အပိုင်း(၆၃၄)

ကြမ်းရမ်းခြင်း

လီဖူတုနှင့် ပရိသတ်များ အားလုံးက ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်ကြရသည်။

ယူချင်းနှင့် ရီဖူရှင်းတို့က ကောင်းကင်မြေရိုင်း အဆင့်၇တွင်ရှိသော ရှီတန်ခိုးရှင် ထောင်ကျန်း၏တပည့်များ ဖြစ်ကြသည်။

ဟောင်ကျူဂီ၏ ဟောင်မိသားစု ခေါင်းဆောင်က ကောင်းကင်မြေရိုင်း အဆင့်၅တွင်ရှိ၏။

စုချွဲကား ကောင်းကင်မြေရိုင်း အဆင့်၉၏ ဆက်ခံသူဖြစ်သည်။

ထိုက်ဟန်တောင် ဘုရင်နှင့် ထာဝရအဘိုးအိုကလည်း ကောင်းကင်မြေရိုင်း အဆင့်၂၀အထက်တွင် ရှိကြသည်။ ရှီတန်ခိုးရှင် ထောင်ကျန်းနှင့် ဓားမိစ္ဆာ၏ တပည့်များကိုလည်း သာမန်ကာလျှံ သဘောထား၍ မရပေ။ တခြားတစ်ဖက်တွင် အင်ပါယာ မိသားစုမှ ထိခိုင်ကား ကောင်းကင်မြေရိုင်း အဆင့်၁၂တွင်သာ ရှိ၏။

သည်ကိစ္စတွင် ပါဝင်ပတ်သက်မိသူများ အားလုံး မျက်နှာပျက် သွားကြသည်။ ရွှီယီနှင့် လျိုဖန်တို့ကို သူတို့က သိပ်ဂရုမစိုက်ခြင်းမှာ သူတို့နှစ်ယောက်က အားကောင်းသော နောက်ခံအသိုင်းအဝိုင်း မရှိသောကြောင့် ဖြစ်၏။ သူတို့နှင့် အနည်းငယ် ပတ်သက်သည်က ကျူးကော့မိသားစု၏ ဆက်ခံသူ ကျုးကော့မင်းယွီသာ ဖြစ်သည်။ ရီဖူရှင်းကား တော်ဝင်ကျဲ နန်းတော်၏ တပည့်တစ်ယောက်သာ ဖြစ်သည်။ ထို့အပြင် လူငယ်မျိုးဆက်များ၏ ကတောက်ကဆတွင် စီနီယာများက ဝင်စွက်ဖက်ကြမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့က တော်ဝင်ကျဲနန်းတော်မှ တပည့်များကိုလည်း သိပ်ဂရုစိုက်ကြသည် မဟုတ်ပေ။

သို့သော်လည်း ရီဖူရှင်းနှင့် သူ့သူငယ်ချင်းများက သူတို့၏နောက်ခံ အသိုင်းအဝိုင်းများကို အော်ဟစ်လိုက်သောအခါ အားလုံးက ထိတ်လန့်ကြရသည်။

“မင်းက ဘယ်သူပဲ ဖြစ်နေပါစေ… အင်ပါယာမိသားစုကို လာပြီး ပြဿနာ လာရှာတာကို ခွင့်မပြုဘူး…” လေထဲမှ ရှီတန်ခိုးရှင်က ရီဖူရှင်းတို့ကို ဆက်လက် ဖမ်းချုပ်ရန် ဟန်ပြင်သည်။

