဦးအဆင့်ဖြစ်သည်။ ပို၍ကြောက်ဖို့ကောင်းသောအချက်မှာ လင်းရူဖုန်းသည် ဓားဂိုဏ်းကြီးတစ်ခုမှဖြစ်နေခြင်းပင်။
ဘုရင်အိုကြီးခမျာ မျက်နှာပျက်သွားချေသည်။
အကယ်၍ လင်းရူဖုန်းသာ အင်အားပူးပေါင်းမည်ဆိုပါက…
ဘုရင်အိုကြီးလည်း လျှို့ဝှက်တာအိုပင်မကျောင်းတော်ကို မခြိမ်းခြောက်နိုင်တော့ပေ။ မည်သို့ပင်ဖြစ်စေ အာကာသနတ်ဘုရားအဆင့်ပညာရှင်နှစ်ယောက်က ဘုရင်အိုကြီးကိုအချိန်ဆွဲထားနိုင်ရန်လုံလောက်လေသည်။
တကယ်တမ်းတွင်…
သူတို့နှစ်ယောက်သာ အားစိုက်လိုက်ပါက သူ့အသက်ကိုပင် နှုတ်ယူနိုင်သည်။
ဘုရင်အိုကြီးခမျာ မျက်စိမျက်နှာပျက်သွားလေသည်။
“ငါတို့နေမဝင်အင်ပါယာက လျှို့ဝှက်ဓားသွားဂိုဏ်းနဲ့ ဘာရန်ငြိုးမှမရှိဘူးမလား”
လင်းရူဖုန်းက ပြုံးလိုက်သည်။
“ကျုပ်တို့ဓားသိုင်းကျင့်ကြံသူတွေအတွက် ဓားဆွဲထုတ်တယ်ဆိုတာပုံမှန်ပါပဲ”
ခေါင်းဆောင်ယန်ခမျာ ဆွံ့အသွားရှာသည်။
ဒီလိုအဓိပ္ပာယ်မရှိတဲ့စကားကို ဘယ်သူကယုံမှာလဲ။
ဘုရင်အိုကြီးက နှာမှုတ်လျက် စကားဆိုလာသည်။
“ဒီလိုဆိုမှတော့ ဘာဖြစ်မလဲဆိုတာကြည့်ကြသေးတာပေါ့”
ဤသို့ဖြင့် ဘုရင်အိုကြီးလည်းပျောက်ကွယ်သွားလေတော့သည်။
စစ်ပွဲကား အရှိန်တက်လာလေပြီ။
ဂိုဏ်းဂဏပေါင်းများစွာက တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း စစ်ပွဲထဲကိုပါဝင်လာကြလေသည်။
gg