Switch Mode

အခန်း (၁၆၇)

စံအိမ်တော်ထံမှအကူအညီရောက်လာခြင်း

ဟူချင်းကား ဆွံ့အနေရှာသည်။

တခြားလူတစ်ယောက်သာဆိုလျှင် မိမိတပည့်က ယခုလိုဂုဏ်ယူဖွယ်ကောင်းသောအောင်မြင်မှုမျိုး ဆွတ်ခူးနိုင်ခဲ့သည်ဟူသောသတင်းမျိုးကြားပါက ပြုံးပန်းဝေနေလိမ့်မည်သာဖြစ်၏။

သို့သော် လုချန်ရှန်းကတော့ဖြင့် “ငါ့ကိုသာပြဿနာလာမပေးရင်ရပြီ”တဲ့လား။

ထင်ထားသည့်အတိုင်းပင် ဤမျှထူးချွန်သောတပည့်တစ်ယောက်ကို သွန်သင်ပြသပေးနိုင်သူတစ်ယောက်၏စိတ်နေစိတ်ထားမှာ စင်စစ်ထူးကဲလှ၏။

ဟူချင်းလည်း ကူကယ်ရာမဲ့စွာပြောလိုက်မိသည်။

“ဒါပေမဲ့ အဲ့လိုဆိုရင်တောင်မှ အဲ့ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး သိပ်စိတ်ချထားလို့မရဘူး။ နေမဝင်အင်ပါယာရဲ့ခွန်အားအကုန်စုပေါင်းလိုက်ရင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ထက် ပိုသန်မာနေတုန်းပဲ”

တိုက်ခိုက်ရေးခွန်အားများကိုစုပေါင်းလိုက်ပါက နေမဝင်အင်ပါယာ၏ခွန်အားမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

သတင်းထဲကအတိုင်းဆိုလျှင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ထဲရှိ အသန်မာဆုံးပုဂ္ဂိုလ်ဖြစ်သော ယွင်ကျင်းပင်လျှင် အပြင်းအထန်ဒဏ်ရာရထားလေသည်။

သူတို့ဘက်က လူအင်အားရောခွန်အားပါ ချို့တဲ့နေသည်။

လုချန်ရှန်း ဘာမှမပြောတော့ပေ။

ထိုအချိန်တွင် နင်းချန်ရှင်းတစ်ယောက် သူ၏တံခါးပိတ်ကျင့်ကြံမှုကို အပြီးသတ်ပြီး အပြင်ကိုထွက်လာခဲ့သည်။ သူတို့ပြောနေသောစကားများကိုကြားသည့်အခါ ခဏမျှတွေးတောနေပြီးနောက် စကားဆိုလာလေ၏။

“ဒါဆို ဆရာတူအစ်ကို့ကို ကျွန်တော်သွားကူညီလိုက်မယ်”

ဟူချင်းက နင်းချန်ရှင်းကိုကြည့်၍ပြုံးလိုက်ပေသည်။

“ဒါဆိုရင်အကောင်းဆုံးပဲပေါ့”

နင်းချန်ရှင်းကလည်း ခွန်အားနည်းလှသူမဟုတ်။ သူ့မှာ ကျင့်ကြံရေးအဆင့်မရှိသည့်တိုင် သူပိုင်ဆိုင်ထားသောကွန်ဖြူးရှပ်တာအိုကတော့ အလွန်အမင်းအဖိုးထိုက်တန်လှသည်။

နင်းချန်ရှင်းမှာ တည်ငြိမ်အေးဆေးပြီး လောကီအရေးကိစ္စများနှင့် ကင်းကွာနေဟန်တူသော်ငြား သူသည်လည်း အကြင်နာမဲ့ရက်စက်တတ်သောလူမျိုးသာဖြစ်၏။

ထိုစဉ်တုန်းက ဗုဒ္ဓဂိုဏ်းတော်ကို သူတိုက်ခိုက်ခဲ့သည့်အတွက် တစ်ဖက်မှာ အင်အားအမြောက်အများဆုံးရှုံးသွားခဲ့သည်။ ဟူချင်းလည်း ထိုအကြောင်းကိုသိထားပြီးဖြစ်၏။

