ဝမ်ပေါင်လဲ့သည် မြူခိုးတာအိုကျောင်းသို့သွားရာလမ်းတွင် အချိန်မဆိုင်းဘဲ ကျောင်းတော်ကိုလှမ်းဆက်သွယ်လိုက်ကာ သူရောက်လာမည့်အကြောင်းကို သတင်းပို့လိုက်သည်။
ထို့နောက် သူသည် ဝိညာဉ်ကွန်ရက်ပေါ်သို့တက်လိုက်ပြီး အင်္ဂါဂြိုလ်ကိုလိုနီနယ်မြေ၏ တရားဝင်ဝက်ဘ်ဆိုက်အတွင်းသို့ဝင်ကာ ကျောင်းတော်၏သတင်းအချက်အလက်များကို ရှာဖွေလိုက်သည်။
လူကုံထံသားသမီးများအတွက် ကျောင်းတော်များဖြစ်ကြသော မီးဝိညာဉ်ကျောင်းတော်ကဲ့သို့ ကျောင်းတော်များ၏သတင်းအချက်အလက်များကို ဝိညာဉ်ကွန်ရက်အတွင်း အလွယ်တကူရှာဖွေလေ့လာနိုင်ပေသည်။ ဝမ်ပေါင်လဲ့သည် တစ်ခဏမျှသာရှာလိုက်သော်လည်း ကျောင်းတော်၏သတင်းအချက်အလက်များကို အမြောက်အမြားတွေ့ခဲ့လေသည်။
မြူခိုးတာအိုကျောင်းသည် အတော်လေးနာမည်ကြီးသည်။ အင်္ဂါဂြိုလ်ပေါ်ရှိ လူကုံထံသားသမီးများအတွက် ဒုတိယကျောင်းတော်ဖြစ်လေရာ ၎င်း၏နိုင်ငံရေးနောက်ခံသည် ရှုပ်ထွေးလေသည်။ ပြည်ထောင်စုအတွင်းမှ အဓိကနိုင်ငံရေးအင်အားစုများအားလုံးသည် ထိုကျောင်းတော်တွင် ရင်းနှီးမြှုပ်နှံထားကြသည်။ အထူးသဖြင့် လသုံးစင်းမဟာမိတ်သည် အများဆုံးရင်းနှီးမြှုပ်နှံထားပေသည်။
မြူခိုးတာအိုကျောင်းသည် အင်္ဂါဂြိုလ်ပေါ်ရှိ တန်ခိုးဩဇာကြီးမားသူများ၏ ဆက်ခံသူများအတွက် တည်ထောင်ထားသောကျောင်းတော်တစ်ခုဟုဆိုလျှင် မှားလိမ့်မည်မဟုတ်ချေ။ ထိုကျောင်းတော်သည် ဘာသာရပ်ပေါင်းစုံကို သင်ကြားပေးသည် အဆင့်မြင့်ကျောင်းတော်တစ်ကျောင်းဖြစ်သည်။ ၎င်းသည် တာအိုကျောင်းတော်ကြီးလေးကျောင်းနှင့် အဆင့််အတန်းကွာပေသည်။ သို့သော် ထိုကျောင်းတော်သည် ကျောင်းသား၊ ကျောင်းသူများကို အာနာပါနအဆင့်ရောက်အောင် ပြုစုပျိုးထောင်ပေးသည့် အငယ်တန်းအဆင့်ကျောင်းတော်တစ်ခုအနေဖြင့် ရွေးချယ်ရန်သင့်တော်သော ကျောင်းတော်တစ်ကျောင်းဖြစ်လေသည်။
ထိုကျောင်းတော်၏ ကျောင်းသူ၊ ကျောင်းသားများသည် လူကုံထံသားသမီးများနှင့် တော်ဝင်မျိုးနွယ်များသာဖြစ်သည်။ ထို့ကြောင့် ထိုကျောင်းတော်သည် အထက်တန်းလွှာကျောင်းတော်ဟူ၍ သာမန်လူတန်းစားအကြားတွင် ကျော်ကြားလာခြင်းပင်။
ထိုကျောင်းတော်၏ လက်ရှိကျောင်းအုပ်သည် လသုံးစင်းမဟာမိတ်မှဖြစ်သည်။ သူသည် မြူခိုးတာအိုကျောင်းတွင် ကျောင်းအုပ်အဖြစ်တာဝန်ထမ်းဆောင်နေသည်မှာ ငါးနှစ်ကျော်ပေပြီ။ ထိုနှစ်ပိုင်းအတွင်း သူ၏စွမ်းဆောင်ရည်သည် မဆုံးနိုင်သောအကြောင်းများကြောင့် စံပြမဖြစ်ခဲ့ပေ။ သို့သော် သူ၏အုပ်ချုပ်မှုအောက်တွင် ကျောင်းတော်သည် ကြီးမားသည့်ပြဿနာများနှင့် မကြုံတွေ့ခဲ့ပေ။ ကိစ္စများသည် ချောချောမွေ့မွေ့ ရှိနေပေသည်။
‘ ဘာအထက်တန်းလွှာကျောင်းတော်လဲ… အဲ့ဒါက ကလေးတစ်အုပ်အတွက် ကစားကွင်းသာသာပဲ ’
ဝမ်ပေါင်လဲ့သည် ကျောင်းတော်အကြောင်းများကို ရှာဖွေဖတ်ရှုရင်း နှာခေါင်းရှုံ့လိုက်သည်။ သူသည် ထိုကျောင်းတော်တွင် လက်ထောက်ကျောင်းအုပ်အဖြစ် ထမ်းဆောင်ရမည်ကို မကျေမနပ်ဖြစ်နေခဲ့သည်။ ထို့ကြောင့်သူသည် ထိုကျောင်းတော်ကို အမြင်မကြည်ဖြစ်နေခြင်းပင်။
သူသည် မကြာမီမှာပင် သူ၏စိတ်ထားကို ပြောင်းလဲလိုက်သည်။ ထိုစိတ်ပြောင်းမှုသည် သူ ကျောင်းတော်သို့ရောက်ရှိကာ ကျောင်းဂိတ်တံခါးကို ပထမဆုံးမြင်လိုက်ရချိန်တွင် ဖြစ်ပေါ်သွားခြင်းပင်။
ဂိတ်တံခါးသည်… မီတာငါးရာကျော်ရှည်လျားပေသည်။ ဂိတ်တံခါးတွင် နဂါးပုံများ၊ ဇာမဏီငှက်ပုံများကို ထွင်းထုထားပြီး ထိုပုံများသည် ကြော့ရှင်းသောရိုးရာအငွေ့အသက်များကို ပေးနေလေသည်။ ထိုနေရာသည် ကျောင်းတော်တစ်ကျောင်းဖြစ်ကြောင်း မသိခဲ့ပါက အင်္ဂါဂြိုလ်ကိုလိုနီနယ်မြေ၏ အုပ်ချုပ်ရေးမှူးစံအိမ်ကို ရောက်လာသည်ဟုပင် ထင်မိသွားမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့သည် ထိုမျှလောက်ဖြင့် စိတ်ပြောင်းသွားခြင်းမဟုတ်ပေ။ ဝမ်ပေါင်လဲ့သည် ဓမ္မလက်နက်ကျင့်ကြံသူတစ်ဦးဖြစ်သဖြင့် လေထုအတွင်းရှိ လတ်ဆတ်သောရနံ့တစ်ခုကို လျင်မြန်စွာပင် အနံခံမိသွားသည်။ သူသည် ထိုရနံ့ကို အသေအချာလေ့လာကြည့်လိုက်ပြီးနောက် သူ၏အံ့အားသင့်မှုကို မထိန်းနိုင်အောင်ဖြစ်သွားလေသည်။
‘ ဂိတ်တံခါးက တကယ်ပဲ ဝိညာဉ်ရွှံ့စေးနဲ့ တည်ဆောက်ထားတာလား… အဲဒါက ဧရာမသစ်ပင်အသားနဲ့လုပ်ထားတဲ့ တံခါးတွေထက်တောင် အဖိုးတန်သေးတယ် ’
ဝမ်ပေါင်လဲ့၏ မျက်လုံးများသည် မျက်လုံးအိမ်အတွင်းမှ ပြုတ်ကျတော့မတတ် ပြူးကျယ်နေသည်။ သူ၏ အသက်ရှူနှုန်းသည်လည်း မတည်မငြိမ်ဖြစ်နေလေသည်။ ဝိညာဉ်ရွှံ့စေးသည် အဆောင်များပြုလုပ်ရာတွင် အသုံးပြုသော ပါဝင်ပစ္စည်းတစ်ခုဖြစ်သည်။ ၎င်း၏တန်ဖိုးသည် အသေဖြစ်ပြီး အလေးချိန်နှင့်တွက်ချက်ကြသည်။ ၎င်းသည် ဈေးမသက်သာပေ။ သူ့ရှေ့ရှိ ဂိတ်တံခါးသည် ဝိညာဉ်ရွှံ့စေးနှင့်တည်ဆောက်ထားသည်ဆိုချင်းမှာ မယုံနိုင်စရာပင်။ အခြေတည်အဆင့်သို့ရောက်နေသော ဝမ်ပေါင်လဲ့သည်ပင် ထိုဂိတ်တံခါးကို တည်ဆောက်ရန် လိုအပ်သည့်ဝိညာဉ်ရွှံ့စေး၏ ခန့်မှန်းတန်ဖိုးကို တွက်ချက်ရန် အချိန်အတော်ကြာယူခဲ့ရလေသည်။
သူရောက်ရှိလာချိန်သည် နေ့လယ်ပိုင်းကျောင်းနားချိန်နှင့် တိုက်ဆိုင်နေ၏။ သူသည် ကျောင်းပြင်တွင်ရပ်ကာ ဂိတ်တံခါးကြီးကိုကြည့်၍ အံ့အားသင့်နေစဉ် ကျောင်းတော်ပရိဝုဏ် အတွင်း၊ အပြင်တွင် သွားလာနေသော ဇိမ်ခံသင်္ဘာပျံများကို တွေ့လိုက်လေသည်။
ဝမ်ပေါင်လဲ့သည် သင်္ဘောပျံအနည်းငယ်ကို မြင်ဖူး၏။ သူသည် ကောင်းကင်သစ်သီးစားပွဲတွင် ထိုကဲ့သို့သင်္ဘောပျံများကို မြင်ဖူးလေသည်။ ယခု သင်္ဘောပျံများထဲမှတချို့သည် ပို၍ပင် တန်ဖိုးကြီးပေသည်။ ထိုနေရာတွင် စိန်များဖြင့်ပြုလုပ်ထားသော သင်္ဘောပျံများ၊ ပါးစပ်အဟောင်းသားဖြစ်သွားမည့် ပုံစံများနှင့် သင်္ဘောပျံများနှင့် မိစ္ဆာသားရဲများ၏ပုံစံရှိသည့် သင်္ဘောပျံများရှိလေသည်။ သင်္ဘောပျံမျိုးစုံကို တွေ့နိုင်ပေသည်။
ဝမ်ပေါင်လဲ့အနေဖြင့်သည် ထိုမျှဖြင့်ပင် နောက်လှည့်ပြန်သွားရလျှင်လည်း ကိစ္စရှိမည်မဟုတ်ပေ။ ဝမ်ပေါင်လဲ့တစ်ယောက် မြင်လိုက်ရသည့်မြင်ကွင်းများကြောင့် ငူငူကြီးရပ်နေစဉ်တွင် ဆရာတစ်ဦးသည် ဂိတ်တံခါးရှေ့ရှိ ဝမ်ပေါင်လဲ့ကို သတိထားမိသွားလေသည်။ ကျောင်းတော်သည် ဝမ်ပေါင်လဲ့၏ သတင်းပို့မှုကိုရရှိခဲ့ပြီးနောက် ဝမ်ပေါင်လဲ့ကို ကျောင်းတော်ဂိတ်တံခါးတွင် ကြိုဆိုရန် သူ့ကိုတာဝန်ပေးထားခြင်းပင်။ ထိုဆရာသည် အသက်လတ်ပိုင်းအရွယ်ရှိသော ပိန်ပိန်ပါးပါးအမျိုးသားတစ်ဦးဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့မှာ အမှန်ပင်သူစောင့်နေသူဖြစ်ကြောင်း အတည်ပြုပြီးသောအခါ ဝမ်ပေါင်လဲ့ထံသို့ အလျင်အမြန် လှိုက်လှိုက်လှဲလှဲသွားလိုက်သည်။
“ ဂုဏ်သရေရှိ တာအိုရောင်းရင်း… တာအိုရောင်းရင်းက လက်ထောက်ကျောင်းအုပ် ဝမ်ပေါင်လဲ့ပါလား ”
ဝမ်ပေါင်လဲ့သည် ကျောင်းတော်ဂိတ်တံခါးနှင့် သူ့ပတ်လည်တွင် ပျားပန်းခတ်သွားလာနေသည့် ကျောင်းသူ၊ ကျောင်းသားများကြောင့် အံ့အားသင့်မှင်တက်နေဆဲဖြစ်သည်။ သူသည် ထိုဆရာ၏မေးခွန်းကို ကြားလိုက်သဖြင့် လှည့်ကြည့်လိုက်သည်။ စကားအနည်းငယ်ပြောပြီးသွားသောအခါ ထိုဆရာသည် ဝမ်ပေါင်လဲ့ မည်သူမည်ဝါဖြစ်ကြောင်းသိရှိသွားပြီး ပို၍ရင်းနှီးဖော်ရွေလာလေတော့သည်။ သူသည် ဝမ်ပေါင်လဲ့ကို ကျောင်းတော်အတွင်းသို့ ခေါ်ဆောင်သွား၏။
“ လက်ထောက်ကျောင်းအုပ်ဝမ်…. ကျွန်တော်တို့က ဆရာ့ကိုစောင့်နေတာကြာပါပြီ။ နောက်ဆုံးတော့ ဆရာရောက်လာပြီပေါ့ ”
သက်လတ်ပိုင်းအရွယ်ဆရာသည် သွားဖြီး၍ ပြုံးလိုက်သည်။ သူသည် ဝမ်ပေါင်လဲ့ကို ကျောင်းတော်အတွင်းသို့ ခေါ်ဆောင်သွားရင်း ကျောင်းတော်ပရိဝုဏ်ကို စတင်မိတ်ဆက်ပေးလိုက်သည်။
ကျောင်းတော်ပရိဝုဏ်သည် ဧကသုံးရာကျယ်ပေသည်။ ပရိဝုဏ်အတွင်းတွင် အဆောက်အအုံမျိုးစုံရှိပြီး အသင်အပြကောင်းသော ဆရာ၊ ဆရာမများလည်း ရှိပေသည်။ ဝမ်ပေါင်လဲ့သည် ပရိဝုဏ်အတွင်းလျှောက်ကြည့်ရင်း သူသည် ကျောင်းတော်အစစ်အတွင်းသို့ရောက်နေခြင်းမဟုတ်ဘဲ ပန်းခြံတစ်ခုအတွင်းရောက်နေခြင်းဖြစ်သည်ဟု ခံစားနေရလေသည်။
လူလုပ်ရေကန်များ၊ လူလုပ်တောင်များနှင့် အဖိုးတန်ကုန်းမြေများကို နေရာအနှံ့တွင်တွေ့ရလေသည်။ ကျောင်းတော်ပရိဝုဏ်အတွင်းတွင် ဝိညာဉ်ချီများပျံ့နှံ့နေသည်။ ၎င်းသည် ကောင်းကင်တာအိုကျောင်းတော်၏ အဆင့်မြင့်ကျွန်းနှင့်ပင် ယှဉ်နိုင်ပေသည်။ အရာအားလုံးသည် ဝမ်ပေါင်လဲ့နားလည်ထားသည့် အစစ်အမှန် အထက်တန်းလွှာကျောင်းတော်ပုံစံနှင့် တစ်ပုံစံတည်းဖြစ်လေသည်။ သူလမ်းလျှောက်နေစဉ်တွင် ကျောင်းသူ၊ ကျောင်းသား အများအပြားကို ထပ်တွေ့လိုက်ရသည်။ သူ့မျက်လုံးများ ထပ်မံပြူးကျယ်လာ၏။ ထိုကျောင်းတော်ရှိ ကျောင်းသူများသည် အစားကောင်းများစားထားသဖြင့် သူတို့၏ခန္ဓာကိုယ်များသည် ကမ္ဘာပေါ်ရှိ ကျောင်းသူများ၏ တူညီဝတ်စုံအောက်တွင်ပုန်းကွယ်နေသည့် ခန္ဓာကိုယ်များထက် ဖွံ့ထွားပေသည်။
သူသည် အဆောက်အအုံတစ်ခုအတွင်းမှနေ၍ လက်နောက်ပစ်၍ထွက်လာသော လူငယ်တစ်ဦးကို တွေ့လိုက်ရ၏။ သူနှင့်သက်တူရွယ်တူ အခြားလူငယ်လေးများသည် သူ့နောက်မှ လိုက်ထွက်လာသည်။ သူတို့သည် လမ်းလျှောက်နေရင်း သူတို့၏သိုလှောင်လက်ပတ်အတွင်းမှနေ၍ ဝိညာဉ်ကျောက်တုံးများကို ထုတ်နေကြသည်။ ထိုလူငယ်ကိုမြင်၍ လက်သီးဆုပ် နှုတ်ဆက်သူတိုင်းသည် ထိုလူငယ်၏နောက်လိုက်များထံမှ ဝိညာဉ်ကျောက်တုံးများကို ချက်ချင်းလက်ခံရရှိမည်ဖြစ်သည်။
“ သူ.. သူဘာလုပ်နေတာလဲ။ သူ့မိသားစုက ဝိညာဉ်ကျောက်တုံးတွင်းတစ်တွင်း ပိုင်လို့လား ”
ဝမ်ပေါင်လဲ့ နားမလည်နိုင်ဖြစ်သွား၏။
“ သူ့ကို အရေးစိုက်မနေပါနဲ့ လက်ထောက်ကျောင်းအုပ်ဝမ်။ သူက လသုံးစင်းမဟာမိတ်ကပါ။ သူတို့က အဲဒါက ဝိညာဉ်ကျောက်တုံးဟန်ထုတ်ခြင်းလို့ ခေါ်တယ် ”
ပိန်ပိန်ပါးပါးဆရာသည် တည်တည်ငြိမ်ငြိမ်ပင် ရှင်းပြလိုက်သည်။
“ ဟန်ထုတ်ခြင်း… ”
ဝမ်ပေါင်လဲ့ တီးတိုးရေရွတ်လိုက်သည်။ သူ မည်သို့ပြောလိုက်ရမည်မသိဖြစ်သွားသည်။ သူသည် နန်းတော်အပြင်တွင်ရပ်နေသည့် သူတောင်းစားတစ်ဦးကဲ့သို့ ခံစားလိုက်ရလေသည်။ သူ၏အတွေးများ ဗြောင်းဆန်မသွားစေရန် ထူးဆန်းသောစွမ်းအားတချို့က ကာကွယ်ထား၏။
ဝမ်ပေါင်လဲ့သည် မြင်လိုက်ရသောမြင်ကွင်းများကြောင့် အံ့အားသင့်မှင်တက်နေပြီး သူနှင့်မရင်းနှီးသည့် ပတ်ဝန်းကျင်ကို ဖြည်းဖြည်းချင်း နေသားကျအောင်လုပ်နေရင်းဖြင့်ပင် ကျောင်းအုပ်ကြီးရုံးခန်းသို့ရောက်ရှိလာလေတော့သည်။ သူ ရုံးခန်းအတွင်းသို့ ဝင်လိုက်သည်နှင့် သူနှင့်ဆင်တူသော်လည်း သူ့နှစ်ဆရှိသည့် ဗိုက်ရွှဲကြီးတစ်ဦး ထိုင်ခုံပေါ်မှ ခက်ခက်ခဲခဲထလာသည်ကို မြင်လိုက်ရ၏။ သူ၏မျက်နှာသည် ပြုံးဖြီးနေလေသည်။
ထိုအဘိုးကြီးသည် မြူခိုးတာအိုကျောင်း၏ လက်ရှိကျောင်းအုပ်ဖြစ်သည်။
သူ့ရှေ့တွင်ရပ်နေသည့် လူကြီးသည် နောက်တစ်နှစ်လုံးလုံး သူ၏အထက်လူကြီးဖြစ်မည့်သူဖြစ်ကြောင်း ဝမ်ပေါင်လဲ့သိလေသည်။ သူသည် သူ၏ရာထူးကို မကျေနပ်သော်လည်း ကျောင်းတော်၏ ခမ်းနားကြီးကျယ်မှုကြောင့် အတန်ငယ်စိတ်ပြောင်းလာပြီဖြစ်သည်။ သူသည် အဆင့်မြင့်အရာရှိကြီးများ၏ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိများထဲမှ သင်ခန်းစာများနှင့် လျှိုတောက်ပင်းထံမှသင်ယူခဲ့သော သင်ခန်းစာများကို အလိုလိုအသုံးပြုမိလိုက်ပြီး လေးစားသည့်မျက်နှာထား ပြောင်းလိုက်လေသည်။
ကျောင်းအုပ်အိုကြီးသည် ဝမ်ပေါင်လဲ့ရောက်လာခြင်းကြောင့် အားတက်နေသည်။ သူသည် ဝမ်ပေါင်လဲ့ကို လှိုက်လှိုက်လှဲလှဲကြိုဆိုလိုက်ပြီး ဝမ်ပေါင်လဲ့ကို သူနှင့်အတူထိုင်ရန် ဆွဲခေါ်လိုက်သည်။ ဝမ်ပေါင်လဲ့သည် သူ့ကိုလေးစားသည့်မျက်နှာထားဖြင့် ထိုင်ခုံတစ်ဝက်စာသာ ထိုင်နေပြီး ရုတ်တရက် နာမည်ကြီးလာသူများတွင်ရှိတတ်သည့် ဝံ့ကြွားမှုလည်းမရှိကြောင်းကို တွေ့လိုက်ရသောအခါ ကျောင်းအုပ်၏ အပြုံးသည် ပို၍နွေးထွေးလာလေတော့သည်။
သူသည် ဝမ်ပေါင်လဲ့နှင့် အာလာပသလ္လာပပြောကာ ကျောင်းတော်အကြောင်းကို အနည်းငယ်ပြောပြလိုက်သည်။ ထို့နောက် နောက်ဆုံးတွင် သူသည် အလေးအနက်ပြောလိုက်၏။
“ ပေါင်လဲ့… ငါကအသက်ကြီးနေပါပြီ။ ငါ့မှာ ကျောင်းတော်ကို စီမံခန့်ခွဲဖို့ အင်အားမရှိတော့ဘူး။ အခုကစပြီး မင်းရဲ့တာဝန်တွေက ကြီးလေးလိမ့်မယ်။ ဒါပေမဲ့ မင်းက ငယ်ရွယ်ပြီး ကောင်းကင်တာအိုကျောင်းဆင်းတစ်ယောက်ပဲ။ ဒီတော့ မင်းအတွက် ပြဿနာမရှိနိုင်ပါဘူး… ”
“ ငါတို့ကျောင်းတော်က ကလေးတွေက ချမ်းသာတဲ့မိသားစုကသားသမီးတွေ၊ အင်္ဂါဂြိုလ်ကိုလိုနီနယ်မြေရဲ့ ထိပ်ပိုင်းအရာရှိတွေရဲ့သားသမီးတွေ ဒါမှမဟုတ် ကိုလိုနီနယ်မြေအတွက် ကြီးကြီးမားမားစွမ်းဆောင်ပေးခဲ့တဲ့ ဘိုးဘေးတွေရဲ့ မြေးမြစ်တွေပဲ။ နောက်တစ်နည်းပြောရရင်တော့ သူတို့အကုန်လုံးမှာ အထင်ကြီးလောက်တဲ့နောက်ခံတွေရှိတယ်ပေါ့ကွာ။ သူတို့ရဲ့မိဘတွေက သူတို့ကို အများကြီးမျှော်လင့်ထားကြတယ်။ သူတို့က သူတို့ရဲ့ကလေးတွေကို ထူးထူးချွန်ချွန် အရွယ်ရောက်လာစေချင်ကြတယ်… ”
“ ငါတို့ရဲ့တာဝန်က ကြီးလေးတယ်။ ငါတို့ကျောင်းတော်ရဲ့ တာဝန်က အဲ့ကလေးတွေကို အနာဂတ်ရဲ့ကြယ်ပွင့်လေးတွေဖြစ်လာအောင် ပျိုးထောင်ပေးဖို့ပဲ။ မင်း အဲဒါကို အဓိကအာရုံစိုက်ပြီး လုပ်ရမယ်။ ကျောင်းတော်မှာ ဆရာ၊ ဆရာမဦးရေ ရှစ်ရာကျော်ရှိတယ်… သူတို့တွေကို မင်းပဲအုပ်ချုပ်ရမှာ ”
ကျောင်းအုပ်အိုကြီးသည် ဝမ်ပေါင်လဲ့အား နောက်ထပ်အားပေးစကားပြောပြီးနောက် သူ့ကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့အတွင်းရှိ အခြားလူများနှင့် မိတ်ဆက်ပေးလိုက်သည်။ သူသည် ဝမ်ပေါင်လဲ့၏ရာထူးအဆင့်အတန်းကို ပြောပြလိုက်၏။ အုပ်ချုပ်ရေးအဖွဲ့အတွင်းရှိ ကျန်လူများ၏စိတ်ထဲတွင် မည်သို့ရှိမည်မသိသော်လည်း သူတို့သည် ဝမ်ပေါင်လဲ့ကို လေးလေးစားစား၊ ရိုရိုသေသေဆက်ဆံလေသည်။ သူသည် ပဏာမအဆင့်ငါးအရာရှိတစ်ဦးပင် မဟုတ်ပေလော။ ကျောင်းအုပ်အိုကြီးမှလွဲ၍ သူသည် ကျောင်းတော်တွင် ရာထူးအာဏာအကြီးဆုံးလူတစ်ယောက် ဖြစ်လေသည်။
ကျောင်းအုပ်အိုကြီး ထွက်မသွားခင် သူသည် ဝမ်ပေါင်လဲ့ကို အကူအညီတစ်ခုတောင်းခဲ့သည်။
“ ပေါင်လဲ့… မကြာသေးခင်တုန်းက ဓမ္မလက်နက်အတန်းကို တာဝန်ယူရတဲ့ ဆရာက တစ်ခုခုဖြစ်သွားခဲ့တယ်။ အဲ့ဆရာက အဲ့ကတည်းက ကျောင်းကနှုတ်ထွက်သွားတာပဲ။ သူ့နေရာမှာ အစားဝင်မယ့်ဆရာက အခုထိမရောက်သေးဘူး။ အဲ့အတောအတွင်း မင်း အဲ့အတန်းမှာ ဝင်ပြီးသင်ပေးနိုင်မလား ”
ကျောင်းအုပ်အိုကြီးသည် ထိုတစ်လျှောက်လုံးတွင် ဝမ်ပေါင်လဲ့ကို ကြင်ကြင်နာနာ၊ ဖော်ဖော်ရွေရွေ ဆက်ဆံခဲ့၏။ ထိုသို့ဆက်ဆံခဲ့သည့် အကြောင်းအရင်း၏ တစ်စိတ်တစ်ပိုင်းမှာ ဝမ်ပေါင်လဲ့၏ ကျော်ကြားမှုနှင့် နောက်ခံတို့ကြောင့်ဖြစ်သည်။ ကျန်သည့် အကြောင်းအရင်းအများစုမှာ ကျောင်းအုပ်အိုကြီး၏ အကျင့်စရိုက်နှင့် အသက်အရွယ်တို့ကြောင့်ဖြစ်ပေသည်။
ဝမ်ပေါင်လဲ့သည် ကြင်နာမှုကို ကြင်နာမှုနှင့် တုံ့ပြန်တတ်သူတစ်ဦးဖြစ်သည်။ သူသည် ကျောင်းအုပ်၏ တောင်းဆိုချက်ကို လက်ခံလိုက်သည်။
“ ငယ်ရွယ်တာ ကောင်းလိုက်တာ ”
ကျောင်းအုပ်အိုကြီးသည် ဝမ်ပေါင်လဲ့၏ပခုံးကိုပုတ်၍ ပြုံးကာထွက်ခွာသွားလေသည်။
ဝမ်ပေါင်လဲ့သည် စည်ပိုင်းသဖွယ်ခန္ဓာကိုယ်ရှိသည့် ကျောင်းအုပ်အိုကြီး စင်္ကြံလမ်းတစ်လျှောက်တွင် ယိုင်တိယိုင်တိုင်ဖြင့် လျှောက်သွားသည်ကို ကြည့်နေလိုက်သည်။ ကျောင်းအုပ်အိုကြီးသည် အချိန်မရွေးလဲကျသွားတော့မည်ဟု ထင်ရပေသည်။ ကျောင်းအုပ်အိုကြီး စင်္ကြံလမ်းအဆုံးသို့ရောက်ကာ ပျောက်ကွယ်သွားသောအခါမှ ဝမ်ပေါင်လဲ့သည် နောက်သို့လှည့်၍ သူ့ကိုယ်သူ ကျောင်းနှင့်အသားကျအောင် လုပ်လိုက်လေသည်။ ထိုနေ့သည် သူ ပထမဆုံးအလုပ်စလုပ်သည့်နေ့ပင်။ သူ စိတ်မပါလျှင်ပင် လိုအပ်သည်များကို လုပ်ရပေမည်။ သူ့ထံတွင် တာဝန်သိစိတ်ရှိပေသည်။
မကြာမီ ဌာနမှူးတစ်ယောက်သည် ဝမ်ပေါင်လဲ့ကို နေရာချထားပေးလိုက်သည်။ သူသည် ဝမ်ပေါင်လဲ့နေထိုင်ရမည့်နေရာကို ပြင်ဆင်ပေးပြီး အကူအညီလိုလျှင်ပြောရန်လည်း ပြောလိုက်လေသည်။
ထိုနေရာတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရေးမှတ်တမ်းများ အများအပြားရှိပြီး ဝမ်ပေါင်လဲ့ လုပ်ဆောင်ရန်လိုအပ်သည့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်များလည်း ရှိပေသည်။ ဝမ်ပေါင်လဲ့သည် တစ်ရက်လုံးအလုပ်များနေပြီး ညရောက်မှသာ အသက်ရှူချောင်သွားလေတော့သည်။
ဝမ်ပေါင်လဲ့သည် တစ်နေ့လယ်လုံး အလုပ်လုပ်ပြီးသွားသောအခါ မြူခိုးတာအိုကျောင်း၏ ကျောင်းတွင်းပိုင်းအလုပ်များကို အတော်လေးနားလည်သွားသည်။
‘ ဒီကျောင်းက ကျောင်းသူ၊ ကျောင်းသားတွေ ဩဇာရှိတဲ့ ကျောင်းပဲ… သူတို့က သင်ယူဖို့ကို လုံးဝစိတ်မဝင်စားဘူးပဲ။ ပြီးတော့ ဆရာ၊ ဆရာမတွေကလည်း သူတို့ကို မထိန်းနိုင်ဘူး။ အင်း… ကျောင်းသူ၊ ကျောင်းသားတစ်ယောက်ချင်းစီရဲ့နောက်မှာ စိတ်ရှုပ်စရာကောင်းတဲ့ နိုင်ငံရေးကျောထောက်နောက်ခံတွေ ရှိနေတာဆိုတော့လည်း ဆရာ၊ ဆရာမတွေက အဲ့ဒါကို ထည့်တွက်ရမှာပေါ့လေ… အဲ့ကျောထောက်နောက်ခံတွေနဲ့တင် ဆရာ၊ ဆရာမတွေကို ခေါင်းကိုက်အောင်လုပ်ဖို့ လုံလောက်ပါတယ်… ’
ဝမ်ပေါင်လဲ့သည် ခေါင်းကိုက်လာသဖြင့် စာတွဲများကို စားပွဲပေါ်သို့ ချလိုက်လေသည်။
‘ ကျောင်းအုပ်အိုကြီးပြောသွားတာကတော့ ငါတို့ရဲ့တာဝန်က ကျောင်းသူ၊ ကျောင်းသားတွေကို ကြယ်ပွင့်လေးတွေဖြစ်လာအောင် ပျိုးထောင်ပေးဖို့တဲ့… အဲဒါက မဖြစ်နိုင်တဲ့တာဝန်ပဲ ’
ဝမ်ပေါင်လဲ့ မျက်မှောင်ကြုတ်လိုက်သည်။ မြူခိုးတာအိုကျောင်းသည် အစစ်အမှန်ကျောင်းတော်တစ်ခုထက် နေ့ကလေးထိန်းကျောင်းတစ်ခုနှင့် ပိုတူကြောင်း သူခံစားနေရသည်။
‘ ဒီကဆရာ၊ ဆရာမတွေက ဆရာ၊ ဆရာမတွေမဟုတ်ဘူး။ သူတို့က ကလေးထိန်းတွေပဲ ’
ဝမ်ပေါင်လဲ့သည် သူ၏ရာထူးကို မကျေမနပ်ဖြစ်နေခဲ့ရာ ယခုတွင် ကျောင်း၏အကြောင်းကို သိရှိသွားသောအခါ ထိုမကျေနပ်မှုသည် ပို၍ပင်ကြီးထွားလာလေတော့သည်။