ဟောင်ကျူဂီ ထုတ်လွှတ်သော ပုံရိပ်ယောင်က စစ်ရထားအောက်တွင် အစအန မကျန်အောင် လောင်ကျွမ်းခံရ၏။ ထိကန်း၏တိုက်ခိုက်ရေး စွမ်းအားကား အလွန် အားကောင်းလှသည်။
လီဖူတုက ထိကန်းကို ကြည့်သည်။ သူကား အာခီမီဒေသတစ်ဝိုက်မှ နံပါတ်တစ်ပါရမီရှင် ဖြစ်သည်။ သူက ထိကန်းကို မမီသည်မှာ ဝန်ခံရပေသည်။ ထိုစစ်ရထားကာ သူ၏ သက်စောင့်ဝိညာဉ်နှင့် သိုင်းပညာ စွမ်းအင်တို့ ပေါင်းစပ်ခြင်းမှ ဖြစ်ပေါ်လာခြင်း ဖြစ်ဟန်ရသည်။ ထိုစစ်ရထားတွင် အဆုံးမဲ့သော ဖျက်ဆီးအားများ ပါဝင်ကာ မီးတောက် စွမ်းအင်များနှင့် သိုင်းပညာအသိတို့ ပေါင်းစပ် ပါဝင်နေသည်။
ဟောင်ကျူဂီက ကြီးစွာသော ဖိအားကို ခံစားရသည်တွင် သူ၏သက်စောင့် ဝိညာဉ်ကို ထုတ်လွှတ်လိုက်သည်။ ရန်ဟောင် ဧကရာဇ်က ရန်ဟောင်ဓားကို ကိုင်၍ ဆင်းသက်လာသည်။ လေထဲမှပင် သူက ဓားနှင့် ခုတ်ချလိုက်သည်တွင် ပိုမို အားကောင်းသော စွမ်းအား ဖြစ်ပေါ်လာ၏။ ကြောက်မက်ဖွယ် ကောင်းသော သိုင်းအသိက အရာအားလုံးကို ရိုက်ခတ်သွားကာ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖြတ်တောက်လျက် နောက်ဆုံးတွင် နေမင်းစစ်ရထားကိုပါ ပျက်စီးသွားစေသည်။
သို့သော်လည်း ထိကန်း၏ အမူအရာက ပြောင်းလဲခြင်း မရှိပေ။ သူက ရှေ့ကို တက်လိုက်သည်တွင် မဆုံးနိုင်သော အလင်းတန်းများက သူ၏ခန္ဓာကိုယ်အား ရစ်ပတ်သွားသည်။ သူက စစ်ရထားကို ကိုယ်စီစီးနင်းကာ ဟောင်ကျူဂီထံသို့ ချဉ်းကပ်လာသည်။ ထိုအခိုက်တွင်ပင် ထိကန်းက နတ်ဘုရားတစ်ပါး ဆင်းသက်လာသလို ဟောင်ကျူဂီ၏ အရှေ့ကို ရောက်လာ၏။
ဟောင်ကျူဂီက ခေါင်းမော့ကာ ရန်ဟောင်ဓားဖြင့် လှမ်းခုတ်လိုက်သည်။ ပြင်းထန်သော ဓားချက်က လေထဲတွင် ဖြစ်ပေါ်လာသော်လည်း ထိကန်းက အရေးမစိုက်သလို ရှေ့ကို ဆက်လက် တိုးဝင်လာသည်။ သူ၏နေမင်း စစ်ရထားအရှေ့၌ ကြောက်မက်ဖွယ် ကောင်းသော စကြာရဟတ်တစ်ခု ဖြစ်ပေါ်လာကာ ပြင်းထန်စွာ လှည့်ပတ်လျက် တိုးဝင်လာသော အားလှိုင်းတိုင်းကို ဖျက်ဆီးသည်။ စစ်ရထားက ဟောင်ကျူဂီထံသို့ အရှိန်အဝါ ကောင်းစွာဖြင့် ဆက်လက် ဆင်းသက်လာသည်တွင် ဟောင်ကျူဂီက ရင်ဆိုင်ရဲခြင်း မရှိဘဲ နောက်ဆုတ်ရ၏။