ရီဖူရှင်းက သူ့အား အေးစက်စွာ ကြည့်သည်… “ဒီနေ့ အင်ပါယာ မိသားစုက ဂုဏ်ပြုပွဲကျင်းပတယ်… ကျုပ်အစ်ကိုကလည်း ဂုဏ်ပြုပွဲကို တက်ရောက်ခဲ့ပြီး အများစုရဲ့ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံရတယ်… ဒီဂုဏ်ပြုပွဲကို စီစဉ်သူဖြစ်တဲ့ အင်ပါယာမိသားစုက ကျုပ်အစ်ကိုကို ဒီလို ဆက်ဆံတယ်… အင်ပါယာမိသားစုက ဒီကိစ္စကို တမင် လုပ်တာလား… ” ရီဖူရှင်းက ဆက်ပြောသည်… “တကယ်လို့ ခင်ဗျားက ဒီကိစ္စမှာ ဝင်ပါရင် စည်းမျဉ်းကို မလိုက်နာတာ ကျုပ်မဟုတ်တော့ဘူး… အင်ပါယာ မိသားစုက လူငယ်မျိုးဆက်တွေကို အနိုင်ကျင့်တာပဲ… ခင်ဗျားက စမ်းကြည့်လို့ရတယ်… ”

ထိကန်းက ထိုနေရာတွင်ပင် ထိုင်ကာ တိတ်ဆိတ်စွာ ကြည့်နေသည်။ လွန်ခဲ့သော သုံးနှစ်ခန့်က တော်ဝင်ကျဲနန်းတော်ကို ဝင်ရောက်ခဲ့သော လူငယ်က ဤမျှ ထောင်လွှားသည်ကို မြင်ရခြင်းက သူ့အတွက် အံ့အားသင့်စေသည်။ သူက လက်ဝှေ့ယမ်းကာ ပြောသည်… “နောက်ဆုတ်…”

ရှီတန်ခိုးရှင်၏မျက်လုံးတွင် အရောင်တစ်ချက် လက်သွားကာ သူက ထိကန်းကို ကြည့်ပြီး နောက်ဆုတ်သည်။ ရီဖူရှင်းက မည်သူဖြစ်နေပါစေ ထိကန်းက ဤနေရာတွင် ရှိနေမှတော့ ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။

“မင်းအစ်ကိုက စပြီးတော့ တိုက်ခိုက်တယ်… တခြားလူတွေကို ဒဏ်ရာရစေပြီးတော့ ဂုဏ်ပြုပွဲကို ပျက်စီးစေတယ်… ဒါကြောင့် ငါတို့က ရှင်းပြချက်လိုတယ်… ဒီနေ့ သူတို့က အင်ပါယာအိမ်တော်မှာ နေရမယ်…” ထိကန်းက အေးစက်စွာ ပြောသည်။ သို့သော်လည်း သူ၏လေသံအောက်တွင် အပေါ်စီးဆန်သော အငွေ့အသက်များကို ခံစားကြရသည်။

တော်ဝင်ကျဲနန်းတော်တပည့်…။ သူက နောက်ထပ် နိုင်ဘယ်တစ်ယောက်နှင့် တိုက်ခိုက်ခြင်းက သူ့အတွက် အဓိပ္ပာယ်ကင်းမဲ့သည်ဟု ခံစားရသော်လည်း ယခု တော်ဝင်ကျဲ နန်းတော်တပည့်များက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာမှတော့ သူကလည်း တိုက်ခိုက်ရန် ဝန်လေးမည် မဟုတ်ပေ။ သူရှိနေမှတော့ ရှီတန်ခိုးရှင်က ဝင်ရောက် စွက်ဖက်ရန်လည်း မလိုအပ်ပေ။

ရီဖူရှင်းက သူ့ကို ထူးမခြားနားစွာ ကြည့်ပြီး ရွှီယီဘက်ကို လှည့်ကာ မေးသည်… “အစ်ကို… ဘာဖြစ်ကြတာလဲ…”

“ကွန်ဆွန်ရီက ငါ့ကို စိတ်နဲ့ဆက်သွယ်ပြီးတော့ ရန်စကားပြောတယ်… ဒါကြောင့် ငါက တိုက်ခိုက်ခဲ့တယ်…” ရွှီယီက ပြောသည်။

