ဟုန်ရင်နှင့် နင်းချန်ရှင်းတို့မှာ အလွန်လျင်သည်။ ခြုံထည်မှာ အရှိန်အဝါကိုဖုံးဖိထားပေးရုံသာမက အရှိန်ကိုပါမြှင့်ပေးနိုင်သောအစီအရင်ဖြင့် ထွင်းထုထားခြင်းပင်။
ထိုအချိန်တွင် သူတို့နှစ်ယောက်က ဟွမ်းယွမ်ပေါ်က အလျင်အမြန်ဖြတ်လျှောက်သွားချေသည်။ စစ်တပ်ကြီးကလည်း သူတို့ကိုတားဆီးချင်ခဲ့သည်။ သို့သော် သူတို့ကမြန်လွန်းလှသည့်အတွက် သူတို့အနေနှင့် တုံ့ပြန်ဖို့ပင်အချိန်မမီလိုက်ပေ။
မြေလွှာကျွံချိုင့်ဝှမ်းတည်နေရာ၌ ယဲ့ချိုးပိုင်က ဟုန်ရင်နှင့်နင်းချန်ရှင်းတို့ အပြေးရောက်လာနေသည်ကိုမြင်လိုက်ရသည်။
သူ့လက်ဝါးကိုဖြန့်လိုက်လေရာ ဓားသွားပိုင်နက်နယ်မြေထွက်ပေါ်လာလေသည်။
ဓားဆန္ဒများကြောင့်ဖြစ်တည်လာသော ဓားဆန္ဒမြစ်ပြင်ကြီးမှာ စစ်တပ်ကြီးဆီသို့ တစ်ဟုန်ထိုးစီးဆင်းသွားသည်။
“အားလုံးပဲ”
ထိုတစ်ခဏမှာ စစ်တပ်ကြီးလည်း ခုခံရန်မစွမ်းသာလိုက်ချေ။
ဓားဆန္ဒမြစ်ပြင်ကြီးကြောင့် တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။
ဟုန်ရင်နှင့်နင်းချန်ရှင်းလည်း ထိုအရာကိုမြင်လိုက်သည်။ သူတို့လည်း ထိုအပေါက်ထဲကိုလွှားခုန်၍ မြေလွှာကျွံချိုင့်ဝှမ်းကိုဖြတ်လာလိုက်သည်။
ဗိုလ်ချုပ်သံချပ်ကာဝတ်အမျိုးသားနှင့် ဖုတ်ကောင်သုံးကောင်လည်း မြေလွှာကျွံချိုင့်ဝှမ်းပေါ်ကိုလွှားခုန်ပြီး သူတို့နောက်ကိုလိုက်ရန်ပြင်လိုက်ကြသည်။ ထိုအချိန်မှာပင် မြေလွှာကျွံချိုင့်ဝှမ်း၏အောက်ဘက်ဆီ၌ မြေလွှာကျွံချိုင့်ဝှမ်းတစ်ခုလုံးကိုဖြတ်လာသော သက်တံ့ရောင်ခြည်တစ်ခုက ကောင်းကင်ထက်သို့ ဆန်တက်သွားလေသည်။
ဖုတ်ကောင်သုံးကောင်နှင့်ဗိုလ်ချုပ်သံချပ်ကာဝတ်အမျိုးသားမှာ ရပ်တန့်ရန်ဖိအားပေးခံလိုက်ရသည်။ ထိုသက်တံ့ရောင်ခြည်မှာ မြေလွှာကျွံချိုင့်ဝှမ်းတစ်ခုလုံးအနှံ့ဖြာကျနေလေတော့သည်။
မြေလွှာကျွံချိုင့်ဝှမ်းက အလွန်အမင်းကျယ်ပြောလှပေသည်။ ၎င်းမှာ မိုးပြာရောင်ကောင်းကင်တောင်တန်းနယ်မြေတစ်ခုလုံးကို ဖြတ်သန်းသွားသည်ဟုပင် ဆိုနိုင်လေသည်။
မည်သို့ပင်ဖြစ်စေ ဤသက်တံ့ရောင်ခြည်သည် မြေလွှာကျွံချိုင့်ဝှမ်းတစ်ခုလုံးကို ထိုးခွင်းသွားလေ၏။
သံချပ်ကာဝတ်အမျိုးသားကလည်း ထိုမြင်ကွင်းကို ထိတ်လန့်တကြားကြည့်နေပေသည်။ ဤသက်တံ့ရောင်ခြည်တွင် အဆုံးမဲ့အဖျက်ဓာတ်အရှိန်အဝါတို့ကိန်းအောင်းနေသည်။
အာကာသနတ်ဘုရားအဆင့်နီးနီးရှိသော သူ့လက်ရှိခွန်အားနှင့်ဆိုလျှင်ပင် ထိုနေရာသို့ခြေချလိုက်သည်နှင့် သူအသတ်ခံရလိမ့်မည်ဖြစ်ကြောင်း အတပ်သိနေ၏။ ခုခံဖို့ရာ အခွင့်အရေးမရှိပေ။ သူ့ဝိညာဉ်လည်း ဖျက်ဆီးခံလိုက်ရပေလိမ့်မည်။
ဒီသက်တံ့ရောင်ခြည်က ဘာလဲဟ….