ပြိုင်ဘက်ကင်းသူ ဖြစ်ပေသည်။ လူအများအပြားက ထိကန်းကို ကြည့်ကာ တွေးလိုက်ကြသည်။ သူကား အာခီမီဒေသတဝိုက်တွင် နံပါတ်တစ်ဖြစ်သူဟု နာမည် ကျော်ကြားခြင်းနှင့် အမှန်ပင် ထိုက်တန်လှပေသည်။
ထိုအခိုက်တွင် ပုံရိပ်ယောင်တစ်ခု ဖြစ်ပေါ်လာသည်။ လူအများက မီးခိုးရောင် အရိပ်တစ်ခုကိုသာ မြင်ရကာ ကြောက်မက်ဖွယ် ဓားချက်တစ်ခု ရိပ်ခနဲ ဖြတ်သွားသည်။ ဓားဖြင့် ခုတ်လိုက်သူကား စုချွဲဖြစ်သည်။
ထိကန်းက မျက်မှောင်ကြုတ် လိုက်ကာ လက်ဆန့်တန်းလိုက်သည်။ ထိုအခိုက်တွင် သူ၏လက်က နတ်ဘုရားလက်အဖြစ် ပြောင်းလဲသွားကာ သိဒ္ဓိဝင် လက်နက်အလား အလင်းတန်းများ ဖြာထွက်လာပြီး စုချွဲ၏ဓားကို ဆုပ်ကိုင်သည်။ သတ္တုချင်း ထိရိုက်သံနှင့်အတူ ဓားချက်က နောက်ပြန်ကန်သွားကာ စုချွဲလည်း ထိုနေရာမှ ပျော်ကွယ်သွားသည်။ ထိကန်းက စုချွဲအား အမိဖမ်းနိုင်စွမ်း မရှိသလို စုချွဲ၏ဓားချက်ကလည်း ထိကန်း၏လက်ကို ဒဏ်ရာရစေနိုင်စွမ်း မရှိပေ။
မြန်ဆန်လွန်းသည့်ဓား… မာကျောလွန်းသည့် ခုခံစွမ်းအား…
အားလုံးက အံ့အားသင့်ကြရသည်။ သို့သော်လည်း ဟောင်ကျူဂီနှင့် စုချွဲတို့ကား ဒုတိယတန်းစား နိုဘယ်မျှသာဖြစ်ရာ သူတို့က နိုဘယ် အဆင့်အမြင့်ဆုံးတွင် ရှိသော ထိကန်းကို မည်သို့ အနိုင်ရမည်နည်း။ သူတို့က ထိပ်သီးပါရမီရှင်များ ဖြစ်သည့်တိုင် ထိကန်း၏ နာမည်ကျော်ကြားခြင်း ကလည်း သူတို့ထက် နိမ့်ကျခြင်းမရှိပေ။
ဘန်းခနဲမြည်သံ၊ နာကျင်စွာ အော်ဟစ်သံနှင့်အတူ ရီဖူရှင်း၏နှင်တံက နောက်တစ်ယောက်ကို အဝေးသို့ လွင့်စဉ်သွားစေ၏။ ယူချင်းနှင့် ယန်ကျန်းကလည်း ရီဖူရှင်းအတွက် လမ်းရှင်း ပေးနေကြသည်။
လက်ရှိတွင် ရီဖူရှင်းက ကွန်ဆွန်ရီထံသို့ ပျံသန်းနေသည်။ ကွန်ဆွန်ရီ၏ အမူအရာက ပျက်ယွင်းနေ၏။ ရီဖူရှင်း၏လက်ထဲမှ သိဒ္ဓိဝင်လက်နက်က အလွန် အားကောင်းလွန်းလှသည်။ ရီဖူရှင်းက သူ့ထံ ပျံသန်းလာသည်နှင့် သူ၏ခန္ဓာကိုယ်တွင် သိဒ္ဓိဝင်ချပ်ဝတ်တစ်ခု ဖြစ်ပေါ်လာသည်။ စက္ကန့်ပိုင်းအတွင်းပင် ရီဖူရှင်းကလည်း ကွန်ဆွန်ရီထံသို့ ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံနှင့်အတူ ရောက်ရှိလာသည်။
