Switch Mode

အခန်း (၁၆၉)

ကြားဖြတ်တိုက်ခိုက်ခြင်း

ယဲ့ချိုးပိုင်၏ဓားသွားပိုင်နက်နယ်မြေမှာ အသက်သွင်းလိုက်ပြီဖြစ်ပြီး ခွန်အားကြီးအရှိန်အဝါမြောက်များစွာကလည်း မူလစခန်းရှိရာမှ ကောင်းကင်ထက်သို့ ဆန်တက်သွားလေသည်။

တစ်ချိန်တည်းမှာပင် မှော်နက်ဓားချက်ကြီးကလည်း မြေလွှာကျွံချိုင့်ဝှမ်း၏တစ်ဖက်သို့ အပြင်းနှင်သွားလေသည်။

ထိုတစ်ခဏအတွင်း အော်ဟစ်သံများညံသွားလေသည်။

မြေလွှာကျွံချိုင့်ဝှမ်း၏ဘယ်ဘက်ခြမ်းတွင် အကွာအဝေးတစ်ခုခြားထားသည်။ နေမဝင်အင်ပါယာဘက်က ထိုအခြင်းအရာကိုမြင်သောအခါ ယဲ့ချိုးပိုင်ဆီသို့ အလျင်အမြန်ချဉ်းကပ်လာကြသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်သို့ဆန်တက်သွားသော အရှိန်အဝါပေါင်းမြောက်များစွာက ယဲ့ချိုးပိုင်ဆီသို့ ပြန်လည်ဆင်းသက်လာကြသည်။ ၎င်းမှာ အလွန်လျင်မြန်လှပေသည်။

ထိုအခြင်းအရာကိုမြင်သော် ယဲ့ချိုးပိုင်ကလည်းရပ်မနေပေ။ သူသည် ဓားဆန္ဒမြစ်ပြင်ကြီးကို ထိုအရှိန်အဝါများဆီသို့စီးဆင်းသွားရန် ထိန်းချုပ်လိုက်၏။

သူကတော့ဖြင့် ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းဆီသို့ ထွက်ခွါလေသည်။ သူ ဓားချက်တစ်ချက်လွှဲ၍ နောက်ဆုတ်လိုက်သည်။

ယဲ့ချိုးပိုင်၏အရှိန်မျိုးဖြင့်သာဆိုလျှင် ချန်းယွမ်အထွတ်အထိပ်အဆင့်ရှိသူပင်လျှင် လိုက်ဖမ်းရန်မလွယ်လှပေ။

တစ်ဖက်တွင်မူ ဟုန်ရင်နှင့်နင်းချန်ရှင်းတို့မှာ ထိုပရမ်းပတာအခြေအနေကို အခွင့်ကောင်းယူ၍ မြေလွှာကျွံချိုင့်ဝှမ်း၏တစ်ဖက်ခြမ်းကိုရောက်အောင်သွားလိုက်သည်။ ထို့နောက် နေမဝင်အင်ပါယာ၏နောက်တန်းသို့ ဖောက်ဝင်သွားလိုက်၏။

လမ်းတစ်လျှောက်တွင် ဟုန်ရင်နှင့်နင်းချန်ရှင်းတို့ ခပ်မြန်မြန်မလှုပ်ရှားရဲပေ။ ခြုံထည်ဖြင့် သူတို့ခန္ဓာကိုယ်ကိုရစ်ပတ်ထားသောကြောင့်သာ အရှိန်အဝါများစိမ့်မထွက်လာခြင်းဖြစ်၏။

ဤနေရာမှာ နေမဝင်အင်ပါယာ၏စစ်တပ်စခန်းချရာကုန်းတွင်းပိုင်းပင် ဖြစ်ချေသည်။ ဟုန်ရင် ထိုသို့သာခံစားမိသည်။

စောင့်ကြပ်နေသူများမှာ ချန်းယွမ်အထွတ်အထိပ်အဆင့်ပညာရှင်ဆယ်ယောက်ကျော်ရှိသည်။ တစ်ချိန်တည်းမှာပင် အလောင်းကောင်ချီစွမ်းအင်များ သိပ်သည်းနေသောနေရာသုံးနေရာလည်းရှိသည်။ ထိုနေရာမှာ ဖုတ်ကောင်ကြီးများရှိရာနေရာဖြစ်ကြောင်း သိသာလှ၏။

သူတို့ကိုဖမ်းမိသွားပါက ဆုံးရှုံးစရာမရှိသည့်တိုင် သူတို့အစီအစဉ်ကတော့ ကျရှုံးလိမ့်မည်သာဖြစ်၏။ အသုံးဝင်သောသတင်းအချက်အလက်များကို ရှာနိုင်တော့မည်မဟုတ်။

