Switch Mode

အခန်း (၁၇၀)

ယင်အလောင်းကောင်အဘိုးကြီး

ချန်းယွမ်အဆင့်ပညာရှင်အမြောက်အများနှင့် ရင်ဆိုင်နေရသည့်တိုင် နင်းချန်ရှင်း၏မျက်ဝန်းထဲမှာ ကြောက်ရွံ့ခြင်းအလျဉ်းမရှိ။ သူ့အမူအရာကလည်း တည်ငြိမ်လျက်ရှိ၏။

ဖုတ်ကောင်ကြီးနှင့်ဟုန်ရင်တို့ကတော့ ရင်ဆိုင်တိုက်ခိုက်နေကြလေပြီ။

တစ်ချက်ကြည့်ရုံမျှဖြင့် ခွန်အားကွာခြားမှုက မကြီးမားကြောင်းသိနိုင်ပေသည်။ အနိုင်ရသူကိုဆုံးဖြတ်ရန်မှာ အလွန်ခက်ခဲလှသည်။

သို့သော် သူနှေးကွေးနေပါက ရလဒ်ကားပြောင်းလဲသွားလိမ့်မည်။

နေမဝင်အင်ပါယာက ဟုန်ရင့်ကိုရှင်းထုတ်ပစ်ရန်လောနေချေပြီ။

အကယ်၍ သူတို့သာ ဖုတ်ကောင်ကြီးနှင့်အင်အားပူးပေါင်းပြီး ဟုန်ရင့်ကိုရှင်းထုတ်ပစ်လိုပါက သူတို့ရှေ့ရှိအတားအဆီးဖြစ်သောနင်းချန်ရှင်းကို ဦးစွာရှင်းပစ်ရမည်သာ။

ဗိုလ်ချုပ်သံချပ်ကာဝတ်အမျိုးသားမှာ မျက်မှောင်ကြုတ်လျက်ပြောလာသည်။

“မင်းတစ်ယောက်တည်းနဲ့ ငါတို့ကိုတားနိုင်လိမ့်မယ်လို့ တကယ်ထင်နေတာလား”

နင်းချန်ရှင်းကလည်း တာအိုသိုင်းကျမ်းကိုကိုင်ထားပြီး အပြုံးလေးဖြင့် စကားပြန်လိုက်လေသည်။

“စမ်းကြည့်လိုက်လေ”

ထိုအခြင်းအရာကိုမြင်သော သံချပ်ကာဝတ်အမျိုးသားက ဟုန်ရင့်ကိုလှမ်းကြည့်လိုက်သည်။

ဖုတ်ကောင်ကြီးအနေနှင့် အချိန်တိုအတွင်း အနိုင်ရသူကို ဆုံးဖြတ်မပေးနိုင်ချေ။ အနီရောင်ဝတ်ရုံဝတ်ထားသောအမျိုးသမီး၏ခွန်အားမှာ ဖုတ်ကောင်ကြီးကဲ့သို့ မမြင့်လှပေ။ သို့သော်ငြား တိုက်ခိုက်ရေးခွန်အားကတော့ ဖုတ်ကောင်ကြီးကိုယှဉ်နိုင်ပေသည်။

ဤလူကိုခပ်မြန်မြန်ရှင်းထုတ်ပြီး ဖုတ်ကောင်ကြီးကိုကူညီပေးရမည်။ ဤသည်မှာ သံချပ်ကာဝတ်အမျိုးသား၏အတွေးပင်တည်း။

ထို့ကြောင့် သူ့လက်ကိုယမ်း၍ နင်းချန်ရှင်းကိုတိုက်ခိုက်ကြရန်အတွက် အားလုံးကိုအချက်ပြလိုက်၏။

ထိုအဖြစ်ကိုမြင်သော် အားလုံးကလည်း တစ်ယောက်ပြီးတစ်ယောက်တိုက်ခိုက်ကြလေတော့သည်။

ထိုတဒင်္ဂအတွင်းမှာ ဝိညာဉ်ရေးရာချီစွမ်းအင်တန်းကြီး ပေါက်ကွဲထွက်လာလေသည်။ ၎င်းမှာ ဤလေထုထဲ၌ အပြင်းအထန်တလိပ်လိပ်တက်လာချေသည်။