တစ်ချိန်တည်းတွင် ထိကန်းကလည်း မြန်ဆန်စွာပင် ရီဖူရှင်းထံသို့ စစ်ရထားစီးနင်းလျက် တိုးဝင်လာသည်။ ရှေ့ပြေး ရောက်လာသည်က စစ်ရထထားပုံရိပ်များ ဖြစ်ကြသော်လည်း ရီဖူရှင်း၏နှင်တံ ဝှေ့ယမ်းမှုများ အောက်တွင် အရာခပ်သိမ်းက ပြိုပျက်ရသည်။
ဟူး… အလွန်ပြင်းထန် အားကောင်းသော စွမ်းအားတစ်ခု ထိကန်းထံမှ ဖြာထွက်လာသည်။ သူက မီးငှက်ချပ်ဝတ်အား ဖော်ထုတ်သည်တွင် နေရောင်ခြည်များ သူ့ထံမှ ဖြာထွက်လာသည်။ စစ်ရထားအား စီးနင်းသည်တွင် သူ့အား နတ်ဘုရားအလင်းများ ရစ်ပတ်ထားသလို မီးငှက်ချပ်ဝတ်ကလည်း အမှန်တကယ်ပင် နတ်ဘုရားငှက် အသွင်သဏ္ဌာန်သို့ ပြောင်းလဲသွား၏။ သူ၏အတောင်ပံက လေထုကို ခွင်းကာ စစ်နတ်ရထားက အရာအားလုံးကို ဖျက်ဆီးလျက် ရီဖူရှင်းနှင်တံကို ဝင်တိုးသည်။
လေထုပေါက်ကွဲမှုကြီး တစ်ခုနှင့်အတူ နတ်ဘုရားမီးငှက်က ကောင်းကင်ကို ဖုံးအုပ်လျက် သူ၏အတောင်ပံက ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံနှင့်အတူ ရီဖူရှင်းကို နောက်ဆုတ် စေသည်။
ရီဖူရှင်းက ထိကန်းကို စိုက်ကြည့်စဉ်မှာပင် ဟောင်ကျူနှင့် သူ့လူများ ရီဖူရှင်း၏ဘေးတွင် ပေါ်လာကြသည်။ ထိကန်းကား သူ၏ကျော်ကြားမှုနှင့် လိုက်ဖက်အောင် စွမ်းအား ကြီးမားပေ၏။
“အာခီမီပြိုင်ပွဲ ပထမတဲ့လား… ငကြောက်ကောင်…” ရီဖူရှင်းက ထိကန်း၏နောက်တွင် ပုန်းကွယ်နေသော ကွန်ဆွန်ရီကို ကြည့်ကာ ပြောသည်။
ကွန်ဆွန်ရီ၏ အမူအရာက သုန်မှုန်နေသည်။ တော်ဝင်ကျဲနန်းတော်မှ သူအထင်မကြီးသော တစ်စုံတစ်ယောက်က သူ့အား အမှန်တကယ် စော်ကား ပြောဆိုနေသည်။ သို့သော်လည်း သူ့တွင် ရီဖူရှင်း၏နှင်တံကို ရင်ဆိုင်နိုင်သော လက်နက်မရှိပေ။ ရီဖူရှင်း၏ လက်နက်စွမ်းအားက အမှန်ပင် ပြင်းထန် အားကောင်းလွန်း၏။
“တော်ဝင်ကျဲနန်းတော် တပည့်တွေက လက်နက်အားကိုးတဲ့ လူတွေပဲလား…” ကွန်ဆွန်ရီက အေးစက်စွာ ပြောသည်။
