မြောက်ပိုင်းဒေသရှိစစ်ပွဲအကြောင်းဟာ တိုက်နယ်ကြီးတစ်ခုလုံးအနှံ့ ပျံနှံ့သွားခဲ့သည်။ ထိုတိုက်ပွဲများအကြား ချုံခိုတိုက်ခိုက်မှုက အောင်မြင်မှုကြီးကြီးမားမားရရှိခဲ့သည်။
နေမဝင်အင်ပါယာ၏တိုက်ခိုက်မှုကို နှောင့်နှေးအောင်လုပ်နိုင်ခဲ့ရုံသာမက အင်အားယုတ်လျော့နေခဲ့သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ကိုလည်း ကယ်တင်နိုင်ခဲ့သည်။
ထိုအချက်နှစ်ချက်ကြောင့် ချုံခိုတိုက်ခိုက်ခြင်း၏အောင်မြင်မှုကို သတိမပြုမိဘဲမနေပေ။
သို့ဖြစ်လေရာ ချုံခိုတိုက်ခိုက်ခြင်းမှာ မည်သူ့အကြံဖြစ်ပြီး ထိုအကြံကိုဖော်ဆောင်သူမှာ မည်သူနည်း။
အမှန်တရားကိုမသိကြသည့်နယ်လှည့်ကျင့်ကြံသူတချို့ကတော့ ထိုလူမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ခေါင်းဆောင်၊ မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်၏ကျောင်းအုပ် ဝူဒီရှီဖြစ်သည်ဟုထင်ကြသည်။
သို့သော် သတင်းပြန့်သွားချိန်မှာတော့ ချံခိုတိုက်ခိုက်ရေးကိုအကြံပြုပြီး ထိုအစီအစဉ်ကို လက်တွေ့ဖော်ဆောင်သူမှာ တစ်ဦးတည်းဖြစ်ကြောင်း သိလိုက်ရသည်။
ထို့ပြင် ထိုလူမှာ ယဲ့ချိုးပိုင်ဟုခေါ်သော လူငယ်ဓားသိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည်။
လူတိုင်း ထိတ်လန့်သွားကြကုန်၏။
နယ်လှည့်ကျင့်ကြံသူများအကြား ယဲ့ချိုးပိုင်၏နာမည်ထွက်လာခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်၏။ သူ့အကြောင်းကိုလည်း ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်။
ဤလူငယ်ကျင့်ကြံသူလေးမှာ ရေအလျဉ်ပြည့်လျှံရေးနှောင်းပိုင်းအဆင့်မျှသာရှိသေးသော်လည်း ထိုကဲ့သို့အထမြောက်အောင်မြင်စေခဲ့သောဗျူဟာမျိုးကို ဖန်တီးနိုင်ပေသည်။
လုပ်ငန်းစဉ်ကား အသေးစိတ်မကျနသော်ငြား သူသည် ရေအလျဉ်ပြည့်လျှံရေးနှောင်းပိုင်းအဆင့်မျှဖြင့် ထိုအစီအစဉ်ကိုအကြံပြုကာ အသင်းကိုဦးဆောင်ဦးရွက်ပြု၍ အောင်မြင်မှုကိုဆွတ်ခူးနိုင်ခဲ့သည်။
ဤမျှဖြင့် အခြေအနေကိုရှင်းပြဖို့လုံလောက်လေသည်။
ပထမဆုံးပါဝင်ဆင်နွှဲသည့် ပွဲဦးထွက်တိုက်ပွဲမှာတင် ယဲ့ချိုးပိုင်၏နာမည်ဟာ အများသူငါအကြား လုံးဝထိုးဖောက်နိုင်ခဲ့သည်။ လူတိုင်း သူ့အကြောင်းသိသွားကြသည်။
တစ်ချိန်တည်းမှာပင် ထိုကဲ့သို့အစွမ်းထက်လှသောလူမျိုးက တောင်ပိုင်းဒေသလိုနေရာမျိုးတွင်ရှိနေကြသည့်အကြောင်းကိုပါ ခန့်မှန်းချက်ထုတ်လာကြသည်။ သူ့နောက်ကွယ်တွင် အစွမ်းထက်ဆရာသခင်တစ်ဦးရှိရပေလိမ့်မည်ဟုလည်း မှန်းဆနေကြလေသည်။