ဗုဒ္ဓဂိုဏ်းတော်မှာ မည်သို့သောအင်အားမျိုးပိုင်ဆိုင်ထားလေသလဲ။

တိုက်နယ်တစ်ခွင်လုံးတွင် သူတို့၏တပည့်သာဝကများရှိပြီး သူတို့ကိုယ်တိုင်က ပို၍ပင်ဆန်းကြယ်ပြီးအစွမ်းထက်လှပေ၏။ ဘယ်ဂိုဏ်းကမှ သူတို့ဗုဒ္ဓဂိုဏ်းတော်နှင့်ရန်သူမဖြစ်လိုကြပေ။ အလယ်ပိုင်းဒေသရှိ ဂိုဏ်းတော်ကြီးများလည်းထိုနည်းလည်းကောင်းပင်။

အကယ်၍ နင်းချန်ရှင်းသာစစ်ကူသွားလိုက်ပါက မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့၏ဝန်ထုပ်ဝန်ပိုးကို ဖြေလျှော့ပေးနိုင်ပေလိမ့်မည်။

ဝါးကုလားထိုင်ပေါ်တွင် လဲလျောင်းနေသောလုချန်ရှန်းခမျာ ကူကယ်ရာမဲ့စွာပြောလာလေသည်။

“ရတာပေါ့ ဒါပေမဲ့ ပြဿနာသာမရှာနဲ့”

ဤတပည့်အုပ်စု အပြင်ထွက်သွားလေတိုင်း ပြဿနာတစ်ခုခုကတော့ပေါ်ပေါက်တတ်သည်သာဖြစ်၏။

အဆုံးကျလျှင် ထိုအရှုပ်များကို သူကလိုက်ရှင်းပေးရသည်သာ။

အချို့ဂိုဏ်းများဆိုလျှင် သူ့ဖြစ်တည်မှုကိုသိရှိပြီးသွားကြလေပြီ။ လုချန်ရှန်းအနေနှင့် အခြားသူများ သူ့ကိုသတိထားမိသွားမည်ကို မလိုလားပေ။ သို့မဟုတ်ပါလျှင် ဒုက္ခများရချေရော့မည်။

နင်းချန်ရှင်း ပြုံးလျက်စကားဆိုလာ၏။

“စိတ်မပူပါနဲ့ ဆရာ။ ဘာမှဖြစ်မှာမဟုတ်ပါဘူး”

ထိုစကားကိုကြားသော် လုချန်ရှန်းခမျာ နှုတ်ခမ်းကိုတွန့်ကွေးလိုက်မိတော့သည်။

ဒီကလေးကတော့….

အစကမူ သူထင်ထားသည်မှာ နင်းချန်ရှင်းက ပြဿနာအကင်းဆုံးတပည့်တစ်ယောက်ဟုပင်။

အဆုံးမှာမူ သူက ဗုဒ္ဓဂိုဏ်းတော်နှင့်ထိပ်တိုက်တွေ့ခဲ့ပြီး မိုးမြေပျက်စီးလုမတတ်သော အကြီးမားဆုံးပြဿနာကိုသယ်ဆောင်လာခဲ့သည်။

သို့သော် အခြားဘာမှပြောစရာမရှိပေ။

ဒီကလေးတွေကို ဘယ်သူကများ တပည့်အဖြစ်အတင်းအကျပ်လက်ခံခိုင်းခဲ့လို့လဲ…

လုချန်ရှန်း သက်ပြင်းရှည်ကြီးသာချလိုက်မိတော့သည်။

ဟူး ဘယ်လိုဝဋ်ကြွေးမျိုးပါလိမ့်…

တစ်ယောက်မှ သူ့ကို စိတ်အေးလက်အေးနေခွင့်မပေးကြပါလား…

ဟုန်ရင်က ထိုအဖြစ်ကိုမြင်သောအခါ မရယ်ဘဲမနေနိုင်ချေ။

“ဒါဆို ကျွန်မလည်းသွားမယ်”

“မင်းလည်းသွားမှာလား”

လုချန်ရှန်း မျက်လုံးပြူးသွားရချေသည်။

ဟုန်ရင်က ခေါင်းညိတ်ပြ၍ အသံခပ်နိမ့်နိမ့်ဖြင့်ပြောလိုက်သည်။

“ကျွန်မ အတည်ပြုစရာကိစ္စတစ်ခုရှိလို့ပါ”

“နေမဝင်အင်ပါယာဘက်မှာ ဖုတ်ကောင်တွေရှိတယ်ဆိုပေမဲ့ အဲ့ဒီဖုတ်ကောင်ဖန်တီးရေးနည်းဗျူဟာက ရှေးခေတ်တုန်းကပဲရှိခဲ့တာလေ”