ကောင်းကင်ထက်သို့ဆန်တက်လာသော လက်ဝါးရာတစ်ခုလည်းရှိသေးသည်။ ဓားသွားချီစွမ်းအင်များကလည်း ဝရုန်းသုန်းကားသောင်းကျန်လေတော့သည်။ အလားတူစွာပင် လေထုကိုပင်ထိုးခွင်းလုမတတ်သော လက်သီးချက်အင်အားတစ်ရပ်လည်းရှိ၏။

တိုက်ခိုက်မှုတစ်ခုပြီးတစ်ခု လေထုထဲတွင် ပြွတ်သိပ်သွားသည်။ ထိုတိုက်ခိုက်မှုကများင နင်းချန်ရှင်းကိုဦးတည်လေသည်။

နင်းချန်ရှင်းကတော့ ထိတ်လန့်မသွားချေ။ သူသည် တာအိုသိုင်းကျမ်းကိုကိုင်စွဲလျက် စာအုပ်ကိုလှန်ပစ်လိုက်သည်။ ထို့နောက် ညင်သာစွာဟစ်အော်လိုက်သည်။

“အရာခပ်သိမ်းကိုတိုက်ခိုက်မဲ့စစ်သည်ဆင်းသက်လာစေ”

ဂမ္ဘီရသံချပ်ကာဝတ်ဆင်ထားသော ကောင်းကင်ဘုံစစ်သည်တစ်ပါးဟာ တာအိုသိုင်းကျမ်းဆီကတစ်ဆင့် အပြေးအလွှားရောက်ချလာသည်။ သူသည် လက်ထဲတွင် ဂမ္ဘီရလှံတံကိုကိုင်စွဲ၍ တိုက်ခိုက်မှုများကို ရင်ဆိုင်ပစ်လိုက်၏။ သူ့တာအိုနှလုံးသားကလည်း တည်ငြိမ်နေပေသည်။

နင်းချန်ရှင်းကလည်း ဆင့်ကဲပြောင်းလဲလာခဲ့ပြီးဖြစ်သည်။

သူ့ခွန်အားမှာ ဗုဒ္ဓဂိုဏ်းတော်နှင့်ရင်ဆိုင်တိုက်ခိုက်ခဲ့တုန်းကထက် အများကြီးပိုသန်မာနေလေပြီ။ ကောင်းကင်ဘုံစစ်သည်၏အရှိန်အဝါကလည်း ယခင်ကထက်ပို၍သန်မာနေပြီဖြစ်၏။

ခုနစ်ရောင်စဉ်ဂမ္ဘီရရောင်ခြည်ကလည်း ကောင်းကင်ဘုံစစ်သည်၏ပတ်ပတ်လည်တွင်ဝန်းပတ်ထားချေသည်။ သူ့လက်ထဲရှိလှံတံမှာ ခါယမ်းနေပေသည်။

လှံတံစွမ်းအင်တန်းကြီးက မွှေ့ယမ်းဝင်ဆောင့်ပစ်လိုက်လေသည်။ လေထုထဲရှိလှံတံချီစွမ်းအင်ကလည်း လှံတံချီစွမ်းအင်နဂါးကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားသည်။ ထို့နောက် ဟိန်းဟောက်သံတစ်သီကြီးပေး၍ တိုက်ခိုက်မှုများကို တိုးဝင်ရင်ဆိုင်ပစ်လိုက်ချေသည်။

နေမဝင်အင်ပါယာဘက်က ပညာရှင်များ၏အမူအရာမှာ ထိုအရာကိုမြင်ပြီး ပြောင်းလဲသွားလေသည်။

တာအိုကောင်းကင်ဘုံစစ်သည်၏အရှိန်အဝါမှာ ကြောက်မက်ဖွယ်ရာပင်။ တစ်ယောက်ချင်းတိုက်ပွဲသာဖြစ်ပါက သာမန်စာပေပညာရှင်လေးဟုထင်ရသော ဤလူငယ်လေးကို သူတို့ထဲကတစ်ယောက်မှ ယှဉ်နိုင်မည်မဟုတ်ချေ။

လှံတံချီစွမ်းအင်နဂါးကြီးက တိုက်ခိုက်မှုအဖုံဖုံကိုဝင်တိုက်ပစ်လိုက်သည်။

ထိုတစ်ခဏလေးမှာ ဝိညာဉ်ရေးရာချီစွမ်းအင်များ ဝရုန်းသုန်းကားသောင်းကျန်းသွားပေသည်။ ထိုဝိညာဉ်ရေးရာချီစွမ်းအင်များမှာ ကောင်းကင်ထက်သို့အပြင်းနှင်သွားလေသည်။

