Switch Mode

အခန်း (၁၆၈)

ချန်ရှင်းတော့ လမ်းမှားရောက်နေပြီထင်တယ်

ယဲ့ချိုးပိုင်၏စကားကိုကြားလိုက်ရပြီးနောက် လူတိုင်း ကောင်းကင်ထက်ကိုကြည့်လိုက်ကြ၏။

ပုံရိပ်နှစ်ခုကား အပြင်းနှင်လာလေသည်။

အနီရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသားနှင့်အမျိုးသမီးတို့နှစ်ဦးဖြစ်၏။ သူတို့နှစ်ယောက်၏မျက်နှာမှာ လှပသိမ်မွေ့ပြီး မျက်ဝန်းထဲတွင်လည်း သူရဲကောင်းအငွေ့အသက်များရှိနေချေသည်။

အမျိုးသမီးက စစ်မြေပြင်ထက်ရှိစစ်နတ်ဘုရားမအလား…။ အမျိုးသားကမူ စာအုပ်တောင်းတစ်ခုသယ်ဆောင်ထားပြီး စာပေပညာရှင်တစ်ဦးနှင့်တူလှသည်။ သူတို့မှာ ဟုန်ရင်နှင့်နင်းချန်ရှန်းပေတည်း။

ယဲ့ချိုးပိုင်ကရှေ့တိုးသွားလိုက်ပြီးပြုံးလိုက်မိသည်။

“မင်းတို့ဒီကိုဘာလို့ရောက်လာတာလဲ”

နင်းချန်ရှင်းက ညင်သာစွာပြုံး၍ပြောလေသည်။

“အခြေအနေသိပ်မကောင်းဘူးလို့ကြားလို့ လာကူညီပေးတာ”

ဟုန်ရင်ကလည်းဝင်ပြော၏။

“ကျွန်မက စုံစမ်းစရာလေးတစ်ခုရှိလို့”

ယဲ့ချိုးပိုင် ခေါင်းညိတ်လိုက်သည်။

“မင်းတို့ တကယ်ကိုအကူအညီဖြစ်ပါတယ်။ တိုက်ဆိုင်ချင်တော့ အခုလက်ရှိ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့အင်အားက မလုံလောက်ဘူး”

သူတို့ပြောဆိုနေသောစကားများအရ ထိုလူသုံးယောက်မှာ ဂိုဏ်းတူတပည့်ရောင်းရင်းများဖြစ်ကြောင်း သိလိုက်ရသည်။

ယဲ့ချိုးပိုင်မှာ အစွမ်းထက်လှသည်ဖြစ်ရာ သူ့ဆရာတူညီလေးညီမလေးများကလည်း အားနည်းနိုင်ဖွယ်ရာမရှိ။

သို့သော် လူတိုင်းကိုသိချင်စိတ်ဖြစ်စေသောအရာမှာ သူတို့၏ဆရာသခင်ဖြစ်သည်။

ဝူဒီရှီကလည်း ရှေ့ကိုအပြုံးလေးဖြင့်လျှောက်လာပြီး စကားဆိုလိုက်သည်။

“အကူအညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်”

“ဒါပေမဲ့ အချိန်ကအရမ်းအရေးကြီးနေလို့ တန်ပြန်တိုက်စစ်အကြောင်းဆွေးနွေးကြရအောင်”

ထို့နောက် အစီအရင်မျက်နှာပြင်ဆီသို့ အားလုံးလျှောက်လာလိုက်ကြသည်။

ထိုလူနှစ်ယောက်က ယဲ့ချိုးပိုင်၏ဆရာတူညီလေးညီမလေးများဖြစ်နေသည့်အတွက် မည်သူကမှ သူတို့ကိုသံသယမဝင်ကြချေ။

ထို့ပြင် ယခုလိုတိုက်ပွဲဖြစ်နေသည့်အချိန်မှာ အတွင်းရေးပဋိပက္ခဖြစ်နေဖို့လည်း မသင့်တော်လှချေ။ ထိုစည်းမျဉ်းကို အားလုံးနားလည်ထားကြသည်။ အစည်းအဝေးခန်းမထဲ၌ရှိနေသူတိုင်းမှာ ဒိတ်ဒိတ်ကြဲဂိုဏ်းဂဏများမှဂုဏ်ထူးဆောင်များဖြစ်ကြသည်။