ရီဖူရှင်းက မဲ့ပြုံးပြုံးကာ ပြန်ပြောသည်… “မင်းက ငါ့အစ်ကိုကို သတ်ချင်မှတော့ ငါကလည်း ဒီအတိုင်း ရပ်ကြည့်မနေနိုင်ဘူး… နောက်၂ရက်ကြာရင် အာခီမီပြိုင်ပွဲ ကျင်းပတဲ့နေရာမှာ မင်းနဲ့ငါ သိဒ္ဓိဝင်လက်နက် မပါဘဲ အသေတိုက်ဖို့ စိန်ခေါ်တယ်… မင်းကငါ့ကို သတ်နိုင်ရင် တော်ဝင်ကျဲနန်းတော်က ဝင်စွက်ဖက်မှာ မဟုတ်သလို ငါ့အစ်ကိုကလည်း အာခီမီမြို့က ထွက်သွားပေးမယ်… ကွန်ဆွန်ရီ… မင်းက ငါစိန်ခေါ်တာကို လက်ခံလား…”
ကွန်ဆွန်ရီက ရီဖူရှင်းကို အေးစက်စွာ ကြည့်သည်။ ရီဖူရှင်းက သူ့ကို စိန်ခေါ်နေသည်။ အာခီမီပြိုင်ပွဲပထမအား လက်နက်မပါဘဲ စိန်ခေါ်ရဲသည်လား…။
“မင်းက ဒီလောက် သေချင်မှတော့ ငါကလည်း မင်းဆန္ဒကို လိုက်လျောရတာပေါ့…”
“ဒီတိုက်ပွဲကို လူကြီးတွေ သေချာပေါက် လာကြည့်ကြလိမ့်မယ်… အာခီမီမြို့က သက်သေ ဖြစ်စေလိမ့်မယ်… နောက်၂ရက်နေရင် ငါမင်းကို စောင့်နေမယ်…” ရီဖူရှင်းက အေးစက်စွာ ပြောကာ နောက်လှည့်သည်… “အစ်ကို… သွားကြမယ်…”
“ငါက မင်းကို သွားခွင့်ပေးလို့လား…” ထိကျိုးက အေးစက်စွာ ပြောသည်။
“မင်းက ငါ့ကို တားဖို့ အရည်အချင်းရော ရှိလို့လား…” ရီဖူရှင်းက နောက်လှည့်ကာ ထိကျိုးကို ကြည့်သည်။ ထို့နောက် ထိကန်းကိုလည်း လှမ်းပြောသည်… “ခင်ဗျား စိန်ခေါ်မယ် ဆိုရင်လည်း ကျုပ်က လက်ခံဖို့အသင့်ပဲ…” ထို့နောက် ရီဖူရှင်းက နောက်လှည့်ကာ ထွက်သွားသည်။ ဟောင်ကျူဂီနှင့် တခြားလူများကလည်း ပြုံးကာ ထွက်သွားကြသည်။
ဤကဲ့သို့ တိုက်ပွဲတစ်ပွဲကို အားလုံးက စိတ်ဝင်စား ကြပေတော့မည်။ အာခီမီမြို့မှ လူများကို သက်သေအဖြစ် ထားမည်ဟူသော စကားကို အားလုံးက နားလည်ကြသည်။ တော်ဝင်ကျဲနန်းတော်နှင့် တခြားလူများ ဝင်မစွက်ဖက်နိုင်သော အသေတိုက်ပွဲကား ကွန်ဆွန်ရီ၏ကိစ္စကို အကောင်းဆုံး ဖြေရှင်းနည်းသာ ဖြစ်ပေသည်။
ထိကျိုးက ထိကန်းကို ကြည့်သည်တွင် ထိကန်းက ပြောသည်… “နောက်၂ရက်နေရင် ငါလည်း အဲဒီမှာ ရှိနေမယ်…”
အားလုံးက အံ့အားသင့် သွားကြသည်။ ရီဖူရှင်းတို့အုပ်စု ထွက်သွားသည်ကို လီဖူတုက ကြည့်သည်။ တော်ဝင်ကျဲနန်းတော်မှ တပည့်များကား သူထင်သည်ထက် မောက်မာ ဝင့်ကြွားကြပေသည်။