သူ့ဆရာက ဘယ်သူလဲဆိုသည်ကိုတော့ မည်သူမှမသိကြပေ။ သိမှသာ ထူးဆန်းနေလိမ့်မည်ဖြစ်၏။
ထိုအချိန် အလယ်ပိုင်းနယ်မြေရှိ လျှို့ဝှက်ဓားသွားဂိုဏ်းတွင်…
လင်းရူဖုန်းလည်း ထိုသတင်းကိုကြားသိပြီးဖြစ်၏။ သူရထားသည့်သတင်းမှာ အပြင်၌ပြန့်နေသောသတင်းထက် ပိုတိကျပေသည်။ သူသည် ချုံခိုတိုက်ခိုက်မှုနှင့်ပတ်သက်သမျှအသေးစိတ်ကို သိထားသည်။
ထိုသတင်းကိုရပြီးပြီးချင်း၌ လင်းရူဖုန်းခမျာ အတော်ကြာသည်အထိကြက်သေသေသွားရသည်။ ထို့နောက်မှာတော့ တခစ်ခစ်ရယ်မော၍ ခေါင်းခါယမ်းနေမိသည်။
“ဘိုးဘေးက သူ့ကိုရွေးချယ်ခဲ့တာမအံ့သြတော့ပါဘူး။ သူက တကယ့်ပါရမီရှင်အစစ်ပဲ”
“ဒီနေ့ခေတ်မှာ ဓားသိုင်းပညာရှိတွေပေါ်မလာတာကြာပြီ”
“ဒီခေတ်ရဲ့မဟာတိုက်ပွဲမှာ ဓားသိုင်းပညာရှိဖြစ်လာနိုင်ခြေအရှိဆုံးကတော့ ယဲ့ချိုးပိုင်ပဲ”
လင်းရူဖုန်း တဒင်္ဂမျှအတွေးများနေချိန်မှာ လူတစ်ယောက်ရောက်ချလာလေရာ သူ မေးခွန်းထုတ်လိုက်သည်။
“နေမဝင်အင်ပါယာရဲ့ဘုရင်က လျှို့ဝှက်တာအိုကျောင်းတော်နဲ့ထိပ်တိုက်တွေ့နေတာလား”
အကြီးအကဲက ခေါင်းညိတ်ပြလေသည်။
လင်းရူဖုန်းက လက်နောက်ပစ်၍ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
“ဒါဆို လျှို့ဝှက်တာအိုကျောင်းတော်ကိုကူညီပြီး နေမဝင်အင်ပါယာကိုဖိအားပေးကြတာပေါ့”
အကြီးအကဲခမျာ မှင်တက်သွားလေသည်။
ကြည့်ရပုံထောက်သော် ယဲ့ချိုးပိုင်၏လုပ်ရပ်က လင်းရူဖုန်းကို အပြည့်အဝဆွဲဆောင်လိုက်နိုင်ပုံပင်။
ဘေးကစောင့်ကြည့်နေရန်စီစဉ်ထားသော လျှို့ဝှက်ဓားသွားဂိုဏ်းမှာ တိုက်ပွဲထဲသို့ဝင်ရောက်လာပေသည်။ ထို့ပြင် လျှို့ဝှက်တာအိုကျောင်းတော်ဘက်ကပင် လောင်းကြေးထပ်ထားလိုက်သေးသည်။ လင်းရူဖုန်းတစ်ယောက် ယဲ့ချိုးပိုင်ကို မည်မျှအထိမျှော်လင့်ထားကြောင်း သိသာလှသည်။
အကြီးအကဲက ထိုစကားကိုကြားသောအခါ စီစဉ်စရာရှိသည့်အရာများ သွားစီစဉ်လေတော့သည်။
တစ်ဖက်တွင်မူ လျှို့ဝှက်တာအိုပင်မကျောင်းတော်၌ ကျောင်းအုပ်ယန်က တောအုပ်ထဲရှိကျောက်သားထိုင်ခုံထက်တွင်ထိုင်၍ လက်ဖက်ရည်သောက်နေချေသည်။
သူ့ရှေ့မှာတော့ ပျက်စီးဆွေးမြည့်နေသောအရှိန်အဝါဖြင့် လူအိုကြီးတစ်ယောက်ထိုင်နေပြီး ထိုလူ၏ခေါင်းထက်တွင်လည်း ဆံပင်တစ်မျှင်မှမရှိပေ။ သူ့ဦးခေါင်းထိပ်၌ အညိုရောင်အစက်အပြောက်များလည်းရှိနေသေးသည်။
