နောက်သို့လှည့်လာပြီး ဝမ်ပေါင်လဲ့အား မျက်နှာပြလိုက်သည့် လူကြီးမှာ သူနှင့် ကြိမ်ဖန်များစွာ တွေ့ဆုံခဲ့ဖူးပြီး သူ့ကြောင့် ယွမ်ယင်အဆင့်သို့ တက်လှမ်းနိုင်မည့် အစီအစဉ် ပျက်ပြားသွားခဲ့ရသော သန္ဓေပြောင်း ဧရာမ သစ်ပင်ကြီးပင်ဖြစ်သည်။
ဝမ်ပေါင်လဲ့၏ နှလုံးသားထဲတွင် ခံစားချက်မျိုးစုံဖြင့် ဗြောင်းဆန်နေပြီး သူ၏ အသက်ရှုနှုန်းများမှာလည်း မြန်ဆန်လာရတော့သည်။ သူသည် နောက်သို့ ချက်ချင်းပင်ဆုတ်ခွာသွားပါသော်လည်း သူ၏နောက်ဘက်တွင် ရှိနေသော တံခါးပေါက်မှာ ပိတ်သွားပြီဖြစ်သည်။ ထိုအခန်းထဲတွင် မန္တန်အစီအရင်တစ်ခုခု တပ်ဆင်ထားခြင်း ဖြစ်ရပေမည်။ ဝမ်ပေါင်လဲ့မှာ တံခါးပေါက်နားအထိရောက်အောင် ဆုတ်ခွာသွားလိုက်ပြီးနောက် သူ၏ နဖူးပေါ်မှ ချွေးသီးလုံးကြီးများ တဖြိုင်ဖြိုင် ကျဆင်းလာတော့သည်။ သူသည် ထွက်ပြေးနိုင်မည့်နေရာ မရှိတော့ကြောင်း သိသွားသဖြင့် ရင်ခုန်နှုန်းများ မြန်လာ၏။ သူသည် မျက်နှာ ရှုံ့မဲ့ကာ ဟန်ဆောင်ပြုံးလိုက်ပါသော်လည်း ထိုနေရာ၌ ချုံးပွဲချ ငိုချလိုက်ခြင်းမှာ သူ့အတွက် ပိုကောင်းလောက်ပေမည်။
သူသည် အတွေးထဲတွင် အရူးမီးဝိုင်း ဖြစ်နေပြီဖြစ်သည်။ သူသည် အင်္ဂါဂြိုဟ်ပေါ်သို့ ရောက်လာချိန်တွင် ဧရာမသစ်ပင်ကြီးနှင့် ထပ်၍ ကြုံရလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။ ဤအခန်းထဲတွင် ထိုဧရာမသစ်ပင်ကြီး ရှိနေခြင်းကိုကြည့်၍ အချက်တစ်ချက်ကို သိနိုင်ပေသည်။ ၎င်းမှာ သူသည် အင်္ဂါဂြိုဟ်ကိုလိုနီမြို့တော်၏ လက်ထောက်ဘုရင်ခံကြီး ဖြစ်သည်ဆိုသော အချက်ပင်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ လိပ်ပြာလွင့်လုမတတ် ကြောက်ရွံ့တုန်လှုပ်နေပြီး သူ၏ ဓမ္မလက်နက်ကို ထုတ်ယူရန် အဆင်သင့်ပြင်လိုက်၏။ သူ၏ ခေါင်းထဲတွင် အတွေးမျိုးစုံဖြင့် ယောက်ယတ်ခတ်နေပြီလည်း ဖြစ်သည်။ ထို့နောက် သူသည် အက်ကွဲသောလေသံဖြင့် ချက်ချင်းပင်အော်ပြောလိုက်၏။
” လက်ထောက်ဘုရင်ခံကြီး။ ကျနော်က တာအိုကျောင်းလေးကျောင်းကနော်။ ဒီနေရာမှာ တာဝန်ထမ်းဆောင်ဖို့ ပြည်ထောင်စုဥက္ကဋ္ဌကြီးကိုယ်တိုင် အမိန့်ပေးထားတာ။ ခ…ခဗျား စိတ်…. စိတ်လိုက်မာန်ပါ လုပ်မယ်မစဉ်းစားနဲ့ ”
