ယင်အလောင်းကောင်အဘိုးကြီးမှာ ရှေးခေတ်အခါတုန်းက မကောင်းဆိုးဝါးကျင့်ကြံသူများ၏ခေါင်းဆောင်များထဲကတစ်ယောက်ဖြစ်သည်။
သူဟာ ကောက်ကျစ်ပြီးရက်စက်ယုတ်မာသည်။ သူ့နည်းလမ်းများကလည်း အလွန်ကြမ်းတမ်းရက်စက်လှသည်။ ရှေးခေတ်တုန်းက ဂိုဏ်းဂဏကြီးများစွာကိုလည်း တည်ထောင်နိုင်ခဲ့ပြီး တိမ်လွှာဖီးနစ်အင်ပါယာကိုလည်း စိုးရိမ်ပူပန်မှုပေးခဲ့သည်။
အဆုံးမှာတော့ ဟုန်ရင်၏အင်ပါယာက ဂိုဏ်းဂဏကြီးများစွာနှင့်တော်ဝင်မိသားစုများဖြင့် အင်အားပူးပေါင်းခဲ့ပြီး ယင်အလောင်းကောင်အဘိုးကြီးကို ချိတ်ပိတ်ထားခဲ့သည်။
သို့မှသာ တိုက်နယ်ကြီးတစ်ခုလုံး ငြိမ်သက်သွားမည်သာ။
နင်းချန်ရှင်းကမူ မျက်ဝန်းထဲတွင် ဒေါသများဖြင့်ပြည့်နှက်နေ၏။ ယခုလိုနည်းလမ်းမျိုးဟာ အလွန်အန္တရာယ်များလှသည်။ တစ်ဖက်လူသာ ပေါ့ဆမိပါက တိုက်နယ်ကြီးတစ်ခုလုံး ကစဉ့်ကလျားဖြစ်သွားပေလိမ့်မည်။
နင်းချန်ရှင်းအနေနှင့် ထိုသို့ဖြစ်ခွင့်မပေးနိုင်ချေ။ ဤသည်မှာ သူ့ခံယူချက်နှင့်ကွဲလွဲနေ၏။
သူ ရှေ့ကိုတိုးသွားလိုက်သည်။ လက်ထဲမှာလည်း တာအိုသိုင်းကျမ်းကိုကိုင်စွဲ၍ နောက်စာမျက်နှာတစ်ခုကိုလှန်လိုက်သည်။
“လွင့်ပြယ်စေ”
ထိုအချိန်မှာ အမတရောင်ခြည်တစ်ခုက ကမ္ဘာမြေပေါ်သို့သက်ဆင်းလာ၏။ ထိုအလင်းရောင်ဟာ အလောင်းကောင်အရှိန်အဝါများပြည့်နှက်နေသော ဗိုလ်ချုပ်သံချပ်ကာဝတ်အမျိုးသားပေါ်သို့ ဖြာကျသွားလေသည်။
သံချပ်ကာဝတ်အမျိုးသားလည်း မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လှည့်လည်နေသောအလောင်းကောင်ချီစွမ်းအင်များမှာ သန့်စင်ခံလိုက်ရဟန်တူ၏။
သို့သော် သူက နှာမှုတ်လျက်စကားဆိုလိုက်သည်။
“ဘာထူးလို့လဲ”
ဤသို့ဖြင့် သံချပ်ကာဝတ်အမျိုးသားမှာ ရှေ့ကိုခြေတစ်လှမ်းတိုးပြီး ခန္ဓာကိုယ်ကအပြင်းနှင်လေတော့သည်။
သူက လက်သီးမြှောက်၍ ရွှေရောင်ကြေးခွံဂမ္ဘီရလှံတံကိုကိုင်ထားသော ကောင်းကင်ဘုံစစ်သည်ကြီးကို ထိုးချလိုက်သည်။
နင်းချန်ရှင်း၏အမူအရာမှာ အနည်းငယ်တည်ငြိမ်နေ၏။ သူသည် ကောင်းကင်ဘုံစစ်သည်ကို လက်ထဲရှိလှံတံကိုဝှေ့ယမ်း၍ တိုက်ခိုက်မှုကိုပြန်တုံ့ပြန်ရန် ထိန်းချုပ်လိုက်သည်။
အုန်း!