ကျန်းကျိချင်ကလည်း ရီဖူရှင်း၏ နောက်ကျောကို ငေးကြည့်နေသည်။ သူကား တော်ဝင်ကျဲနန်းတော်မှ တောက်ပလာသော ကြယ်တစ်ပွင့် ဖြစ်သည်။ လွန်ခဲ့သော ၂နှစ် လက်ရည်စမ်းပွဲမှ စ၍ ရီဖူရှင်းကား တစ်ဟုန်ထိုး ကျော်ကြားလာခဲ့သည်။ သူ၏ရဲစွမ်းသတ္တိ၊ ခိုင်မာသော စိတ်ဓာတ်တို့က သူ၏အစ်ကိုအား အင်ပါယာမိသားစုမှ ဘေးကင်းစွာ ခေါ်ဆောင် သွားစေနိုင်သလို အသေတိုက်ပွဲကိုပင် စိန်ခေါ်ခဲ့၏။
ကွန်ဆွန်ရီ၏ အမူအရာက သိပ်ကောင်းသည် မဟုတ်ပေ။ သူကား လူပုံအလယ်တွင် အရှက်ရဖွယ် အောက်စည်းကို ရောက်ရှိခဲ့ရသည်။ ထို့ကြောင့် သူ၏မာနသိက္ခာအတွက် ရီဖူရှင်း၏အသက်ဖြင့် ပြန်ဆယ်ယူရပေမည်။ ဤအရှက်တကွဲ ဖြစ်ရပ်က ရီဖူရှင်း၏လက်နက်ကို သူမယှဉ်နိုင်ခဲ့သောကြောင့် ဖြစ်ပေသည်။ တကယ့်တိုက်ပွဲကိုမူကား သူက မိမိကိုယ်ကို အလွန်အမင်း ယုံကြည်ချက်ရှိ၏။
မြေပြင်တွင်ကား ဒဏ်ရာ ပြင်းစွာရနေသော လူများက လူးလိမ့်ကာ ညည်းညူ နေကြသည်။ အချို့ကား သတိလစ်နေကာ တုတ်တုတ်မျှ မလှုပ်ကြတော့…။
“ရီဖူရှင်း…” ဒဏ်ရာရသူများ အားလုံး၏ မျက်လုံးများထဲတွင် မုန်းတီးမှုများကို မြင်ကြရသည်။ တော်ဝင်ကျဲနန်းတော်မှ တပည့်များကား အလွန် မောက်မာကြသည်။ သူတို့က အင်ပါယာ အိမ်တော်ထဲကို ဝင်လာကာ စိတ်ကြိုက် မွှေသွားခဲ့ကြ၏။
***
ရီဖူရှင်းတို့အုပ်စုက အင်ပါယာ မိသားစုမှ ထွက်ခွာ လာကြပြီးနောက် ရီဖူရှင်းက ရွှီယီနှင့် လျိုဖန်းကို မေးသည်… “အစ်ကိုတို့… ခင်ဗျားတို့ အဆင်ပြေကြလား…”
“ဒီဂုဏ်ပြုပွဲက ထောင်ချောက်ဆိုတာ ငါသိတယ်… အစ်ကိုက အရမ်း အတင့်ရဲတာပဲ…” လျိုဖန်းက ပြောသည်။
“အစ်ကိုတို့ ကြီးကြီးမားမား မထိခိုက်သရွေ့ အဆင်ပြေတယ်…” ရီဖူရှင်းက ပြောသည်။
“ညီငယ်လေး… မင်းက ရောက်လာတာ တော်တော် မြန်သလိုပဲ…” လျိုဖန်းက မေးသည်။ တိုက်ခိုက်မှုများဖြစ်ပြီး မကြာမီ ရီဖူရှင်း ရောက်လာခဲ့သည်။ အဖြစ်အပျက်များက အလွန် တိုက်ဆိုင်လွန်းလှသည်။ သူတို့က အိမ်တော်ထဲ၌ ပြဿနာ ဖြစ်နေသည်ကို ရီဖူရှင်းက မည်သို့ သိသနည်း။
“တစ်ယောက်ယောက်က တမင် လုပ်တာလည်း ဖြစ်နိုင်တာပဲ…” စုချွဲက ပျင်းရိသော အမူအရာဖြင့် ပြောသည်…” ငါတို့က လှည့်စားခံလိုက်ရတာ များလား…”
“ငါတို့အားလုံးက ညီအစ်ကိုတွေပါပဲ…” ရီဖူရှင်းက ပြုံးလျက်ပြောသည်။