ဟုန်ရင်က ရှေ့ကိုတိုး၍ တစ်ချက်ကြည့်လိုက်သည်။ ယဲ့ချိုးပိုင်ရှင်းပြတာကိုနားထောင်ပြီးသောအခါ အခြေအနေကို သူ(မ)နားလည်လိုက်လေပြီ။

ထို့ကြောင့် သူ(မ)အကြံပေးလိုက်သည်။

“ငါတို့အခုလိုအပ်နေတာ သတင်းအချက်အလက်ပဲ”

သတင်းအချက်အလက်…

သတင်းအချက်အလက်မရှိသည့်စစ်ပွဲမှာ အမှောင်ထဲကမျက်ကန်းတစ်ယောက်လိုပင်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် ကင်းထောက်များရှိသော်လည်း တစ်ဖက်ရန်သူ၏တိုက်ခိုက်မှုကိုခံရမည်စိုးသောကြောင့် သိပ်အဝေးကြီးလည်းမသွားရဲပေ။

အလားတူပင် နေမဝင်အင်ပါယာဘက်ကလည်း ချုံခိုတိုက်ခိုက်ခံရပြီးနောက်မှာ ကင်းထောက်အဖွဲ့တစ်ဖွဲ့ကို ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်း၏အပြင်ဘက်၌ နေရာချထားပြီးလောက်ချေပြီ။

သို့ဖြစ်လေရာ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းထဲကထွက်ခွါလာပါက တစ်ဖက်ရန်သူက သေချာပေါက်သိသွားကြပေလိမ့်မည်။

ဝူဒီရှီက ဟုန်ရင့်ကိုကြည့်ပြီးပြောလိုက်သည်။

“ငါတို့ရဲ့ကင်းထောက်တွေမှာ နယ်မြေအကန့်အသတ်ဆိုတာရှိသေးတယ်”

ဟုန်ရင်ကမူ အမှုမထားဟန်ဖြင့်ပြန်ပြောလိုက်သည်။

“စုံစမ်းဖို့ကိုကျွန်မတို့တာဝန်ထားလိုက်”

“မင်းတို့သုံးယောက်လား”

ဟုန်ရင်က နင်းချန်ရှင်းနှင့်ယဲ့ချိုးပိုင်တို့ကိုတစ်ချက်ကြည့်ပြီး ပြောလိုက်၏။

“ကျွန်မတို့သွားလို့ရတယ်”

“သတင်းအချက်အလက်မရှိဘူးဆိုရင် ဘာအစီအစဉ်မှချလို့မရဘူး”

ယဲ့ချိုးပိုင်ကလည်း ခေါင်းညိတ်ပြလိုက်၏။ သတင်းအချက်အလက်ချို့တဲ့ခြင်းနှင့် အင်အားကွာဟမှုက သူတို့အား အစီအစဉ်ချဖို့မဖြစ်နိုင်အောင်စွမ်းဆောင်နေချေသည်။

ထိုတစ်ချက်တည်းနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေနှင့် အရိုးကြေကြေအရေခမ်းခမ်းခုခံရုံသာတတ်နိုင်ပြီး လက်ဦးမှုရယူဖို့မဖြစ်နိုင်ချေ။

အားလုံးလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။

တစ်ဖက်လူမှာ ယဲ့ချိုးပိုင်၏ဆရာတူညီမလေးပင်။ ယုတ္တိရှိရှိပြောရမည်ဆိုလျှင် သူ(မ)က ယဲ့ချိုးပိုင်လောက်မသန်မာလောက်ချေ။

သို့သော် ထိုအမျိုးသမီးမှာ လုံးဝထိတ်လန့်ခြင်းမရှိ။ သူ(မ) ထိုစကားများကို ပြောလိုက်စဉ်က စုံစမ်းစစ်ဆေးရေးမှာအောင်မြင်လိမ့်မည်ဖြစ်ကြောင်းသေချာနေသည့်အလား သူ(မ)၏အမူအရာမှာ ထူးမခြားနားဖြစ်နေသည်။

မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်က သူ(မ)ကိုအကြံပေးလိုက်သည်။

“လူအင်အားထပ်လိုချင်သေးလား”

သူ့စကားနောက်ကွယ်ရှိအဓိပ္ပါယ်မှာ ရှင်းနေချေသည်။ မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်မှာ သူတို့၏ခွန်အားအပေါ် ယုံကြည်မှုရှိမနေချေ။

တစ်ဖက်ရန်သူ၏ပင်မအင်အားစုက သူတို့ကိုတွေ့သွားပါလျှင် တိုက်ပွဲအတွင်း မတော်တဆသေကြေပျက်စီးမှုများဖြစ်လာပေလိမ့်မည်။