ခေါင်းဆောင်ယန်က လက်ဖက်ရည်ကို ခပ်ဖြည်းဖြည်းချလိုက်ပြီး ထိုလူအိုကြီးကိုကြည့်လိုက်သည်။ ထို့နောက် ပေါ့ပေါ့ပါးပါးစကားဆိုလာ၏။
“နေမဝင်အင်ပါယာရဲ့အစွမ်းတွေက ဘယ်ကရလာတာများလဲ”
ထိုစကားကိုကြားသည့်တိုင် လူအိုကြီးက သူ့မျက်လုံးကိုဖွင့်မလာပေ။ မြေပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်လိုက်ပြီး ပြောလာလေသည်။
“ဘယ်ကလာတာလဲတဲ့။ အဲ့ဒါအရေးကြီးလို့လား”
“အမှန်ပဲ”
မည်သို့ပင်ဖြစ်စေ သူတို့၏ရည်ရွယ်ချက်မှာ မြောက်ပိုင်းဒေသကိုသိမ်းပိုက်ရန်ဖြစ်၏။
အလောင်းကောင်အရှိန်အဝါကိုထုတ်လွှတ်နေသောစစ်တပ်၊ ရုတ်တရက်ကြီးအင်အားတိုးတက်လာသော အကြည်ညိုခံအကြီးအကဲများနှင့် နန်းတော်ထဲရှိလူများအပါအဝင် ဖုတ်ကောင်များမှာ နေမဝင်အင်ပါယာကို သဘာဝလွန်ခွန်အားများပိုင်ဆိုင်လာစေသည်။
ထို့ကြောင့်လည်း မြောက်ပိုင်းဒေသက ယခုလိုပေါင်းစည်းလိုက်ခြင်းပင်။
ခေါင်းဆောင်ယန်၏အရှေ့ရှိလူအိုကြီးမှာ နေမဝင်အင်ပါယာ၏ယခင်ဘုရင်တစ်ပါးဖြစ်၏။ သူသည် အသက်အရွယ်ကြီးရင့်လာသဖြင့် သေဆုံးသွားပြီဟု ကောလာဟလများထွက်ပေါ်ခဲ့သည်။
သို့သော် လက်တွေ့မှာတော့ သူဟာ အာကာသနတ်ဘုရားအဆင့်ကို အောင်အောင်မြင်မြင်ဖြတ်ကျော်နိုင်သွားပြီး ဘဝသက်တမ်းကိုလည်းဆွဲဆန့်နိုင်လိုက်လေသည်။
ယခု သူက လျှို့ဝှက်တာအိုပင်မကျောင်းတော်ကိုရောက်လာပြီး ခေါင်းဆောင်ယန်နှင့်တပ်ကူအဖွဲ့ကို နှောင့်နှေးအောင်လုပ်နေချေသည်။ ထိုသို့လုပ်နေခြင်းမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ကူညီထောက်ပံ့မှုမပေးနိုင်စေရန်အတွက်ပင်။
ခေါင်းဆောင်ယန်အနေနှင့်လည်း ရွေးချယ်စရာမရှိပေ။
မည်သို့ပင်ဖြစ်စေ အာကာသနတ်ဘုရားအဆင့်ပညာရှင်တစ်ယောက်အနေနှင့် မည်သည့်ကန့်သတ်ချက်မျိုးကိုမှ လိုက်နာစရာမလိုပေ။
တစ်ဖက်လူသာဒေါသထွက်သွားပြီး နောက်ဆက်တွဲအကျိုးဆက်များကိုပါလျစ်လျူရှု၍ လျှို့ဝှက်တာအိုကျောင်းတော်ကိုလက်စားချေလာခဲ့မည်ဆိုပါက ဆုံးရှုံးနစ်နာမှုကလည်း အလွန်အမင်းကြီးမားလိမ့်မည်သာ။
သူတို့လိုအနေအထားမျိုးကိုရောက်လာပါလျှင် သူ့ဘက်က အထင်ကရအဆင့်မျိုးရှိမထားပါက တစ်ဖက်လူကိုသုတ်သင်သည့်ကိစ္စမှာ ကောင်းကင်ဘုံကိုတက်လှမ်းရသည်ထက်ပင် ပိုခက်ခဲလေသည်။
ခေါင်းဆောင်ယန်က စကားဆိုလိုက်ချေသည်။
“ကျုပ်တို့သာ သူတို့ကိုစစ်ကူမပို့ပေးဘူးဆိုရင် ခင်ဗျားတို့သေချာပေါက်နိုင်မှာမို့လို့လား”