“ဒါဆို ငါတို့ ဒဏ်ရာ ရတာကလည်း မင်းရဲ့ လှည့်ကွက်တွေပေါ့…” လျိုဖန်းက ရီဖူရှင်းကို တမင်ပြုံးပြကာ မေးသည်။
“ဘာမှ စီစဉ်ထားတာ မရှိဘူး…” ရီဖူရှင်းက သေချာပေါက် ဝန်ခံမည် မဟုတ်ပေ။ လျိုဖန်းက ပြုံးကာ ဘာမှ ထပ်မပြောတော့။ ကောင်လေးကား ယခင်ကထက် ဉာဏ်များလာသည်။ သို့သော်လည်း ရီဖူရှင်း၏ သဘောကို သူ နားလည်သည်။ ကွန်ဆွန်ရီက ရွှီယီအပေါ်ကို သေချာပေါက် ကြံစည်မည်ကို ရီဖူရှင်းက ခန့်မှန်းမိရပေမည်။
ဤသို့လုပ်မှသာလျှင် အာခီမီအဆင့်တစ်ကို သတ်ဖြတ်ရန် အကြောင်းပြချက် ရပေမည်။ ကွန်ဆွန်ရီ သေသွားပါက အရာအားလုံးက အဆင်ပြေချောမွေ့ သွားပေတော့မည်။
မည်မျှ ရဲတင်းကာ ရူးမိုက်သော အကြံအစည်နည်း။ အာခီမီပြိုင်ပွဲကား ဆယ်နှစ်တစ်ကြိမ် ကျင်းပကာ အာခီမီလောက၏ အမှတ်သင်္ကေတလည်း ဖြစ်သည်။ ယခု ထိုအမှတ်သင်္ကေတကို ရီဖူရှင်းက သတ်လိုနေသည်။
ရီဖူရှင်းကလည်း ဤနည်းလမ်းကို မသုံးလို။ မူလကတည်းက အေးချမ်းသော နည်းလမ်းဖြင့် အရာအားလုံးကို ဖြေရှင်း၍ ရပေသည်။ သူ၏အစ်ကိုနှင့် ယူချီတို့က အချင်းချင်း ချစ်ကျွမ်းဝင်နေကြသလို ကလေးတစ်ယောက်လည်း ရှိနေပြီဖြစ်သည်။ ကွန်ဆွန်ရီကသာ နောက်ဆုတ်ပေးပါက သူ့အတွက် နာမည် အနည်းငယ် ထိခိုက်မည်မှအပ ထူးထူးခြားခြား အကျိုးသက်ရောက်မှု ရှိမည် မဟုတ်ပေ။ သို့သော်လည်း ကွန်ဆွန်ရီကား အလွန်အမင်း ဂုဏ်မောက်ကာ မာနကြီးလွန်း၏။ သူက ဤသို့သော ထိခိုက်မှုကိုပင် သည်းမခံနိုင်ပေ။ ထို့ကြောင့် မည်သို့ အခြေအနေ ဖြစ်နေပါစေ သူက ယူချီကို လက်ထပ်ရန် စိတ်ပိုင်းဖြတ်ထားခြင်း ဖြစ်သည်။ ယခု ကွန်ဆွန်ရီကား သူ၏အစ်ကို၄ကို ပိုမို၍ မုန်းတီးနေပြီး ဖြစ်၏။
သူ၏အစ်ကို၄က ဂုဏ်ပြုပွဲကို တက်ရောက်ခြင်းအား ရီဖူရှင်းက မတားဆီးခဲ့ပေ။ သူက ကွန်ဆွန်ရီ၏လူသတ်လိုသော အမုန်းတရားကို မြင်ပြီးဖြစ်သည်။
***
အင်ပါယာမိသားစု၏ သတင်းထုတ်ပြန်မှု အပြီးတွင် အာခီမီမြို့ တစ်ခုလုံး ပွက်ပွက်ဆူ သွားတော့သည်။ ရီဖူရှင်းက အင်ပါယာ မိသားစုထဲကို အတင်းဝင်ကာ အာခီမီမြို့ကလန်များ၏ မျိုးဆက်များကို ဒဏ်ရာရစေသလို ရွှီယီကိုလည်း ပြန်ခေါ်သွားခဲ့သည်။ ထို့နောက် သူက ကွန်ဆွန်ရီကို အသေတိုက်ပွဲ စိန်ခေါ်ခဲ့သလို ထိကန်းနှင့်လည်း တိုက်ခိုက်ရန် အချိန်းအချက် ပြုလုပ်ခဲ့၏။