ယဲ့ချိုးပိုင်ကလည်း အပြုံးလေးဖြင့်ပြန်တုံ့ပြန်လိုက်၏။

“မလိုပါဘူး။ ကျွန်တော်တို့သုံးယောက်တည်းနဲ့ရပါတယ်”

“လူတွေအများကြီးဆိုရင် ပစ်မှတ်ကပိုကြီးသွားပြီး မိဖို့ပိုလွယ်သွားလိမ့်မယ်”

ဟုန်ရင်က ယဲ့ချိုးပိုင်လို ပရိယာယ်ကြွယ်ဝမှုမရှိသဖြင့် တည့်တိုးဆိုလိုက်သည်။

“ခွန်အားသန်မာမှုမရှိဘဲလိုက်လာရင်လည်း ဝန်ထုပ်ဝန်ပိုးပဲဖြစ်နေမှာ”

ဟုန်ရင်က ရှေးခေတ်အခါက ဧကရီတစ်ပါးဖြစ်လေရာ တစ်ပါးသူ၏အတွေးများကို စာနာထောက်ထားစရာအကြောင်းမရှိပေ။

ယဲ့ချိုးပိုင်နှင့်နင်းချန်ရှင်းတို့မှာ တစ်ယောက်ကိုတစ်ယောက် ကူကယ်ရာမဲ့စွာကြည့်လိုက်မိကြသည်။

ရှိသမျှလူအပေါင်းလည်း ထိုစကားကိုကြားအပြီး မျက်မှောင်ကြုတ်လိုက်မိကြသည်။

ဒါက နည်းနည်းလေးမောက်မာနေတာမဟုတ်ဘူးလား…

တစ်စုံတစ်ယောက်က အကြံပြုလာလေသည်။

“မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်က မင်းတို့ကောင်းဖို့အတွက်ပြောနေတာပါ”

“ကျွန်မက အမှန်အတိုင်းပြောနေတာ”

အားလုံး မျက်နှာမပျက်ဘဲမနေနနိုင်ကြပေ။

မည်သို့ပင်ဖြစ်စေ သူတို့က ဂိုဏ်းဂဏအသီးသီး၏ဂုဏ်ထူးဆောင်များဖြစ်ကြလေရာ ဂျူနီယာလေးတစ်ယောက်ဆီက ခွန်အားသန်မာမှုမရှိဟုအပြောခံလိုက်ရသည့်အခါ မပျော်မရွှင်ဖြစ်သွားကြသည်မှာ သဘာဝကျလေသည်။

အခြေအနေသိပ်မဟန်တာကိုမြင်သော် ဝူဒီရှီက ချက်ချင်းပြေလည်အောင်ညှိပေးဖို့ကြိုးစားလာသည်။

“ကောင်းပြီ။ ဒါကစုံစမ်းစစ်ဆေးရေးလေးတစ်ခုပါပဲ။ ဘာမှဖြစ်မှာမဟုတ်ပါဘူး။ ချိုးပိုင်… ဒီတာဝန် မင်းတို့သုံးယောက်ကိုပေးလိုက်ပြီနော်”

ယဲ့ချိုးပိုင် ခေါင်းညိတ်လိုက်၏။

“ဒါဆို ချက်ချင်းထွက်ခွါကြတာပေါ့”

သူတို့သုံးယောက်အနေနှင့် ဘာမှပြင်ဆင်နေစရာမလိုပေ။

ဟုန်ရင်က သူတို့၏အရှိန်အဝါကိုဖုံးကွယ်ရန်အတွက် အဖိုးတန်ခြုံထည်များကိုထုတ်လိုက်ပြီး ယဲ့ချိုးပိုင်နှင့်နင်းချန်ရှင်းကိုပေးလိုက်သည်။ ၎င်း၏အဆင့်မှာ မနိမ့်လှပေ။

ဧကရီတစ်ယောက်အနေနှင့် သူ(မ)မှာ ထိုကဲ့သို့သောအဆင့်မျှတော့ရှိသည်သာ။

သူတို့သုံးယောက်လည်း ခြုံထည်ကိုခြုံလိုက်ပြီးနောက် ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းထဲက ခိုးထွက်လာခဲ့လိုက်ကြသည်။

ယဲ့ချိုးပိုင်က စကားဆိုလာလေသည်။

“နေမဝင်အင်ပါယာရဲ့စစ်တပ်သုံးခုက မြေလွှာကျွံချိုင့်ဝှမ်းတစ်ဖက်ခြမ်းမှာရှိတယ်”

ဟုန်ရင်ကလည်း ခေါင်းညိတ်၍ပြောလာလေသည်။

“စစ်ပွဲတွေမှာ ထောက်ပို့ရေးအဖွဲ့တွေလည်းရှိမှာပဲ”

“စစ်တပ်ရဲ့နောက်မှာ ဆေးဝါးသန့်စင်ပေးတဲ့နေရာတစ်ခု သေချာပေါက်ရှိလိမ့်မယ်”

“ငါတို့က အဲ့ဒီနေရာကိုဖျက်ဆီးရင်ရပြီ”

သူတို့နှစ်ယောက်သား မှင်တက်သွားချေသည်။

သူတို့က ကင်းထောက်ရုံသက်သက်ရောက်လာကြတာမဟုတ်လား။ ဘာလို့ ထပ်ပြီးချုံခိုတိုက်ခိုက်ရဦးမှာလဲ….

ဟုန်ရင်က အပြုံးလေးဖြင့်ပြောလိုက်သည်။

“ဆရာတူအစ်ကို ကျွန်မတို့ခွန်အားနဲ့ဆိုရင် စုံစမ်းထောက်လှမ်းရုံလောက်နဲ့မဖြစ်ဘူးလေ။ ဖြုန်းတီးရာကျသွားမှာပေါ့”

ယဲ့ချိုးပိုင် ခါးသက်သက်ပြုံးလိုက်လေသည်။

“မင်းပျော်ရင်ပြီးတာပါပဲ”

ဆရာတူညီမလေးနှင့်ပတ်သက်ပြီး သူတတ်နိုင်တာမရှိချေ။

သူတို့သုံးယောက်သားလည်း မြေရိုင်းလွင်ပြင်ဆီသို့ အလျင်မြန်ဆုံးအရှိန်ဖြင့်ဖြတ်လာကြသည်။ လမ်းတစ်လျှောက်တွင် နေမဝင်အင်ပါယာ၏ကင်းထောက်အဖွဲ့များကိုတွေ့ခဲ့သော်လည်း သတ်တော့မသတ်ခဲ့ချေ။

သူတို့ တစ်ဖက်ရန်သူကိုအသိမပေးလိုချေ။

ထိုအချိန်မှာ မြေလွှာကျွံချိုင့်ဝှမ်းတည်ရှိရာနေရာ၏တစ်ဖက်ခြမ်းမှာ ရန်သူ့စစ်စခန်းတည်ရှိ၏။

သူတို့ဟာ ချုံခိုတိုက်ခိုက်ခံလိုကိရသည့်အတွက် မှတ်သွားကြပြီဖြစ်၏။ ချုံခိုတိုက်ခိုက်ခံရသည့်အရေးကိုကာကွယ်ရန်အတွက် ဤနေရာတွင် အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းထားသည်။

ဟုန်ရင်က မလှမ်းမကမ်းမှလှမ်းကြည့်လိုက်သည်။

စစ်တပ်ထဲရှိလူများ၏ခန္ဓာကိုယ်မျက်နှာပြင်ထက်မှာ အနက်ရောင်အငွေ့များရစ်ပတ်ထားကြောင်း မြင်နေရလေသည်။

ထိုအခြင်းအရာကိုမြင်သော် ဟုန်ရင် မျက်မှောင်မကြုတ်ဘဲမနေနိုင်တော့ချေ။ ထိုကဲ့သို့သောနည်းလမ်းမျိုးမှာ Deja vuအလားပင်။

နင်းချန်းရှင်းမေးလိုက်သည်။

“အဲ့ဒီကိုဘယ်လိုသွားကြမလဲ”

ဟုန်ရင်က ပတ်ပတ်လည်ကိုကြည့်လိုက်သည်။ မြေလွှာကျွံချိုင့်ဝှမ်းကိုဖြတ်သန်းသွားရန်မှာ လေဟုန်စီးသွားရမည့်နည်လမ်းတစ်ခုသာရှိသည်။

တစ်ဖက်မှာလည်း ရန်သူ့ဘက်က ခြေလှမ်းငါးလှမ်းလှမ်းတိုင်း တစ်ကြိမ်သတိစွဲနေကြသည်။ သူတို့သာ လေဟုန်စီးနေပါက တစ်ဖက်လူများမြင်သွားမည်သာ။

ရုတ်ခြည်းပင် ဟုန်ရင်က ယဲ့ချိုးပိုင်ကိုလှည့်ကြည့်လိုက်သည်။ နင်းချန်ရှင်းကလည်း လှည့်ကြည့်လာ၏။

ယဲ့ချိုးပိုင်ခမျာ ကြက်သေသေသွားရလေသည်။ ရုတ်တရက်ကြီး ခံစားချက်များလည်းမကောင်းတော့ပေ။

“ဘာ.. ဘာလဲ”

ဟုန်ရင်ကပြုံးလျက်စကားဆိုလာချေသည်။

“ကျေးဇူးတင်ပါတယ် ဆရာတူအစ်ကို”

“တစ်ဖက်ရန်သူက အစ်ကို့ကိုပဲသိတာဆိုတော့ အစ်ကိုက အကောင်းဆုံးငါးစားတစ်ခုပဲ”

“မပူပါနဲ့။ အစ်ကိုက သူတို့ကိုမျှားခေါ်သွားပေးရုံပါပဲ”

ယဲ့ချိုးပိုင် : “…”

သူ့ဆရာတူညီမလေးက သူ့ကို လူလိုမဆက်ဆံဟု ဘာကြောင့်ထင်နေမိတာပါလိမ့်…

သို့သော်ငြား သူ(မ)စကားက အဓိပ္ပါယ်ရှိသဖြင့် မငြင်းနိုင်ချေ။

နင်းချန်ရှင်းကလည်း ခေါင်းညိတ်ပြ၍ဝင်ပြောလာသည်။

“ဆရာတူအစ်မပြောတာမှန်တယ်။ တစ်ဖက်ရန်သူက အစ်ကို့ကိုပဲသိတာလေ ဆရာတူအစ်ကို.. သူတို့က ကျွန်တော်တို့ကိုသိတာမဟုတ်ဘူး”

“အဲ့ဒါကြောင့် ဆရာတူအစ်ကို… ကျွန်တော်တို့ စစ်တပ်ထဲကိုဖောက်ဝင်နေတုန်း အစ်ကိုက ရန်သူတွေကိုမျှားခေါ်ပေးရလိမ့်မယ်။ ဒါက အလုံခြုံဆုံးနည်းလမ်းပဲ”

ယဲ့ချိုးပိုင်ခမျာ ရယ်ရအခက် ငိုရအခက်ပင်။

“ချန်ရှင်း… ငါအခုလေးတင်မှသဘောပေါက်လိုက်တာ… မင်းတော့ လမ်းမှားရောက်နေပြီ”

နင်းချန်ရှင်းလည်း ခေါင်းတကုတ်ကုတ်လုပ်လိုက်လေသည်။

“အဲလိုလား”

ထိုမြင်ကွင်းကိုကြည့်ရင်း ဟုန်ရင်တစ်ယောက်ကတော့ ပြုံးနေမိသည်။

သူ့ဆရာတူမောင်လေးမှာ မျက်နှာနှစ်ဖက်ရှိပုံရလေသည်။

ထိုစကားကိုကြားသော် ယဲ့ချိုးပိုင်လည်း ခါးသက်သက်ပြုံး၍ပြောလိုက်ရသည်။

“ကောင်းပြီ ကောင်းပြီ ကောင်းပြီ။ ငါလုပ်ပါ့မယ်။ အချိန်ကျလာရင်သာ အထဲကိုခိုးဝင်ဖို့အခွင့်အရေးရှာကြ”

ဤသို့ဖြင့် ယဲ့ချိုးပိုင်လည်း မှော်နက်မိစ္ဆာဓားကိုဆွဲထုတ်လိုက်ပြီး လက်ဝါးကိုလှန်လိုက်၏။

ဓားသွားပိုင်နက်နယ်မြေလည်း အသက်ဝင်လာလေသည်။

တစ်ချိန်တည်းမှာပင် ဓားဆန္ဒမြစ်ပြင်ကြီးပေါ်ကိုခြေချလိုက်ပြီး လေထဲတွင်ဝဲနေချေသည်။ ထို့နောက် သူ့လက်ထဲရှိမှော်နက်မိစ္ဆာဓားကို လွှဲယမ်းလိုက်သည်။

မှော်နက်ဓားချက်တစ်ချက်မှာ မြေလွှာကျွံချိုင့်ဝှမ်း၏တစ်ဖက်ခြမ်းဆီသို့ ကျရောက်သွားလေတော့သည်။

“ရန်သူ အလစ်ဝင်တိုက်နေပြီ”

Comment

Leave a Reply

Options

not work with dark mode
Reset