ဘုရင်အိုကြီး တခစ်ခစ်ရယ်မောလာချိန်မှာ သူ့အသံထဲတွင် ယုံကြည်မှုရှိနေလေဟန်အရိပ်အယောင်တို့ စွန်းထင်းနေသည်။
“အဲ့ဒါ ပြဿနာတော့မရှိပါဘူးလေ”
သူ ဟွမ်းထျန်းမင်နှင့်ပြန်လည်တွေ့ဆုံရပြီးနောက်မှာ ထိုအစီအစဉ်ကို သဘောတူခဲ့သည်။ မြောက်ပိုင်းဒေသကိုသိမ်းပိုက်ရန်မှာ အနှေးနှင့်အမြန်သာဖြစ်ချေသည်။
ထိုအချိန်မှာ ဥပဒေပြဋ္ဌာန်းရေးခန်းမ၏လက်ရှိခန်းမအရှင်က လာရောက်သတင်းပို့လေသည်။
မြောက်ပိုင်းဒေသအပါအဝင် ကိစ္စတော်တော်များများကို ဥပဒေပြဋ္ဌာန်းရေးခန်းမအရှင်ကိုယ်တိုင် ကြည့်ရှုကွပ်ကဲနေရသည်။
ခေါင်းဆောင်ယန်က သူ့ကိုလှမ်းကြည့်ပြီးမေးလာ၏။
“ဘာကိစ်စလဲ”
ဥပဒေပြဋ္ဌာန်းရေးခန်းမအရှင်ကလည်း မြေပြင်ထက်မှာ တင်ပျဉ်ခွေထိုင်နေသောဘုရင်အိုကြီးကိုလှမ်းကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲ၌ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေချေသည်။
ထို့နောက်မှာတော့ သူက ခေါင်းဆောင်ယန်ကိုကြည့်၍ ပြောလိုက်လေသည်။
“မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပြောင်မြောက်တဲ့ချုံခိုတိုက်ခိုက်မှုတစ်ခုကို လုပ်နိုင်ခဲ့ပါတယ်”
“ဟင်”
ဘုရင်အိုကြီးက ရုတ်ခြည်းမျက်လုံးပြန်ဖွင့်လာပြီး ဥပဒေပြဋ္ဌာန်းရေးခန်းမအရှင်ကို ကြည့်လိုက်သည်။ သူ့အရှိန်အဝါများဖြင့်လည်း ဖိနှိပ်ထားလိုက်သေးသည်။ အာကာသနတ်ဘုရားအဆင့်ပညာရှင်တစ်ဦး၏ အရှိန်အဝါအနည်းငယ်ကပင် လေထုတစ်ခုလုံးဖိနှိပ်ထားနိုင်စွမ်းရှိသည်။ သူ့အရှိန်အဝါကား အလွန်အမင်းကြောက်မက်ဖွယ်ရာပင်။
ဥပဒေပြဋ္ဌာန်းရေးခန်းမအရှင်ခမျာ ခန္ဓာကိုယ်ကို အနည်းငယ်ညွတ်ကိုင်းလိုက်ရသည်။
ခေါင်းဆောင်ယန်ကလည်း ရှေ့ကိုခြေတစ်လှမ်းတိုး၍ အလားတူစွာပင် သူ့အရှိန်အဝါကိုထုတ်လွှတ်လိုက်ပြီး သူ့အရှိန်အဝါကို ဥပဒေပြဋ္ဌာန်းရေးခန်းမအရှင်ပေါ်သို့ လွှမ်းမိုးပစ်လိုက်သည်။
သူတို့နှစ်ဦးမှာ လက်ရည်တူများသာဖြစ်၏။
“ဆက်ပြော”
ဥပဒေပြဋ္ဌာန်းရေးခန်းမအရှင်လည်း သက်မချလိုက်မိပြီး ဆက်လက်တင်ပြလိုက်ပေသည်။
“တောင်ပိုင်းကယဲ့ချိုးပိုင်က အဲ့ဒီကိုရောက်ရောက်ချင်းမှာပဲ ချုံခိုတိုက်ခိုက်မဲ့အကြံကို အဆိုပြုလိုက်တာပါတဲ့”
ထို့နောက် ဥပဒေပြဋ္ဌာန်းရေးခန်းမအရှင်က သူ့အား ဖြစ်ကြောင်းကုန်စင်ပြောပြလေသည်။ ထိုအကြောင်းများကိုကြားသော် ခေါင်းဆောင်ယန်ပြုံးလိုက်မိသည်။