ထိုအခါ ဧရာမသစ်ပင်ကြီးမှာ ဝမ်ပေါင်လဲ့အား အေးစက်စက် စိုက်ကြည့်လိုက်၏။ သူသည် ဝမ်ပေါင်လဲ့၏ အပြုအမူများကို အကဲခတ်ကြည့်လိုက်သောအခါ သူသည် အလွန်အင်မတန်မှ ထိတ်လန့်ထုတ်လှုပ်နေပြီဖြစ်ပြီး အသေအကြေတိုက်ခတ်ရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူသည် မျက်လုံးများမှေးသွား၏။
” ပြည်ထောင်စုဥက္ကဋ္ဌကြီးက ငါ့ကို တရားဝင်ရာထူးတစ်ခု ပေးထားလိမ့်မယ်လို့ မင်း လုံးဝ ထင်မထားမိခဲ့ဘူးမလား။ အခုဆိုရင် ငါက ပြည်ထောင်စုကြီးရဲ့ တရားဝင်အဖွဲ့ဝင်တစ်ယောက်နဲ့ အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေရဲ့လက်ထောက်ဘုရင်ခံကြီးတစ်ယောက် ဖြစ်နေပြီကွ ”
” ဘာလို့လဲဆိုတာ မင်းသိလား ”
ဧရာမ သစ်ပင်ကြီးက အမူအရာမပျက် မေးလိုက်၏။ ထိုဧရာမ သစ်ပင်ကြီးမှာ သူ့အား တိုက်ခိုက်လိုစိတ် လုံးဝမရှိကြောင်း ဝမ်ပေါင်လဲ့က အာရုံခံမိလိုက်သောအခါမှသာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်တော့သည်။ သို့သော် သူသည် သတိကြီးကြီးထား၍ နေနေဆဲပင်။
သူသည် အံ့ဩတုန်လှုပ်နေရာမှ ချက်ချင်းဆိုသလိုပင် သာမန်အတိုင်း ပြန်ဖြစ်လာ၏။ ဧရာမ သစ်ပင်ကြီးမှာ လက်ထောက်ဘုရင်ခံကြီးအဖြစ် တာဝန်ပေးအပ်ခြင်း ခံထားရသည်ဖြစ်ရာ သူ့အား ပေါ်ပေါ်ထင်ထင် အန္တရာယ်ပြုရဲမည်မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာ သူ၏ အင်္ဂါဂြိုဟ်ပေါ်သို့ ပြောင်းရွှေ့တာဝန်ကျခြင်းမှာ တစ်ခုခု လွဲနေပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။
” ဧရာမ သစ်ပင်ကြီးက ငါ့ကို မကောင်းကြံချင်နေတာပဲ ဖြစ်ရမယ်။ သူ တစ်ခုခု ကြံစည်နေမှာ သေချာတယ် ”
ဝမ်ပေါင်လဲ့မှာ မှိုင်တွေပြီး စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်၏။ သို့သော် သူသည် ဧရာမ သစ်ပင်ကြီး၏ မေးခွန်းကို လျစ်လျူရှု၍ မဖြစ်ပေ။ ထို့ကြောင့် သူသည် မာန်တင်းလိုက်ပြီး မီးစင်ကြည့်ကရန် ဆုံးဖြတ်လိုက်၏။
” ဘာလို့လဲ ”
” ဘာလို့လဲ ဟုတ်လား။ မင်းက ငါ့ကို ဘာလို့လဲဆိုပြီးတော့ ပြန်မေးနေတာလားကွ ”
ဧရာမ သစ်ပင်ကြီး၏ မျက်ဝန်းများထဲတွင် ရုတ်တရက်ဆိုသလို မီးတောက်တစ်ခု တောက်လောင်လာ၏။ သူသည် ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်ရင်း အံကြိတ်ကာ တစ်လုံးချင်းစီ ရှင်းပြလိုက်၏။