တိမ်တိုက်များ ပပျောက်သွားချေပြီ။ မြေပြင်လည်း ယမ်းခါသွားသည်။ ၎င်းပျံ့နှံ့သွားရာနယ်မြေမှာလည်း ကျယ်ပြန့်လွန်းလှပေသည်။

မြေလွှာကျွံချိုင့်ဝှမ်းနံဘေးရှိစစ်တပ်ကြီးပင်လျှင် တုန်ခါသံလှိုင်းများကို ခံစားကြည့်နိုင်လေသည်။

လိုက်ဖမ်းခံနေရခြင်မှလွတ်မြောက်လာသော ယဲ့ချိုးပိုင်ကလည်း ဝိညာဉ်ရေးရာချီစွမ်းအင်ပေါက်ကွဲရာနေရာကို လှမ်းကြည့်လိုက်မိသည်။ သူ့အမူအရာကား အနည်းငယ်အေးစက်သွားချေသည်။

“တတိယဆရာတူညီလေး… ကြည့်ရတာ စနေပြီထင်တယ်”

ထိုသို့တွေးပြီးနောက် ယဲ့ချိုးပိုင်လည်း မြေလွှာကျွံချိုင့်ဝှမ်းဆီသို့ တစ်ဖန်အပြေးသွားပြန်လေသည်။ ဟုန်ရင်တို့နှစ်ယောက်ကို သူပြန်ခေါ်ချင်သောကြောင့်ပင်။

တစ်ချိန်တည်းမှာပင် ဖုတ်ကောင်ကြီးကိုတိုက်ခိုက်နေသောဟုန်ရင်ကလည်း ပေါက်ကွဲသွားသောအရှိန်အဝါကြီးကို အာရုံခံမိလိုက်သည်။

သူ(မ) ဘေးဘက်ကိုအကြည့်ပို့လိုက်ပြီး တစ်ကိုယ်တည်းတွေးနေမိသည်။

တတိယဆရာတူမောင်လေးရဲ့ကွန်ဖြူးရှပ်တာအိုအဆင့်က ထပ်တိုးတက်သွားပြန်ပြီပဲ…

ကွန်ဖြူးရှပ်ဧကရာဇ်က နောင်အနာဂတ်မှာ နင်းချန်ရှင်း၏ကွန်ဖြူးရှပ်တာအိုက သူ့ကိုကျော်တက်သွားလိမ့်မည်ဟုပြောသွားခဲ့သည်မှာ မဆန်းတော့ပေ။

သို့သော် ထိုအရာကိုစိတ်ကူးကြည့်ရန်မှာမခက်ခဲလှပေ။

မည်သို့ပင်ဖြစ်စေ သူသည် သူ(မ)၏ဆရာမျက်စိကျသဖြင့် တပည့်အဖြစ်ခေါ်ယူခဲ့သူပင်မဟုတ်ပါလား။ ဘယ်လိုများသာမန်လူဖြစ်နိုင်မည်တဲ့လဲ။

ဟုန်ရင်ပြုံး၍ ဖုတ်ကောင်ကြီးဆီကို ထပ်မံချီတက်လိုက်ပြန်သည်။ လူဝင်စားရေးစွမ်းအားများကလည်း သူ့ပတ်ပတ်လည်မှာ အရူးအမူးထိုးတက်လာသည်။

တစ်ဖက်တွင် နင်းချန်ရှင်းက တာအိုသိုင်းကျမ်းကိုကိုင်ထားပြီး ကောင်းကင်ဘုံစစ်သည်ကို အသက်သွင်းလိုက်၏။ သူ့လက်ထဲရှိလှံတံကလည်း ယမ်းခါသွားသည်။ ၎င်းမှာ တိုက်ခိုက်မှုများကို တစ်ခုပြီးတစ်ခုချိုးဖျက်ပစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် တိုက်ခိုက်မှုအဖုံဖုံက ကောင်းကင်ဘုံစစ်သည်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ ထို့ကြောင့် ကောင်းကင်ဘုံစစ်သည်၏ခန္ဓာကိုယ်မှာ ပို၍ပင်ပုံရိပ်ယောင်ဆန်လာလေသည်။