“ဘယ်သူတွေပါတာလဲ…” ရီဖူရှင်းက ထပ်မေးသည်။

“မင်းရိုက်ရမှာက သူ… သူ…” လျိုဖန်းက တစ်ယောက်ပြီး တစ်ယောက် လက်ညှိုးထိုးပြသည်။ သူလက်ညှိုးထိုးပြ ခံရသူများ အားလုံးက အာခီမီမြို့မှ အင်အားကြီးကလန်များ၏ လူငယ်မျိုးဆက်များ ဖြစ်ကြကာ အချို့က အင်ပါယာမိသားစုကို ဝင်လိုသောကြောင့် မျက်နှာလုပ်လိုသူများ ဖြစ်ကြသည်။

ရီဖူရှင်းက သူတို့ကို ကြည့်သည်။ သူတို့၏အကြည့်က ရီဖူရှင်းထံကို ရောက်သွားသည်တွင် သူတို့အားလုံးက ကျောချမ်း သွားကြသည်။ နိုဘယ်တန်ခိုးရှင် တစ်ယောက်က ကျိုးရှမ်းကို မြေပြင်ပေါ်၌ ပြားကပ်အောင် ရိုက်နှက်ထားရာ သူတို့အားလုံးက မည်သို့ မကြောက်ရွံ့ဘဲ နေမည်နည်း။

“ငါ့အစ်ကိုနဲ့ ကွန်ဆွန်ရီကိစ္စမှာ မင်းတို့က ဘာဆိုင်လို့ ဝင်ပါနေရတာလဲ…” ရီဖူရှင်းက ကြမ်းကြုတ်စွာ ပြုံးလိုက်ပြီး နောက်တွင် သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ကောင်းသော သိုင်းပညာစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ ထို့နောက် ကောင်းကင်ပျက်သုဉ်းခြင်း နှင်တံကို ဆုပ်ကိုင်ကာ အာခီမီအဆင့်ပါရမီရှင်များထံသို့ လျှောက်လှမ်း သွားလိုက်သည်။

လူအများအပြားက ရီဖူရှင်းကို ကြည့်ကြသည်။ သူက အမှန်တကယ်ပင် ဤနေရာ၌ ပြဿနာရှာရဲသည်။

ယူရှမ်းနှင့် ယန်ကျန်းတို့က ရီဖူရှင်း၏ဘယ်နှင့် ညာဘက်မှ တက်လာကြသလို ဟောင်ကျူဂီ၊ စုချွဲနှင့် ကျန်သော လူများကလည်း လိုက်ပါလာကြသည်။ ကြောက်မက်ဖွယ် ကိုယ်ရောင်ကိုယ်ဝါက ထိုနေရာကို ဖုံးလွှမ်းသွားကာ သူတို့အားလုံး၏ လက်ထဲ၌လည်း ကြောက်မက်ဖွယ် ကောင်းသော သိဒ္ဓိဝင်လက်နက်များ ဖြစ်ပေါ်လာကြသည်။

ရွှီယီကို တိုက်ခိုက်ခဲ့သူများကလည်း မျက်နှာများ ပျက်ယွင်းနေကြကာ မည်သို့မှ မတတ်နိုင်ဘဲ သူတို့၏သိဒ္ဓိဝင် လက်နက်များကို ထုတ်ယူလိုက်ကြသည်။ အာခီမီမြို့အင်အားကြီး မိသားစုများ၏ လူငယ်မျိုးဆက်များ ဖြစ်သည့်အလျောက် သူတို့တွင်လည်း သိဒ္ဓိဝင် လက်နက်များ မရှားပါးပေ။

လူငယ်တစ်ယောက်က နဂါးမှိန်းကို ကိုင်ထားသည်တွင် သူ့ထံမှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများ ဖြာထွက်နေသည်။ သူ၏နဂါးမှိန်းမှ ကြောက်မက်ဖွယ် ကောင်းသော မီးတောက်များက ရီဖူရှင်းတို့ အုပ်စုထံကို တိုးဝင်သွား၏။