” ငါက ယွမ်ယင်အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာမလို့ပေါ့ကွာ။ တစ်လှမ်းပဲ လိုတော့တာကွ၊ တစ်လှမ်းပဲ။ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ တိုက်ရည်ခိုက်ရည်တွေနဲ့ဆိုရင် ငါက လက်ထောက်ဘုရင်ခံဆိုတဲ့ ရာထူးတောင်မပြောနဲ့ ဘုရင်ခံဆိုတဲ့ ရာထူးကိုတောင် ပိုင်ဆိုင်နိုင်စွမ်းရှိတယ် ”
ဧရာမ သစ်ပင်ကြီးမှာ ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ ဆိုလိုက်၏။ သူ၏စကားများကြောင့် ဝမ်ပေါင်လဲ့မှာ ကျောချမ်းသွားရတော့သည်။
သူ၏ ဦးရေခွံမှာလည်း ထုံကျဉ်သွား၏။ သူသည် ဧရာမသစ်ပင်ကြီး၏ ” တစ်လှမ်းပဲ လိုတော့တာ” ဟူသည့်စကားကို ပထမဆုံးအကြိမ်အဖြစ် ကြားလိုက်ရသောအခါ ရင်ထဲတွင် စိုးထိတ်သွားရ၏။ ဒုတိယမြောက်အကြိမ်အဖြစ် ကြားလိုက်ရသောအခါတွင်မူ ဝမ်ပေါင်လဲ့မှာ အသားများ တုန်ရီသွားရပြီး တတိယမြောက်အကြိမ်တွင်မူ ဝမ်ပေါင်လဲ့မှာ ငိုမဲ့မဲ့ ဖြစ်သွားရတော့သည်။ သူသည် အင်္ဂါဂြိုဟ်ပေါ်တွင် ဆက်မနေချင်တော့ဘဲ ကမ္ဘာကြီးဆီသို့ ပြန်ချင်စိတ်များ ပေါက်လာတော့သည်။
ဧရာမ သစ်ပင်ကြီးမှာမူ ဝမ်ပေါင်လဲ့အား အေးစက်စက်နှင့် စိုက်ကြည့်နေဆဲပင်။ သူသည် သွေးအေးကာ အမျက်ချောင်းချောင်း ထွက်နေသည့်ပုံ ပေါက်နေပါသော်လည်း အမှန်တွင်မူ ဝမ်ပေါင်လဲ့ အခန်းထဲသို့ ဝင်လာခဲ့စဉ်ကတည်းက သူ၏ နှလုံးသားမှာ ကန်ရေပြင်ကဲ့သို့ တည်ငြိမ်နေဆဲပင်။ သူ ဝမ်ပေါင်လဲ့ရှေ့တွင် လုပ်နေသည့် အရာအားလုံးမှာ ဟန်ဆောင်မှုကြီးတစ်ခုသာဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာကို သတိထားမိလိုက်ပြီး သူ၏ တဒိန်းဒိန်းခုန်နေသော ရင်ခုန်သံများကို ကြားလိုက်ရသောအခါ မသိမသာ မျက်မှောင်ကြုတ်မိသွားပြီး သူ၏မျက်ဝန်းများထဲတွင် အလင်းရောင်တစ်ခု ဖျတ်ခနဲလက်သွားတော့သည်။ ထို့နောက် သူသည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်ပြီး နှာမှုတ်ကာ ဆိုလိုက်၏။
” မင်း ထမ်းဆောင်ရမယ့် တာဝန်ကို ဆုံးဖြတ်ပြီးသွားပြီး။ ငါ မင်းရဲ့မျက်နှာကို ထပ်ပြီးတော့ မမြင်ချင်တော့ဘူး ”
ဧရာမ သစ်ပင်ကြီးမှာ ထိုသို့ဆိုလိုက်ပြီး ညာဘက်လက်ကို မြှောက်လိုက်သောအခါ ကျောက်စိမ်းပေလွှာတစ်ခု ဝမ်ပေါင်လဲ့ဆီသို့ ဝဲပျံလာ၏။