အာကာသနတ်ဘုရားအဆင့်ပညာရှင်တစ်ယောက်တောင် ဒါမျိုးမလုပ်နိုင်ဘူးမလား…
အဖျက်ဓာတ်သက်တံ့ရောင်ခြည်အလင်းတန်းမှာ မြေလွှာကျွံချိုင့်ဝှမ်းတစ်ခုလုံးကို ဖြတ်သန်းသွားချေသည်။ ထိုသို့လုပ်နိုင်ဖို့ အဆင့်ဘယ်လောက်နှင့် ဝိညာဉ်ရေးရာချီစွမ်းအင်တို့ကိုလိုအပ်လေမလဲ။
သံချပ်ကာဝတ်အမျိုးသား၏မျက်နှာမှာ ပျက်ယွင်းသွားပြီး ထိုသုံးယောက် ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းဆီကို ထွက်ပြေးသွားသည့်မြင်ကွင်းကိုသာ ကြည့်နေမိသည်။ ယဲ့ချိုးပိုင်ကလည်း နောက်လှည့်ကြည့်လိုက်ပြီး ထိုမြင်ကွင်းကိုမြင်သောအခါ ထိတ်လန့်သွားလေသည်။
“ဒါ ဘယ်သူကငါတို့ကိုကူညီနေတာလဲ”
ဟုန်ရင်လည်း ကြောက်ရွံ့နေသောအမူအရာမျိုးကို ထုတ်ဖော်ပြသလာသည်။ ဤစွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ရှေးခေတ်အခါတုန်းက အထွတ်အထိပ်ပညာရှင်များသာ ထိုသို့လုပ်နိုင်ခြင်းဖြစ်၏။
သို့သော် ဤခေတ်တွင် ထိုကဲ့သို့သောပုဂ္ဂိုလ်မျိုးရှိလေသလား။
နင်းချန်ရှင်းကတော့ လုံးဝအံ့ဩမသွားပေ။ သူ့စိတ်မှာ ရှင်းလင်းနေချေသည်။
ထိုမြင်ကွင်းကိုမြင်သောအခါ သူ ခဏမျှတွေးတော၍ပြုံးလိုက်မိသည်။
“ဒီလိုလုပ်နိုင်စွမ်းရှိပြီး ကျွန်တော်တို့သုံးယောက်ကိုကူညီမဲ့လူမျိုးက”
“တစ်ယောက်ပဲရှိတယ်”
နင်းချန်ရှင်း၏စကားကိုကြားသောအခါ ဟုန်ရင်နှင့်ယဲ့ချိုးပိုင်တို့လည်း ရယ်လိုက်မိကြသည်။ အမှန်ပင်။ ထိုပုဂ္ဂိုလ်ကတော့ ယခုလိုအစွမ်းမျိုးရှိသည်သာ။
သူတို့ဘက်မှာရှိသောတစ်ဦးတည်းသောပုဂ္ဂိုလ်မှာ သူတို့ဆရာဖြစ်ပြီး သူတို့ ထိုအကြောင်းကိုမှန်ကန်အောင်ခန့်မှန်းလိုက်နိုင်သည်။
မိုးပေါ်မှာတော့ ပုံရိပ်တစ်ခုက လေထဲဝဲနေပြီး သူ့လက်ကိုပြန်ရုပ်လိုက်ချေသည်။ သူ့ခမျာ ကူကယ်ရာမဲ့စွာပြောလိုက်မိသည်။
“ဒီကောင်စုတ်ကလေးတွေ ငါ့ကိုစိတ်ပူအောင်လုပ်လိမ့်မယ်ဆိုတာ ငါသိနေတယ်။ နောက်ဆုံးတော့လည်း သူတို့အရှုပ်ထုပ်ကို ငါလာရှင်းပေးရတာပါပဲ”
ဟုန်ရင်တို့သုံးယောက် ရန်သူ့စစ်စခန်းကိုဖောက်ဝင်ကြသည့်အချိန်မှာ လုချန်ရှန်းလည်း ချိုင့်ဝှမ်း၏အောက်ခြေတွင် အစီအရင်တည်ဆောက်ပြီးနေလေပြီဖြစ်၏။
ဤသက်တံ့ရောင်ခြည်မှာ ထိုအစီအရင်ကထုတ်လွှတ်လိုက်ခြင်းပင်။ သူ ဘာကြောင့်အစီအရင်၏စွမ်းအားကို ငှားယူခဲ့ရလေသလဲ။ သူ့ခွန်အားဖြင့်ဆိုလျှင် သူ့ဘာသာလည်းလုပ်နိုင်လေသည်။