လှတံနှင့် လက်သီးတို့ဝင်ရောက်ထိခတ်မိကြသည်။
တိုက်ခိုက်မှုနှစ်ခုဆုံကြရာဝယ် အရှိန်အဝါများကလည်း အပြင်းအထန်တုန်ခါသွားချေသည်။ ၎င်းတို့မှာ မြွေလေးများနှယ် အရပ်မျက်နှာအဖက်ဖက်သို့ပျံ့နှံ့သွား၏။
တစ်ဖက်တွင် နဂါးတစ်ကောင်အဖြစ်ပြောင်းလဲသွားသော လှံတံချီစွမ်းအင်များဖြစ်ပြီး ကျန်တစ်ဖက်တွင် ယင်အလောင်းကောင်ချီစွမ်းအင်ကြီးမှ သိပ်သည်းဖွဲ့တည်သွားသော ဧရာမတစ္ဆေကောင်ကြီးတစ်ကောင်ဖြစ်သည်။
မြေရိုင်းလွင်ပြင်ထက်တွင် ထိုအခိုက်အတန့်၌ အက်ကွဲကြောင်းများကျယ်ပြန့်လာချေသည်။
လက်မောင်းတစ်ဖက်စာလောက်ကြီးသောအက်ကွဲကြောင်းကြီးမှာ အရပ်မျက်နှာအနှံ့ ပြန့်သွားလေသည်။ ဧရာမပင့်ကူအိမ်ကြီးအလားပင်။
သို့သော် ထိုအချိန်တွင် ကောင်းကင်ဘုံစစ်သည်ကြီး၏ရုပ်သွင်မှာ တဖြည်းဖြည်းမှုန်ဝါးလာသည်။ အနီးကပ်ကြည့်လိုက်မည်ဆိုပါက ကောင်းကင်ဘုံစစ်သည်၏စွမ်းအားများကို သံချပ်ကာဝတ်အမျိုးသားက ဆက်တိုက်စုပ်ယူနေခြင်းဖြစ်ကြောင်း မြင်နိုင်လေသည်။
နင်းချန်ရှင်းလည်း အနည်းငယ်နောက်ဆုတ်လိုက်ရသည်။ ကောင်းကင်ဘုံစစ်သည်ကြီးလည်း လွတ်မြောက်သွား၏။
တစ်ဖက်လူ၏ကျင့်ကြံစဉ်မှာ အလွန်ထူးဆန်းလှပေသည်။
ထိုအချိန်မှာ ဟုန်ရင်၏စကားသံက ဘေးဘက်မှထွက်ပေါ်လာသည်။
“သူနဲ့မရောထွေးမိစေနဲ့။ သူ့ကိုရင်ဆိုင်ဖို့ဆိုရင် ဖိနှိပ်ရေးစွမ်းအားတစ်ရပ်သုံးမှရမှာ”
နင်းချန်ရှင်း ခါးသက်သက်ပြုံး၍ပြောလိုက်သည်။
“ဆရာတူအစ်မ… ကျွန်တော့်လက်ရှိခွန်အားနဲ့တော့မဖြစ်ဘူးထင်တယ်”
ဟုန်ရင်ခေါင်းညိတ်ပြလိုက်သည်။
သူ့ခွန်အားမှာ အာကာသနတ်ဘုရားအဆင့်နီးနီးရှိလေသည်။ ထို့ပြင် မကောင်းဆိုးဝါးသိုင်းကျင့်စဉ်တစ်ခုကလည်းရှိနေသေးသည်။
အာကာသနတ်ဘုရားအဆင့်ပညာရှင်တစ်ယောက်ကသာ မလှုပ်ရှားလာပါက သူ့အနေနှင့် သံချပ်ကာဝတ်အမျိုးသားကိုရင်ဆိုင်တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်။
သို့သော် နင်းချန်ရှင်း၏လက်ရှိခွန်အားဖြင့်ဆိုလျှင် အာကာသနတ်ဘုရားအဆင့်ကိုရောက်ဖို့လည်း မဖြစ်နိုင်သေးချေ။
ဟုန်ရင်ကပြောလိုက်သည်။