ဝမ်ပေါင်လဲ့မှာ ထိုကျောက်စိမ်းပေလွှာကို လှမ်းဖမ်းလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏နောက်ဘက်ရှိတံခါးပေါက်မှာ ဝုန်းခနဲ ပွင့်သွား၏။ ထို့နောက် ထိုကျောက်စိမ်းပေလွှာထဲမှ အားတစ်မျိုးထွက်ပေါ်လာပြီး သူ့အား အခန်းအပြင်ဘက်သို့ တွန်းထုတ်လိုက်၏။ ထို့နောက် ထိုတံခါးပေါက်ကြီးမှာ ဝုန်းခနဲ ပြန်ပိတ်သွားတော့သည်။
ဧရာမ သစ်ပင်ကြီးမှာ ဝမ်ပေါင်လဲ့အား လျစ်လျူရှုလိုက်၏။ တံခါးပေါက်ကြီး ပြန်ပိတ်သွားသောအခါ သူ၏ ဒေါသထွက်နေသော မျက်နှာအမူအရာမှာ ပျောက်ကွယ်သွားပြီး ၎င်း၏ နေရာတွင် အတွေးများထဲတွင် နစ်မျောနေသည့် မျက်နှာအမူအရာတစ်ခု ပေါ်လာ၏။ ဝမ်ပေါင်လဲ့အား အင်္ဂါဂြိုဟ်ပေါ်၌ ရာထူးခန့်အပ်ခဲ့သည့် ကိစ္စကို သူ ဆုံးဖြတ်ခဲ့ခြင်းမဟုတ်ပေ။
အမှန်အတိုင်းဆိုရပါက သူသည် ဖြစ်နိုင်မည်ဆိုလျှင် သူနှင့် ဝမ်ပေါင်လဲ့ကြားရှိ ချိတ်ဆက်မှုကို လျှို့ဝှက်ထားချင်သည်သာ ဖြစ်သည်။ သူ သွမ့်မုချွယ်ရှေ့တွင်ရပ်၍ ဝမ်ပေါင်လဲ့အား တစ်ဖက်လှည့်နည်းဖြင့် ကာကွယ်ပေးခဲ့စဉ်တုန်းကလည်း ထိုအတိုင်း တွေးတောခဲ့သည်သာ ဖြစ်သည်။ သူ့အတွက်ဆိုလျှင် ဝမ်ပေါင်လဲ့မှာ ယွမ်ယင်အဆင့်သို့ တက်လှမ်းနိုင်မည့် နောက်ဆုံးအခွင့်အရေးအား ပေးအပ်နိုင်မည်ဖြစ်သော သစ်သီးပင် မဟုတ်ပါလော။
အကယ်၍ အရာရာတိုင်းမှာ သူ စီစဉ်ထားသည့်အတိုင်းသာ ဆိုပါက သူသည် စောင့်ဆိုင်းနေဦးမည်သာဖြစ်သည်။ သူသည် ပြည်ထောင်စုကြီးထံမှ ယုံကြည်မှုရရှိသည်အထိ စောင့်ဆိုင်းပြီးမှ ဝမ်ပေါင်လဲ့အပေါ် အာရုံစိုက်မည်ဖြစ်သည်။ ထို့နောက် သူသည် ထိုလူငယ်လေး၏ တစ်ကိုယ်လုံးကို ဝါးမျိုကာ သူ၏ခန္ဓာကိုယ်အား ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်ရှိသွားစေမည်ဖြစ်သည်။ ထို့နောက် ထိုအခွင့်အရေးကို အသုံးချ၍ ယွမ်ယင်အဆင့်သို့ ဖောက်ထွက်နိုင်ရန် ကြိုးစားမည်ဖြစ်သည်။
သို့သော် ပြည်ထောင်စုကြီးက ဝမ်ပေါင်လဲ့အား အင်္ဂါဂြိုဟ်ဆီသို့ ရာထူးလွှဲပြောင်းရန် အမိန့်ပေးလိုက်လိမ့်မည်ဟု သူက လုံးဝထင်မှတ်မထားခဲ့ပေ။ သူတို့မှာ ဝမ်ပေါင်လဲ့အား သူ၏ရှေ့သို့ တိုက်ရိုက်ပို့ဆောင်ပေးလိုက်သကဲ့သို့ ဖြစ်နေသောကြောင့် သူ မယုံသင်္ကာဖြစ်သွားရတော့သည်။
” သွမ့်မုချွယ်။ မင်း ငါ့ကို စမ်းသပ်နေတာလား။ ငါ အရဲစွန့်ပြီးတော့ ဝမ်ပေါင်လဲ့ကို ဝါးမျိုပစ်ပြီး ယွမ်ယင်အဆင့်အထိ ရောက်သွားမှာကို မစိုးရိမ်ဘူးလား ”
ဧရာမသစ်ပင်ကြီးမှာ မျက်မှောင်ကြုတ် သွား၏။ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲမှ ဖြစ်ရပ်များပြီးနောက် သူသည် သွမ့်မုချွယ်နှင့် ပတ်သက်လာလျှင် အလိုလို သတိကြီးကြီး ထားမိနေပြီဖြစ်သည်။ ထိုလူကြီးမှာ အလွန်အင်မတန်မှ ဉာဏ်နီဉာဏ်နက်များသောကြောင့် သူ၏ အတွေးများကို ဖောက်ထွင်းသိမြင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။
အချိန်အတော်အတန် ကြာမြင့်သွားပြီးနောက် ဧရာမ သစ်ပင်ကြီးမှာ အသက်ပြင်းပြင်းရှူလိုက်သည်။ သူသည် ဆုံးဖြတ်ချက်ချ ပြီးသွားပြီ ဖြစ်ပြီး ပိုနေမြဲ ကျားနေမြဲအတိုင်းသာ ဆက်နေဦးမည် ဖြစ်သည်။ သွမ့်မုချွယ်တွင် မည်သည့်အစီအစဉ်များ ရှိနေစေကာမူ သူ့ဘက်မှ ဘာမှမလုပ်သရွေ့ ဘေးကင်းနေမည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့၏ ရာထူးကိုမူ သူ ဆုံးဖြတ်ခဲ့ခြင်းမဟုတ်ဘဲ ပြည်ထောင်စုကြီးက အပ်နှင်းခဲ့ခြင်းဖြစ်သည်။ သူသည် ထိုရာထူးအား အကဲခတ်ကြည့်လိုက်သောအခါ ၎င်းမှာ ကြီးကြီးမားမားရာထူးတစ်ခု မဟုတ်သောကြောင့် ဝင်ရောက်စွက်ဖက်မနေတော့ပေ။
ထိုအချိန်တွင် စိတ်ပျက်လက်ပျက်ဖြစ်နေသော ဝမ်ပေါင်လဲ့မှာ မီးတောက်ပုံစံ အဆောက်အဦထဲမှ အပြေးအလွှား ထွက်ခွာလာ၏။ သူသည် အပြင်ဘက်သို့ ရောက်သောအခါမှ အကြိမ်အနည်းငယ်ခန့် အသက်ပြင်းပြင်းရှူလိုက်၏။ သူသည် ယခုအထိ ကျောချမ်းနေဆဲဖြစ်ပြီး မှိုင်တွေတွေဖြစ်လိုက် စိုးရိမ်စိတ်များကြောင့် ရူးသွပ်လုမတတ်ဖြစ်လိုက် ဖြစ်နေတော့သည်။ ထို့ကြောင့် သူသည် သူ၏ အသံလွှင့်လက်စွပ်ကို ချက်ချင်းပင်ထုတ်ယူလိုက်ပြီး ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးအား လှမ်း၍ ဆက်သွယ်လိုက်သည်။
အဆက်အသွယ် မိသွားသည်နှင့်တစ်ပြိုင်နက် ဝမ်ပေါင်လဲ့မှာ အရူးတစ်ယောက်လို အော်ပြောလိုက်၏။
” ကျနော် ဆုံးဖြတ်ချက်ချပြီးသွားပြီ ဂိုဏ်းချုပ်ကြီး။ ကျနော် ကောင်းကင်တာအိုကျောင်းသား တစ်ယောက်အနေနဲ့ပဲ သေတဲ့အထိ နေသွားတော့မယ်။ ကျနော့် ဘဝလုံးကို ကျောင်းအတွက်ပေးဆပ်ရင်းနဲ့ပဲ ကုန်ဆုံးစေတော့မယ်ဗျာ။ ကျနော် ဓမ္မလက်နက်အဆောင်ရဲ့ အဆောင်မှူးလုပ်မယ်ဗျာ။ ကျနော်ရဲ့ လက်ကျန်ဘဝတစ်ခုလုံးကို ကျောင်းတာဝန်တွေ ထမ်းဆောင်ရင်းနဲ့ပဲ ကျောင်းကို အကျိုးပြုတော့မယ် ”
” ကြည့်ရတာ မင်း တာအိုရောင်းရင်း အမြဲစိမ်းသစ်ပင်နဲ့ တွေ့ပြီးသွားတဲ့ပုံပဲ။ သူ့ကို အင်္ဂါဂြိုဟ် ကိုလိုနီမြို့တော်ရဲ့ လက်ထောက်ဘုရင်ခံကြီးအဖြစ် ခန့်အပ်ထားတဲ့ဆိုတာ ငါလည်း ဒီနေ့မှသိရတာ ” ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးမှာ သက်ပြင်းချကာ ဆက်ပြောလိုက်၏။
” မင်းရဲ့ မှတ်တမ်းတွေကို အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေဆီကို လွှဲပေးလိုက်တာမလို့ အခု သူ့ရဲ့ တရားစီရင်ပိုင်ခွင့်အောက်ကို ရောက်သွားပြီ။ စည်းမျဉ်းတွေအရဆိုရင် မင်း အင်္ဂါဂြိုဟ်ပေါ်မှာ တစ်နှစ်တိတိ တာဝန်ထမ်းဆောင်ပြီးမှ ငါက မင်းကို ပြန်ခေါ်ခွင့်ရှိမှာ။ ငါတို့နှစ်ယောက်စလုံးက ပဏာမအဆင့်နှစ်အရာရှိတွေဆိုတော့ အဆင့်အတူတူပဲမလို့ မလွယ်ဘူးကွ။ ပြီးတော့ သူက ယွမ်ယင်အဆင့်ကိုရောက်ဖို့ သိပ်မလိုတော့ဘူးလေ ”
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ သူ၏နှလုံးသားမှာ ရေခဲတမျှ အေးစက်သွားရတော့သည်။ သူသည် အသံလွှင့်လက်စွပ်ကြီးကို သူ၏ လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အသက်ရှင်နေရသည်မှာ အဓိပ္ပါယ်မရှိတော့ကြောင်း ရုတ်တရက်ဆိုသလို ခံစားလိုက်ရ၏။ ကောင်းကင်ကြီးပင်လျှင် မည်းမှောင်ကာ မျှော်လင့်ချက်များကင်းမဲ့နေသည့်ပုံ ပေါက်နေတော့သည်။
” ဂိုဏ်းချုပ်ကြီးရာ။ သူ ယွမ်ယင်အဆင့်ကို ရောက်ဖို့ သိပ်မလိုတော့တဲ့အချက်ကို ထပ်မပြောပါနဲ့ဗျာ။ ကျနော် ကြောက်လွန်းလို့ပါ… ”
ဂိုဏ်းချုပ်ကြီးမှာ သက်ပြင်းချလိုက်ပြီး ဝမ်ပေါင်လဲ့အား နှစ်သိမ့်လိုက်၏။
” အရမ်းလည်းစိတ်မပူပါနဲ့။ ငါတို့ ပြည်ထောင်စုဥက္ကဋ္ဌကြီးကိုယ်တိုင် လက်ထောက်ဘုရင်ခံကြီးကို ခန့်အပ်ထားတာဆိုတော့ အခုဆိုရင် သူက ပြည်ထောင်စုကြီးရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေပြီ။ သူ့ဆီမှာ လိုက်နာရမယ့် ပြည်ထောင်စုကြီးရဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိနေတာမလို့ ဘာကိုမှ စိတ်လိုက်မာန်ပါ လုပ်ရဲမှာ မဟုတ်ပါဘူ။ ပြီးတော့ အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေရဲ့ ဘုရင်ခံလည်း ရှိသေးတယ်။ သူက တော်ရုံတန်ရုံ လူစားမျိုးမဟုတ်ဘူး။ ပြည်ထောင်စုဥက္ကဋ္ဌကြီးတောင် သူနဲ့တွေ့တဲ့ အချိန်ကျရင် ရိုသေလေးစားသမှု ပြရတယ် ”
” ငါလည်း နည်းလမ်းတစ်ခုခု စဉ်းစားပြီး မင်းကို အတတ်နိုင်ဆုံး အမြန်ဆုံး ပြန်ခေါ်နိုင်အောင် ကြိုးစားပေးပါ့မယ် ”
သူတို့မှာ စကားအနည်းငယ် အပြန်အလှန်ပြောဆိုလိုက်ပြီးနောက် နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ သက်ပြင်းချလိုက်ပြီး ထိုဆက်သွယ်မှုကို အဆုံးသတ်လိုက်တော့သည်။ သူ့တွင် ငိုစရာ မျက်ရည်ပင် မကျန်တော့ပေ။ သူ၏ ကံကြမ္မာကို လက်ခံရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။ ထို့ကြောင့် အချိန်အတော်အတန် ကြာပြီးနောက် သူသည် ခေါင်းငုံ့ကာ သူ၏လက်ထဲရှိ ကျောက်စိမ်းပေလွှာလေးအား မှုန်သုန်နေသော မျက်နှာထားဖြင့် စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူ၏ ဝိညာဉ်ချီကို အသုံးပြုကာ ၎င်းအား ဖွင့်ဖတ်လိုက်၏။ ထိုပေလွှာပေါ်တွင် ရေးထားသောစာများကို ဖတ်ရှုလိုက်ပြီနောက် သူ၏ ဝမ်းနည်းမှုများနှင့် ဒေါသစိတ်များမှာ ပို၍ပင် ကြီးထွားလာရတော့သည်။
” ဘာကြီးလဲကွာ။ အင်္ဂါဂြိုဟ်မြူခိုးတာအိုကျောင်းရဲ့ လက်ထောက်ကျောင်းအုပ်တဲ့။ အဲဒါ ငါ့ရာထူးလား ”
အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေတွင် လူရီးရေအမြောက်အများ ရှိသည့်အပြင် နိုင်ငံရေးအင်အားစု အသီးသီးလည်း ရှိနေကြသည်ဖြစ်ရာ ဂြိုဟ်ပေါ်ရှိ နိုင်ငံရေးအခြေအနေများမှာ ရှုပ်ထွေးလွန်းနေ၏။ ထို့အပြင် ထိုနိုင်ငံရေးအင်အားစုများမှာ ၎င်းတို့၏ အစွမ်းထက်ဆုံး ကျင့်ကြံသူအချို့ကို့ပင် ကိုလိုနီနယ်မြေထဲ၌ နေရာချထားကြသည်။ ထို့ကြောင့် နိုင်ငံရေးအင်အားစု အသီးသီးမှ အာဏာကြီးမားသော ပုဂ္ဂိုလ်များ၏ အမွေဆက်ခံသူများနှင့် သားစဉ်မြေးဆက်များအတွက် ကျောင်းများ ဆောက်လုပ်ရန် လိုအပ်ပေသည်။
ကိုလိုနီနယ်မြေကြီး ကိုယ်တိုင်၌လည်း ကျောင်းများကိုလိုအပ်သည်ဖြစ်ရာ မြို့တော်ထဲတွင် ကျောင်းများစွာ မှိုလိုပေါက်နေ၏။ ထိုကျောင်းများကို တာအိုကျောင်းလေးကျောင်းက အုပ်ချုပ်ခြင်း မရှိဘဲ ကိုလိုနီနယ်မြေကြီးက တိုက်ရိုက်အုပ်ချုပ်ခြင်းဖြစ်သည်။
ထိုကျောင်းများထဲတွင် ကျောင်းနှစ်ကျောင်းမှာ အထူး ထင်ရှားကျော်ကြား၏။ တစ်ကျောင်းမှာ မီးဝိညာဉ်ကျောင်းဖြစ်ပြီး အခြားတစ်ကျောင်းမှာ မြူခိုးတာအိုကျောင်း ဖြစ်သည်။
ထိုကျောင်းနှစ်ကျောင်းက အများနှင့်မတူဘဲ ထူးခြားနေရသည့် အကြောင်းအရင်းမှာ အင်္ဂါဂြိုဟ်ကိုလိုနီမြို့တော်ထဲ၌ အခြားနာမည်တစ်ခုကို ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။ ၎င်းမှာ အထက်တန်းလွှာကျောင်းများဟူ၍ ဖြစ်သည်။
ထို အထက်တန်းလွှာကျောင်းတစ်ကျောင်း၏ ကျောင်းအုပ်မှာ ပဏာမအဆင့်လေးအရာရှိ တစ်ယောက်ဖြစ်ပြီး လက်ထောက်ကျောင်းအုပ်မှာ ပဏာမအဆင့်ငါးအရာရှိ တစ်ယောက်ဖြစ်သည်။
” တောက်ကွာ ”
” ငါ့လိုမျိုး ဂုဏ်ကျက်သရေရှိ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်၊ လူရိုသေရှင်ရိုသေ ပြည်ထောင်စုပျိုးပင်တစ်ယောက်၊ ကမ္ဘာပေါ်မှာ ဂုဏ်သတင်းကျော်စောတဲ့ လူတစ်ယောက်ကို သုံးစားမရတဲ့ ကျောင်းတစ်ကျောင်းရဲ့ လက်ထောက်ကျောင်းအုပ် လုပ်ခိုင်းတယ်တဲ့လား။ ငါက အသုံးမကျဆုံးနဲ့ အာဏာအနည်းဆုံး ပဏာမအဆင့်ငါးအရာရှိ ဖြစ်နေလောက်တယ် ”
အခြားအခြေအနေမျိုးတွင်သာဆိုလျှင် ဝမ်ပေါင်လဲ့မှာ ရာထူးမှ နုတ်ထွက်လိုက်မိသာ ဖြစ်ပါသော်လည်း သူသည် လက်ထောက်ဘုရင်ခံကြီးအကြောင်းကို ပြန်တွေးမိသွား၏။ ထို့ကြောင့် သူသည် တစ်ခါတရံတွင် အချို့ကိစ္စများအား ကြောက်သင့်လျှင် ကြောက်ရမည်ဖြစ်ပြီး ရှက်ရွံ့နေစရာမလိုကြောင်း မှတ်ယူလိုက်၏။
” တခြား ရွေးချယ်စရာမှ မရှိတာပဲ။ ခဏလောက်တော့ အောင့်အီးသည်းခံလိုက်ပါမယ်… တစ်နှစ်ကုန်တော့မှ ရာထူးပြောင်းပေးဖို့ တောင်းဆိုပြီး ဒီနေရာက ရအောင် ထွက်ရမှာပဲ ”
ဝမ်ပေါင်လဲ့မှာ နဖူးကိုရိုက်၍ တွေးလိုက်၏။ ထို့နောက် သူသည် သက်ပြင်းထပ်ချလိုက်ပြီး သူ၏ ကျောက်စိမ်းပေလွှာထဲရှိ လမ်းညွှန်မှုအတိုင်း မြူခိုးတာအိုကျောင်း ရှိရာဘက်သို့ စိတ်ပျက်လက်ပျက်နှင့် ပြေးသွားလိုက်တော့သည်။
သူသည် အင်္ဂါဂြိုဟ်ပေါ်သို့ ရောက်နေပြီဖြစ်ပြီး အခြားသွားစရာနေရာလည်း မရှိတော့သည်ဖြစ်သောကြောင့် ထို သုံးစားမရသော ကျောင်းဆီသို့သွားကာ နေထိုင်ရေးကိစ္စနှင့် ပတ်သက်၍ ဖြေရှင်းရန် ဆုံးဖြတ်လိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ လမ်းတစ်လျှောက်လုံးတွင် သက်ပြင်းချနေခဲ့၏။ သူသည် မြို့တော်နယ်မြေ အသီးသီးကို ဖြတ်သန်းသွားပြီး နောက်ဆုံးတွင် မြူခိုးတာအိုကျောင်းရှိရာ နယ်မြေဆယ့်နှစ်ဆီသို့ ရောက်ရှိလာတော့သည်။