မည်သိူ့ပင်ဖြစ်စေ ဤနေရာတွင် ချန်းယွမ်အဆင့်ပညာရှင်ဆယ်ဦးထက်မကရှိပြီး သံချပ်ကာဝတ်အမျိုးသားကလည်း အာကာသနတ်ဘုရားအဆင့်နှင့် နီးကပ်နေလေပြီ။

သို့သော် နင်းချန်ရှင်းကို ပိုပူပန်စေသောအရာမှာ သူတို့၏တိုက်ခိုက်မှုက မီးခိုးရောင်ခပ်ဖျော့ဖျော့အလောင်းကောင်အရှိန်အဝါကိုသယ်ဆောင်ထားသောကြောင့်ပင်။

အလောင်းကောင်ချီစွမ်းအင်များက ကောင်းကင်ဘုံစစ်သည်၏ဝိညာဉ်ဓာတ်ချီစွမ်းအင်ကိုစုပ်ယူပြီး သူခန္ဓာကိုယ်ထဲရှိစွမ်အားများကို ကုန်ဆုံးစေနိုင်စွမ်းရှိပုံရသည်။ ထိုနေရာတွင် နင်းချန်ရှင်းတစ်ယောက် ခဏမျှတွေးတောဆင်ခြင်ပြီးနောက် ရှေ့ကိုခြေတစ်လှမ်းတိုးလိုက်သည်။

သူ့လက်ထဲတွင်လည်း တာအိုသိုင်းကျမ်းကိုကိုင်စွဲထားသည်။ ထို့နောက် နောက်လက်တစ်ဖက်ကိုဆန့်ထုတ်၍ လက်ဝါးဖြန့်ချလိုက်သည်။

အလွန်အမင်းဆန်းကြယ်လှသော အရှိန်အဝါများက နင်းချန်ရှင်း၏မျက်ခုံးနှစ်ဖက်ကြားမှစိမ့်ထွက်လာလေသည်။ ထို့နောက် ကောင်းကင်ဘုံစစ်သည်၏ပတ်ပတ်လည်တွင် ရစ်ပတ်ထားလိုက်ချေသည်။

“အစီအရင်ဖွဲ့စည်းစေ”

သင်္ကေတစာလုံးကိုးခု၏ဆဋ္ဌမမြောက်စာလုံးပင်တည်း။

ဆန်းကြယ်လှသောတာအိုစွမ်းအားများက ကောင်းကင်ဘုံစစ်သည်၏ခန္ဓာကိုယ်ကို လွှမ်းခြုံပစ်လိုက်လေသည်။

ထိုအခိုက်အတန့်တွင် အနည်းငယ်ပုံရိပ်ယောင်ဆန်သည့် ကောင်းကင်ဘုံစစ်သည်က တစ်ဖန်တိုက်ခိုက်လာပြန်လေသည်။ သူ့လက်ထဲရှိလှံတံမှာ ကြေးခွံများဖြင့်ပြည့်နှက်နေလေသည်။ ထိုကြေးခွံများကား ရွှေရောင်အဆင်းရှိ၏။

၎င်းမှာ ခြေသည်းချွန်ငါးချောင်းပါသော ရွှေရောင်နဂါးကြီး၏ကြေးခွံများအလားပင်။ ထိုအချိန်မှာ သူ့အရှိန်အဝါများက ဆန်တက်လာချေသည်။

လူတိုင်း၏အမူအရာလည်း သိသိသာပြောင်းလဲသွားတော့သည်။ ဤအရှိန်အဝါက မတိုင်ခင်ထက်ပင် ပိုကြီးမားသေးသည်။ ဤသည်မှာ သူတို့၏ခံနိုင်ရည်ကိုပင် ကျော်လွန်သွားချေပြီ။

တိုက်ခိုက်မှုများ တစ်ခုပြီးတစ်ခုဆက်တိုက်ရောက်ချလာသည်။

ကောင်းကင်ဘုံစစ်သည်ကြီးက ရွှေရောင်ကြေးခွံဂမ္ဘီရလှံတံကိုဝှေ့ယမ်းလိုက်သောအခါ ထိုတိုက်ခိုက်မှုများလည်း တစ်ခုပြီးတစ်ခုပျက်စီးသွားရှာ၏။ နောက်ဆက်တွဲရိုက်ခတ်မှုကြီး ထွက်ပေါ်လာသည်။