“နောက်ဆုတ်လိုက်တော့။ ငါ့တာဝန်ထားလိုက်”
ထိုသို့ပြောပြီးနောက် ဟုန်ရင်က သူ(မ)၏လှံတဲကို ရှေ့ကိုထိုးစိုက်ပစ်လိုက်သည်။ ထိုအချိန်မှာပင် ဟုန်ရင်၏ခွန်အားများက မိုးထိတိုင်ဆန်တက်သွားပြန်လေသည်။
မတိုင်ခင်က သူ(မ)၏ခွန်အားကို အကုန်ထုတ်မသုံးထားသည်မှာ သိသာလှ၏။
ဟုန်ရင်က တစ်ဖက်လူ၏နောက်ကွယ်ရှိပုဂ္ဂိုလ်၏နောက်ခံကို စမ်းသပ်ချင်ရုံမျှသာဖြစ်၏။
ယခုသိလိုက်ရပြီဖြစ်သည့်အတွက် ထိန်းထားစရာမလိုတော့ပေ။
သူ(မ)လက်ထဲရှိ လူဝင်စားရေးလှံတံမှာ လူဝင်စားရေးစွမ်းအားများကိန်းဝပ်နေသော မီးတောက်ဆန္ဒများဖြင့် တောက်လောင်နေလေသည်။
မီးတောက်ပုံစံတစ်ခုက သူ(မ)၏မျက်ခုံးနှစ်ဖက်ကြားကထွက်ပေါ်လာ၏။ ထို့နောက် လှံတံကို လက်နှစ်ဖက်စလုံးဖြင့်ကိုင်ထားပြီး ရှေ့တိုးလိုက်လေရာ သူ(မ)၏အရှိန်အဝါများမှာလည်း ထိုတစ်ခဏမှာတင် ဆန်တက်လာလေတော့သည်။
လူဝင်စားရေးစွမ်းအားများက ကောင်းကင်ထက်သို့ဆန်တက်သွားလေပြီ။
သံချပ်ကာဝတ်အမျိုးသားပင်လျှင် ထိုအခြင်းအရာကိုမြင်ပြီး တည်ငြိမ်နေချေသည်။
တစ်ဖက်လူ၏ကျင့်ကြံစဉ်မှာ သူ့ခွန်အားနှင့် လုံးဝသဟဇာတမဖြစ်ချေ။
ထိုအချိန်မှာ ဟုန်ရင်က ရှေ့ကိုတိုးသွားလိုက်ပြီး လေးတံကလွတ်ထွက်လာသောမြားတစ်စင်းနှယ် သံချပ်ကာဝတ်အမျိုးသားဆီကို အပြင်းနှင်လေတော့သည်။
သူ(မ)လက်ထဲက လှံတံမှာ ရှေ့ကိုချီတက်သွားလေသည်။ လူဝင်စားရေးစွမ်းအားများကလည်း လှံတံပတ်ပတ်လည်မှာရစ်ပတ်ထားသေးသည်။ အလျှံတငြီးငြီးမီးတောက်များကလည်း မီးတောက်မြွေများအလား လှံတံထိပ်ဦးပိုင်းကိုရစ်ပတ်ထားပေသည်။
လူဝင်စားရေးလှံတံကျင့်စဉ်ပင်တည်း။
ဤသည်မှာ သူ(မ)မသုံးဖြစ်ခဲ့သော လုချန်ရှန်သင်ပေးထားသည့်ကျင့်စဉ်ဖြစ်၏။ အကြောင်းမှာ ဤလှံတံကျင့်စဉ်မှာ အလွန်အဆင့်မြင့်လှသောကြောင့်ပင်။
ဟုန်ရင်ကိုယ်တိုင်ပင်လျှင် ဤလှံတံကျင့်စဉ်က အဆင့်ဘယ်လောက်ရှိသလဲဆိုသည်ကို အတပ်မပြောနိုင်ပေ။ ၎င်း၏စွမ်းအားမှာ သူ(မ)သိထားသမျှလှံတံကျင့်စဉ်တိုင်းထက် ပိုကြီးမြတ်လေသည်။