အချိန်ကား နှစ်ရက်အကြာဖြစ်ရာ မြို့တော်ဝန်က ကွန်ဆွန်ရီကို ယူချီ၏ကိစ္စနှင့် ပတ်သက်၍ ပေးထားသော အချိန်နှင့်လည်း ကွက်တိ ဖြစ်နေသည်။ နေရာက အာခီမီပြိုင်ပွဲ နေရာဖြစ်၏။
အားလုံးက ထိုတိုက်ပွဲကို သေချာပေါက် သွားကြည့်ကြပေမည်။
ဘယ်လောက် ရူးသွပ်လိုက်သလဲ…။ ရီဖူရှင်းက မည်သည့်နေရာက ယုံကြည်မှုများ ရလာသနည်း။ သူက အာခီမီမြို့၏ အတော်ဆုံးသော ပါရမီရှင် နှစ်ယောက်ကို တစ်ပြိုင်နက်တည်း ရန်စခဲ့သည်။
အင်အားကြီး ကလန်များ၏ ခေါင်းဆောင်များပင် ထိုတိုက်ပွဲကို စိတ်ဝင်စားကာ နယ်ရပ်ကို မပြန်ဘဲ စောင့်နေကြသည်။ သူတို့ကလည်း သည်တိုက်ပွဲကို ကြည့်လိုကြသည်။
မြို့တော်ဝန် အိမ်တော်၏ လှပခမ်းနားသော အဆောင်တစ်ခုတွင် မြို့တော်ဝန်ယူစီက ယူချီကို လာရောက် တွေ့ဆုံသည်။
“အဖေက ဘာကိစ္စလဲ…” ယူချီ၏အသံက အနည်းငယ် ကြွဆတ်နေသည်။
“ဒီနေ့ ရွှီယီက အင်ပါယာမိသားစု စီစဉ်ကျင်းပတဲ့ ဂုဏ်ပြုပွဲကို တက်ရောက်ခဲ့ပြီး ကွန်ဆွန်ရီနဲ့ ပြဿနာ တက်ခဲ့တယ်…သူလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရတယ်…” ယူချီက ပြောသည်။
ယူချီက သူမ၏အဖေကို အေးစက်စွာ ကြည့်သည်… “အဖေက ဒါကို ပျော်နေတာလား…”
“ငါက သူတို့ကို အချိန်သုံးရက် ပေးခဲ့တယ်… ကွန်ဆွန်ရီအတွက် သုံးရက်ပေးသလို ဒါက ရွှီယီအတွက်လည်း ဖြစ်တယ်…” ယူစီက သူ၏သမီးကို ကြည့်သည်… “ဒါပေမဲ့ သူကိုယ်တိုင်က ဒါကို ဘယ်လို ဖြေရှင်းရမလဲ သိပုံမရဘူး… သူ့ညီကတော့ ဒီပြဿနာထဲကို ဝင်ပါလာတယ်… သူက အင်ပါယာ မိသားစုထဲကို အတင်းဝင်ပြီးတော့ ကယ်ထုတ်လာတယ်… ပြီးတော့ ကွန်ဆွန်ရီကို အသေတိုက်ပွဲ စိန်ခေါ်တယ်…”
ယူချီ၏မျက်လုံးများက အရောင်ပြောင်း သွားသည်။ အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းလဲ သွားနိုင်သလော…။
“နောက်နှစ်ရက်နေရင် မင်းလည်း တိုက်ပွဲကို သွားကြည့်နိုင်တယ်…” ယူစီက ပြောသည်။ သည်တိုက်ပွဲက လူအများအပြား၏ကံကြမ္မာများကို ဆုံးဖြတ်ပေလိမ့်မည်။
***