နင်းချန်ရှင်းကတော့ ရန်သူ့စစ်တပ်အင်အားဖြည့်တင်းရေးနေရာ၊ ပညာရှင်များစုနေသောနေရာနှင့် ဖုတ်ကောင်ကြီးများရှိနေသောနေရာတို့ကိုတွေ့ခဲ့ရသည်။ တစ်ဖက်ရန်သူ၏စစ်တပ်ထဲရှိ ချန်းယွမ်အဆင့်ပညာရှင်အရေအတွက်အတိအကျကိုလည်း မှတ်သားခဲ့သေးသည်။

ဤအချက်များမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့အတွက် အသုံးဝင်လှပေသည်။

သူတို့နှစ်ယောက်သားလည်း မနှေးမမြန်အရှိန်ဖြင့် ရှေ့ဆက်လာကြသည်။ တစ်ဖက်ရန်သူမှာ ဟုန်ရင်တို့နှစ်ယောက်ကို သတိမပြုမိကြချေ။

ခဏအကြာတွင် သူတို့နှစ်ယောက် နေမဝင်အင်ပါယာစစ်စခန်း၏နောက်တန်းသို့ ရောက်လာခဲ့သည်။

သက်စောင့်ဆေးရနံ့များ အဆက်မပြတ်လွင့်ပျံ့လာချေသည်။ ရှေ့နားရှိတဲဟာ နေမဝင်အင်ပါယာ၏ ဆေးဝါးဖော်စပ်ရေးစခန်းဖြစ်ကြောင်း သိသာသည်။

ဤတည်နေရာမှာ ဖုတ်ကောင်များတည်ရှိရာနေရာနှင့် နီးနီးလေးဖြစ်သည်။ ဤနေရာတွင်လည်း ခုခံရေးအကာအကွယ်တစ်ခုကို ဖန်ဆင်းထားသည်။ ဤနေရာကိုဖျက်ဆီးပစ်ရန်မှာ သိပ်မလွယ်လှချေ။

နင်းချန်ရှင်းက ဟုန်ရင့်ကိုကြည့်၍ ပြောလိုက်သည်။

“ဆရာတူအစ်မ… တည်နေရာနဲ့သတင်းအချက်အလက်တွေကို လုံလုံလောက်လောက်သိထားပြီဆိုမှတော့ အရင်ဆုံးလှည့်ပြန်လိုက်ကြမလား”

ဟုန်ရင်က ပြုံးလျက်စကားဆိုလိုက်သည်။

“ငါတို့ ဒီနေရာကိုရောက်ပြီးနေပြီပဲဟာကို”

သူ့ဆရာတူအစ်မက ပြဿနာရှာဖို့ဆုံးဖြတ်ထားသည်ကို မြင်လိုက်ရသောအခါ နင်းချန်ရှင်းလည်း ငြင်းဆန်မနေတော့ဘဲ ခပ်ပြုံးပြုံးလေးခေါင်းညိတ်ပြလိုက်သည်။

သူ့အတွက်တော့ လုချန်ရှန်းကလွဲလျှင် အယုံကြည်ရဆုံးလူသားများမှာ ဆရာတူအစ်ကိုအစ်မများသာဖြစ်၏။

သူ့မိဘများက သူငယ်ငယ်လေးကတည်းကဆုံးပါးသွားခဲ့ပြီး နှစ်ယောက်စလုံးက သေမျိုးများပင်ဖြစ်သည်။ နင်းချန်ရှင်းအနေနှင့် စံအိမ်တော်ကို သူ့အိမ်အဖြစ်သတ်မှတ်ထားသည်ဟုပင် ဆိုနိုင်လေသည်။

သူ့မိသားစုဝင်၏စကားကိုမှမယုံကြည်လျှင် ကြေကွဲချင်စရာကောင်းလှသည်။

ဟုန်ရင်က လူဝင်စားရေးလှံတံကိုဆွဲထုတ်လိုက်ပြီး နင်းချန်ရှင်းကိုပြောလိုက်သည်။

“အချိန်ကျလာရင် အတူတိုက်ခိုက်ပြီး ဆေးဖော်စပ်တဲ့စခန်းကိုဖျက်ဆီးကြမယ်”

“အဲ့ဒါပြီးရင် ရန်သူ့ဘက်ကဖုတ်ကောင်ကို ငါ အရင်ဆုံးထိန်းထားလိုက်မယ်။ ဒီနေရာကနေ အရင်ထွက်သွားနော်”