ထိုအချိန်မှာပင် သူ(မ) လူဝင်စားရေးလှံတံကျင့်စဉ်ကိုအသုံးပြုလိုက်သည်။ ထိုအရာကြောင့် လေထုပင်ထိုးခွဲခံလိုက်ရသလိုပင်။ ၎င်းမှာ လူဝင်စားရေးစက်ဝန်းထဲသို့ အရာအားလုံးကိုသွတ်သွင်းလုပ်ချင်နေပေသည်။
ထိုအရာကိုမြင်သော် ဗိုလ်ချုပ်သံချပ်ကာဝတ်အမျိုးသားမှာ တစ်ဖက်လူကကျော်တက်သွားသည်ကိုလက်မခံနိုင်ဖြစ်နေသဖြင့် ဟစ်ကြွေးလိုက်လေသည်။
“ဘာမဟုတ်တဲ့ချန်းယွမ်အလယ်အလတ်အဆင့်ကျင့်ကြံသူလေးက ငါ့ကိုဖိနှိပ်နိုင်တယ်ဆိုတာမယုံဘူးကွ”
ဟိန်းဟောက်သံများကြားမှာ တစ္ဆေတစ်ကောင်၏အရှိန်အဝါလည်းရောပြွနနေလေတော့သည်။ ထို့နောက် သံချပ်ကာဝတ်အမျိုးသားက လေဟာနယ်ထဲသို့ ခြေလှမ်းပြင်းပြင်းလှမ်းလိုက်လေရာ လေဟာနယ်ကြီးမှာ အနည်းငယ်တုန်ခါသွားချေသည်။
တစ်ချိန်တည်းမှာပင် သံချပ်ကာဝတ်အမျိုးသား၏ခန္ဓာကိုယ်လည်း အပြေးနှင်ပေတော့သည်။
တစ်ဖက်တွင်မူ ဖုတ်ကောင်ကြီးကလည်း ငြိမ်မနေချေ။ သံချပ်ကာဝတ်အမျိုးသားကလည်း ဟုန်ရင့်ဆီသို့ တစ်ပြိုင်တည်းချီတက်လာသည်။
ထိုအဖြစ်ကိုမြင်သော် နင်းချန်ရှင်းကလည်း တစ်ဖက်လူကိုအောင်မြင်ခွင့်မပေးပေ။
သူ့ခြေထောက်ကို အနည်းငယ်လှုပ်ရှားလိုက်ပြီး ဖုတ်ကောင်ကြီးရှေ့တွင် ပြန်ပေါ်လာသည်။ ထို့နောက် လက်ဝါးဖြန့်လိုက်လေရာ ကောင်းကင်ဘုံစစ်သည်က ရွှေရောင်ကြေးခွံဂမ္ဘီရလှံတံကိုကိုင်စွဲ၍ အပြေးအလွှားရောက်ချလာသည်။
ကောင်းကင်ဘုံစစ်သည်က ဖုတ်ကောင်ကြီးကိုတားလိုက်၏။ နှစ်ယောက်သား တစ်ပြိုင်တည်းတုံ့ခနဲရပ်တန့်လိုက်မိကြသည်။
ကောင်းကသ်ဘုံစစ်သည်၏ခန္ဓာကိုယ်က အနည်းငယ်မှိန်ဖျော့နေသော်ငြား ဖုတ်ကောင်ကြီးကို အချိန်ဆွဲထားဖို့တော့တတ်နိုင်သည်။
ဟုန်ရင်ကတော့ ဖုတ်ကောင်ကြီးကိုသတိထားမနေချေ။ သူ(မ)၏ဆရာတူမောင်လေးက ထိုဖုတ်ကောင်ကြီးကို သူ(မ)အစားကူညီတိုက်ခိုက်ပေးလိမ့်မည်ဖြစ်ကြောင်း သူ(မ)သိသည်။ ဤသည်မှာ နင်းချန်ရှင်းအပေါ်ထားသည့် ကပကတိယုံကြည်မှုစစ်စစ်ဖြစ်၏။
စံအိမ်တော်အတွင်းရှိ တပည့်ရောင်းရင်းများမှာ တစ်ယောက်ကိုတစ်ယောက်ယုံကြည်ကြလေသည်။ ထို့ကြောင့်လည်း လုချန်ရှန်း သက်သောင့်သက်သာဖြစ်နေရခြင်းပင်။
သူတို့သာပြဿနာမရှာရင်တော့ အကောင်းဆုံးပေါ့….