ဖုတ်ကောင်ဖန်တီးရေးနည်းဗျူဟာမှာ လူမဆန်ဘဲ အလွန်ရက်စက်လှသည်။

ဖုတ်ကောင်များအားအသက်သွင်းနေသော ယုတ်မာရက်စက်သည့်ကျင့်ကြံသူအုပ်စုကို အမြစ်ဖြတ်ချေမှုန်းရန်အမိန့်ပေးခဲ့သူမှာလည်း ဟုန်ရင်ကိုယ်တိုင်ဖြစ်၏။

သို့တိုင် ဖုတ်ကောင်တစ်ကောင်မှာ ထပ်ပေါ်လာပြန်လေပြီ။ ထို့ကြောင့် သူ(မ)လည်း ဝင်မပါဘဲမနေနိုင်တော့ချေ။

ထိုမကောင်းဆိုးဝါးကျင့်ကြံသူများ၏အမွေအနှစ်ကိုရရှိခဲ့သူမှာ မည်သူလေလဲ။

ထိုကဲ့သို့သောလူမျိုးကို မြန်နိုင်သမျှမြန်မြန်ရှင်းထုတ်ရမည်။ သို့မဟုတ်ပါက ဤပြည်မကြီးတစ်ခုလုံး ကံဆိုးမိုးမှောင်ကျပြီး ပျက်စီးကြရလိမ့်မည်သာ။

လုချန်ရှန်းလည်း သဘောတူရုံအပြင်မရှိတော့ပေ။

ဟူချင်းကတော့ ပြုံးပန်းဝေလျက် စကားဆိုလာလေသည်။

“ဟုန်ရင်ပါလိုက်မယ်ဆိုရင်အကောင်းဆုံးပေါ့”

ဟုန်ရင်၏ခွန်အားကိုလည်း သူမြင်တွေ့ထားပြီးဖြစ်၏။

ထိုစဉ်တုန်းက သူ(မ)ဟာ နယ်မြေလေးခုအဆင့်သတ်မှတ်ချက်စာရင်း၏ထိပ်ဆုံးပိုင်းရှိ အထိန်းတော်မင်ကိုပင် ဖိနှိပ်နိုင်ခဲ့သည်။ ယခု သူ(မ)၏ခွန်အားမှာတိုးတက်လာပြီဖြစ်ရာ ပို၍ပင်ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်သာ။

လုချန်ရှန်းက သူ့လက်ကိုဝှေ့ယမ်းလျက် စိတ်မရှည်လက်မရှည်ပြောလိုက်ချေသည်။

“ကောင်းပြီ ကောင်းပြီ ကောင်းပြီ။ သွားချင်တယ်ဆိုလည်း မြန်မြန်သွားကြ။ ငါ့ကို စိတ်မသက်မသာဖြစ်အောင်မလုပ်နဲ့”

ဟုန်ရင်နှင့်နင်းချန်ရှင်းတို့လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ပြုံးလိုက်မိသည်။ ထို့နောက် လုချန်ရှန်းကိုအရိုအသေးပေး၍ စံအိမ်တော်မှထွက်ခွါလာခဲ့သည်။

မုဝမ်အာကတော့ လိုက်မသွားသော်ငြား သူ(မ)၏သိုလှောင်ရေးလက်စွပ်နှစ်ကွင်းကိုထုတ်ပြီး ဟုန်ရင့်ကိုပေးလိုက်၏။ ထိုသိုလှောင်ရေးလက်စွပ်ထဲတွင် သူ(မ)ကိုယ်တိုင်ဖော်စပ်ထားသော အားဖြည့်ဆေးများရှိသည်။

သူ(မ)၏ခွန်အားက သိပ်မခိုင်မာပေ။ သို့သော် အဂ္ဂိရတ်စွမ်းရည်ကတော့ ကြောက်မက်ဖွယ်ကောင်းသောအရှိန်ဖြင့် တိုးတက်နေချေသည်။

စံအိမ်တော်ရှိတပည့်များအားလုံး သူ(မ)၏ခွန်အားစိုက်ထုတ်မှုကို မြင်ထားကြသည်။ လုချန်ရှန်းလည်း ထိုနည်းတူပင်။

တစ်ဖက်မှာတော့ မုကျီချင်းခမျာ တိုက်ခိုက်ရေးအတွေ့အကြုံမရှိရှာပေ။ ဤတိုက်ပွဲမှာ အလွန်အရေးကြီးလှသည်ဖြစ်ရာ သူတစ်ပါးကို ဒုက္ခမများစေချင်ပေ။