နေမဝင်အင်ပါယာဘက်ကပညာရှင်များ သွေးဆုတ်ဖြူဖျော့သွား၏။ သံချပ်ကာဝတ်အမျိုးသားခံစားလိုက်ရသော နောက်ဆက်တွဲလှိုင်းလုံးကြီးမှာ နောက်ဆုံးထွက်သက်လည်းဖြစ်နေပေသည်။

နာကျင်စွာညည်းတွားရင်း သူ့ပါးစပ်ထောင့်မှ သွေးများစီးကျလာသည်။ နင်းချန်ရှင်းကတော့ တိုက်ခိုက်ခြင်းကိုမရပ်လိုက်ပေ။

သူ ရှေ့ကိုနောက်တစ်လှမ်းတိုး၍ ကောင်းကင်ဘုံစစ်သည်ကို နေမဝင်အင်ပါယာစစ်သည်များနောက်ကို ဆက်လက်ချီတက်ရန်လောဆော်လိုက်သည်။

သူ့အမြင်မှာတော့ နေမဝင်အင်ပါယာက စစ်ပွဲစတင်ခဲ့သူဖြစ်၏။ အပြစ်မဲ့ပြည်သူများနှင့် နယ်လှည့်ကျင့်ကြံသူများကို သုတ်သင်ခဲ့သည်။ သူတို့ဖြတ်သွားရာနေရာတိုင်းမှာ အရိုးစုများသာကျန်ရစ်ခဲ့ရသည်။

ဤသည်မှာ ကြီးလေးလှသောပြစ်မှုကိုကျူးလွန်ခဲ့ခြင်းပင်။

ထိုအဖြစ်က နင်းချန်ရှင်းကို အလွန်ဒေါသထွက်စေသည်။ ထိုအရာများကိုတားဆီးရန်အတွက် သူဘာလုပ်နိုင်မလဲ။ တစ်ခုတည်းသောနည်းလမ်းမှာ ဤစစ်ပွဲကိုတားဆီးရန်ဖြစ်ပြီး ထိုစစ်ပွဲကိုတားဆီးနိုင်မည့်နည်းလမ်းကလည်း နှစ်လမ်းသာရှိသည်။

ပထမနည်းလမ်းမှာ တတိယလူပေါ်လာပြီး နှစ်ဖက်စလုံးကို မျှမျှတတဖြစ်စေပြီး တိုက်ခိုက်မှုရပ်စဲဖို့ အကြောင်းတရားတစ်ခုဖန်တီးခြင်းဖြစ်သည်။

ဒုတိယတစ်နည်းကား တစ်ဖက်ဖက်မှသေကြေပျက်သုဉ်းခြင်းဖြစ်၏။

သို့မဟုတ်ပါက စစ်ပွဲကိုရပ်တန့်ရန်မဖြစ်နိုင်ပေ။

ပျက်သုဉ်းရမည့်အရေးဆိုလျှင် နင်းချန်ရှင်းကတော့ နေမဝင်အင်ပါယာကျရှုံးဖို့သာ ဆန္ဒရှိသည်။

ဗိုလ်ချုပ်သံချပ်ကာဝတ်အမျိုးသားမှာ ရွှေရောင်ကြေးခွံဂမ္ဘီရလှံတံကိုကိုင်စွဲထားသော ကောင်းကင်ဘုံစစ်သည်ကြီးကိုကြည့်ပြီး ကောင်းကင်ထက်သို့လှမ်းလာချေသည်။ သူ့အမူအရာကတော့ တည်ငြိမ်အေးဆေးလျက်ရှိသည်။

သာမန်တိုက်ကွက်များဆိုလျှင် ဤတိုက်ခိုက်မှုကို တားဆီးရန်မစွမ်းသာပေ။

ထိုသို့တွေးမိလိုက်သဖြင့် သံချပ်ကာဝတ်အမျိုးသား၏အမူအရာမှာ အညှာအတာကင်းမဲ့သွားပြီး ဝိညာဉ်အလံကိုထုတ်ယူလိုက်သည်။ ဝိညာဉ်အလံကိုထုတ်ပြီးသောအခါ လက်ထဲတွင်ချိပ်တံဆိပ်တစ်ခုကိုဖန်ဆင်းလိုက်ပြီးနောက် ဝိညာဉ်အလံမှာ အလောင်းကောင်ချီစွမ်းအင်များလိပ်တက်လာသည့်အတွက် တဖျပ်ဖျပ်ဖြစ်လာလေသည်။