သူ မြေလွှာကျွံချိုင့်ဝှမ်းအောက်ခြေမှာ အစီအရင်တည်ဆောက်ရသည့်အကြောင်းအရာမှာ ပုံရိပ်ယောင်ပင်ဖြစ်လင့်ကစား အခြားလူများ သူ့ကိုခြေရာမခံနိုင်စေရန်ဖြစ်သည်။
ဤသို့မှသာ တစ်စုံတစ်ယောက်က စုံစမ်းစစ်ဆေးလာသည့်တိုင် ယခင်လူများချန်ရစ်သွားခဲ့သောအစီအရင်ဟုသာ ထင်ကြလိမ့်မည်ဖြစ်၏။
“အိုး မဖြစ်ဘူး”
ထိုသို့တွေးမိလိုက်သည့်နောက် လုချန်ရှန်းမှာ ခဏမျှကြက်သေသေသွားလေသည်။ ထို့နောက် သက်တံ့ရောင်ခြည်ရှိရာဆီသို့ ခပ်မြန်မြန်ပျံသန်းသွားလိုက်သည်။ မည်သူမှသတိမထားမိလိုက်ပါဘဲ လုချန်ရှန်းတစ်ယောက် မြေလွှာကျွံချိုင့်ဝှမ်း၏အောက်ခြေသို့ရောက်ရှိသွားသည်။
ထိုနေရာကား သူအစီအရင်တည်ဆောက်ခဲ့သောနေရာဖြစ်၏။ ထို့နောက် သူ လက်ကိုဝှေ့ယမ်းလိုက်လေသည်။ အစီအရင်ဗဟိုချက်အချို့ကို သူ တမင်တကာဖျက်ဆီးပစ်လိုက်သည်။
သို့သော် ထိုအခြင်းအရာသည် အစီအရင်၏စွမ်းအားကိုသက်ရောက်မှုများများစားစားမရှိ။
တစ်ချိန်တည်းမှာပင် သိပ်အရေးမကြီးသောနေရာအချို့တွင် အစီအရင်စက်ဝိုင်း၏ပြင်ပအသွင်အပြင်တချို့ကိုလည်း ဖျက်ဆီးထားလိုက်သေးသည်။
ပြီးစီးသွားသည့်အခါ လုချန်ရှန်းလည်း အစီအရင်ကိုဂရုတစိုက်ကြည့်ရှုလိုက်ပြီး မျက်မှောင်ကြုတ်လျက်ပြောလာလေသည်။
“ဟမ်.. တစ်ခုခုကိုမေ့နေသလိုခံစားရတယ်”
ရုတ်ခြည်းပင် လုချန်ရှန်း တစ်ခုခုကိုတွေးမိသွားသည်။ သူ ပျံထွက်သွားလိုက်သည်။
ခဏအကြာ…
အလောင်းကောင်တချို့ကို ဤနေရာသို့သယ်လာခဲ့သည်။ စုစုပေါင်း အလောင်းငါးကောင်ပင်။ ဤအလောင်းငါးကောင်မှာ နေမဝင်အင်ပါယာမှချန်းယွမ်အဆင့်ပညာရှင်များဖြစ်ကြသည်။ ချန်းယွမ်ကနဦးအဆင့်၊ အလယ်အလတ်အဆင့်နှင့် အထွတ်အထိပ်အဆင့်တို့ပင်။
လုချန်ရှန်း သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ဓားဆန္ဒငါးမျိုးမှာ သူတို့ငါးယောက်ဆီကထထွက်လာလေသည်။
လျှပ်တပြက်အတွင်းမှာတင် သူတို့ငါးယောက်၏အလောင်းများ ဖျက်ဆီးခံလိုက်ရသည်။ ကျန်ရှိနေသောအရာမှာ အရိုးစုများသာဖြစ်၏။ ထို့နောက် လုချန်ရှန်းလည်း တာအိုနိယာမမီးတောက်ကိုအသက်သွင်းလိုက်သည်။