ယွန်စွေ့ရှင်းက ခေါင်းမော့ကာ လေထဲကို ကြည့်လိုက်သည် သူမ၏လက်ထဲ၌ မိုးစက်နှင်တံ ပေါ်လာသည်။ သူမက နှင်တံကို ဝှေ့ယမ်းလိုက်သည်တွင် ကြောက်မက်ဖွယ် ကောင်းသော ရေစီးကြောင်းတစ်ခုက ရိုက်ခတ်သွားကာ မီးနဂါးများအားလုံးက လေထဲ အေးခဲသွားကြ၏။

“တော်ဝင်ကျဲနန်း​တော်က တပည့်တွေ ဘယ်လိုလုပ် အတင့်ရဲရတာလဲ… သူတို့ကို တိုက်ခိုက်ကြစမ်း…” ထိကျိုးက အေးစက်စွာ ပြောသည်။ သူတို့ကား မြေရိုင်းပြည်နယ်မှ ထိပ်တန်း ချပ်ဝတ်လက်နက် ပညာရှင်များ ဖြစ်ကြကာ အားလုံးက အားကောင်းသော နောက်ခံ အသိုင်းအဝိုင်းများကို ပိုင်ဆိုင်ကြသည်။ ရီဖူရှင်းတို့အုပ်စုက သူတို့အား မည်သို့ တိုက်ခိုက်ရဲရသနည်း။ ဤနေရာကား မည်သို့ဆိုစေ အင်ပါယာ မိသားစုအိမ်တော် ဖြစ်သည်။

နောက်တစ်ယောက်ကလည်း လေထဲကို ခုန်တက်ကာ မီးတောက်ဓားဖြင့် ဝှေ့ယမ်းသည်။ မီးလျှံဓားချက်က ရေခဲလွှာကို နှစ်ခြမ်းခွဲလျက် ရီဖူရှင်းတို့အုပ်စုထံကို တိုးဝင်လာသည်။ ချပ်ဝတ်လက်နက် ပညာရှင်အများစုကား မီးဓာတ်တွင် အလွန်အမင်း အားကောင်းကြကာ သူတို့၏ တိုက်ခိုက်မှုများကလည်း မီးဓာတ်ကို အခြေခံကြသည်။

ယန်ကျန်းက ရှေ့ကို တက်ရောက်ကာ သူ၏ဝံပုလွေ လက်သည်းကို ထုတ်လိုက်သည်။ ချက်ချင်းပင် ဝံပုလွေ လက်သည်းက ဧရာမကြီးမားသွားကာ မီးတောက်ဓားချက်ကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်စေသည်။

ရီဖူရှင်းက လေ၏အလျင်နှင့်အတူ လျိုဖန်း လက်ညှိုးထိုးပြသော သူထံသို့ တိုးဝင်သွား၏။ ဘေးမှ တိုက်ခိုက်သူများ ရှိသော်လည်း စုချွဲနှင့် ရီဖူရှင်းတို့၏ ခန္ဓာကိုယ်က အရပ်ကိုယ်ပွားများ အဖြစ် ပြောင်းလဲသွားကာ မြန်ဆန်စွာ ရွေ့လျား သွားစေသည်။ တစ်ဖက်လူများကလည်း မြန်ဆန်စွာပင် နောက်ဆုတ်ကြ သော်လည်း လေထုကို ခွင်းလျက်ဝင်လာသော ဟောင်ကျူဂီ၏ မြားများကိုလည်း ခုခံကာကွယ် ရသေး၏။

ရီဖူရှင်း ဆင်းသက်လာသည်ကို သူမြင်သည်တွင် ထိုလူက မြန်ဆန်စွာ နောက်ဆုတ်သည်။ သို့သော် ထိုအခိုက်တွင် သူခံစားမိသည်ကား အလွန်အမင်း ကြီးမားပြင်းထန်သော ဖိအားဖြစ်ကာ လေထုကပင် အေးခဲသွားသည်ဟု ထင်မှတ်ရသည်။ သူ၏လှုပ်ရှားမှုများက အလွန်နှေးကွေးသွားပြီး သူ၏အတွေးများ အားလုံးက ပိတ်ဆို့ခံရသည်။ သူ့အား တိုက်ခိုက်လာသည်က စိတ်စွမ်းအားတစ်ခု ဖြစ်သည်ကို သိသည်။ နောက်မှ လိုက်ပါလာသည်ကား အလွန် လင်းလက်သော နှင်တံတစ်လက်ပင်။ သူက ထိတ်လန့်စွာဖြင့် သူ၏လက်နက်ကို ထုတ်ကာ ခုခံသည်။

ဘုန်း… အလွန်အမင်း ပြင်းထန်သော ရင်ဆိုင်ပေါက်ကွဲမှု အောက်တွင် တစ်ဖက်လူကား ဒူးထောက်ကျသည်။ သူ၏လက်နက်ကလည်း မြေပြင်ပေါ်ကို ကျကာ ဖိအားဒဏ်ကြောင့် မြေပြင်ကပင် အက်ကွဲကျသည်။

သည်တိုက်ခိုက်မှုက မည်မျှ ပြင်းထန်သည်ကို ဘုရားမှပင် သိပေရော့မည်။

သူက သွေးတစ်ပွက်အန်ကာ သူ၏ခန္ဓာကိုယ် အတွင်းမှ အရိုးများအားလုံး ကျိုးကြေ ကုန်သည်ဟု ခံစားရ၏။ ထို့နောက်တွင် ထိုလူငယ်လည်း မြေပေါ်သို့ လဲပြိုကျကာ သတိလစ် သွားတော့သည်။

ရီဖူရှင်းကား အလွန်ရုန့်ရမ်း ကြမ်းတမ်းသည်ဟု လူအများက တွေးကြသည်။ သူက သူ၏အစ်ကိုများကို ရိုက်နှက်သူများအား ပြန်လည်၍ ရိုက်နှက်တော့မည်လော…။ ရွှီယီနှင့် လျိုဖန်းတို့ပင် မှင်တက်နေကြသည်။ ၂နှစ်ခန့်မတွေ့ရသောအချိန်အတွင်း၌ သူတို့၏ညီငယ်လေးကား သူတို့ကာကွယ်ပေးမှုကို လိုအပ်သော ဆယ်ကျော်သက်လေး မဟုတ်တော့ပေ။

ထိုအခါမှ သူတို့၏ညီငယ်လေးက တော်ဝင်ကျဲနန်းတော်မှ အတော်ဆုံး ပါရမီရှင်တစ်ဦး ဖြစ်ကာ ပုဂ္ဂိုလ်ထူးများ၏ ဆက်ခံသူများစွာက ရီဖူရှင်းနှင့် ပေါင်းသင်း လိုကြသည်ကို သတိထားမိကြသည်။ သူ့တွင် အလွန် အားကောင်းသော နောက်ခံ အသိုင်းအဝိုင်းကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။

လျိုဖန်းကား ဆွံ့အရသည်။

တစ်ချိန်တုန်းက ချင်ပြည်ထောင်၌ ရီဖူရှင်း အနိုင်ကျင့်ခံရသောအခါ သူ့အား လျိုဖန်းက ကာကွယ်ပေးခဲ့ရဖူးသည်။ ထို့နောက်တွင် အစ်ကို၃နှင့် အစ်ကို၄တို့က တောင်ပေါ်မှ ဆင်းကာ သူတို့၏ညီငယ်အတွက် ချင်ပြည်ထောင်သို့ သွားရောက် တုံ့ပြန်ခဲ့ကြ၏။ ယခု ထိုအဖြစ်အပျက်က ပြောင်းပြန် ဖြစ်နေလေပြီ။ ယခုကား သူတို့၏ညီငယ်လေးက သူတို့အတွက် တုံ့ပြန်နေလေပြီ…။

ဘေးဘက်တွင် လီဖူတုနှင့် ကျန်သော ပွဲကြည့်များ အားလုံးက စိတ်လှုပ်ရှား နေကြသည်။ ရီဖူရှင်းက ဤသို့ မောက်မာ ဝင့်ကြွားသည်လား..။ သူ့တွင် အမှန်ပင် ဤသို့ ရုန့်ရင်းကြမ်းတမ်းသော သဘာဝလည်း ရှိသေး၏။

“လုမိသားစု…လုဝေ…” ရီဖူရှင်းက ကောင်းကင်ပျက်သုဉ်းခြင်း နှင်တံကို ဆုပ်ကိုင်ကာ လုဝေ၏ရှေ့ကို ဆင်းသက်လာသည်။ ခုနက လျိုဖန်းညွှန်ပြသော သူများထဲတွင် လုဝေလည်း တစ်ယောက် အပါအဝင် ဖြစ်သည်။

“မင်းက ဒီလောက် ရိုင်းစိုင်းရဲတယ်…” ရီဖူရှင်း သူ့ရှေ့ကို ရောက်လာသည်တွင် လုဝေ၏အမူအရာက ပျက်ယွင်းသွားသည်။ ကောင်းကင်ပျက်သုဉ်းခြင်း နှင်တံက ကောင်းကင် တစ်ခုလုံးကို ဖုံးအုပ်လျက် ကျဆင်းလာသည်တွင် ကြီးစွာသော လေးလံမှုကို ခံစားရ၏။ သူက ရှောင်ဖယ်လိုသော်လည်း ထိုဖိအားကို မလွန်ဆန်နိုင်။ နှင်တံက သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်အား သည်အတိုင်း မှင်တက်လျက် ကြည့်နေရတော့သည်။

ဘန်း…

ကျယ်လောင်သော အသံနှင့်အတူ လုဝေ၏ခန္ဓာကိုယ်က မြေပြင်ပေါ်တွင် ပြားကပ်သွားကာ သူ၏ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျလာသည်။ ခန္ဓာကိုယ်က တွန့်လိမ် ကွေးကောက်သွားကာ အရိုးအကြောများ မည်မျှ ပျက်စီးသွားသည်ကို မခန့်မှန်းနိုင်။ လူအများအပြားက လုဝေကို လှမ်းကြည့်ကြသည်။ သူကား မသေလျှင်ပင် တော်ရုံနှင့် ပြန်နာလန်ထရန် မလွယ်တော့…။

ရီဖူရှင်းက ရပ်တန့်ခြင်း မရှိပေ။ သူက နှင်တံကို ဝှေ့ယမ်းကာ ရှေ့ကို ဆက်လက် ခုန်ဝင်သွားသည်။ မျက်လုံး တစ်မှိတ်အတွင်း၌ပင် လူအများအပြား ကြီးစွာ ဒဏ်ရာရကြသည်။ အထူးသဖြင့် ရွှီယီနှင့်လျိုဖန်းတို့ကို တိုက်ခိုက်ခဲ့သူများ တစ်ဦးမှ အလွတ်မပေးပေ။

ရီဖူရှင်းက သူတို့အား ညှာတာရန် စိတ်ကူးပင် မရှိပေ။ သူ၏အစ်ကိုအား အနိုင်ကျင့်သူများကို သူက မည်သို့ ညှာတာ ရမည်နည်း။ ထိုလူများက တခြားလူများကို အနိုင်ကျင့်ရဲမှတော့ ထိုအကျိုးဆက်ကို ခံနိုင်ရည်အား မွေးထားသင့်ပေးသည်။

လူအများအပြားကား မည်မျှ ထိတ်လန့်ကြသည်ကို ပြောဆိုနိုင်စွမ်းပင် မရှိတော့။ သူတို့အားလုံးက သည်ကိစ္စထဲတွင် ပါဝင် ပတ်သက်မိမည်ကို စိုးရွံ့စွာဖြင့် နောက်ကို မြန်ဆန်စွာ ဆုတ်ကြသည်။ သည်အကောင်ကား အလွန်ရုန့်ရင်း ကြမ်းတမ်းသည်။ သူ၏ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံဖြင့် ဆိုပါက သူကား ရပ်တန့်၍ ရနိုင်သူမဟုတ်ပေ။