နင်းချန်ရှင်း ကြက်သေသေသွားရသည်။

“အတူသွားကြမယ်လေ”

ဟုန်ရင်က ခေါင်းခါပြန်လိုက်သည်။

“ငါ ဖုတ်ကောင်တွေကိုစစ်ဆေးစရာရှိသေးတယ်”

“ငါနင့်ကိုအရင်ပြန်လွှတ်တာက မြေလွှာကျွံချိုင့်ဝှမ်းဆီလာတဲ့လမ်းကို လမ်းရှင်းပေးထားဖို့အတွက်ပဲ”

“အဲ့ဒီအချိန်ကျမှ ငါထွက်လာလို့ရမှာ”

နင်းချန်ရှင်းလည်း နားလည်ကြောင်းခေါင်းညိတ်ပြလိုက်သည်။

အမွှေးတိုင်တစ်တိုင်ထွန်းစာခန့် အချိန်ကုန်လွန်သွားလေပြီ။

ဟုန်ရင်၏ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ရေးရာချီစွမ်းအင်မှာ အစွမ်းကုန်သိပ်သည်းနေချေတော့သည်။

ဤရက်ပိုင်းအတွင်း ကျင့်ကြံအားထုတ်နေရင်း ဟုန်ရင်၏ခွန်အားမှာ ချန်းယွမ်အလယ်အလတ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

ဖုတ်ကောင်ကြီးဘက်က လှုပ်ရှားလာလျှင်တောင် ဟုန်ရင့်ကိုတားဖို့ မဖြစ်နိုင်လောက်ဟု ဆိုနိုင်လေသည်။

ထိုအခိုက်အတန့်တွင် ဟုန်ရင်က ရုတ်ခြည်းမတ်တတ််ထရပ်၍ သူ(မ)လက်ထဲရှိ လူဝင်စားရေးလှံတံကို ဆေးဖော်စပ်ရေးစခန်းဆီသို့ လွှဲရိုက်ချလိုက်သည်။

လူဝင်စားရေးလှံတံဆန္ဒတစ်ရပ်မှာ လေထုအလယ်၌ ဧရာမလှံတံဝဲဂယက်ကြီးထဲကို ပေါင်းဆုံသွားလေသည်။ ၎င်းမှာ အဂ္ဂိရတ်စခန်းပေါ်သို့ ကျရောက်သွား၏။

နင်းချန်ရှင်းကလည်း နောက်ကောက်ကျကျန်မနေခဲ့ပေ။

ဆရာတူအစ်မ၏လှုပ်ရှားမှုများကိုစောင့်ကြည့်နေခဲ့သော နင်းချန်ရှင်းဟာ ဟုန်ရင်တိုက်ခိုက်မှုစတင်လိုက်သည့်အချိန်မှာပင် တာအိုသိုင်းကျမ်းကိုထုတ်လိုက်ခြင်းပင်။

ထို့နောက် သြရှရှအသံဖြင့်အော်ဟစ်လိုက်သည်။

“အရာခပ်သိမ်းကိုတိုက်ခိုက်ဖို့ စစ်သည်ဆင်းသက်လော့”

ဂမ္ဘီရသံချပ်ကာကိုဝတ်ဆင်ထားသည့် ကောင်းကင်ဘုံဗိုလ်ချုပ်တစ်ပါးဟာ လှံတံကိုကိုင်စွဲ၍ ကြီးမားလှသောအရှိန်အဝါဖြင့် လူဝင်စားရေးနယ်မြေဆီသို့ လှံတံကိုပစ်လွှတ်လိုက်သည်။

သူ့အရှိန်အဝါမှာ ဟုန်ရင့်ထက်သိပ်မနိမ့်လှပေ။

ဟုန်ရင်လည်း အနည်းငယ်အံ့သြသွားရသည်။ ကြည့်ရသည်မှာ တတိယဆရာတူမောင်လေးမှာ ကျင့်ကြံစဉ်လုံးဝမရှိသည့်ပုံပင်။ သူ့ခွန်အားသည်ကား ထူးခြားလွန်းလှ၏။

သူ့ဆရာကတော့ ထင်ထားတဲ့အတိုင်းပါပဲ…

သူတို့၏တိုက်ခိုက်မှုက ရန်သူ၏အာရုံကို လျှပ်တပြက်အတွင်းဆွဲဆောင်လိုက်နိုင်သည်။

ချန်းယွမ်အထွတ်အထိပ်အဆင့်ပညာရှင်ဒါဇင်ခန့်ကလည်း ထိတ်လန့်သွားကြပြီး အပြေးအလွှားထွက်လာကြပေသည်။

သံချပ်ကာဝတ်အမျိုးသားလည်း ထိတ်လန့်ကြောက်ရွံ့သွားပြီး ခေါင်းတလားကို လက်ဝါးဖြင့်ရိုက်ဖွင့်လိုက်သည်။

အလောင်းကောင်ချီစွမ်းအင်များမှာ ကောင်းကင်ထက်သို့ဆန်တက်သွား၏။

ဖုတ်ကောင်ကြီးများကလည်း လှောင်အိမ်မှလွတ်လာသောသားရဲကောင်များအလား အပြင်းနှင်လာလေသည်။

သို့သော် နောက်ကျသွားလေပြီ။

အဂ္ဂိရတ်စခန်းထဲရှိ အဂ္ဂိရတ်ပညာရှင်များပင် လူဝင်စားရေးစွမ်းအင်များကိန်းအောင်းနေသော လှံတံဝဲဂယက်ကြီးကိုအချိန်မီတုံ့ပြန်ချိန်မရလိုက်ပေ။

ထိုဂမ္ဘီရဗိုလ်ချုပ်ကလည်း အဂ္ဂိရတ်စခန်းပေါ်ကို ဖိအားပေးလာပြန်သည်။ သူဟာ ညှာတာမှုမရှိတိုက်ခိုက်လာခြင်းဖြစ်၏။

အုန်း!

ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားချေသည်။

ထိုတစ်ခဏမှာ အဂ္ဂိရတ်စခန်းထဲ၌ ဝိညာဉ်ရေးရာချီစွမ်းအင်များပေါက်ကွဲသွားပြီး ဖုန်မှုန်များက နေရာအနှံ့ပျံ့လွင့်လာ၏။ ပြင်းထန်ကြမ်းတမ်းလှသော ဝိညာဉ်ရေးရာချီစွမ်းအင်များက လေထုထဲတွင် ဝရုန်းသုန်းကားသောင်းကျန်းနေသည်။

အဂ္ဂိရတ်စစ်စခန်းကတော့ လုံးဝဖျက်ဆီးခံလိုက်ရလေပြီ။ ဆေးဝါးပညာရှင်တစ်ယောက်သော်မှ မကျန်ရစ်ခဲ့ပေ။

ထိုအရာအားလုံးဖြစ်ပျက်ပြီးသွားမှသာ ရန်သူ့ဘက်ကစစ်ကူများ ရောက်ချလာသည်။ ချန်းယွမ်အထွတ်အထိပ်အဆင့်ပညာရှင်ဆယ်ယောက်ကျော်က သူတို့နှစ်ယောက်ကို ဝိုင်းထားလိုက်ကြသည်။

ဗိုလ်ချုပ်သံချပ်ကာဝတ်အမျိုးသားလည်း ရောက်ချလာပြီး ကြောက်မက်ဖွယ်ရာ အလောင်းကောင်ချီစွမ်းအင်များဖြင့်ပြည့်နှက်နေသော ဖုတ်ကောင်ကြီးကလည်း ဤနေရာသို့ဆင်းသက်လာလေပြီဖြစ်သည်။

နင်းချန်ရှင်းက အပြုံးလေးဖြင့်ပြောလိုက်သည်။

“လောလောဆယ်တော့ထွက်ပြေးလို့မရသေးဘူးထင်တယ်”

ဟုန်ရင်ကလည်း ပူပန်မှုမရှိသည့်အလား ပြုံးလိုက်မိသည်။ သူ(မ)၏မျက်နှာလှလှလေးထက်တွင် အကြောက်တရားကား အလျဉ်းမရှိ။

“အဆင်ပြေပါတယ်။ နင်က ချန်းယွမ်ပညာရှင်တွေကိုရင်ဆိုင်လိုက်။ ဖုတ်ကောင်တွေကိုတော့ ငါဖြေရှင်းလိုက်မယ်”

တစ်ဖက်လူက သူတို့ပြောစကားများကို ကြားသွားလေသည်။ ဗိုလ်ချုပ်သံချပ်ကာဝတ်အမျိုးသားမှာ ဒေါသထွက်လွန်း၍ ရယ်မောလိုက်မိသည်။

“မင်းတို့နှစ်ယောက်က ငါတို့ကိုယှဉ်နိုင်မယ်လို့ထင်နေတာလား”

“ဖုတ်ကောင်ကြီးရဲ့ခွန်အားအကြောင်းကိုတော့ကြားပြီးပြီမလား”

“အာကာသနတ်ဘုရားအလယ်အလတ်အဆင့်ဖြစ်တည်မှုကို မင်းတို့ဆန္ဒရှိသလို ရင်ဆိုင်နိုင်တယ်လို့များထင်နေတာလား”

ဟုန်ရင်က သူ့အတွက်နှင့် လေကုန်ခံမနေတော့ပေ။

ထိုအစား လူဝင်စားရေးလှံတံကိုစွဲကိုင်၍ ပေါ့ပါးစွာလှမ်းလိုက်ပြီးနောက် သူ(မ)လှမ်းလျှောက်လိုက်သည့်နေရာတိုင်းကို လှိုင်းတံပိုးများထသွားစေသည်။ ထို့နောက် ဖုတ်ကောင်ကြီးကို လှံတံဖြင့်ပစ်ခွင်းလိုက်၏။

ဗိုလ်ချုပ်သံချပ်ကာဝတ်အမျိုးသားခမျာ ထိုအခြင်းအရာကိုမြင်သောအခါ မျက်နှာပျက်သွားပေသည်။ ထို့နောက် သူ့လက်ကိုဝှေ့ယမ်းလိုက်လေသည်။

သူဟာ ချန်းယွမ်အဆင့်ပညာရှင်များကို ဖုတ်ကောင်ကြီးနှင့်အတူ ဟုန်ရင့်ကိုတိုက်ခိုက်စေချင်သည်။ အရည်အချင်းအကဲစမ်းဖို့လည်းမကြိုးစားချင်ပေ။ ငတုံးမှသာ ထိုကဲ့သို့သောဆုံးဖြတ်ချက်မျိုးကိုချလိမ့်မည်ဖြစ်၏။

ခြင်္သေ့တစ်ကောင်ပင်လျှင် ယုန်တစ်ကောင်ကိုဖမ်းဖို့ ခွန်အားကုန်ထုတ်သုံးနိုင်သေးသည်။ သို့မှသာ ဤကိစ္စကို ခပ်မြန်မြန်ဖြေရှင်းပစ်နိုင်ပြီး ပြဿနာမီးစများကိုလည်း ချန်မထားမိမှာဖြစ်၏။ သူလည်း ထိုနည်းတူပင်။

ချန်းယွမ်အဆင့်ပညာရှင်များ တိုက်ခိုက်တော့မည့်ဆဲဆဲမှာတင်….

စာပေပညာရှင်တစ်ဦးက သူတို့လမ်းကိုပိတ်ထားလိုက်သည်။ ထိုစာပေပညာရှင်လေး၏မျက်နှာထက်တွင် ညင်သာနူးညံ့သောအပြုံးတစ်ပွင့်ရှိနေလေသည်။

“ဆရာတူအစ်မက ကျွန်တော့်ကို ခင်ဗျားတို့ကိုတားခိုင်းထားတယ်”

“အဲ့ဒါကြောင့် သူ့ကိုသွားမနှောင့်ယှက်နဲ့”

ချန်းယွမ်အဆင့်ပညာရှင်တစ်ဦးက ဒေါသတကြီးအော်ဟစ်လိုက်သည်။

“မင်းကိုယ်မင်းဘာများထင်နေလဲကွ”

ဤသို့ဖြင့် သူလည်း သူ့လက်ဝါးစောင်းကိုရိုက်ချလိုက်သည်။

လက်ဝါးရာကြီးတစ်ခုက နင်းချန်ရှင်းကိုတိုက်ခိုက်လေတော့သည်။ နင်းချန်ရှင်းကမူ ထိတ်လန့်သွားခြင်းမရှိဘဲ စကားတစ်ခွန်းကိုရွတ်လိုက်ချေသည်။

“ဖိနှိပ်စေ”

ချိတ်ပိတ်အစီအရင်တစ်ခုက လက်ဝါးရာကြီးကိုဖိနှိပ်ထားလိုက်ပေသည်။ လူတိုင်းလည်း မှင်တက်သွားရှာသည်။

ဤစာပေပညာရှင်လေးက ဤမျှသန်မာလေသလား။ သူ့ခန္ဓာကိုယ်ထက်တွင် မည်သည့်အရှိန်အဝါမှမရှိတာ သေချာသည်။

နင်းချန်ရှင်းက အပြုံးလေးတစ်ပွင့်ဆင်မြန်၍ စကားဆိုလိုက်သည်။

“ဒီလမ်းကပိတ်ထားလိုက်ပြီ။ အားလုံးပဲ သွားနားကြတော့”

Comment

Leave a Reply

Options

not work with dark mode
Reset