သို့သော် ယဲ့ချိုးပိုင်ကိုတတ်နိုင်သမျှကူညီပေးရန်အတွက် သူ(မ)၏တိုက်ခိုက်ရေးအတွေ့အကြုံကိုလေ့ကျင့်ရန် မှော်ဝင်သားရဲများစတင်ရှာဖွေပါတော့သည်။

လုချန်ရှန်းက သူတို့ထွက်သွားရာနေရာကိုလှမ်းကြည့်လိုက်ပြီး စိတ်ထဲကကျိတ်၍သက်ပြင်းချလိုက်မိသည်။

သူ ထိုသို့ပြောလိုက်သည့်တိုင် နည်းနည်းတော့စိုးရိမ်မိဆဲပင်။ စစ်ပွဲဆိုသည်မှာ ကလေးကစားစရာကိစ္စမဟုတ်ချေ။

ကမ္ဘာမြေဆီမှကူးပြောင်းလာခဲ့သောသူက ထိုအကြောင်းကို ပို၍ပင်နားလည်သေးသည်။ ၎င်းမှာ အလွန်အမင်းရက်စက်ကြမ်းကြုတ်လှသည်။

မုဝမ်အာက တခစ်ခစ်ရယ်လိုက်၏။

“ဦးလေး.. စိတ်ပူနေတယ်ဆိုရင်လည်း လိုက်သွားပြီး မျက်စိအောက်ကအပျောက်မခံနဲ့လေ”

လုချန်ရှန်းက နှာမှုတ်လျက်ပြောလာလေသည်။

“ငါသွားဖို့ကမလွယ်ဘူး။ ခဏလောက်နားနေလို့ရတဲ့ဟာကို ဘာလို့သွားခိုင်းနေတာလဲ”

ဤသို့ဖြင့် သူ တစ်ဖက်ကိုလှည့်ကာ အခန်းထဲကိုပြန်သွားသည်။

သို့သော် မုဝမ်အာနှင့်မုကျီချင်းတို့ သဘောမပေါက်လိုက်ခင်မှာတင် အရိပ်တစ်ခုဟာ စံအိမ်တော်ထဲက တိတ်တဆိတ်ထွက်ခွါပြီး မြောက်ပိုင်းကိုဦးတည်သွားလေတော့သည်။

မြင်ကွင်းကား ပြောင်းလဲသွားလေသည်။

ထိုအချိန်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာ ရှေ့ဆက်လုပ်ရမည့်အရာများကိုတိုင်ပင်ဆွေးနွေးနေကြသည်။

ဝူဒီရှီက လေးနက်နေသောအမူအရာဖြင့် အစီအရင်မျက်နှာပြင်ဘေးတွင် မတ်တတ်ရပ်ပြီး ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းကို လက်ညှိုးညွှန်ပြနေပေသည်။

“ချုံခိုတိုက်ခိုက်မှုက အကျိုးသက်ရောက်မှုကောင်းသွားတော့ နေမဝင်အင်ပါယာဘက်က သူတို့တပ်သားတွေကိုစုစည်းပြီး အနားယူခိုင်းဖို့ နှစ်ရက်သုံးရက်လောက်အချိန်ယူလိမ့်မယ်”

“ကဲ… အဲ့ဒီနှစ်ရက်အတွင်းမှာ ငါတို့လည်း ဒီတိုင်းထိုင်ပြီး ဘာမှမလုပ်ဘဲနေနေလို့မရဘူး။ အဲ့လိုသာဆိုရင် သူတို့ကိုချုံခိုတိုက်ခိုက်တာအလကားပဲ”

သူတို့အားလုံး ခေါင်းညိတ်ထောက်ခံ့လိုက်ကြသည်။

သူတို့ အောင်ပွဲဆင်နိုင်ခဲ့သော်ငြား အခြေအနေကိုပြောင်းပြန်လှန်ပစ်ဖို့တော့ မလုံလောက်သေးပေ။

မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ခွန်အားက နေမဝင်အင်ပါယာထက်အားနည်းနေဆဲပင်။

မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်က စကားစလာလေသည်။

“”ဒီတော့ အခု ကျုပ်တို့ဘာလုပ်ကြမလဲ”

ဝူဒီရှီက ခဏမျှတွေးတောကြည့်ပြီးနောက် ပြန်ဖြေလာသည်။

“အရင်ဆုံး ဒီနှစ်ရက်အတွင်း ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းထဲမှာ အစီအရင်တွေဆက်ချထားရမယ်”