နင်းချန်ရှင်း၏ ဒေါသအမျက်ခြောင်းခြောင်းထွက်နေသောအကြည့်အောက်မှာ ချန်းယွမ်အဆင့်ပညာရှင်ဒါဇင်ခန့်က ထိုအခိုက်အတန့်မှာ ကြောက်မက်ဖွယ်အော်ဟစ်သံကြီးများကိုထုတ်လွှတ်လာချေသည်။

သူတို့ခေါင်းအထက်တွင်ကား သူတို့၏စိတ်ဝိညာဉ်များနှင့်ရောယှက်ထားသော မီးခိုးရောင်အလောင်းကောင်အရှိန်အဝါတစ်ခုရှိနေချေသည်။

ထိုအရှိန်အဝါကို ဝိညာဉ်အလံကစုပ်ယူထားခြင်းပင်။

ဝိညာဉ်အလံထဲရှိစွမ်းအားမှာ သံချပ်ကာဝတ်အမျိုးသား၏ခန္ဓာကိုယ်ထဲသို့စုစည်းသွား၏။ သံချပ်ကာဝတ်အမျိုးသားလည်း မျက်လုံးမှိတ်ချလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိကြွက်သားအားလုံးကလည်း ထိုအချိန်မှာ အရူးအမူးကြွတက်လာသည်။

သူ့ခန္ဒာကိုယ်ထဲရှိသွေးကြောများက ရိုးတိုးရွတလှုပ်ရှားနေသောမြွေလေးများနှယ်။ အလားတူစွာပင် ထိုအခိုက်အတန့်၌ သူ့အရှိန်အဝါများဟာ ကောင်းကင်ထက်သို့တစ်ဟုန်ထိုးထောင်တက်သွား၏။

လျှပ်တပြက်အတွင်း၌ သူသည် အာကာသနတ်ဘုရားအဆင့်ရောက်လုနီးနီးအနေအထားကို ကျော်ဖြတ်တက်လှမ်းလိုက်လေပြီ။ သူ့အရှိန်အဝါကလည်း တရိပ်ရိပ်တက်နေဆဲသာ။

သို့သော် အာကာသနတ်ဘုရားအဆင့်ကိုတော့ တက်လှမ်းနိုင်ခြင်းမရှိ။

အာကာသနတ်ဘုရားအဆင့်ရောက်ရန်အတွက် မရှိမဖြစ်လိုအပ်ချက်မှာ ထိုလူ၏စိတ်ဝိညာဉ်သည် စို့စို့ပို့ပို့အဆင့်တက်လှမ်းကျော်ဖြတ်နိုင်မှရမည်ဖြစ်၏။

သို့သော် ထိုသို့ဆိုလျှင်တောင် သံချပ်ကာဝတ်အမျိုးသား၏ခွန်အားက အာကာသနတ်ဘုရားအဆင့်နီးနီးရှိနေလေပြီ။ ထိုလူသည် ဖုတ်ကောင်ကြီးထက်ပင် ခွန်အားပိုကြီးသည်ဟုဆိုနိုင်လေ၏။

ထိုအခြင်းအရာကို ဟုန်ရင်မြင်သောအခါ မျက်စိမျက်နှာပျက်သွားချေသည်။

“ယင်အလောင်းကောင်အဘိုးကြီး… တကယ်ပဲ ရှင်ကိုး”

ဖုတ်ကောင်ကြီးနှင့်တိုက်ခိုက်နေစဉ်အတောအတွင်းမှာ ဖုတ်ကောင်ကိုသန့်စင်မွမ်းမံခဲ့သူ၏သရုပ်မှန်ကို သူ(မ)အာရုံခံလိုက်မိသည်။ ယခုတော့ သံချပ်ကာဝတ်အမျိုးသား၏လုပ်ရပ်ကြောင့် လုံးဝသေချာသွားရသည်။

ရှေးခတ်တုန်းက သက်ရှိအားလုံး၏အသက်အန္တရာယ်ကိုခြိမ်းခြောက်ခဲ့ဖူးသည့် ယင်အလောင်းကောင်အဘိုးကြီးတစ်ယောက်တည်းကသာ ယခုလိုလုပ်နိုင်ခြင်းဖြစ်ပေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset