ဝမ်ပေါင်လဲ့သည် စာရွက်စာတမ်းများကိုချ၍ ခေါင်းခါလိုက်သည်။ သူသည် ကျောင်းမှာ သူ့အတွက်ပြင်ဆင်ပေးထားသော နေထိုင်ရာနေရာသို့ ပြန်သွားလိုက်သည်။ သူ နေထိုင်ရမည့်နေရာသည် လူလုပ်ရေကန်တစ်ခု၏အစွန်ရှိ သုံးထပ်အဆောင်တစ်ခုဖြစ်လေသည်။ ထိုအဆောင်၏ပတ်ဝန်းကျင်သည် တိတ်ဆိတ်အေးချမ်းပေသည်။ ဝမ်ပေါင်လဲ့သည် ရေကန်အစွန်တွင်ထိုင်ချလိုက်ပြီး ယမန်နေ့များတွင်ဖြစ်ခဲ့သောကိစ္စများကို ပြန်စဉ်းစားလိုက်သည်။
‘ ပထမဆုံး ဧရာမသစ်ပင်နဲ့ဝင်တိုးတယ်.. ပြီးတော့ ကျောင်းတစ်ကျောင်းမှာ တာဝန်ကျတယ်။ ငါက ပြည်ထောင်စုပျိုးပင်အယောက်တစ်ရာထဲက တစ်ယောက်ပါ။ ပြည်ထောင်စုထဲမှာ ရုပ်အချောဆုံးလူတစ်ယောက်.. ငါက ကြယ်တွေကိုခူးဆွတ်ဖို့ရည်ရွယ်ထားတာ။ ငါက ကလေးထိန်းအလုပ်တွေ လုပ်မနေသင့်ဘူး ’
ဝမ်ပေါင်လဲ့သည် မချင့်မရဲဖြင့် သက်ပြင်းချလိုက်သည်။ သူသည် ဧရာမသစ်ပင်နှင့်တွေ့ဆုံခဲ့ရမှုကို မမေ့နိုင်ဖြစ်နေသေးသည်။
ကျောင်းတော်ပတ်ဝန်းကျင်သည် မဆိုးလှပေ။ သို့သော် ကောင်းကင်တာအိုကျောင်းတော်၏ အဆောင်မှူးရာထူးနှင့် မယှဉ်နိုင်သေးပေ။
‘ ထားလိုက်ပါတော့… ငါဒီကိုရောက်နေပြီဆိုမှတော့ အားနည်းနည်းစိုက်ပြီး လုပ်ရတော့မှာပေါ့။ တစ်နှစ်ဆိုတဲ့အချိန်က ခဏလေးနဲ့ကုန်သွားမှာပါ..ပြီးရင် ဂိုဏ်းချုပ်က ငါ့ကိုပြန်ခေါ်မှာပါ ’
ထိုသို့တွေးမိသောအခါ ဝမ်ပေါင်လဲ့ထပ်မံသက်ပြင်းချလိုက်သည်။ သူသည် ဧရာမသစ်ပင်နှင့် ပတ်သတ်၍ စိုးရိမ်မှုများကို ခေတ္တမေ့ထားလိုက်ပြီး သူ၏အဆောင်သို့ ပြန်သွားလိုက်လေသည်။ သူသည် ကျောင်း၏ကိန်းကြီးခန်းကြီးနိုင်မှုကို တွေးမိလိုက်သဖြင့် ထပ်မံသက်ပြင်းချလိုက်ပြီး တစ်ညလုံး တိတ်တဆိတ် တင်ပျဉ်ခွေထိုင်နေလိုက်တော့သည်။
နောက်တစ်နေ့နံနက်ခင်းတွင် ဝမ်ပေါင်လဲ့သည် သူ၏ရုံးခန်းသို့ သွား၏။ သူသည် ကျောင်း၏ အုပ်ချုပ်ရေးတာဝန်များကို လုပ်ဆောင်ချင်စိတ်မရှိသလို၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ မှတ်တမ်းများကိုလည်း ဖတ်လိုစိတ်မရှိပေ။ သူသည် သူ၏နတ်ဘုရားရတနာများကို နောက်ထပ် တိုးမြှင့်မှုကြီးကြီးမားမားလုပ်ရင်း မုန့်အတိုအထွာလေးများ စားနေလေသည်။
သူသည် နတ်ဘုရားရတနာများကို အဆင့်မြှင့်တင်ရင်း အဆင့်မြှင့်တင်ရန်လိုအပ်သော ကုန်ကျစရိတ်အား မည်သို့ရှာရမည်ကို တွေးတော၍ သဘောကျနေသည်။ ထိုအချိန်တွင် သူအသိပေးချက်တစ်ခုကို ရရှိလိုက်သည်။ သူယာယီတာဝန်ယူသင်ပေးရမည့်အတန်း စပေတော့မည်။
‘ ကျိုးရိဖန်နဲ့ ကျောက်ယမုန့်တို့ အခုဘာတွေများလုပ်နေမလဲမသိဘူး။ ဘာပဲလုပ်နေလုပ်နေ သူတို့လုပ်နေတာက ငါလုပ်နေရတာထက်တော့သာမှာပဲ ’
ဝမ်ပေါင်လဲ့သည် သူသင်ကြားရမည့်အတန်းကို စိတ်ဝင်စားမှုသိပ်မရှိပေ။ သို့သော် သူလုပ်မည်ဖြစ်ကြောင်း ကျောင်းအုပ်အိုကြီးကို ကတိပေးပြီးဖြစ်၍ သူလုပ်ရပေတော့မည်။ သူသည် အတန်းအတွက် ပုံနှိပ်စာအုပ်များကိုယူ၍ စာသင်ခန်းဆီသို့ လျှောက်သွားလိုက်သည်။
သူသည် စာသင်ခန်းအတွင်းမဝင်ရသေးခင်မှာပင် အခန်းအတွင်းမှ ဆူဆူညံညံ အသံများကို ကြားလိုက်ရသည်။
ထိုစာသင်ခန်းသည် ကျောင်းသား၊ ကျောင်းသူ သုံးဆယ်ခန့်သာဆန့်သည့် အတန်ငယ်သေးငယ်သော စာသင်ခန်းဖြစ်သည်။ ထိုအခန်းထဲတွင် ယောက်ျားလေးဦးရေနှင့် မိန်းကလေးဦးရေသည် ညီတူညီမျှရှိလေသည်။ ကျောင်းသား၊ ကျောင်းသူများသည် ထိုင်သူကထိုင်၊ ထသူကထ၊ အခန်းအတွင်း လျှောက်သွားသူကသွားနှင့် ဆူညံနေလေသည်။ သူအခန်းထဲသို့ ဝင်သွားသောအခါ ဆူညံသံများ အတန်ငယ်ဆဲသွားသည်။ ကျောင်းသား၊ ကျောင်းသူများ၏ အကြည့်များသည် ဝမ်ပေါင်လဲ့အပေါ်သို့ စုပုံကြရောက်လာသည်။
“ ဓမ္မလက်နက်ဆရာအသစ်လား ”
“ ဟင်… သူ့ကိုမြင်ဖူးနေသလိုပဲ ”
“ မင်းတို့က သတင်းမကြည့်ကြဘူးလား။ သူက ဝမ်ပေါင်လဲ့လေ… ပြည်ထောင်စုပျိုးပင်တစ်ရာထဲက တစ်ယောက်ပဲ။ သူက လက်ထောက်ကျောင်းအုပ်အသစ်ပဲ… ”
ကျောင်းသား၊ ကျောင်းသူ သုံးဆယ်ခန့်သည် တီးတိုးပြောကာ အကြိတ်အနယ်ဆွေးနွေးနေကြသည်။ ကျောင်းသား၊ ကျောင်းသူအများစုသည် ဝမ်ပေါင်လဲ့မည်သူဖြစ်ကြောင်း သိသွားသောအခါ ကိုယ်များမတ်သွားကြသည်။
ဝမ်ပေါင်လဲ့သည် သူ့ကိုငေးကြည့်နေသော ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြည့်လိုက်သည်။ ထိုကျောင်းသား၊ ကျောင်းသူများထဲမှတစ်ယောက်သည် ယမန်နေ့က ဟိတ်ဟန်ထုတ်နေခဲ့သောတစ်ယောက်ဖြစ်ကြောင်းကို တွေ့လိုက်ရသောအခါ သူစိတ်ဆင်းရဲသွားသည်။ သို့သော် တော်သေးသည်မှာ အတန်းထဲမှ ကျောင်းသူလေးများသည် အတော်လေးလှပကြရာ မျက်စိပသာဒရှိခြင်းပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့သည် စိတ်တက်ကြွလာလေတော့သည်။
‘ ငါ ကျောင်းရဲ့တူညီဝတ်စုံကို ပြောင်းဖို့ ပြောဦးမှပဲ။ အဲ့ဝတ်စုံတွေက ကြီးလွန်းနေတယ်။ အဲဒါက ကျောင်းသား၊ ကျောင်းသူတွေရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေတယ် ’
ဝမ်ပေါင်လဲ့ ချောင်းဟန့်လိုက်သည်။ ထို့နောက်သူသည် စားပွဲခုံကို လက်ဝါးဖြင့်ရိုက်လိုက်လေသည်။
“ စကြစို့ ”
ကျောင်းသား၊ ကျောင်းသူများသည် သူတို့၏ခုံသို့ ပေါ့ပေါ့ပါးပါး ပြန်သွားကြ၏။ သူတို့ ဝမ်ပေါင်လဲ့ကို ကြည့်သောအကြည့်များတွင် လေးစားမှုထက်၊ စိတ်ဝင်စားမှုများ ပိုပါနေပေသည်။
ဝမ်ပေါင်လဲ့သည် ထိုကိစ္စကို အရေးမစိုက်ပေ။ သူသည် ဤအတန်းတွင် ယာယီဆရာအဖြစ် ဝင်သင်ပေးခြင်းသည် ဟန်ပြမျှသာဖြစ်သည်။
‘ အတန်းကို မြန်မြန်စ၊ မြန်မြန်သိမ်းပြီး ငါ့ရဲ့ နတ်ဘုရားရတနာတွေကို အဆင့်မြှင့်တင်တာကို ဆက်လုပ်ရမယ် ’
ဝမ်ပေါင်လဲ့ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ၏စိတ်သည် ထိုကလေးထိန်းအတုလုပ်ရမည့်ကိစ္စတွင် ရှိမနေပေ။ သူသည် အာလူးကြော်တစ်ထုတ်ကို ထုတ်လိုက်ပြီး အတန်းရှေ့မှာပင် စတင်စားပြလိုက်သည်။ ကျောင်းသား၊ ကျောင်းသူများသည် သူ့ကိုမယုံနိုင်ဟန်ဖြင့် ကြည့်နေစဉ် သူ စတင်သင်ကြားလိုက်သည်။
ဝမ်ပေါင်လဲ့သည် ပုံနှိပ်စာအုပ်ထဲတွင် ရေးထားသည့်အတိုင်းသာ သင်ကြားခဲ့သည်။ တစ်ခါတရံတွင် သူ၏ ဓမ္မလက်နက်ဗဟုသုတများကို ထည့်ပြောခဲ့၏။ ပုံနှိပ်စာအုပ်ထဲမှအရာများသည် စံသတ်မှတ်ထားသော သင်ခန်းစာများဖြစ်ပြီး ဝမ်ပေါင်လဲ့၏ ဓမ္မလက်နက်ဗဟုသုတများသည် အဖိုးမဖြတ်နိုင်သောအသိပညာများဖြစ်ပေသည်။ သို့သော် ကျောင်းသား၊ ကျောင်းသူများသည် နာခံခြင်းမရှိသလို၊ အာရုံလည်းမစိုက်ကြပေ။
အင်္ဂါဂြိုလ်မှ ဒေသခံအချို့သာ သူ၏သင်ကြားမှုကို အာရုံစိုက်နားထောင်ပြီး အခြားကျောင်းသား၊ ကျောင်းသူများသည် ဝမ်ပေါင်လဲ့ကို စိတ်ဝင်တစားရှိနေသောကြောင့် အတန်းအစတွင် တစ်ခဏမျှအာရုံစိုက်သော်လည်း မကြာခင်မှာပင် သင်ခန်းစာထဲတွင် အာရုံမရှိကြတော့ပေ။
ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ ကျောင်းသား၊ ကျောင်းသူများ၏ မျက်နှာပေါ်တွင် စိတ်ကြီးဝင်နေသော အရိပ်အယောင်များရှိနေပြီး ဝမ်ပေါင်လဲ့ကို အထင်သေးမှုများလည်း ပို၍တိုးပွားလာလေသည်။ အတန်းထဲတွင် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ကျောင်းသား၊ ကျောင်းသူများလည်းရှိပေသည်။ လကမ္ဘာပေါ်မှ မရှုမလှရှုံးနိမ့်မှုသည် ဆည်းဆာကြယ်စင်စုဂိုဏ်းကို အပြင်းအထန်ထိခိုက်သွားစေသည်။ သို့သော် သူတို့၏မိဘများသည် အင်္ဂါဂြိုလ်ကိုလိုနီနယ်မြေမှဖြစ်၍ ထိုကိစ္စကြောင့် ထိခိုက်မှုမရှိသလောက်ပေ။ သို့သော် သူတို့သည် သူတို့အရိုးထဲတွင်ဆွဲနေသော အေးစက်စက်နိုင်မှုများနှင့် ထီမထင်မှုများကို ထုတ်ပြနေလေသည်။
အတန်းထဲတွင် ယွီဟွားရှန်ထျန်းဂိုဏ်းမှ ကျောင်းသား၊ ကျောင်းသူအချို့လည်း ရှိပေသည်။ အဓိကဂိုဏ်းကြီးနှစ်ဂိုဏ်းမှ တပည့်များ၏သားသမီးများသည် သူတို့ဂိုဏ်းကို သူတို့ဘာသာရွေးချယ်နိုင်လေသည်။ သို့သော် ထိုအချက်ကို တင်းတင်းကြပ်ကြပ် မကြပ်မတ်ပေ။ လူအများစုသည် သူတို့၏သားသမီးများကို အခြေခံကျင့်ကြံခြင်းနည်းစနစ်များနှင့် အတတ်ပညာများ သင်ယူနိုင်စေရန် အင်္ဂါဂြိုလ်ပေါ်ရှိ ကျောင်းတစ်ကျောင်းကျောင်းကို ပို့ကြသည်။
ဟန်ထုတ်တတ်သော လူငယ်နှင့် သူ၏နောက်လိုက်များသည် လသုံးစင်းမဟာမိတ်မှဖြစ်ကြသည်။ သူတို့သည် အချောင်ခို၊ ပျင်းရိခြင်းကို အကျင့်ဖြစ်နေပုံရလေသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး တီးတိုးပြောနေကြပြီး မကြာခဏဆိုသလို အချင်းချင်းကြွားဝါနေကြသည်။
ဝမ်ပေါင်လဲ့သည် ထိုအတန်းချိန်အတွင်း မုန့်ငါးထုပ်ကုန်ခဲ့လေသည်။ သူသည် သူ၏ပါးစပ်ကို သုတ်လိုက်ပြီး နတ်ဘုရားရတနာများကို ဆက်လက်အဆင့်မြှင့်တင်ရန် အတန်းအတွင်းမှ ထွက်သွားတော့မည့်အချိန်တွင် ကျောင်းသားတစ်ယောက်သည် ထရပ်၍ အော်ပြောလိုက်သည်။ ထိုကျောင်းသားသည် ဝမ်ပေါင်လဲ့၏ စိတ်ထဲဆွဲနေသည့် ဟန်ထုတ်တတ်သည့်အကျင့်ရှိသော လူငယ်ပင်။
“ ဆရာ… ခဏနပေါဦး ”
သူသည် ဝမ်ပေါင်လဲ့ထံသို့ ခပ်သွက်သွက်သွားလိုက်သည်။ သူ၏နောက်လိုက်များသည် သူ့နောက်မှကပ်လိုက်လာသည်။ သူသည် ဝမ်ပေါင်လဲ့ရှေ့တွင်ပိတ်ရပ်၍ ဝမ်ပေါင်လဲ့၏တံခါးဝသို့သွားရာလမ်းကို ပိတ်လိုက်သည်။
ဝမ်ပေါင်လဲ့သည် သူ၏ခြေလှမ်းကို ရပ်လိုက်ပြီး မျက်ခုံးပင့်လိုက်လေသည်။ သူသည် အင်္ဂါဂြိုလ်ပေါ်ရောက်ကတည်းက စိတ်မကြည်မလင်ဖြစ်နေခဲ့သည်။ သူသည် သူ့လမ်းကိုပိတ်ဝံ့သောလူငယ်ကို စူးစိုက်ကြည့်လိုက်သည်။ သူစကားပြောရန် ဟန်ပြင်လိုက်စဉ် လူငယ်သည် ခပ်ဟဟပြုံး၍ ရင့်ကျက်ကာ၊ အတွေ့အကြုံများသည့် မျက်နှာထားကို ပြောင်းလဲလိုက်လေသည်။ သူသည် ဝမ်ပေါင်လဲ့ကို လက်သီးနှစ်ဖက်ဆုပ်ကာ အရိုအသေပေး၍ ပြောလိုက်သည်။
“ ဆရာ… ဆရာလုပ်တဲ့ ရုပ်သေးရုပ်တွေက တော်တော်လေး အစစ်နဲ့တူတယ်လို့ ကျွန်တော်ကြားဖူးတယ်။ အဲ့ရုပ်သေးရုပ်တွေက ပြည်ထောင်စုတစ်ခုလုံးမှာ နာမည်ကြီးပဲ။ အဲ့အရုပ်တွေကို ရောင်းမလား ”
အခြားကျောင်းသား၊ ကျောင်းသူများသည်လည်း စိတ်ဝင်စားဟန်ဖြင့် ခေါင်းများထောင်လာကြပြီး ဝမ်ပေါင်လဲ့ကို ကြည့်လိုက်ကြသည်။ သူ၏ရုပ်သေးရုပ်များအကြောင်းကို ကြားဖူးထားပုံပေါ်သော ကျောင်းသား၊ ကျောင်းသူအချို့၏ မျက်နှာပေါ်တွင် စိတ်ဝင်စားသည့်အရိပ်အယောင်များ ရှိနေလေသည်။
ဝမ်ပေါင်လဲ့ အံ့အားသင့်သွား၏။ ထိုလူငယ်သည် သူ၏ရုပ်သေးရုပ်များအကြောင်းကို မေးလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သူ၏ရုပ်သေးရုပ်များသည် အမှန်ပင်နာမည်ကြီးလေသလောဟု စဉ်းစားမိသွားသဖြင့် သူရင်ထဲတွင် ဝမ်းသာမှုများ ပျို့တက်လာသည်။ သို့သော် သူသည် မျက်နှာထားကို တည်ထားလေသည်။
“ မင်းက ကလေးတစ်ယောက်အနေနဲ့ စူးရှတဲ့မျက်လုံးတွေရှိတာပဲ။ ဒါပေမဲ့ အဲဒါတွေက ကျန်းမာရေးအတွက် မကောင်းဘူးကွ။ ရုပ်သေးရုပ်တွေကို စွဲလမ်းမနေပါနဲ့။ အဲဒါတွေက ကစားစရာမဟုတ်ဘူး။ မင်းအရွယ်ရောက်လာရင် ရုပ်သေးရုပ်တစ်ရုပ် ရလာမှာပါ ”
ဝမ်ပေါင်လဲ့သည် လူငယ်လေးကိုကြည့်၍ ဆုံးမစကားအနည်းငယ်ဆိုလိုက်ပြီး သူ့လမ်းသူဆက်သွားလိုက်သည်။ လူငယ်သည် ဝမ်ပေါင်လဲ့၏ စိတ်မဝင်စားမှုကိုမြင်သောအခါ စိတ်လှုပ်ရှားသွားပြီး ခပ်သွက်သွက်အော်ပြောလိုက်သည်။
“ ဆရာ… ကျွန်တော်က အရွယ်ရောက်နေပါပြီ။ ကျွန်တော့်ရဲ့အဖေကတောင် ကျွန်တော့်ကို အရွယ်ရောက်အထိမ်းအမှတ်လက်ဆောင်အနေနဲ့ အင်္ဂါဂြိုလ်ပေါ်က ဟိုတယ်တစ်ခုကို ဝယ်ပေးခဲ့ပါသေးတယ်။ အဲ့ဟိုတယ်က မီးဝိညာဉ်ကျောင်းတော်ရှေ့တည့်တည့်မှာ ရှိပါတယ်။ ကျွန်တော် အဲ့ဟိုတယ်နဲ့ ဆရာ့ရဲ့ ရုပ်သေးရုပ်တစ်ရုပ်ကို လဲပါမယ် ”
“ ဘာ… ”
ဝမ်ပေါင်လဲ့၏ခြေလှမ်းများတုံ့ဆိုင်းသွား၏။ သူနောက်သို့ပြန်လှည့်လာပြီး လူငယ်ကို မျက်လုံးပြူးများဖြင့် မယုံနိုင်ဟန်ကြည့်လိုက်သည်။
“ ရုပ်သေးရုပ်တစ်ရုပ်အတွက် ဟိုတယ်ကိုပေးမယ်ဟုတ်လား ”
“ ဟုတ်ပါတယ်ဆရာ… ဆရာ လဲမှာလား၊ မလဲဘူးလား ”
လူငယ်သည် ဝံ့ကြွားစွာ မေားငေါ့လိုက်သည်။ သူ၏မျက်နှာထားသည် သူ မည်မျှချမ်းသာပြီး၊ မည်မျှအရွယ်ရောက်နေပြီဖြစ်ကြောင်း ဖော်ပြနေပေသည်။
ဝမ်ပေါင်လဲ့ အသက်ပြင်းပြင်တစ်ချက် ရှူသွင်းလိုက်သည်။ ထိုလူငယ်၏မိသားစုနောက်ခံကို သူသိသော်လည်း ထိုကိစ္စတစ်ခုလုံးကို သူမယုံနိုင်ဖြစ်နေလေသည်။ လသုံးစင်းမဟာမိတ်မှ လူများသည် သူတို့ပိုင်ဆိုင်သည့် စည်းစိမ်များကြောင့် ငတုံးများဖြစ်လာခြင်းဖြစ်ရမည်ဟု သူတွေးမိနေသည်။ သူသည် သူ၏သိလိုစိတ်ကို မထိန်းချုပ်နိုင်တော့သဖြင့် မေးလိုက်လေသည်။
“ ဘာလို့လဲ… ရုပ်သေးရုပ်လုပ်တတ်တဲ့လူတွေ အများကြီးရှိတာပဲ။ ဘာလို့ ငါ့ဆီက လာဝယ်နေရတာလဲ ”
လူငယ်သည် ထိုမေးခွန်းကိုကြားသောအခါ မေးစေ့ကိုပို၍မော့လိုက်ပြီး ဝင့်ဝါစွာပြောလိုက်သည်။
“ ကျင့်သိုမင်ဆီမှာ ဆရာ့ရဲ့ရုပ်သေးရုပ်ရှိတယ်။ မကြာသေးခင်တုန်းက ကျွန်တော် ကမ္ဘာမြေကို အလည်ပြန်တုန်းက တွေ့ခဲ့တာ။ သူက အဲ့ရုပ်သေးရုပ်တွေကို ကျွန်တော့်ရှေ့မှာ မရပ်မနားကြွားနေတာ။ ကျွန်တော် ဒီအောက်ကျမှုကို မခံနိုင်ဘူး။ ကျွန်တော်လည်း တစ်ရုပ်လိုချင်တယ်။ ကျွန်တော် ကျင့်သိုမင်ရဲ့အရုပ်နဲ့ တစ်ပုံစံတည်းတူတဲ့ မိန်ကလေးရုပ်သေးရုပ်ကိုလိုချင်တယ် ”
ဝမ်ပေါင်လဲ့သည် သူ့ရှေ့ရှိ ဘဝင်ခိုက်နေသောလူငယ်ကို အဓိပ္ပာယ်ပါပါ၊ လေးလေးနက်နက်ကြည့်လိုက်သည်။ သူ၏ မျက်နှာထားသည် ထူးဆန်းနေပေသည်။ အကယ်၍ သူသာ ထိုလူငယ်၏ဖခင်ဖြစ်ပါက ထိုလူငယ်ကို အပြင်းအထန်ရိုက်နှက်ပစ်လိုက်မည်ဖြစ်သည်။ ထိုကလေးသည် တကယ့်ဂြိုလ်ကောင်လေးပင်။
‘ လသုံးစင်းမဟာမိတ်က လူတွေက ပုံမှန်မဟုတ်တဲ့ပုံပဲ။ သူတို့က တကယ့်ကို အသုံးအဖြုန်းကြီးတဲ့ သားတွေ၊ သမီးတွေချည်းပဲ… ကျင့်သိုမင်က ဓမ္မလက်နက်တစ်ခုနဲ့ အကျိုးအပဲ့တစ်ခုကို လဲခဲ့တယ်… အခုဒီကလေးကလည်း ဟိုတယ်တစ်လုံးနဲ့ ရုပ်သေးရုပ်တစ်ရုပ်ကိုလဲနေတယ်… ’
ဝမ်ပေါင်လဲ့ သက်ပြင်းချလိုက်သည်။ သူသည် အလွန်ချမ်းသာသောသူများနှင့် အမြဲထိပ်တိုက်တိုးနေသကဲ့သိုပင်။ သူသည် သူ၏ကံကြမ္မာကို ပို၍မကျေမနပ်ဖြစ်လာလေသည်။ သူ၏ကံကြမ္မာသည် ထိုလူ့မလိုင်များကို ပိုက်ဆံဖြုန်းရန် နည်းလမ်းများပေးနေသည်ဟုပင် ထင်ရလေသည်။
‘ ဒီလိုဆိုတော့လည်း ငါ့ရှေ့မှာရောက်လာတဲ့ ကံကြမ္မာကို အတိုက်အခံလုပ်လို့ ဘယ်ဖြစ်မလဲ ’
ဝမ်ပေါင်လဲ့သည် ထိုသို့တွေး၍ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။ သူ့မျက်နှာပေါ်တွင် တောက်ပသောအပြုံးတစ်ခု ပေါ်လာပြီး လူငယ်ကို ပခုံးပုတ်လိုက်သည်။
“ ကောင်လေး… မင်းရဲ့ အနာဂတ်ကတော့ တောက်ပနေတာပဲကွဆ ”
ဝမ်ပေါင်လဲ့သည် ထိုလူငယ်တောင်းနေသည့် ရုပ်သေးရုပ်ကို ချက်ချင်းဆွဲထုတ်လိုက်၏။ ထို့နောက် သူတို့၏လဲလှယ်မှုသည် ပြီးဆုံးသွားလေတော့သည်။ ဝမ်ပေါင်လဲ့သည် အကျိုးအမြတ်များဖြင့် စာသင်ခန်းအတွင်းမှ ပျော်ရွှင်စွာထွက်သွားလေသည်။ စာသင်ခန်းအတွင်း၌ လူငယ်သည်လည်း သူ၏ရုပ်သေးရုပ်ကို ပျော်ရွှင်စွာငေးကြည့်နေပေသည်။ သူ၏ မျက်ဝန်းများသည် စိတ်လှုပ်ရှားမှုများ၊ ကျေနပ်မှုများနှင့် တလက်လက်တောက်ပနေတော့သည်။
ဝမ်ပေါင်လဲ့သည် သူ၏ရုံးခန်းအနီးသို့ရောက်သို့အခါ တံခါးနှင့် ခြေလှမ်းအနည်းငယ်အကွာတွင် ရုတ်တရက်ရပ်တန့်လိုက်သည်။ သူသည် သူ့နဖူးသူရိုက်လိုက်၏။
‘ မဟုတ်သေးပါဘူး… ငါ့ရဲ့ ရည်ရွယ်ချက်က ဒီကျောင်းကနေပြောင်းရဖို့လေ။ ဘာလို့ငါက အင်္ဂါဂြိုလ်ပေါ်မှာ စီးပွားရေးတစ်ခု စလိုက်ရတာလဲ… ’
သူသည် ထိုသို့တွေးမိသောအခါ ခံစားချက်များရှုပ်ထွေးသွားသည်။ သူ အင်္ဂါဂြိုလ်ပေါ်မှ ထွက်သွားလျှင် ထိုဟိုတယ်ကို ရွှေ့သွား၍မရပေ။ ဟိုတယ်ကိုရောင်းပစ်လိုက်လျှင်လည်း နှမြောစရာကောင်းပေသည်။ သူသည် အင်္ဂါဂြိုလ်ပေါ်သို့ မလာခင် လေ့လာမှုအချို့လုပ်ခဲ့သည်။ အင်္ဂါဂြိုလ်ပေါ်ရှိ ပိုင်ဆိုင်မှုများသည် အဖိုးတန်ပြီး ပိုက်ဆံများစွာ တန်ကြေးရှိလေသည်။
‘ ထားလိုက်ပါတော့.. အဲ့ကြောင်းကို အခုလောလောဆယ် သိပ်မတွေးပဲနေရအောင်။ ဒါက အင်္ဂါဂြိုလ်မှာ ကောင်းမွန်တဲ့ အစလို့ပြောလို့ရတာပဲ ’
ဝမ်ပေါင်လဲ့၏စိတ်အခြေအနေသည် သိသိသာသာ တိုးတက်လာလေသည်။ သူသည် သီချင်းလေးညည်းရင်း သူ၏ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်သည်။
မြူခိုးတာအိုကျောင်းသည် သူအစကထင်ထားသလောက် မဆိုးပုံပင်။
‘ စာသင်ခန်းထဲမှာ လှည့်ပတ်ရပ်ပြီး နောက်သင်ခန်းစာတွေအတွက် ကူညီပေးမယ့် ရုပ်သေးရုပ်နည်းနည်းလောက် ထပ်လုပ်ရင်ကောင်းမလား ’
ဝမ်ပေါင်လဲ့သည် ထိုသို့လုပ်ရန် စိတ်အားထက်သန်နေ၏။ ထိုစီးပွားရေးသည် ချမ်းသာကြယ်ဝလာနိုင်သည့် ကောင်းမွန်သောလမ်းကြောင်းတစ်ခု ဖြစ်လာနိုင်ပေသည်။