တောက်လောင်လာသောမီးလျှံများကို သူထိန်းချုပ်လိုက်ပြီး အရိုးများကိုခြောက်သွေ့သွားသည်အထိ ကင်ပစ်လိုက်သည်။ သို့သော် ပြာမှုန်ဖြစ်သည်အထိတော့ မလုပ်ပေ။ ထို့နောက် ထိုအရိုးများကို အစီအရင်၏ပတ်ပတ်လည်တွင်နေရာချလိုက်သည်။
ထိုအရာများအားလုံးလုပ်ပြီးနောက်တွင် လုချန်ရှန်း ထိုအရာကိုထပ်ကြည့်လိုက်ပြီး စိတ်ကျေနပ်သွားဟန်အပြုံးမျိုးဖြင့် စကားဆိုလာချေသည်။
“ဟုတ်တယ်… ဒီလိုခံစားချက်မျိုးပဲ”
ဤသို့ဖြင့် သူ့ပုံရိပ်မှာ ပျောက်ကွယ်သွားလေသည်။
ထိုပုံရိပ်ပျောက်ကွယ်သွားပြီး နှစ်နာရီအကြာတွင် အဝါရောင်ကျင်ခပ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အလောင်းကောင်ချီစွမ်းအင်များဖြင့်ရစ်ပတ်ထားသော အမျိုးသားတစ်ယောက် ရောက်ချလာသည်။ သူ့အမူအရာကား တည်ငြိမ်လွန်းလှသည်။
ထိုလူက အစီအရင်ရှေ့ကိုရောက်ချလာပြီး မျက်မှောင်ကြုတ်လိုက်လေသည်။
“ဒီအစီအရင်ကို ဘယ်သူတည်ဆောက်သွားတာလဲဟ”
“အစွမ်းထက်လွန်းတဲ့ ဒီအစီအရင်က တော်တော်လေးထိခိုက်ထားတယ်ဆိုပေမဲ့ ဒီလိုစွမ်းအားမျိုးကိုပိုင်ဆိုင်ထားတုန်းပဲ။ ငါတို့ခေတ်တုန်းကတောင် ဘယ်သူမှဒါမျိုးမလုပ်နိုင်ခဲ့ဘူးမလား”
လုချန်ရှန်းသာ ဤနေရာတွင်ရှိနေခဲ့ပါက ထိုလူပြောသောစကားများကို သေချာပေါက်ကြားပြီး နောင်တတကြီးနှင့် ကိုယ့်ခေါင်းကိုယ်ပြန်ရိုက်နေမိလိမ့်မည်သာ။
လုချန်ရှန်းမှာ ရှေးခတ်တုန်းကလူများ မည်မျှအစွမ်းထက်လေကြောင်း အမြဲကြားနေခဲ့သည်မဟုတ်ပါလား။ ထို့ကြောင့် သူလည်း ဘာမှစိုးရိမ်မနေဘဲ သာမန်ကာလျှံကာဖြင့် အစီအရင်တစ်ခုဖန်ဆင်းခဲ့ခြင်းဖြစ်၏။
ထို့နောက်မှာတော့ ထိုလူသည် သူ့နောက်ရှိမီးကျွမ်းထားသောအလောင်းများကိုတွေ့လိုက်ရသည်။ သူ ထိုအလောင်းများကို လက်ဖြင့်တို့ကြည့်လိုက်သည်။ အရိုးများက ပြာမှုန်များအဖြစ်ပြောင်းလဲသွားပြီး လေနှင်အတူလွင့်သွားလေသည်။
“ဟမ်… တစ်ချက်ကြည့်ရုံနဲ့ တစ်ယောက်ယောက်ထားသွားမှန်းသိသာတယ်”
ထိုသို့တွေးမိလိုက်ပြီးနောက် ထိုလူလည်း နေရာမှပျောက်ကွယ်သွားလေတော့သည်။
တစ်ဖက်တွင်မူ ဟုန်ရင်တို့သုံးယောက်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ဆီကို ပြန်ရောက်သွားပြီဖြစ်၏။
အဂ္ဂိရတ်ထောက်ပံ့ရေးအဖွဲ့ကိုသုတ်သင်နိုင်ခဲ့သည့်သတင်းမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တစ်ခုလုံးသို့ ပြန့်သွားခဲ့သည်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ထဲရှိလူတိုင်းလည်း သူတို့ကိုအားပေးချီးကျူးကြကုန်လေသည်။
မြောက်ပိုင်းတာအိုလျှို့ဝှက်ကျောင်းတော်ရှိ အစည်းအဝေးခန်းမထဲမှာတော့ ဝူဒီရှီက ရယ်မောရင်းပြောလာလေသည်။
“ကောင်းတယ် ကောင်းတယ်”
“ချုံခိုတိုက်ခိုက်တဲ့အစီအစဉ်နဲ့ စုံစမ်းထောက်လှမ်းတဲ့အစီအစဉ်ကနေ အရေးကြီးအချက်အလက်တွေတင်ရလိုက်တာမဟုတ်ဘဲ ရန်သူ့နောက်တန်းကအထောက်အပံ့တွေကိုပါ ဖျက်ဆီးနိုင်ခဲ့တာပဲ”
“ယဲ့ချိုးပိုင်တို့သုံးယောက်ကို ဆုချီးမြှင့်ရမယ်”
ယွင်ကျင်းကလည်း ပြုံးလျက်ခေါင်းညိတ်ပြနေလေသည်။
ဤအစီအစဉ်နှစ်ခုမှာ လှပပြီး ထူးချွန်လှပေသည်။
ထိုအချိန်၌ မြောက်ပိုင်းမဟာမိတ်အဖွဲ့၏အရှိန်အဝါကလည်း အထွတ်အထိပ်သို့ရောက်နေချေသည်။ တပ်သားများ၏စိတ်ဓာတ်ခွန်အားမှာ ပို၍ပင်မြင့်တက်လာပြီဖြစ်၏။
ဤသည်မှာ အလွန်အရေးကြီးလှသည်။
ယခင်တုန်းက မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဟာ မျှော်လင့်ချက်မဲ့နေခဲ့သည်။ သူတို့ခုခံနေကြသည်ဆိုတာကလည်း သည်အတိုင်းကြိုးစားကြည့်ရုံမျှသာဖြစ်သည်။ အကြောင်းမှာ တစ်ဖက်ရန်သူကြောင့် သူတို့ မျှော်လင့်ချက်ပျက်သုဉ်းနေရသောကြောင့်ပင်။
အဆင့်နိမ့်အင်အားစုပင်ဖြစ်စေ အဆင့်မြင့်အင်အားစုပင်ဖြစ်စေ အားလုံးချေမှုန်းခံလိုက်ရပြီဖြစ်သောကြောင့် သူတို့မှာ မျှော်လင့်ချက်ဆိုတာလည်း မရှိခဲ့ချေ။
မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်နှင့်ကျန်လူများမှာ ခါးသက်သက်သာပြုံးလိုက်မိကြသည်။
အစတုန်းက သူတို့သည် ဟုန်ရင်ကိုလှောင်ပြောင်သရော်ခဲ့ပြီး သူ(မ)၏ခွန်အားကို မေးခွန်းထုတ်ခဲ့ကြသည်။ သို့သော် သူ(မ)ကတော့ ရန်သူ့အစီအရင်ကို တိုက်ရိုက်ထိုးဖောက်၍ သူတို့၏အထောက်အပံ့ကိုဖျက်ဆီးပြခဲ့သည်။ သူတို့တစ်ယောက်မှ ထိုသို့မလုပ်နိုင်ပေ။
ဝူဒီရှီက ပြုံးလျက်စကားဆိုလာလေသည်။
“ကောင်းပြီ။ ဒီလိုဆိုမှတော့ ငါတို့ခုခံနေဖို့မလိုတော့ဘူး။ တိုက်ခိုက်ဖို့ပြင်ရမဲ့အချိန်ကျပြီ”
တစ်ချိန်တည်းမှာပင် အနောက်ပိုင်းဗုဒ္ဓဂိုဏ်းတော်ထဲတွင် ဗုဒ္ဓခန်းမထဲရှိ ရွှေရောင်ဗုဒ္ဓဆင်းတုရှေ့သို့ လူငယ်တစ်ယောက်ရောက်ချလာပေသည်။