ဘုရင်အိုကြီးကတော့ မျက်မှောင်ကြုတ်သွားလေ၏။
“ဒီကောင်လေးမဆိုးဘူးပဲ”
ဥပဒေပြဋ္ဌာန်းရေးခန်းမအရှင်လည်း ပြုံးမိသွားသည်။
“ယဲ့ချိုးပိုင်က နောင်အနာဂတ်မှာ ကျွန်တော်တို့လျှို့ဝှက်တာအိုကျောင်းတော်ရဲ့ဂုဏ်ဆောင်ဖြစ်လာမှာပါ”
ခေါင်းဆောင်ယန်ကလည်း ထိုအချက်ကိုမငြင်းဘဲ အပြုံးလေးဖြင့်ခေါင်းညိတ်ပြ၏။
ယဲ့ချိုးပိုင်ဟာ ကိုယ်ကျင့်တရားရော အရည်အချင်းပါ ထိပ်တန်းဗိုလ်စွဲလေသည်။ ယခု သူသည် မြောက်ပိုင်းမဟာမိတ်အဖွဲ့အတွက် ဤကဲ့သို့ကြီးမားလှသောထောက်ပံ့မှုမျိုးကို ပေးလာပြန်၏။ သူဟာ စင်စစ်မိုးကျရွှေကိုယ်တစ်ယောက်ပင်ဖြစ်သည်။
ခေါင်းဆောင်ယန်က ဘုရင်အိုကြီးကိုကြည့်၍ ပြုံးလိုက်လေသည်။
“ကြည့်ရတာ ကျုပ်တို့အကူအညီမပါတာတောင်မှ သူတို့ဘာသာဖြေရှင်းနိုင်ပုံပဲနော်”
ထိုစကားကိုကြားလိုက်ရပြီးနောက် ဘုရင်အိုကြီးမှာ နှာမှုတ်လိုက်လေသည်။
“ဒါကဘာမှအရေးမပါပါဘူး”
ဟွမ်းထျန်းမင်၏လက်ရှိနည်းလမ်းများဖြင့်သာဆိုလျှင် ၎င်းကိုကိုယ်တိုင်မြင်လိုက်ရလျှင်တောင် သူတည်တည်ငြိမ်ငြိမ်နေနိုင်ဆဲပင်။
ဤတိုက်ခိုက်မှုလေးမျှဖြင့် မလုံလောက်ပေ။
” ဒီလောက်နဲ့ပြီးသွားမှာမဟုတ်ဘူး”
ဘုရင်အိုကြီး၏စကားသံမှတစ်ဆင့် မိမိကိုယ်ကိုယုံကြည်မှုများယိုဖိတ်နေသည်ကို ခေါင်းဆောင်ယန်ကြားလိုက်ရသည်။ သူ မျက်မှောင်မကြုတ်ဘဲမနေနိုင်ချေ။
သူ့ခွန်အားက အာကာသနတ်ဘုရားအဆင့်ကိုပင် တက်လှမ်းနိုင်ခဲ့သည်ဖြစ်ရာ သေချာပေါက်လိမ်ပြောနေခြင်းတော့မဖြစ်တန်ရာ။
တစ်ဖက်လူက အလွန်ယုံကြည်မှုရှိနေခြင်းမှာ အကြောင်းပြချက်တော့ရှိရပေလိမ့်မည်။ ယခုတော့ ပင်မကျောင်းတော်ဘက်ကလည်း စစ်ကူလွှတ်နိုင်မည်မဟုတ်။
ခေါင်းဆောင်ယန်လည်း မြောက်ပိုင်းဒေသတည်ရှိရာနေရာကိုလှမ်းကြည့်၍ တစ်ကိုယ်တည်းအတွေးများနေမိသည်။
ဤအချိန်အပိုင်းအခြားလေးမှာ သူ လွတ်မြောက်မှဖြစ်မည်။
တစ်ဖက်မှာလည်း ထိုသတင်းက တောင်ပိုင်းဒေသအထိရောက်သွားချေသည်။ စံအိမ်တော်ထဲ၌ လုချန်ရှန်းနှင့်အခြားလူများမှာ ထိုသတင်းကိုကြားသိရပြီးဖြစ်ချေသည်။
မုဝမ်အာက ဘေးနားတွင်တခစ်ခစ်ရယ်မောနေသည်။
“အစ်ကိုချိုးပိုင်က တကယ်အံ့သြဖို့ကောင်းတာပဲ”
မုကျီချင်းလည်း စိတ်သက်သာရာရဟန်ဖြင့်သက်ပြင်းချလိုက်မိသည်။ သူ(မ)နှလုံးသားထဲရှိစိုးရိမ်ပူပန်မှုမှာ အနည်းငယ်လျော့ပါးသွားပြီဖြစ်၏။
လုချန်ရှန်းကတော့ နှာမှုတ်သရော်လိုက်သည်။
“မင်းငါ့ကိုပြဿနာမပေးသရွေ့ အဆင်ပြေပါတယ်”