ထိုအခိုက်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေသော ထိကန်းက သူ၏သေရည်ခွက်ကို ချလိုက်ကာ ထရပ်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ကောင်းကင်တစ်ခွင် လှုပ်ခတ်သွားသည်။ လီဖူတုနှင့် တခြားလူများက ထိကန်းကို လှမ်းကြည့်ကြသည်။ အာခီမီမြို့မှ နံပတ်တစ် ပါရမီရှင်က အမှန်တကယ် ဝင်ပါတော့မည်လား…။

ထိကန်းက လေထဲကို ခုန်တက်လာသည်တွင် လေထုက အမှန်ပင် တင်းမာသွားပြီး သူ၏အရှိန်အဝါက ပျံ့နှံ့သွား၏။ သူ့နောက်တွင်ကား ရွှေရောင် သီးသန့်နယ်တစ်ခု ပေါ်လာပြီး ခံနိုင်ရည်အားမဲ့သော အပူဓာတ် ဖြာထွက်လာသည်။ သူ၏ သက်စောင့်ဝိညာဉ်က ဓမ္မအဖြစ် ပြောင်းလဲသွားကာ မီးတောက် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ရီဖူရှင်းထံသို့ တိုးဝင်သွားသည်။

ဘုန်းခနဲမြည်သံနှင့်အတူ ဖီးနစ်အရံအတား တစ်ခုက ရီဖူရှင်းကို လာရောက် ကာကွယ်သည်။ ဖီးနစ်၏အတောင်ပံနှစ်ခု ယှက်သန်းထားသည့် အရံအတားပုံစံက ဖီးနစ်ထံမှ လာခြင်းဖြစ်သည်။ သို့သော်လည်း အလင်းတန်းက အရံအတားကို ကျော်ဖြတ်ကာ ဆက်လက် တိုးဝင်လာသည်။ သို့သော်လည်း ယွန်စွေ့ရှင်းလည်း ရောက်လာသည်။ အလွန်အမင်း အေးစက်သော အားလှိုင်းက မိုးစက်နှင်တံထံမှ ထွက်ပေါ်လာကာ အလင်းတန်းများအား ရပ်တန့်စေခဲ့သည်။

ဟောင်ကျူဂီက ထိကန်းထံသို့ ပြေးဝင်သွားသည်။ သူ၏အမူအရာက ထက်ရှသွားကာ ပြင်းထန်သော သိုင်းပညာစွမ်းအားက သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာ၏။ သူကိုယ်တိုင်က အနောက်ဘက်ဒေသ တစ်ခုလုံး၏ အတော်ဆုံးလူဟု တင်စားရသူနှင့် ရင်ဆိုင်ကြည့်လိုသည်။ ပိုင်လွေလီနှင့် နှိုင်းယှဉ်ပါက သူက မည်မျှ အားကောင်းမည်နည်း။ သူ၏ သိုင်ပညာစွမ်းအင်က ပုံရိပ်ယောင်အသိအဖြစ် ပြောင်းလဲသွားကာ ထိကန်းထံသို့ သွားရောက် တိုက်ခိုက်သည်။

ထိကန်းက ဟောင်ကျူဂီကို ဂရုမထားသလို ကြည့်သည်။ ရွှေရောင်သီးသန့်နယ်မှ အလင်းတန်းများ ဖြစ်ပေါ်လာကာ စစ်ရထားတစ်စီးနှင့်အတူ ဟောင်ကျူဂီထံသို့ တိုးဝင်သွားသည်။ စစ်ရထား၏ဖျက်ဆီးအားတွင် အရာခပ်သိမ်းက ပြိုပျက်ရ၏။

***


Comment

Leave a Reply

Options

not work with dark mode
Reset