“တစ်ချိန်တည်းမှာပဲ အဂ္ဂိရတ်ပညာရှင်တွေက အားဖြည့်ဆေးတွေနဲ့ ပေါက်ကွဲရေးဆေးဝါးတွေကို အရှိန်မြှင့်ပြီး ထုတ်လုပ်ရမယ်”

အနောက်နားရှိအဂ္ဂိရတ်ပညာရှင်တစ်ဦးက ခေါင်းညိတ်လျက်ပြောလာသည်။

“ကျွန်တော်လုပ်နေပါပြီ”

ဝူဒီရှီကလည်း ခေါင်းပြန်ညိတ်ပြလိုက်၏။

မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်က အနောက်ဘက်မှာရပ်နေသောယဲ့ချိုးပိုင်ကိုကြည့်၍ မေးလိုက်သည်။

“လူငယ်လေးယဲ့.. တခြားနည်းလမ်းများရှိသေးလား”

ယဲ့ချိုးပိုင်ခမျာ မှင်တက်သွားရလေသည်။ အစကမူ သူ့အစီအစဉ်ကို မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်က သံသယဝင်ခဲ့ဖူးသည်။ ယခုတော့ဖြင့် သူ့ဘက်ကပင် စမေးလာလေပြီ။

လူတိုင်းလည်း ယဲ့ချိုးပိုင်ကိုကြည့်နေကြသည်။

ကြည့်ရပုံထောက်သော် ချုံခိုတိုက်ခိုက်မှုပြီးကတည်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့ထဲတွင် ယဲ့ချိုးပိုင်၏သြဇာတိက္ကမက သိသိသာသာမြင့်တက်လာခဲ့ပုံပင်။

ဝူဒီရှီကလည်း ပြုံးလျက်ပြောလာ၏။

“စိတ်ကူးတစ်ခုလောက်ပြောပါဦး”

ယဲ့ချိုးပိုင်က ရှေ့ကိုလျှောက်လာပြီး အစီအရင်မျက်နှာပြင်ကိုကြည့်၍ အတွေးနက်သွားချေသည်။

မည်သူမှ သူ့ကိုမနှောင့်ယှက်ကြပေ။ သူတို့ကြားရှိခွန်အားကွာခြားမှုမှာ ကြီးလွန်းလှပေသည်။

တစ်ကြိမ်ချုံခိုတိုက်ခိုက်ခံရပြီးနောက်တွင် တစ်ဖက်ရန်သူလည်း သတိကြီးကြီးထားနေချေပြီဖြစ်လေရာ ဒုတိယအကြိမ်တိုက်ခိုက်ဖို့မှာ လက်တွေ့မဆန်တော့ပေ။

ထို့ကြောင့် နောက်ထပ်အံ့အားသင့်ဖွယ်လှုပ်ရှားမှုတစ်ရပ်လုပ်ဖို့ရန်မှာ အလွန်ခက်ခဲသွားလေပြီဖြစ်၏။

ယဲ့ချိုးပိုင်လည်း ခါးသက်သက်ပြုံးလျက်ပြောလိုက်သည်။

“ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းက ခုခံဖို့လွယ်ပြီး တိုက်ခိုက်ဖို့ခက််တယ်ဆိုပေမဲ့ ဒီနေရာမှာပဲ ဇာချဲ့နေဖို့အတွက်လည်း ခက်ခဲတယ်လေ”

“ကျွန်တော့်ခွန်အားနဲ့မလုံလောက်ဘူး။ အထွတ်အထိပ်အဆင့်ပညာရှင်နည်းနည်းလောက်ထပ်ရလိုက်ရင် လုပ်ရကိုင်ရတာလွယ်ကူသွားမှာ”

ထိုစကားကိုကြားသော် လူတိုင်းလည်း ခါးသက်သက်အပြုံးဖြင့် ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

သို့သော် ထိုအခိုက်အတန့်လေးမှာပင် ယဲ့ချိုးပိုင်က အပြင်ဘက်ကို ရုတ်တရက်လှမ်းကြည့်လိုက်သည်။ ထိုနေရာမှတစ်ဆင့် အရှိန်အဝါနှစ်ခုအပြင်းနှင်လာချေသည်။

ယဲ့ချိုးပိုင်ပြုံး၍ စကားဆိုလိုက်သည်။

“မင်းတို့တွေက တကယ့်ကိုအချိန်ကိုက်ရောက်ချလာတာပဲ”

Comment

Leave a Reply

Options

not work with dark mode
Reset