ဟုန်ရင်က ကြောက်ရွံ့ခြင်းအလျဉ်းမရှိချေ။
သူ(မ)လက်ထဲရှိလှံတံက လည်ထွက်ပြီးတိုက်ခိုက်နေရသည့်အတွက် သူ(မ)၏လက်များတုန်ရီနေပေသည်။
လူဝင်စားရေးစွမ်းအားများ ပေါက်ကွဲထွက်လာ၏။ ထိုစွမ်းအားများက သံချပ်ကာဝတ်အမျိုးသား၏လက်သီးဖြင့် ထိခတ်မိလေသည်။
အုန်း!
မြေပြင်ကား အက်ကွဲရာထင်ကျန်သွားရှာလေသည်။ ထိုအခိုက်အတန့်လေးမှာပင် မြေလွှာပြိုကျလေတော့သည်။
၎င်း၏အရှိန်မှာ စစ်စခန်းဆီကိုပါကူးလူးရောက်ရှိသွားချေသည်။ မရေမတွက်နိုင်သောလူများလည်း ခပ်မတ်မတ်မရပ်နိုင်တော့ဘဲ မြေတွင်းကြီးထဲကိုပြုတ်ကျသွားကြသည်။
တကယ်တမ်းမှာတော့ သူ(မ)နှင့်နီးနီးလေးမှာရှိသောလူတချို့ဆိုလျှင် ထိုကြောက်မက်ဖွယ်အရှိန်အဝါကြောင့် ပြာကျသွားရှာလေပြီဖြစ်၏။
သူတို့၏စိတ်ဝိညာဉ်များကို လူဝင်စားရေးစွမ်းအားများက အပြတ်အသတ်အနိုင်ယူပစ်လိုက်သည်။ သူတို့အနေနှင့် လူပြန်ဝင်စားနိုင်တော့မည်မဟုတ်ပေ။
အကျဉ်းချုပ်ရသော် သံချပ်ကာဝတ်အမျိုးသား၏အမူအရာလည်း ရုတ်ခြည်းပြောင်းလဲသွားသည်။ ဤလူဝင်စားရေးစွမ်းအားကိုတော့ သူ မစုပ်ယူနိုင်သည်မှာ အမှန်ပင်။
ထို့ပြင် တစ်ဖက်လူ၏စွမ်းအားမှာ အလွန့်အလွန်သန်စွမ်းလှပေသည်။ သူနှင့်ယှဉ်လျှင်ပင် တစ်ဖက်လူမှာ လုံးဝအားနည်းမနေချေ။
ထိုအဓိပ်ပါယျကား….
သူ့ရှေ့ရှိ ဝတ်ရုံနီဝတ်ထားသောအမျိုးသမီးသည် အာကာသနတ်ဘုရားအဆင့်နီးနီးခွန်အားမျိုး ရှိနေသည်ဟူသောသဘောပင်။
သူက ဘယ်ဂိုဏ်းကလဲ။ သူ့ဆရာကဘယ်သူလဲ…
အဲ့ဒီလူက ဒီလိုတပည့်မျိုးကို တကယ်ပျိုးထောင်နိုင်ခဲ့တာတဲ့လား…
လျှို့ဝှက်တာအိုပင်မကျောင်းတော်က ပါရမီရှင်တစ်ဦးများလား…
ဒါပေမဲ့ အဲ့ဒီနေရာကို ဘုရင်အိုကြီးထိန်းချုပ်ထားတာမဟုတ်လား…
သံချပ်ကာဝတ်အမျိုးသားမှာ ထိုအကြောင်းစဉ်းစားနေရန်ပင်အချိန်မရလိုက်ပေ။ ကြောက်မက်ဖွယ်ရာဟိန်းဟောက်သံနှင့်အတူ နောက်ထပ်လက်သီးတစ်ချက်ပစ်သွင်းလိုက်ရသည်။
သူသည် ဟုန်ရင်၏လှံတံကို ရေနဂါးတစ်ကောင်အလား ထိုးချပစ်လိုက်သည်။ ဟုန်ရင်၏အမူအရာလည်း အနည်းငယ်ပြောင်းလဲသွားပြီး လေထဲသို့ပျံတက်သွား၏။
ထို့နောက် သူ(မ)လက်ထဲရှိလှံတံဖြင့် သူ့ခါးကို အလျားလိုက်ခုတ်ချလိုက်သည်။ သံချပ်ကာဝတ်အမျိုးသားလည်း အချိန်မီမခုခံလိုက်နိုင်ပေ။
ထိုလူ့ခမျာ နာကျင်စွာညည်းညူသံတစ်ခုနှင်အတူ လေထဲလွင့်သွားရှာသည်။ ထို့နောက် ပြိုကျသွားပြီဖြစ်သောမြေရိုင်းလွင်ပြင်ပေါ်သို့ပြုတ်ကျသွား၏။ ထိုနေရာလည်း နောက်တစ်ကြိမ်တုန်ခါသွားပြန်လေသည်။
ဟုန်ရင် အချိန်ကိုက်ပင်ပြောလိုက်သည်။
“တတိယဆရာတူမောင်လေး… သွားကြစို့”
နင်းချန်ရှင်းကလည်း ခေါင်းညိတ်ပြလာသည်။ တစ်ဖက်လူ၏ခွန်အားမှာ အချိန်တိုလေးအတွင်း ကိုင်တွယ်ဖြေရှင်း၍မရပေ။
ဖုတ်ကောင်နှစ်ကောင်က အလျင်မြန်ဆုံးသောအရှိန်ဖြင့် အပြေးအလွှားလာနေသည်ကို ဟုန်ရင် အာရုံခံလိုက်မိသည်။ ထို့ကြောင့် နောက်ဆုတ်ခြင်းကသာ အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့ရည်မှန်းထားသောအရာကို အောင်မြင်စွာလုပ်ကိုင်နိုင်ခဲ့ပြီဖြစ်၏။
သံချပ်ကာဝတ်အမျိုးသားကလည်း အလောင်းကောင်များကြားက တွားသွား၍ပြန်ထွက်လာပြီးနောက်မှာ ထိုနှစ်ယောက်ထွက်ပြေးသွားပြီဖြစ်ကြောင်းသိလိုက်ရသည်။
သူ အလောတကြီးအော်ဟစ်အမိန့်ပေးလိုက်ရသည်။
“တပ်ဖွဲ့တွေအားလုံး နားထောင်ကြ။ အဲ့ဒီနှစ်ယောက်ကို မြန်မြန်တားကြစမ်း”
အကယ်၍ သူတို့သာလွတ်မြောက်သွားပါက…
ယနေ့ဆုံးရှုံးခဲ့ရသည့်နစ်နာမှုများအတွက် သူ့ကို အိမ်ရှေ့စံမင်းသား၏လူမဆန်သောအပြစ်ပေးမှုများက စောင့်ကြိုနေလိမ့်မည်သာဖြစ်၏။
သူ့မတိုင်ခင်မှာဖြစ်ပျက်ခဲ့သောဥပမာတစ်ခုဖြစ်သည့် စစ်တပ်သုံးတပ်ကိုဦးဆောင်နေရသော လူသုံးယောက်ခမျာ အကျဉ်းထောင်ထဲတွင် အချုပ်ခံထားရပြီးဖြစ်၏။
ထိုအကြောင်းကိုတွေးရင်း သံချပ်ကာဝတ်အမျိုးသားမှာ ခိုက်ခိုက်တုန်အောင်ကြောက်ရွံ့သွားရလေသည်။